ဇင်လင်း ● ငြိမ်းချမ်းရေးခရီး…နီးသလား….ဝေးသလား


ဇင်လင်း ● ငြိမ်းချမ်းရေးခရီး…နီးသလား….ဝေးသလား
(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၁၆

မြန်မာနိုင်ငံ၏ လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေသည် ညှိနှိုင်းမှု အဆင်မပြေနိုင်ဘဲ၊  သောင် မတင်ရေမကျ ရှိနေခဲ့ရာမှ ရွှေပြည်တော် မျှော်လေတိုင်း ဝေးနေဦးမည်လားဟု လူထုအကြား သံသယများ ပွားများနေကြရ ပြန်ပြီ ဖြစ်သည်။  ရှမ်းပြည်မြောက်ပိုင်း မူစယ် ၁၀၅ မိုင်ကုန်သွယ် ရေးဇုံရှိ အစိုးရလုံခြုံရေးစခန်းကို နိုဝင်ဘာလ ၂၀ ရက် နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ကုန်သွယ်ရေးလမ်း အားပိတ်ထား ခဲ့ရကြောင်း သျှမ်းသံတော်ဆင့် သတင်းအရ သိရသည်။ အရုဏ်မတက်မှီ နံနက် ၉ နာရီအထိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ စုပေါင်းထားသည့် မဟာမိတ်တပ်ဖွဲ့ဝင်များက မန္တလေး၊ လားရှိုး၊ မူစယ်လမ်း ၁၀၅ မိုင်ကုန်သွယ် ရေးဇုံရှိ အစိုးရ လုံခြုံရေးစခန်းနှင့် ပန်ဆိုင်းအခြေစိုက် အစိုးရ ရဲတပ်ဖွဲ့စခန်းများ ကိုဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းကဆိုသည်။  နေပြည်တော်ရှိအစိုးရ၏ ပြန်ကြားရေးဝန်ကြီးဌာန သတင်းတွင်မူ – ကချင်၊ တအာင်းနှင့် ကိုးကန့်တပ်မတော်တို့ စုပေါင်း ထားသော တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့သည် ကွတ်ခိုင်မြို့နယ်၊ သိန္နီမြို့နယ်၊ မူစယ်မြို့နယ်က ၁၀၅ မိုင်ကုန်သွယ်ရေးဇုံ၊ ပန်ဆိုင်း ၊ မုံးကိုးတို့၌ ရှိသည့် ရဲစခန်းများကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဒေသခံ ပြည်သူ ထောင်ဂဏန်းချီ၍ မူစယ်ဘက်သို့၎င်း၊ တရုတ်ဘက်ခြမ်း သို့၎င်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်း သျှမ်းသံတော်ဆင့် သတင်းအရ သိရသည်။  အဆိုပါ တိုက်ပွဲများနှင့် ပတ်သက်၍ တရုတ်နိုင်ငံက အထူးစိုးရိမ်ကြောင်း၊ သက်ဆိုင်ရာအဖွဲ့များအနေဖြင့် တိုက်ပွဲများရပ်ဆိုင်းကာ၊ ပဋိပက္ခများ ပိုမိုဆိုးရွားမလာစေရန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၀ ရက်နေ့က ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ တရုတ်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကလည်း တရုတ်တပ်ဖွဲ့များကို တရုတ်-မြန်မာနယ်ခြားတလျောက် အရေးပေါ်တပ်လှန့်ထားကြောင်း နိုဝင်ဘာလ ၂၀ ရက်နေ့က ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်ဟု Reuters သတင်းတွင် ဖေါ်ပြထားသည်။

ရန်ကုန်မြို့ တရုတ်သံရုံးကလည်း မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နယ်စပ်ကိုဖြတ်ကျော်၍ တရုတ်နိုင်ငံအတွင်း ထွက်ပြေးခိုလှုံလာသော မြန်မာနိုင်ငံသား အချို့ကို လူသားချင်းစာနာမှုအရ စောင့်ရှောက်ထားကြောင်း၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူများကိုလည်း ဆေးရုံတင်ကုသပေးနေကြောင်း၊ မြန်မာနိုင်ငံတွင်းရှိ တရုတ်နိုင်ငံသားများသည်လည်း မိမိတို့လုံခြုံရေးအတွက် သတိဖြင့် နေထိုင်ကြစေလိုကြောင်း၊  ပဋိပက္ခ ဖြစ်ပွားရာ ဒေသများကို ရှောင်ရှားကြစေလိုကြောင်း၊ အရေးကြုံလျှင် ရန်ကုန်နှင့် မန္တလေးမှာရှိ တရုတ်သံရုံးနှင့်  ကောင်စစ်ဝန်ရုံးများသို့ အကြောင်းကြားစေလိုကြောင်း တရုတ်သံရုံး၏ Facebook စာမျက်နှာမှတဆင့် သတိပေးနှိုးဆော် ထားသည်ကို တွေ့ရသည်။

လွန်ခဲ့သည့် သီတင်းပတ်က  “ညီညွတ်သောတိုင်းရင်း သားလူမျိုးများဖက်ဒရယ်ကောင်စီ”(UNFC) ၏ အဆိုပြုချက် ၈ ချက်နှင့်စပ်လျဉ်း၍ အစိုးရနှင့် တပ်မတော်ဘက်မှ မူဝါဒပိုင်းဆိုင်ရာ တစ်စုံတစ်ရာ ပြောင်းလဲမှု မရှိလျှင်၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ၌ ပါဝင်လက်မှတ်ထိုးရေးမှာ ဆက်လက်ဖင့်လေးနေဦးမည်ဟု သုံးသပ် ပြောဆိုမှုများ ရှိခဲ့သည်။ အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စား လှယ်အဖွဲ့DPNတို့ ယခု နိုဝင်ဘာအတွင်း ထပ်မံတွေ့ဆုံရန် လျာထားသော်လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ် မတော်ကာကွယ်ရေးဦးစီးချုပ်တို့၏ အဆုံးအဖြတ်နှင့် မူဝါဒချမှတ်မှုအပေါ် မူတည်နေကြောင်း ယေဘုယျအားဖြင့် သတင်းထွက်ပေါ်လျှက်ရှိသည်။

၂၁ ရာစုပင်လုံညီလာခံ ပထမအကျော့အပြီးတွင် အစိုးရတပ်မတော်က ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ KIO ထိန်းချုပ် နယ်မြေများအား ပြင်းထန်စွာ ထိုးစစ်ဆင်ခဲ့သောကြောင့် ကျေးလက်နေ ဒေသခံပြည်သူများ  စစ်ဘေးလွတ်ရာ ထွက်ပြေး ကြရပြီး၊ ကလေးငယ်များအပါအဝင် ဒေသခံများ သေကြေထိခိုက်နစ်နာမှုများ ရှိခဲ့သည်။ ရလဒ်မှာ ရန်ကုန်၊ မြစ်ကြီးနား နှင့် တနိုင်း စသည့် မြို့များ တွင် စစ်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲများ အောက်တိုဘာလအတွင်း ပေါ်ပေါက်ခဲ့သည်။ ကချင် ပြည်နယ်တွင် စက်တင်ဘာလမှ စတင်၍ တပ်မတော်က ဝေဟင်ရော မြေပြင်ကပါ ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်စခန်းများကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့ရာ၊ အဓိက ထိခိုက်နစ်နာရသူများမှာ သာမန် အရပ်သူအရပ်သားများသာ ဖြစ်သည်။

နိုဝင်ဘာ ၉ ရက်နေ့က ဘယ်လ်ဂျီယံနိုင်ငံတွင် ကျင်းပခဲ့သည့် EU ဥရောပသမဂ္ဂ ကာကွယ်ရေးဦးစီးချုပ်များ စစ်ဘက်ဆိုင်ရာကော်မတီ အစည်း အဝေးတွင် “The Military's Role in a Democratic Myanmar” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်-မြန်မာနယ်စပ်တွင် အခြေစိုက်သည့် အင်အားကြီး လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သော UWSA “ဝ” တပ်ဖွဲ့နှင့် ကချင် လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ ၂ ဖွဲ့အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA သဘောတူစာချုပ်တွင် ပါဝင် လက်မှတ် မထိုးဘဲ နိုင်ငံရေးဆွေးနွေးပွဲများ တက်ရောက်ရန် ကြိုးစားခြင်းသည် နိုင်ငံရေးအရ မျှတမှု မရှိ ဖြစ်စေကြောင်း မှတ်ချက်ပေးပြောဆိုခဲ့သည်။ ၎င်းအပြင် ဒီမိုကရေစီကို အကြောင်းပြ၍ အစိုးရအုပ်ချုပ်မှုကို လက်နက်ကိုင်ဆန့်ကျင်သည့် မည်သူ့ကိုမဆို တပ်မတော်က ကာကွယ် တိုက်ခိုက်သွားမည်ဟုလည်း ဆိုသည်။  ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ် သက်၍ ပြောရာတွင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် ပါတီစုံ ဒီမိုကရေစီစနစ်ကို အပြည့်အဝ ပုံဖော်ပေးနိုင်သော အခြေခံဥပဒေ ဖြစ်သည့်အပြင်၊ ပကတိအခြေအနေနှင့် ညီညွတ်သော တပ်မတော်၏  အခန်းကဏ္ဍကို ထည့်သွင်း ရေးဆွဲထားသည့် ဥပဒေဖြစ်သည်ဟု ဆိုသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့က NCA မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) တို့ ရန်ကုန်မြို့၌ တတိယအကြိမ် တွေ့ဆုံခဲ့သော်လည်း အဆိုပြုထားသည့် အချက်များကိစ္စ ဆွေးနွေးမှု  တစ်စုံတစ်ရာ သဘောတူညီမှု မရခဲ့ကြောင်း သတင်းများအရ သိရသည်။

အောက်တိုဘာ ၃၁ ရက်နေ့က မြစ်ကြီးနားမြို့တွင် ဒေသခံတိုင်းရင်းသား ၈ ထောင်ကျော်က ကချင် လွတ်လပ်ရေး တပ်မတော် KIA ကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ၌ ပါဝင်လက်မှတ်ရေးထိုး၍ နိုင်ငံတော်က ဖော်ဆောင်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ရန် ဆန္ဒပြတောင်းဆိုကြကြောင်း RFA ရေဒီယိုသတင်းအရ သိရသည်။ မကြာသေးမီက နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ်တွင် အချိန်မဆွဲဘဲ လက်မှတ်ရေးထိုးကြရန် အောက်တိုဘာ ၂၈ ရက်တွင် တိုက်တွန်း ပြောကြားခဲ့သည်။

သို့ရာတွင် ငြိမ်းချမ်းရေးဆွေးနွေးရန် ပြင်ဆင်နေခိုက်မှာပင် တိုက်ပွဲများက ဆက်လက်ဖြစ်ပွားနေသည်။ ရှမ်းပြည် နယ် မြောက်ပိုင်း မူဆယ်မြို့နယ်တွင် အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၆ တို့ ၂ ရက်ကြာ တိုက်ပွဲများ ဖြစ်ပွားသဖြင့် ဒေသခံရွာသူရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNG သတင်း အရ သိခဲ့ရသည်။ တိုက်ပွဲကြောင့် မုံးဘော်၊ မန်ကောင်း ရွာမှ အိမ်ထောင်စု ၆၀ ခန့် သည် လက်ရှိ မန်ပင်းရွာ ခရစ်ယာန် ဘုရားကျောင်းတွင် ခိုလှုံနေကြသည်ဟု မုံးဘော် ရွာလူကြီး တစ်ဦး၏ ပြောကြားချက်အရ သိရသည်။ အစိုးရတပ်မ ၉၉ လက်အောက်ခံ ခမရ ၃၁၃ တပ်ရင်း တပ်ဖွဲ့များသည် KIA တပ်ရင်း ၃၆ အုပ်ချုပ်ရေးနယ်မြေဖြစ်သော မန်ကောင်းရွာ အထက် နေရာများသို့ ဝင်ရောက်လာသောကြောင့် နိုဝင်ဘာ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ရှေ့တန်း KIA သတင်းများကို ကိုးကား၍  KNG သတင်းဌာနက ဖေါ်ပြသည်။ ဒေသခံများအဆိုအရ  တပ်မတော်ဘက်မှ လက်နက်ကြီး ပစ်ခတ်မှုများ ရှိသည်ဟု ဆိုသည်။ နှစ်ရက်သာ တိုက်ခိုက်မှုအပြီး တပ်မတော်ဘက်မှ စစ်အင်အား ပြန်လည် ဖြည့်တင်းနေသကဲ့သို့၊ KIA ဘက်ကလည်း တပ်ကူများ ပြန်လည် ဖြည့်တင်းနေသည့် သတင်းများကြောင့် ဒေသခံများက စစ်ပွဲများ ပိုမို ပြင်းထန်လာမည်ကို စိုးရိမ်နေကြကြောင်း သတင်းကဆိုသည်။

ကချင်ပြည်နယ်သို့ အစိုးရတပ်အင်အား ဆက်လက် တိုးမြှင့်ပို့ဆောင်နေခြင်းကြောင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် တိုက်ပွဲများ ပိုမို ပြင်းထန်လာနိုင်ကြောင်း KIA ဘက်မှ ဆိုသည်။ နှစ်ဖက် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသော ကချင်ပြည်နယ် အရှေ့ဘက် ၀ိုင်းမော်မြို့နယ် KIA အမာခံ စခန်းများရှိရာ Nhkram Bum တောင် နှင့် Lai Hpawng Bum တောင်သို့ စစ်ကူ အမြောက်အများ ထပ်မံရောက်ရှိကြောင်း၊ လိုင်ဇာ ဗဟိုဌာနချုပ် KIO သတင်းနှင့် ပြန်ကြား ရေးဌာန တာဝန်ရှိသူ ဒု ဗိုလ်မှုးကြီး နော်ဘူက ကချင်သတင်းဌာန KNG ကို ပြောသည်။

“သူတို့ဘက် မနေ့ညကလည်း နေရာအနှံ့ တပ်အင်အားတွေ ဖြည့်ထားတာတွေ့ရတယ်။ အဲဒါတွေကို ပြန်ရုတ်သိမ်းဖို့ အခြေအနေ မရှိတဲ့အတွက် တိုက်ပွဲ ပိုပြင်းထန်လာနိုင်တယ်။ အဲကြောင့် ကျနော်တို့ လည်း သတိထားနေတယ်။” ဟု ဒုဗိုလ်မှုးကြီး နော်ဘူက KNG ကို ပြောသည်။

ဗဟိုဌာနချုပ် Laiza နှင့် Laisin Bum လုံခြုံရေးအတွက် စစ်ရေး မဟာဗျူဟာ အရ အရေးပါသော KIA လှုပ်ရှားတပ်ရင်း DND D ၂၅၂ ၏ Nhkram Bum တောင် စခန်းများနှင့် KIA တပ်ရင်း (၃) Lai Hpawng Bum တောင် စခန်းများ ကို တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်နေသည်မှာ ရက်ပေါင်း ၆၀ ကျော်ပြီ ဖြစ်ကြောင်း သတင်းအရ သိရသည်။ Nhkram Bum မှ Gidon စခန်းကို တပ်မတော်က လက်နက်ကြီးများနှင့် အကြိမ်ကြိမ် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းသို့ ပစ်ခတ်မှုမှာ နေ့စဉ် ဖြစ်ပွားနေသည်ဟု ဒုဗိုလ်မှုးကြီး နော်ဘူက ပြောသည်။ လွန်ခဲ့သည့် အောက်တိုဘာ ၁၁ ရက်နေ့က တပ်မတော် MIG ၂၉ ဂျက်တိုက် လေယာဉ် ၂ စီးသည် ယင်းတောင် နှစ်လုံးရှိ KIA စခန်းများကို လေးကြိမ်တိုင် လာရောက်ပစ်ခတ်ခဲ့ကြောင်း ကချင်သတင်းဌာနက ဖေါ်ပြခဲ့သည်။ ထိုသို့ တပ်မတော်၏ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်သည့် လုပ်ရပ်သည် “စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ် ပေါ်ထွန်းရေးကို ဖျက်ဆီးနေခြင်း” နှင့် “ပြည်တွင်း စစ်မီးကို ပိုမိုကြီးထွား ပြန့်နှံ့လာစေရန် လုပ်ဆောင်နေခြင်း ဖြစ်သည်” ဟု KIO ဗဟိုကော်မတီက အောက်တိုဘာ (၈) ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ကချင်လွတ်မြောက် ရေးတပ်မတော် (KIO) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် ယာယီအပစ်ရပ်စဲရေး ကြေညာပြီး နိုင်ငံရေးဆွေးနွေးရန် အစိုးရနှင့် တပ်မတော်တို့အား ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) ဥက္ကဋ္ဌ ဒေါက်တာ မနမ်တူးဂျာက တိုက်တွန်းခဲ့ကြောင်း နိုဝင်ဘာ ၄ ရက်နေ့ 7DayDaily သတင်းတွင် တွေ့ရသည်။ KIO/KIA အနေဖြင့် ငြိမ်း ချမ်းရေးကို လိုလားသော်လည်း လတ်တလော တိုက်ပွဲ များရှိနေခြင်းက ဆွေးနွေးမှုပြုလုပ်ရန် အဟန့်အတားဖြစ်စေကြောင်း KIO ဒုတိယဥက္ကဋ္ဌ ဟောင်းဖြစ်သူ ဒေါက်တာ မနမ် တူးဂျာက ပြောသည်။ ဒေါက်တာ မနမ်တူးဂျာသည် ၂၀၁၃ တွင် ကချင်ပြည်နယ်ဒီမိုကရေစီပါတီ တရားဝင်မှတ်ပုံတင်ခွင့် ရရှိခဲ့ပြီး လက်ရှိ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူး တွဲကော်မတီ (UPDJC) ကိုယ်စားလှယ် တစ်ဦးဖြစ်သည်။

တပ်မတော်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ် (NCA)အရ ဒေသဆိုင်ရာအဆင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-L) များကို လာမည့် ဇန်န၀ါရီတွင် စတင်ဖွဲ့စည်းမည် ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် JMC အဖွဲ့ဝင် ဒေါက်တာမင်းဇော် ဦးက နိုဝင်ဘာ ၉ ရက်နေ့က အစိုးရငြိမ်းချမ်းရေး ကော်မရှင်နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) တွေ့ဆုံစဉ် ပြောသည်။ ဒေသဆိုင်ရာ အဆင့် JMC သည် တပ်မတော်နှင့် NCA လက် မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား စစ်ရေး ပဋိပက္ခများ ဖြစ်ပွားပါက စောင့်ကြည့်စိစစ်ခြင်း၊ အငြင်းပွားမှုများကို ညှိနှိုင်းဖြေရှင်းခြင်း လုပ်ငန်းများ အပါအ၀င် တိုင်းဒေသ ကြီးနှင့် ပြည်နယ်အဆင့် JMC ၏ လုပ်ငန်းတာဝန်များကို ကူညီပံ့ပိုး ခြင်းများ လုပ်ဆောင်ရမည်ဟု ဆိုသည်။

လက်ရှိအခြေအနေတွင် ငြိမ်းချမ်းရေးကိုယ်စားလှယ်များ အဓိကစိုးရိမ်နေသည်မှာ NCA လက်မှတ်ထိုးပြီးသည့်နောက် တိုက်ပွဲများ ထပ်မံ ဖြစ်နိုင်သလားဆိုသည့် အချက်ဖြစ်သည်။  တိုက်ပွဲထပ်မဖြစ်အောင် မည်သို့လုပ်ဆောင်ကြမည်နည်း၊  JMC အဖွဲ့အနေဖြင့်လည်း လက်မှတ်ထိုးပြီးသည့် အဖွဲ့များနှင့် တိုက်ပွဲဖြစ်လျှင် မကောင်းဟု မြင်ကြောင်း၊ ၎င်း စိုးရိမ်မှုများ  တပ်မတော်နှင့် အစိုးရဘက်တွင်လည်း ရှိကြောင်း၊ JMC အဖွဲ့ဝင် ဒေါက်တာမင်းဇော်ဦး က ဆိုသည်။

ပြည်တွင်းစစ်ကြောင့် တိုင်းရင်းသားများ ဆုံးရှုံးနစ်နာလျှက်ရှိသည့်ကိစ္စကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က စာနာကြောင်း ပြောခဲ့ဖူးသည်။  နိုင်ငံရေး တန်းတူရပိုင်ခွင့် တောင်းဆိုချက်များကိုလည်း မှန်ကန်စွာ ညှိနှိုင်းအဖြေရှာမည်ဟု  ကတိပေးဖူး သည်။ NLD အစိုးရက စစ်ရေးပဋိပက္ခအားလုံး ချုပ်ငြိမ်းရန် ကြိုးပမ်းနေသည်မှာ ထင်ရှားပါသည်။ အစိုးရ၏ မူဝါဒနှင့် စေတနာကို အရာထင်စေရေးအတွက် တပ်မတော်က သစ္စာရှိရှိ တာဝန်သိသိ ကူညီဖို့လိုပေသည်။

တိုက်ဆိုင်စွာပင် ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် အောက်တိုဘာလ ၉ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်များအတွင်း အကြမ်းဖက်သမား ၆၉ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၂၃၀ ကျော်ကို ဖမ်းဆီးထားကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က နိုဝင်ဘာ ၁၄ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်ကို တွေ့ရသည်။ ယခု တဖန် ရှမ်းပြည်မြောက်ပိုင်း မူစယ် ၁၀၅ မိုင်ကုန်သွယ် ရေးဇုံရှိ အစိုးရလုံခြုံရေးစခန်းကို နိုဝင်ဘာလ ၂၀ ရက် နေ့ နံနက်ပိုင်းတွင် ကချင် KIA ၊ ပလောင် TNLA ၊ ကိုးကန့် MNDAA နှင့် ရခိုင် AA စသည့်တပ်ဖွဲ့များပါဝင်သည့်  တိုင်းရင်းသားမဟာမိတ် တပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မြန်မာပြည်မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ် တပ် ပေါင်းစု(၄) ဖွဲ့က ရှမ်းပြည်မြောက်ပိုင်း မြန်မာ့တပ်မတော် တပ်စခန်းများအား တိုက်ခိုက်ရခြင်းမှာ ကချင်နှင့် ရှမ်းပြည်နယ် အတွင်း အစိုးရတပ်မတော်က ထိုးစစ်ဆင်နေခြင်း ရပ်စဲပေးစေလို၍ ဖြစ်ပြီး၊ အပစ်အခတ်ရပ်စဲကာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များ စတင်နိုင်ရန်ဖြစ်သည်ဟု TNLA ဗိုလ်မှူးတာအိုက်ကျော်က ဗွီအိုအေသတင်းသို့ ပြောကြောင်း ကြားသိရသည်။

NLD အစိုးရက စစ်ရေးပဋိပက္ခအားလုံး ချုပ်ငြိမ်းရန် ကြိုးပမ်းနေစဉ် ဤသို့ စစ်ရေးပဋိပက္ခများ ထပ်မံ ဖြစ်ပေါ်လာမှုကြောင့် ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်စဉ်ကို နှောင့်နှေးစေသကဲ့သို့ရှိသည်။ သို့သော်လည်း အစိုးရက ကုလသမဂ္ဂနှင့်တကွ နိုင်ငံတကာ သံတမန်များ၊ ပြည်တွင်းပြည်ပ သတင်းထောက်များကို ပွင့်လင်းမြင်သာစွာ လေ့လာ သတင်းယူခွင့်ပြုထားမည် ဆိုပါက လက်ရှိအရေးကိစ္စများကို မကြာမီ ဖြေရှင်းနိုင်ဖွယ်ရှိပါသည်။ သို့တိုင်အောင် လက်ရှိ ဖြစ်ပေါ်နေသည့် ငြိမ်းချမ်းရေး အလားအလာသည် တိုးတက်မည်လား၊ ဆုတ်ယုတ်မည်လား ဆိုသည်ကို မှန်းဆရန်မှာ မလွယ်ကူလှပါ။ အစိုးရနှင့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့အနေဖြင့် စက်တင်လဆန်းမှစတင်ခဲ့သော တပ်မတော်၏ တိုင်းရင်းသားဒေသ ထိုးစစ်များကို ယာယီရပ်ဆိုင်းထားစေရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား တိုက်တွန်းသင့်သည်။ အထူးသဖြင့် ၂၁ ရာစုပင်လုံ ညီလာခံ (ဒုတိယအကျော့) ကျင်းနေစဉ်တွင် သေနတ်သံများ တိတ်နေလျှင် ပို၍ မင်္ဂလာရှိပေမည်။ UNFC  ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ တိုက်တွန်းနှိုးဆော်ချက်ကို အလေးထား စဉ်းစား၍ မှန်ကန်သည့် ဆုံးဖြတ်ချက် ချနိုင် လျှင် ငြိမ်းချမ်းရေးကိစ္စ တိုးတက်ဖြစ်ထွန်းလာဖွယ် ရှိသည်။

ခြုံငုံသုံးသပ်ရလျှင် ငြိမ်းချမ်းရေးအောင်မြင်ရန်အတွက် အဓိကအဆုံးအဖြတ်ပြုနိုင်ခွင့်သည် NLD အစိုးရနှင့် တပ်မတော်တို့ ၏ လက်ဝယ်ရှိနေသည်။ တိုင်းရင်းသားလက်နက်ကိုင်အားလုံးကို ပင်လုံဒုတိယအကျော့တွင် ပါဝင်ခွင့်ပြုစေချင်သည်။ တစ်ဖွဲ့မျှ ကျန်ရစ်ခဲ့လျှင်ပင် ရေရှည်အတွက် စိတ်မအေးဖွယ် ဖြစ်စေလိမ့်မည်။ ဆွေးနွေးပွဲကာလအတွင်း အတင်းအကျပ် လက်နက်ချခိုင်းခြင်းလည်း မပြုသင့်။ လတ်တလောအခြေအနေတွင် နိုင်ငံရေးအရ အပေးအယူမတည့်သေးလျှင် တိုင်းရင်း သားအဖွဲ့များအနေနှင့် လက်နက်ကိုင်ထားလိုသည်မှာ သဘာဝကျသည်။ တနည်းအားဖြင့် သူတို့ လုံခြုံစိတ်ချရမှုအတွက် စိတ်မအေးနိုင်သေး၍ ဖြစ်သည်။ အပြန်အလှန်ယုံကြည်မှု အရေးကြီးသည်ကို ငြိမ်းချမ်းရေး ဆွေးနွေးဖေါ်အားလုံး စိတ်ရင်းကောင်းဖြင့် ဆင်ခြင်စဉ်းစားသင့်သည်။ ရိုးရိုးသားသား တန်းတူရည်တူ ညီရင်းအစ်ကို စိတ်ဓါတ် အရင်းခံဖြင့် နိုင်ငံရေး ဆွေးနွေးပွဲ ခရီး ဆက်ကြမည်ဆိုလျှင် ငြိမ်းချမ်းရေးသည် ဝေးလွန်းသည် ထင်ရ သော်လည်း ထင်သလောက် မဝေးလှဟု ဆိုနိုင်ပါသည်။။။