ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်သုန် ● ပြောချင်ပေါင် တငွေ့ငွေ့နဲ့


မောင်သုန် ● ပြောချင်ပေါင် တငွေ့ငွေ့နဲ့
(မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၁၆

၁၉၇၅ ဆယ်တန်းဆွမ်းကြီးလောင်းပွဲ၌ ကိုသော်ကြီးတယောက် နှစ်ဘာသာဂုဏ်ထူးဖြင့်အောင်မြင်ပြီးနောက် မိခင်ကြီးဖြစ်သူဒေါ်တင်ကြည်တယောက်လည်း ကံဇာတာတက်ခါ ဖျာပုံထွန်းသီရိရုပ်ရှင်ရုံရှေ့က မုန့်ဟင်းခါးသည်ဘဝသို့ ရောက်ရှိသွား ရှာလေတော့သတည်း။

ငါ့သားကို ထမီပေါင်ထားရထားရ ကောလိပ်ကိုပို့မယ်၊ ငါတို့အမျိုးထဲမှာ ပညာတတ်မရှိသေးဘူးဟု တခါတရံမှသာရရှိရှာ လေသော အိမ်ရှင်မတို့၏အာဏာကို ပြည့်ပြည့်ဝဝအသုံးချပြီး ကြွေးကြော်လေရာ အမြဲတန်းဦးဆောင်ခဲ့သောအဖေသည် သည်တခါတော့ ဘာကိုကြောက်သွား၍မသိ ကိုသော်ကြီးအား စာပေးစာယူတက်၍ အလုပ်လုပ်ခိုင်းမည်ဟူသောအကြံကို စွန့်လွှတ်လေသတတ်။

ဤသို့နှင့် ကိုသော်ကြီးတယောက်လည်း ပုသိမ်ကောလိပ်ဟူသော မြဝါးရုံကန်သုံးဆင့်သို့ မိခင်ကြီး၏မေတ္တာလိုင်းကိုစီးကာ ရောက်ရှိခဲ့ရလေတော့သည်။

ပုသိမ်ကောလိပ်၌ ကျောင်းအုပ်ကြီး ဦးခင်မောင်တင့် (တက္ကသိုလ်ဘုန်းနိုင်) အဆောင်မှူး ဆရာဦးခင်အေး) မောင်ခင်မင် ဓနုဖြူကဲ့သို့  ဆရာကောင်းသမားကောင်းသမားကောင်းများကို ဆည်းကပ်မှီဝဲခွင့်ရခဲ့သော်လည်း တပည့်မှာ မကောင်းခဲ့ပဲ ပညာလည်းမရှာ ကြင်ရာလည်းမရှာပဲ သူရာတောထဲ၌သာမျောနစ်ခဲ့ရှာလေသည်။

ကိုသော်ကြီးတယောက် ဇီးဘိန် ကောင်းကြူး ဈေးလေးဆိုင်တို့၌ လှည့်ပတ်မူးရူးနေချိန် မိခင်ကြီးဖြစ်သူမှာ သူများစားပြီးသားမုန့်ဟင်းခါးပန်းကန်များကို တချပ်ပြီးတချပ်ဆေးကာ တလတစလအလျဉ်မီအောင် ပိုက်ဆံပို့နေရသည်ကိုလည်း သူမ သိ။ ထမီတင်မက အိမ်ပါပေါင်ထားရသည်ကိုလည်း မစူးစမ်း။ လမ်းမှား၌တဝဲဝဲလည်ဖြစ်နေရာ လေးနှစ်ခန့်ကြာပြီှးလျှင် မိခင် ကြီးကျေးဇူးအား ဆပ်လိုက်သည်မှာနောက်ဆုံးနှစ်တွင် သူငယ်ချင်းများထဲ၌ တဦးတည်းထူးချွန်စွာစာမေးပွဲ ကျရရှာလေ သည်။

အိမ်အပြန်ခရီးတွင် မိခင်အတွက် ဘာလက်ဆောင်မျှ လှပစွာသယ်မလာနိုင်ခဲ့သည့်အပြင် ပါသွားသောအိပ်ရာလိပ်၊ သေတ္တာ …အစရှိသည်တို့ပါ တဲကြီးဆိုင်၌ရသမျှနှင့်ရောင်းခဲ့ပြီး ရထားပေါ် ပါသွားလို့ အမေဟု ပြောတော့လည်း ခုချိန်ထိဖျာပုံနှင့်ပုသိမ်ရထားလမ်းတစကြိမ်မျှမပေါ်ခဲ့ဘူးပေမင့် အမေ ဘာမျှမပြော ခေါင်းညိတ်ရှာခဲ့သည်။

စာမေးပွဲကျ၍ကိုသော်ကြီးလည်း လက်သည်းချင်းဆိတ်ကာ စိတ်ညစ်သယောင် စိတ်ဓာတ်ကျနေသယောင်လုပ်ပြတော့လည်း မိခင်ကြီးဖြစ်သူက စိတ်ဓာတ်မကျပါနဲ့သားရယ် ဒီနှစ်မအောင် နောက်နှစ်ပေါ့ဟု အားပေးနိုင်ရှာသေးသည်။

အဲသည့်တုန်းက ကိုသော်ကြီးကိုသာ အားပေးနေရတယ် အမေ့မျက်ဝန်းတွေ ရီဝေဝေဖြစ်နေမှာကို မမြင်မိ။ ဘယ်လောက် တောင် အားလျော့စိတ်ပျက်သွားမလဲလေ။

ဤသို့နှင့် ကိုသော်ကြီးလည်း သဘောင်္နစ်မှ တက်မလိုက်ဆယ်ရသူလို ရန်ကုန်တွင် စာပေးစာယူပြောင်းတက်ကာ သရက် တောဘုန်းကြီးကျောင်းမှာ ကပ်နေပြီး ရုံးတရုံး၌ အလုပ်ဝင်လုပ်ခဲ့ရလေသည်။

မိခင်ကြီးပြောသလို ငါ့သားကရုံးကြီးတရုံးမှာ စားပွဲကြီးနဲ့ ပန်ကာအောက်မှာ ကလောင်ကိုင်ပြီး အရာရှိ ကြီးလုပ်မယ့်သူဟူသော ဗျာဒိတ်တော်မှာလည်း တဝက်တပျက်သာ မှန်ခဲ့ရရှာလေသည်။
။ ။ ။ ။ ။ ။

ဝန်ထမ်းဘဝအိမ်ထောင်ကျကာ ဘာမျှမစုဆောင်းနိုင်ခင် ၈၈ အရေးတော်ပုံကြီးနှင့်အတူ ကိုသော်ကြီးတို့ ရုံးချုပ်ကြီးလည်း ပြိုကွဲပျက်စီးလေတော့ရာ ကိုသော်ကြီးတယောက် ချောင်းထဲကနေမြောင်းထဲရောက်ရလေတော့သည်။

ရန်ကုန်၌နေရာပေါင်း၂၆ နေရာခန့် ပြောင်းရွှေ့နေထိုင်ပြီးနောက် မည်သို့မျှရပ်တည်ရာမရရှာသဖြင့် ဇာတိချက်ကြွေ ဖျာပုံမြေ ရှိ မိဘရင်ခွင်သို့ တောဝင်ခိုရပြန်လေသည်။

သားတင်မက ချွေးမနှင့်မြေးဦးလေးပါ ပါလာပြန်တော့ သိုက်သိုက်ဝန်းဝန်း ရှိတာပေါ့ မိခင်ကြီးကျုးရင့် ပြန်လေသည်။

၂ နှစ်သမီးအရွယ်သမီးလေးနှင့်ဖက်လှဲတကင်း ချော့မြူ နမ်းရူပ်ပျော်မြူးနေသောသားကိုကြည့်ကာ အမေက မေးရှာသည်။
သား....အမေနဲ့သမီးလေးကို ဘယ်သူ့ပို ပိုချစ်လဲတဲ့လေ။

ကိုသော်ကြီးကလည်း မဆိုင်းမတွ ဖြေလိုက်ပါသည်။

သမီးလေးပေါ့အမေရယ်...ဟင် ဟုဆိုကာ တဘက်လှည့်သွားသည်။

အမေလည်း အမေ့မိဘတွေနှင့်သားကို ဘယ်သူ့ပိုချစ်လဲဟု ဘွဲ့ရပညာတတ်ဆိုသူသားက အတန်းပညာမသင်ခဲ့ရရှာသော အငြိမ်းစားမုန့်ဟင်းသည် မိခင်ကြီးအား လည်လည်ဝယ်ဝယ်ရှေ့နေတဦးကဲ့သို့မေးလိုက်ရာ... ဒါတော့ဒါပေါ့ကွယ်ဟု အမေ ပြောရှာသည်။

အမေ့လက်ထဲက မြန်မာညွန့်ဆေးပေါ့လိပ်တိုကြီးကတော့ မီးခိုးငွေ့တွေတထောင်းထောင်း....။

ခုတော့ ကိုယ့်အလှည့်ရောက်ပြီ။

မည်သည့်အရာမဆိုဖြစ်ပြီးပျက် ဖြစ်ပျက်ဆိုသော်ငြားလည်း သည်တိုင်းတော့ မပျက်။

အကျိုးပေးချိန်တန်လျှင်အကျိုးပေးဖို့ရာ ဝိသေသံဝိသေသထူးလေးများကို မြူပ်နှံပြီးမှသာ ပျက်တတ်သည်ဖြစ်ပေရာ.....ခု တော့ ထိုဝိသေသံတွေက ကိုယ့်ဆီရောက်လေပြီ။

ဆုမွန်အောင်ခေါ်သမီးဦးလေးက၂ နှစ်ခွဲအရွယ်တွင် သွေးလွန်တုပ်ကွေးဖြစ်ကာ ဖျာပုံဆေးရုံကြီး၌ ဆုံးသည်။

အသက်ခြောက်ဆယ်နားထိ ဘဝကိုဖြတ်သန်းခဲ့သောကာလတလျောက်လုံး ဤသို့တခါမျှ မပူဘူး မခံစားဘူးခဲ့။ ဤအပူ လောက် မည်သည့်အပူမျှလည်း မကြီးခဲ့။ တော်ရုံတန်ရုံလောကဓံမျိုးစုံကို ဟာသအသွင်ပြောင်း၍ ဖြေဆေးပေးခဲ့သော် လည်း ဤကိစ္စ၌ဖြေဆေးမရှိ။

မသေရုံတမယ်တင်းခံခဲ့ကာ ရင်ကွဲမတတ် ကြိတ်မှိတ်နေခဲ့ရသည်။

ဟိုဘက်သည်ဘက် အံသွားနှစ်ချောင်းတောင် သွားဖုံးထဲသို့ မည်မျှနစ်မြှုပ်ကျွံဝင်ခဲ့လေပြီလည်းမသိ။

ငရဲကြီးမည်လားတော့မဆိုနိုင်။

အော်....အမေ့ကို ငါ့အရင်ပဲသေစေချင်တယ်ဟု တွေးလိုက်မိသောကြောင့်ဖြစ်သည်။

ခုတော့အမေလည်း မရှိပြီ။ သားသမီးတွေလည်း သုံးဦးထိ ဖြစ်လာပြီ။ ဒုတိယသမီးလက်ရှိသမီးကြီးက ဆယ်တန်းကိုအခါခါဖြေ ကာ ခုတော့ ဘွဲ့ရပြီတဲ့လေ။

ထိုညကပျော်လိုက်တာ....။

ပျော်တယ်ဆိုတာထက် မိုင်ပေါင်းများစွာထမ်းလာခဲ့ရသော ဝန်ထုပ်ဝန်ပိုးတခုသတ်မှတ်ထားသည့်ပန်း တိုင်အရောက်၌ ပခုံးပေါ်ကလွှတ်ချရသလိုမျိုး။

အနုပညာသမားတယောက် သူဖန်တီးထားသည့်အနုပညာလက်ရာတခု ပုံပေါ်လာသလိုမျိုး။

အေးလေသားသမီးဆိုတာကလည်း မိမိကိုယ်တိုင်ဖန်တီးထားသည့် သက်ရှိအနုပညာလက်ရာဆိုလည်း မမှားပေဘူးနော့။

fb သုံးတတ်ခါစမို့ အပေါင်းအသင်းတွေသိအောင်ကြွားလိုက်ရတာ သစ်ဇီတို့ မစ်ချီတို့ စလုံးတွေတောင်ရောက်ပေါ့။

တော်တော်နှင့်မအိပ်နိုင်။

အမေသာရှိလျှင်....အမေသာရှိလျှင်.....

ငါ့မြေးက ရုံးကြီးတရုံးမှာ စားပွဲကြီးနှင့် အဲယားကွန်းကြီးနှင့်ကွန်ပြူတာကြီးနှင့် အိုင်းဖုံးကြီးနှင့် အရာရှိမကြီးဖြစ်မှာဟု လက်မထောင်နေဦးမလားမသိ။

ကိုသော်ကြီးကတော့ ခုကတည်းက ဆေးလိပ်ဖြတ်ထားလျှင် ကောင်းမလားဟု တွေးမိသည်။

ဘာဖြစ်လို့ပါလိမ့်....
အော်...သူတို့တွေပညာစုံပြီှးလျှင် ကြင်ယာစုံကြဦးမည်။ အိမ်ထောင်သားမွေးကလေးတွေ ရကြဦးမည်။ သူတို့သားသမီးတွေ ကို မိဘထက်ပိုချစ်ကြဦးမည်။

သူတို့သားသမီးတွေနှင့်သူတို့ ဖက်လှဲတကင်းနေကြဦးမည်။ သူတို့သားသမီးကိစ္စတွေနှင့်ပဲ အလုပ်ရူပ်နေကြဦးမည်။

ကိုသော်ကြီးတို့ကတော့ အမေ့ဝဋ်တွေခံပြီး အမေ့ခံဘဝသို့ ရောက်ရပေဦးမည်။

အဲသည့်အခါကျလျှင်.....

သားသမီးအိမ်ကချောင်တချောင်မှာကပ်ပြီး ဆေးပေါ့လိပ်ကြီးတဖွာဖွာနှင့် သမုဒယမီးခိုးလုံးတွေ တထောင်းထောင်းထ မနေစေချင်တော့ပါလေ။ ။

မောင်သုန်