ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း (၄၀)


မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း (၄၀)
(မိုးမခ) နိုဝင်ဘာ ၈၊ ၂၀၁၆

● တက္ကသိုလ်ပေါင်းစုံ အထွေထွေသပိတ်
၁၉၇၅ ဇွန် ၆ တက္ကသိုလ်ပေါင်းစုံသပိတ်ကို ဘွဲနှင်းသဘင်ခန်းမ၌အခြေပြုသည်။ တက္ကသိုလ်နယ်မြေအတွင်း၌ ဟောပြော ပွဲများပြုလုပ်သည်။ သပိတ်ကော်မတီ၏ကြေညာချက်များ ပြည်သူတို့ပန်ကြားချက်များ ပလူပျံအောင်ထုတ်သည်။ ကျောင်း သားများ ပြည်သူများဖြင့် တက္ကသိုလ်ဝင်းအတွင်း၌ စည်ကားသည်။ သပိတ်အတွက် အလှူငွေများ ထမင်းထုပ်များ ဘွဲ့နှင်း သဘင်ခန်းမသို့ ရောက်လာသည်လည်းရှိသည်။ လူနေရပ်ကွက်သို့ ကျောင်းသားများထွက်၍ အလှူ ခံရရှိလာသည်လည်း ရှိသည်။

မူလက စက်မှုတက္ကသိုလ် စီးပွားရေးတက္ကသိုလ် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တို့တွင် စတင်အခြေပြုခဲ့သောသပိတ်တွင် ဇွန်လ ၈ ရက်နေ့တွင် ဆေးတက္ကသိုလ် (၂)၊ ပညာရေးတက္ကသိုလ်တို့အပြင် ဆေးတက္ကသိုလ် (၁) နှင့် သွားဖက်ဆိုင်ရာ တက္ကသိုလ်တို့မှ လမ်းမတော်ဆောင်ကျောင်းသားများ လာရောက်ပူးပေါင်းကြသည်။ တိမွေးကုတက္ကသိုလ်နှင့် အင်းစိန် ဂျီတီ အိုင်ကျောင်းသားများလည်း လာရောက်ပူးပေါင်းကြသည်။ သို့နှင့် တက္ကသိုလ်ပေါင်းစုံ အထွေထွေသပိတ်ဟု ဆို၍ရလာသည်။

● ဒုတိယအကြိမ် အခေါင်းမီးရှို့ခြင်း
တက္ကသိုလ်ဝင်းအတွင်းတရားပွဲများအပြင် တက္ကသိုလ်ပြင်ပရှိ လူထုအားစည်းရုံးနိုင်ရန် ချီတက်ပွဲများပြုလုပ်ခဲ့ကြသည်။ တ ကြိမ်ကတော့ မြို့တွင်းသို့ဖြစ်သည်။ တက္ကသိုလ်ဝင်းအတွင်းမှ ပုဂံလမ်းအတိုင်းချီတက်ပြီး ပညာရေးတက္ကသိုလ်သို့လည်း ကောင်း၊ ထိုမှ ပြည်လမ်းအတိုင်း ဟံသာဝတီအဝိုင်းမှ ကြံတောဘေးမှဖြတ်သည်။ ကြံတောသချုင်္ီင်းဘေးမှအဖြတ် အခေါင်း ၂ လုံးဝင်အလှူ ခံရာ ဆိုင်ရှင်က လိုလိုလားလားပေးလိုက်သည်။ ထိုအခေါင်းဘေးတွင်စာကပ်လိုက်ကြသည်။ တလုံးက " နေဝင်း " ဟူ၍လည်းကောင်း၊ နောက်တလုံးက "စန်းယု" ဟူ၍ မဆလထိပ်သီး နှစ်ယောက်အတွက် အခေါင်းဖြစ်သွားတော့ သည်။

ထိုနောက် ဆင်မလိုက်မှ ကြည့်မြင်တိုင်အတိုင်း မြို့ထဲသို့ချီတက်ကြသည်။ ကျောင်းကစအထွက် လူအင်အား ၅၀၀ ခန့်သာ ရှိသော်လည်း တဖြေးဖြေး အင်အားတိုးပွားလာပြီး ထောင်သောင်းချီ သွားတော့သည်။ ကြွေးကြော်သံများ လက်ခုပ်သံများ ဝေစည်၍နေသည်။ သို့နှင့် ရန်ကုန်မြို့ တော်ခန်းမရှေ့အရောက်တွင်မတော့ ထိုအခေါင်း ၂ လုံးမီးတင်ရှို့ခဲ့ကြတော့သည်။ ၁၉၆၇ ခုနှစ် တရုတ်ဗမာအရေးအခင်းကာလက မော်စီတုန်းနှင့် သခင်သန်းထွန်းအခေါင်း ၂ လုံးကို စစ်ထောက်လှမ်းရေးများ ၏ စီစဉ်မှုဖြင့် ဆန္ဒပြသယ်ယူပြီး မီးရှို့ခဲ့ကြဘူးသည်။ ယခုတခေါက်ကတော့ ကျောင်းသားများနှင့် လူထုက မိမိသဘော မိမိ ဆန္ဒဖြင့် မဆလထိပ်သီးနှစ်ယောက်၏အခေါင်းအား မီးရှို့လိုက်ကြပြီး မဆလစစ်အာဏာရှင်ထိပ်သီးများအား ဆန့်ကျင်ပြ ခဲ့ကြပါသည်။

● အင်းစိန်ထောင်ကြီး ဘယ်နှယ့်ဝိုင်းမယ်
နောက်တကြိမ်ချီတက်မှုကတော့ အင်းစိန်သို့ချီ တက်ပြီး အင်းစိန်ထောင်ကြီးအားသွားဝိုင်းကြခြင်းဖြစ်သည်။ ဘွဲ့နှင်းသဘင် မှနေပြီး အဓိပတိလမ်းမအတိုင်းထွက်ခါ လှည်းတန်းထိပ်ကျတော့ အင်းစိန်လမ်းမအတိုင်း ချီတက်ကြသည်။ ကျောင်းသား အင်အား တစ်ထောင်ကျော်ခန့်ဖြင့်စတင်ခဲ့သောချီတက်ပွဲသည် အင်းစိန်လမ်းမပေါ်ရောက်ပြီး ခဏတာအတွင်း လူ ထောင် သောင်းချီသွားသည်။ အင်းစိန်လမ်းမဘေးဝဲယာတွင်လည်း လူအပြည့်ထွက်၍ ကြိုဆိုအားပေးခဲ့ကြသည်။ ၇၅ ဇွန်အရေး တော်ပုံအတွင်း လူအများဆုံး ချီတက်ခဲ့ကြသည့်နေ့ဖြစ်သည်။

လွန်ခဲ့သောတနှစ်က ထိုအင်းစိန်လမ်းမပေါ်က ဆန္ဒပြအလုပ်သမားများကို ပစ်ခတ်နှိမ်နင်းအကြမ်းဖက်ခံခဲ့ရသည့်မြင်ကွင်းအား အင်းစိန်လမ်းမဘေးဝဲယာ၌ နေထိုင်ကြသောလူထု၏ ရင်တွင်းပျောက်ပျယ်မသွားနိုင်သေးသည်ကို ပြသလိုက်ခြင်း လည်းဖြစ်သည်။ ကွယ်လွန်သူတို့ ဝိညာဉ်များသည်အားလုံးနှင့် လိုက်ပါစီးဝင်နေခြင်းဖြစ်ပေလိမ့်မည်။ တမလွန်မှ အာဇာနည် များအား လူထုက နှစ်သိမ့်ပေးနေခြင်းလည်းဖြစ်သည်ဟု ဆို၍ရပေလိမ့်မည်။

အင်းစိန်ထောင်ရှေ့ရောက်တော့ ကြွေးကြော်အသံများတိုးလာသည်။ မူလ ကြွေးကြော်သံများက ...

"အဖမ်းခံ အလုပ်သမားပြန်လွှတ်ရေး ဒို့အရေး"
"အဖမ်းခံ ကျောင်းသားပြန်လွှတ်ရေး ဒို့အရေး"
"ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး ဒို့အရေး"
"ကုန်ဈေးနှုန်းကျဆင်းရေး ဒို့အရေး" ဖြစ်သော်လည်း အင်းစိန်ထောင်ရှေ့ရောက်တော့

"အင်းစိန်ထောင်ကြီးဘယ်နှယ်ဝိုင်းမယ် ဒီနှယ်ဝိုင်းမယ်"
"အင်းစိန်ထောင်ွကြီး ထပ်ချဲ့ ထပ်ချဲ့"
"အမေကမွေး ထောင်ကကြွေးဟေ့"
"နေဝင်းစန်းယု စစ်အုပ်စု အလိုမရှိ"
"မဆလ စစ်အာဏာရှင်စနစ် အလိုမရှိ" ထပ်၍ တိုးလာသည်။ အင်းစိန်ထောင်ကြီးရှေ့မှ ဟိန်းညံနေသော ကြွေးကြော်သံများ က တဝေါဝေါ ဆူညံနေပေရာ ထောင်ထဲရှိ ၇၄ ဇွန်နှင့် ဒီဇင်ဘာအရေးတော်ပုံများတွင် အဖမ်းခံထားရသူများအတွက် စိတ် ဓာတ်ခွန်အားတခု ပေးနိုင်စွမ်းပေလိမ့်မည်။

● ဘွဲ့နှင်းသဘင်၏ညများ
သပိတ်ကာလအတွင်း ည ၉ နာရီ ၁၀ နာရီခန့်တွင် အားလုံးငြိမ်သက်တိတ်ဆိတ်နေလေ့ရှိသည်။ တနေကုန်ချီ တက်ကြ ဟောပြောကြကြွေးကြော်ကြဆိုတော့ လူတွေလည်း ခြေကုန်လက်ပမ်း၍ အနားယူကြသည်။ ဘွဲ့နှင်းသဘင်၏ လှေခါးထစ် များတွင်လည်းကောင်း၊ ခြင်္သေ့ရုပ်ဘေးတွင် ထိုင်၍ မှီ၍ လှဲလျောင်း၍ အနားယူကြသည်။ ရွှေဘဲ ဆေးပေါ့လိပ်တိုဖွာရင်း စကားပြောကြသည်။ အနာဂါတ်ကိုမျှော်ကြည့်ကြသည်။ မိတ်ဆွေသစ် ရဲဘော်သစ် သူငယ်ချင်းသစ်များနှင့် မိတ်ဖွဲ့ကြသည်။ စကားပြောကြသည်။ အနာဂါတ်သည် မျှော်လင့်ချက်များနှင့် တောက်ပထွန်းလင်း၍နေပေတော့သည်။

တစ်ယောက်က ကိုစိုးဝင်းဟုခေါ်သည်။ ရာဇူးကဖြစ်သည်။ ဘယ်မေဂျာကလဲတော့ မမှတ်မိ။ ဘွဲ့နှင်းသဘင်ခန်းမ စက်ခန်း ထဲတွင် အလုပ်ရှုပ်နေတတ်သူဖြစ်သည်။ လူကငယ်သေးသည်။ မိမိထက်ပင် ငယ်သေးသည်ထင်သည်။ လူငယ်သလောက်သွက်လက်ချက်ခြားသူဖြစ်သည်။

"ကိုစိုးဝင်းလေးက စက်ခန်းထဲမှာ တကယ်အားကိုးရတယ်ဗျာ။ ပုံနှိပ်လည်း ပါတယ်၊ စက်ပျက်လည်း ပြင်တော့တာဘဲ၊ တ ကယ့်ပညာရှင်ဘဲ၊ ကျနော်တို့စက်ခန်းထဲက လူတွေ စားဖို့ သောက်ဖို့ကိုလည်း သူဘဲစီစဉ်ပေးနေတာ " ထိုစဉ်ကစက်ခန်းထဲ တွင် ပါဝင်နေသည့် စက်မှုတက္ကသိုလ်မှ ကိုဦးလှစောက ပြောပြဘူးသည်။

ကိုစိုးဝင်းက သူ၏လက်ကို ပြ၍" ဒီမှာလေဗျာ ၊ မနှစ်က အလုပ်သမားအရေးအခင်းတုန်းက မှန်ထားတဲ့ဒဏ်ရာ " ဆိုသည်။ ဘာတာတိုက်ခန်းရှေ့ ပစ်ခတ်နှိမ်နင်းစဉ် သူ၏လက်အားသေနတ်ရှပ်မှန်ခဲ့သည်။ ထို့နောက် ရိုက်နှက်၍ ကားပေါ်ပစ်တင်ခံရပြီး မင်္ဂလာဒုံစစ်ဆေးရုံတွင်တင်၍ ကုပေးသည်ဟုဆိုသည်။ အချုပ်နှင့်ကု၍ အပြင်မထွက်ရ၊ အိမ်နှင့်အဆက်အသွယ်မပြု ခဲ့ရ။

"အဲဒီတုန်းက တကယ်ဆွေးတယ်ဗျာ၊ အဖေနဲ့အမေက မနက်ဆို ကားလေးကျောင်းရောက်တယ်။ ညနေဆို ကားလေးပြန် ထွက်သွားတယ်။ စကားလဲပြောမရ၊ အကြောင်းလဲကြားမရ၊ လူလဲမမြင်ရ၊ အိမ်ကားကြည့်ပြီး ဒီကားထဲ အဖေနဲ့ အမေပါမှာဘဲ ဆိုပြီး အပေါက်က လှမ်းမျှော်ကြည့်နေတာ" ဟု ဆိုဘူးသည်။

ကိုစိုးဝင်း၏ ဖခင်နှင့်မိခင်က မင်္ဂလာဒုံစစ်ဆေးရုံမျက်စောင်းထိုးရှိမိမိတို့ ဆေးတက္ကသိုလ် ၂ မှ ဆရာ/ဆရာမ ဖြစ်ကြသည့် ခန္ဓာဗေဒဌာနမှဒေါက်တာ ခင်မြင့်မောင်နှင့် ဆေးဝါးဗေဒဌာနမှ ဒေါက်တာခင်မကြီးတို့ ဖြစ်ကြသည်။ သပိတ်တိုက်ပွဲဖြတ် သန်း ကြရင်း ကြုံရဆုံရသည့် မိသားစုပေါင်းများစွာထဲက တစုဖြစ်သည်။

တကယ်တော့ ကိုစိုးဝင်းနှင့် မိမိ ထိုသပိတ်ကာလကဆုံခဲ့ပြီး မတွေ့ကြသည်မှာ အနှစ်လေးဆယ်ခန့်ရှိပြီ။ ၁၉၈၈ ခန့်က ဂျပန် သို့ထွက်သွားပြီး ယခုတော့ အမေရိကသို့ရောက်နေသည်ဟုကြားရသည်။ ခုပြန်တွေ့လျှင် လူပုံပန်းချင်းတောင် အချင်း အ ချင်းမှတ်မိနိုင်မည်မှာ မသေချာလှပေ။ သို့သော် တခါကတော့ အတူတကွ တိုက်ပွဲဝင်ခဲ့ကြဘူးပါသည်။

ဇွန် ၉ ရက်နေ့ညလောက်ဖြစ်မည်ထင်ပါသည်။ ထိုတည၌ မိမိတို့ ဘွဲ့နှင်းသဘင် လှေခါးထစ်များတွင်ထိုင်နေစဉ် အသားဖြူ ဖြူ ပိန်ပိန် ပါးပါး မျက်မှန်လေးတဝင်းဝင်းနှင့် ကျောင်းသားတစ်ဦးရောက်လာသည်။ အင်းစိန် ဂျီတီအိုင်ကဖြစ်သည်။ သူက သူ၏ကျောင်းသားကဒ်ကိုထုတ်ပြပြီး အင်းစိန်ဂျီတီအိုင်က သပိတ်မှောက်နေသော အဆောင်နေကျောင်းသားအားလုံး ပြိုကွဲ သွား၍ မိမိတို့ဘွဲ့နှင်းသဘင်ခန်းမ၌ လာရောက်ပူးပေါင်းသည်ဟုရှင်းပြပါသည်။ ထိုနောက် သူတို့ အင်းစိန်ဂျီတီအိုင် ကျောင်း သားများ၏ သပိတ်အခြေအနေကို ရှင်းပြသည်။

ထို့နောက် အနှစ် ၂၀ ကျော်ခန့်အကြာတွင် သူနှင့်ပြန်တွေ့သည်။ ထိုစဉ်က သူ ဝ ငြိမ်းချမ်းရေးအဖွဲ့က ဗိုလ်မှူးညို ထွေး အ ဖြစ်နှင့် သိရသည်။ မိမိနှင့်ထိုင်စကားပြောစဉ် သူ့ငယ်ရုပ်ကို အနည်းငယ်ဖမ်းမိ၍" ခင်ဗျား ဂျီတီအိုင်က အေးကို မဟုတ်လား " ဟု မေးတော့ "ဟုတ်တယ်ဗျ" ဆိုမှ သူမှန်းပြန်သိရသည်။ သူက ၇၅ အရေးတော်ပုံနောက်ပိုင်း ရှမ်းပြည်အလယ်ပိုင်းရှိ CPB အလယ်ဗျူရိုသို့ ရောက်သွားခဲ့သည်ဟု သိရသည်။ (CPBသို့ မသွားမှီ ထောင်ကျခဲ့သေးသလော မမှတ်မိတော့ပေ) ၁၉၈၉ ခုနှစ် CPB ပြိုကွဲချိန်တွင် ရှမ်းပြည်အလယ်ရောက်နေသော CPB တပ်မ ၆၈ မှ တပ်မှူးတစ်ဦးဖြစ်သူ ကျောက်ကျုံးတန်း ( ယ ခု UWSA တပ်မှူးကြီး၊ ရလလဖဥက္ကဌ စောတာကလယ်၏သားမက်) အတူ ဝ တပ်ဖွဲ့တွင် ကျန်နေခဲ့သူဖြစ်သည်။ မိမိက သူ့ အား ....

"နေစမ်းပါအုံး ခင်ဗျားက ဘယ်တုန်းက ဗိုလ်မှူးဖြစ်သွားလဲ" ဟု ရီ၍မေးလိုက်သည်။ အကြောင်းမှာ CPB တပ်ဖွဲ့စည်းပုံတွင် တာဝန်ရှိသော်လည်း ရာထူးမရှိချေ။ ကိုအေးကိုက ရီကျဲကျဲနှင့် "ရှမ်းသူကြီး ခန့်လိုက်တာလေ" ဆိုသည်။ "ဒီလိုဗျ၊ CPB က ဝ တပ်ကခွဲထွက်လိုက်တော့ ကျနော်က တပ်မ ၆၈ ကကျောက်ကျုံးတန်း အတူကျန်နေခဲ့တာလေ။ အဲဒီတုန်း ဝ နယမှာ ဆွေးနွေးပွဲပြီးသွားတော့ ကျနော်တို့ အလယ်ပိုင်းတပ်တွေကိုလည်း ဆွေးနွေးပြီး အပစ်ရပ်ဖို့ညွှန်ကြားတော့ ဆွေးနွေးပွဲသွားရ တယ်လေ။ ဆွေးနွေးပွဲမှာမိတ်ဆက်ကြတော့ ဘာသာပြန်က ရှမ်းသူကြီးလေဗျာ၊ အဲဒီတော့ ကျနော့်ကိုတာဝန်ကို ရှမ်းသူကြီး ကရှင်းလိုက်တာက တပ်မတော်ဘက်မှာလိုဆိုရင်တော့ ဦးညိုထွေးက ဗိုလ်မှူးပေါ့ဗျာလို့ ဘာသာပြန်ရှင်းလိုက်တာလေ" ဟု ပြောပြီး ရီပါလေတော့သည်။

ကိုအေးကို ခေါ် ကိုညိုထွေးက တပ်မ ၆၈ က စစ်အကြံပေးဟု ဘာသာပြန်ဆိုရမည့် တာဝန်ယူထားသူဖြစ်သည်။ တရုတ် စစ်တပ်ဖွဲ့ပုံယူထားပြီးတရုတ်စကားအသုံးများသော ဝ တပ်ဖွဲ့တွင် "ချမ်းမို" ဟု တရုတ်ဘာသာဖြင့်ခေါ်ကြသည်။ မြန်မာစစ်ဖက်ဖွဲ့စည်းပုံအရဆိုလျှင် စစ်ဦးစီး တတိယတန်း (G3) စစ်ဦးစီးဒုတိယတန်း (G2) တာဝန်မျိုးဖြစ်သည်။ ဝ တပ်မှာ "ချမ်းမို" ဟုခေါ်သော တာဝန်အား ဗိုလ်မှူးဟူ၍ အစည်းအဝေးတွင် ရှမ်းသူကြီးက ဘာသာပြန်ပြီးနောက် ဗိုလ်မှူးညိုထွေးဖြစ်သွား တော့သည်။ ဤသို့တရားဝင်လည်းဖြစ်သွားမှာလည်း စစ်ထောက်လှမ်းရေးလက်မှတ်ကြောင့်လည်းဖြစ်သည်။ ထိုစဉ်က ဝ ငြိမ်းချမ်းရေးအဖွဲ့မှဖြစ်သော ကိုညိုထွေးမှာ ခရီးသွားလျှင် စစ်ထောက်လှမ်းရေးထောက်ခံချက်လက်မှတ်နှင့် မြို့ပေါ်တွင် သွားလာရသည်။ တောင်ကြီးအခြေစိုက် အမှတ် ၂ ထောက်လှမ်းရေးတပ်မှူး ဗိုလ်မှူးခင်ဇော်၏လက်မှတ်နှင့် "ဗိုလ်မှူးညို ထွေးသည် UWSA ငြိမ်းချမ်းရေးအဖွဲ့မှဖြစ်ကြောင်း" ထောက်ခံစာထုတ်ပေးထားပေရာ သူ့အား ဗိုလ်မှူ ၏းညိုထွေးဟုအားလုံး က တရားဝင်ခေါ်ဝေါ်နေကြပေတော့သည်။ ထို့ကြောင့်လည်း သူက "ကျနော်ကို ဗိုလ်မှူးခန့်ပေးလိုက်တာကတော့ ရှမ်းသူ ကြီးပဲဗျ ၏" ဟု ရီမောပြောဆိုနေတော့သည်။

ဤသို့ဖြင့် ၁၉၇၅ ဇွန် ၆ အရေးတော်ပုံကာလက ဆုံခဲ့ကြရသည့် ဂျီတီအိုင် သပိတ်မှောက်ကျောင်းသားလေးတယောက်အား အနှစ် ၂၀ ကျော်ခန့်အကြာတွင် ရှမ်းသူကြီးခန့်အပ်သော ဗိုလ်မှူးရာထူးအား ထောက်လှမ်းရေးတပ်မှူးအတည်ပြု ထားသော ထောက်ခံချက်လက်မှတ်နှင့်အတူ မန္တလေးမြို့တွင် ပျော်ရွှင်ရီမောရင်း ပြန်လည်ဆုံခဲ့ကြပါသည်။ နောင်မှ အလျဉ်းသင့်သလို သူ့အကြောင်းကို ဖေါ်ပြပါအုံးမည်။ ယခုတော့ သူသည် ဝဒေသ ဌာနချုပ်ရှိရာပန်ဆန်း ခေါ် ပန်ခမ်းတွင်ပြန်လည်ရောက်ရှိနေ သည်ဟု ကြားရသည်။ မဆုံဖြစ်သည်တောင် အတော်ကြာသွားပေပြီ။

တိတ်ဆိတ်သောညများက ဘွဲနှင်းသဘင်လှေခါးထစ်များတွင် ဆုံတွေ့ဘူးခဲ့ကြသူများသည် ပြန်ဆုံသူလည်းရှိ မဆုံတော့သူ လည်းရှိသည်။

ဆက်လက်ဖေါ်ပြပါမည်
Mg Mg Soe (မောင်မောင်စိုး)