ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်စွမ်းရည် - တင်မိုးက ခွင့်လွှတ်လိုက်သူများ


 မောင်စွမ်းရည် - တင်မိုးက ခွင့်လွှတ်လိုက်သူများ
(မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၁၆


တင်မိုးကဗျာဆရာတင်မိုး ကဗျာဆရာ၊ အနုပညာသမားပီပီ သိမ်မွေ့ပါတယ်။ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုတာ၊ ဆဲရေးတာတွေ လုံးဝမကြိုက်ဘူး။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း သုံးစွဲတယ်ဆိုတဲ့ "ခွေးမသား" ဆိုတဲ့ ဆဲရေးစကားလုံးကလွဲလို့ တခြားဆဲရေးတဲ့စကားမျိုးကို ယောင်မှားလို့တောင် မသုံးပါ။

ရန်ဖြစ်တာ၊ ထိုးတာကြိတ်တာ၊ ရိုက်တာနှက်တာတွေလည်း တင်မိုးလုံးဝမကြိုက်၊ မကြည့်ချင် မမြင်ချင်၊ မကြားချင်။ ကြည့်လည်း မကြည့်ရဲပါ။ သူက တက္ကသိုလ်ဝန်းကျင်မှာနေတာ။ တက္ကသိုလ်ဝန်းကျင်က လူငယ် တွေကျက်စားရာနေရာ။ လူငယ်ဆိုတာက ထိုးကြကြိတ်ကြ ရန်ဖြစ်ကြတာမျိုးတွေ ဖြစ်တတ်ပါတယ်။ သူ့ရဲ့တဦး တည်းသော သားငယ်လေး လူကြမ်းလူသွမ်းဖြစ်မှာ အလွန်စိုးရိမ်ရှာတယ်။ သူ့မှာ သမီးမိန်းကလေးတွေ ချည်း ၄-၅ ယောက်ဆက်တိုက်မွေးပြီးမှ အငယ်ဆုံးသားကလေးကိုရရှာတော့ အလွန်ချစ်ရှာတယ်။ သားလေးကလည်း လိမ္မာအေးဆေးပါတယ်။ သူ့သားလေး ၁၀ ကျော်သက်ရောက်လာတဲ့အချိန်မှာ လမ်းသရဲဆိုတာတွေ ပေါ်ပေါက် နေတဲ့အချိန်ပါ။ ဒါ့ကြောင့် သူ့သားငယ်လေး လမ်သရဲတွေနဲ့ပေါင်းသင်းမှာ ရန်ဖြစ်မှာ၊ ထိမှာခိုက်မှာတွေကို လည်း တွေးပြီး ပူရှာတယ်။

သူ့သားလေးက ရုပ်ရှင်မင်းသားကျော်ဟိန်းကို သိပ်ကြိုက်တာ၊ ကျော်ဟိန်းရဲ့ပြုံးစိစိ၊ မပွင့်တပွင့်နဲ့ မိုက် ကန်းကန်းအမူအရာမျိုးကို တင်မိုးက မကြိုက်ဘူး။ သူ့သားကလည်း စကားပြောရင် မပွင့်တပွင့်ပြောနေတော့ သူမကြိုက်ဘူး။ နောက်ထပ် သူမကြိုက်တာက မင်းသိင်္ခ။ မင်းသိင်္ခရဲ့ဝတ္ထုတွေမှာ သေနတ်တို့ ဓားမြှောင်တို့ ပါ တယ်။ တိုက်တာခိုက်တာတွေပါတယ်။ စာအုပ်မျက်နှာဖုံးရုပ်ပုံတွေကြည့်ရုံနဲ့ မင်းသိင်္ခရဲ့ဝတ္ထုတွေကို လုံးဝမဖတ် ဘဲ မုန်းနေရှာတယ်။

ဒါပေမဲ့ သူ့သားငယ်လေးက လူလိမ္မာလေးပါ။ မိဘကို လုပ်ကျွေးချင်ရှာတယ်။ ခေတ်အလျောက် သင်္ဘောသားလုပ်ချင်သတဲ့။ အဖေက အညာသားစစ်စစ်။ မြစ်ချောင်းပင်လယ် ဆိုတာတွေကို ကြောက်တယ်၊ ရေလဲမကူးတတ်ဘူး။ ကျွန်တော်တို့နဲ့ရခိုင်ပင်လယ်ကမ်း၊ အမေရိကန်ပင်လယ်ကမ်းတွေမှာ ရေချိုးကြရင် ကမ်း စပ်ကဒူးဆစ်လောက်နေရာမှာထိုင်ပြီး ကိုယ်ကိုလက်နဲ့ ရေပက်ချိုးသူပါ။ သားငယ် သင်္ဘောလိုက်ရင်း ပင်လယ် သမုဒ္ဒရာကိုဖြတ်သန်းမယ်ဆိုတော့ ဘယ်မှာကြိုက်ရှာမလဲ။ ဒါပေမဲ့ ယောက်ျားလေးပဲ စွန့်စားပါစေဆိုတဲ့သဘော နဲ့ သားကိုအလိုလိုက်ခဲ့ရှာတယ်။ တင်မိုး နိုင်ငံခြားရောက်တော့ သူ့သားလည်း သင်္ဘောလိုက်နေပြီ။

တင်မိုးရဲ့ဇနီးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ ဆီးချိုသွေးချိုရောဂါနဲ့ဆိုထင်ပါရဲ့။ ဆုံးရှာပါပြီ။ တင်မိုး နိုင်ငံခြား ထွက်လာတော့ ဇနီးလည်း မရှိတော့ပါဘူး။ တင်မိုးရဲ့မိဘတွေလည်း မရှိတော့ပါဘူး။ သမီးတွေအားလုံးလည်း သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်ဆိုသလို အိမ်ထောင်ခွဲ ကုန်ကြပြီ ထင်ပါတယ်။ တင်မိုးက ထောင်ကထွက်တော့ စစ်အစိုးရအန္တရာယ်က လုံးဝကင်းပြီမဆိုနိုင်သေးပါဘူး။ စစ်အာဏာရှင်တွေက သူတို့အငြိုးထားမိတဲ့ လူတွေကို အမြဲတမ်းစောင့်ကြည့်ပြီး အန္တရာယ်ပြုနေတာပါ။ ဒါ့ကြောင့် ဘေးကင်းအောင် တင်မိုးလည်း သူ့သမီးလတ် တယောက်အိမ်ထောင်ကျပြီး အခြေချနေထိုင်တဲ့ ဘယ်လ်ဂျီယံကို ထွက်ခဲ့ရတယ်။ နော်ဝေမှာ အခြေစိုက်တဲ့ ဒီမို ကရက်တစ်ဗမာ့အသံ (ဒီဗွီဘီ) အသံလွှင့်ဌာနမှာ သွားရောက်အကူအညီပေးတယ်။ အေးလွန်းလို့ မနေနိုင်ရှာ ဘူး။ နော်ဝေမှာ နေထိုက်၊ သူ့သားငယ်ဟာ အင်ဒိုနီးရှား ဆိပ်ကမ်းတခုမှာ ရုတ်တရက် လဲကျသေဆုံး သွားရှာပြီ လို့ သတင်းရလိုက်ပါတယ်။ သားငယ်မှာ နှလုံးအားနည်းတဲ့ ရောဂါရှိဟန်တူ ပါတယ်။

တင်မိုးက လူလောကမှာ အအေးဆုံးဆိုတဲ့ လူစားမျိုးမှာ ပါဝင်ပါတယ်။ ဆင်းရဲဒဏ်ခံနိုင်ပေမယ့် ပူပင် သောကဒဏ်တွေကို မခံချင်ဘူး။ မခံနိုင်ရှာဘူး။ အဖေ၊ အမေ၊ ချစ်တဲ့အစ်မကြီး၊ ဇနီး၊ တဦးတည်းသော အငယ် ဆုံးသား စသည့်တို့ တဦးပြီးတဦးဆိုသလို ဆက်တိုက်ဆုံးပါးခဲ့ကြတယ်။ သူကိုယ်တိုင်ကတော့ ကျန်းမာရေး ဒေါင်ဒေါင်မြည်ဖြစ်ပေမယ့် စစ်အစိုးရရဲ့မတရားဖမ်းဆီးနှိပ်စက်မှုကို ခံလိုက်ရရှာတဲ့အပြင် စစ်အစိုးရရဲ့ ကျူရှင် ဥပဒေနဲ့ အရေးယူတာလည်း "စံပြ" အဖြစ် ခံလိုက်ရရှာပါသေးတယ်။ အပူမီးဆိုတာတွေဟာ တခုတည်းလား၊ ဆက်တိုက်လာတတ်တဲ့ သဘောကိုကြုံရရှာတယ်။ သားငယ်ဆုံးပြီဆိုတော့ နော်ဝေက အင်ဒိုနီးရှားကို ဘယ်လို သွားနိုင်မလဲ။ သူကတော့ ချက်ချင်းထပြီး ခြေလျင်ဖိနပ်ချွတ် ပြေးချင်ရှာသတဲ့။ တပည့်တွေ ရဲဘော် ရဲဘက်တွေ က ဝိုင်းပြီး ဖြေသိမ့်ပေးကြရှာပါတယ်။ သူ့သမီးငယ်ရဲ့ခင်ပွန်းကသွားရောက်ပြီး သဂြိုလ်ပေးခဲ့ပါတယ်။ ဒီလို သောကမီးတွေဝိုင်းပြီး အလုပ်မလုပ်နိုင်တော့တဲ့အခြေမှာ သမီးလတ်တယောက်နဲ့ ဘယ်လ်ဂျီယံမှာ ခဏအနား ယူနေစဉ် အမေရိကန်က စာပေဟောပြောပွဲ ဖိတ်ကြားလို့ အမေရိကန်ကို ရောက်နေရတာပါပဲ။

ဗမာပြည်မှာ စစ်အစိုးရက သောင်းကျန်းဆဲပါ။ ကဗျာဆရာ၊ စာရေးဆရာတွေအာလုံး ကပ်ဆိုက်နေတဲ့ အချိန်ပါ။ တင်မိုးရဲ့သူငယ်ချင်း မောင်စွမ်းရည်က အဲဒီအချိန်မှာ အစိုးရအမှုထမ်းဆိုတော့ အဖမ်းမခံရသေးဘဲ "လွတ်"နေဆဲပါ။ ဒါပေမဲ့ ဒါပေမဲ့ အစိုးရက မေတ္တာရှိလို့ စောင့်ရှောက်ထားတာတော့ မဟုတ်သေးဘူး။ သူလည်း အများနည်းတူ ရှစ်လေးလုံးကာလမှာ "လုံး" ခဲ့သူပါပဲ။ မြို့တပတ် ဒို့အရေးအော်ခဲ့တဲ့အပြင် အခြေခံ ပညာဦးစီး ဌာနရုံးချုပ်မှာ သပိတ်ကော်မတီကို ဦးဆောင်ဖွဲ့စည်းခဲ့သူပါ။ ဇော်ဇော်အောင်၊ မောင်သိန်းနိုင်၊ ရွှေကူမေနှင်းတို့နဲ့ မြို့လုံးပတ်လည်ဟောခဲ့သူ၊ ကမာရွတ်အဝိုင်းအစာငတ်ခံတိုက်ပွဲမှာ ကဗျာဆရာကြီးမင်းသုဝဏ်ရဲ့ ဂုဏ်ပြုကဗျာ ကို ဒိုင်ခံဖတ်ကြားဖြန့်ချိခဲ့သူပါ။ ထောက်လှမ်းရေး (၆) က နှစ်ခါခေါ်တာခံရပြီး အစိုးရဌာနမှာ သင်တန်းမှူးတာ ဝန်ယူနေဆဲတွေ့လို့ ခေတ္တပြန်လွှတ်ထားတာပါ။ ဒါ့ကြောင့် ပြေးပေါက်ရှာတော့ဆိုပြီး ပြည်ပက သူငယ်ချင်း တင်မိုးရဲ့ အမေရိကန်ရောက် မြန်မာစာရေးဆရာ ကိုဖိုးစောတို့က ပူပန်နေကြပါပြီ။ သူတို့ကပဲ နေသာလန်နိုင်ငံ၊ အက်စကာဒန်မြို့၊ လေဒင်တက္ကသိုလ်မှာ ကျင်းပတဲ့ အရှေ့တောင်အာရှ စာပေဆိုင်ရာ စာတမ်းဖတ်ပွဲတခုကို ဖိတ်လိုက်ပါတယ်။ တင်မိုးနေတဲ့ဘယ်လ်ဂျီယံနဲ့ ကပ်လျက်ပါ။ မောင်စွမ်းရည်ကို ဖိတ်ကြားစဉ်က တင်မိုးက ဘယ်လ်ဂျီယံမှ ခေတ္တထိုင်းနိုင်ငံသွားပြီးအပြန်မှာ နယူးယောက်ကို ကူးခဲ့တာပါ။ မောင်စွမ်းရည်ကို နယ်သာလန် ကနေ ဘယ်လ်ဂျီယံကူး၊ ဘယ်လ်ဂျိယံရှိ တင်မိုးရဲ့သမီးက ကြိုဆို။ ပြင်သစ်ကိုအလည်ပို့။ ပြီးရင် အမေရိကားကို ဆက်ပို့။ ဒီလိုနဲ့ မောင်စွမ်းရည်လည်း နယူးယောက်ကို ရောက်လာခဲ့ပါတယ်။ တင်မိုးကလည်း နယူးယောက်ကို လာဆုံတယ်။ ဘတ်ဖဲလို ကျွဲမြို့မှာရောက်နေတဲ့ မန္တလေးသားစာရေးဆရာ မောင်သာရကလည်း နယူးယောက် ကိုလာဆုံပါတယ်။ နယူးယောက်မှာရှိတဲ့မချောစုအိမ်မှာပဲ ခေတ္တစုနေကြပါတယ်။ မချောစုက ဦးချမ်းအေး (မောင်စူးစမ်း) ရဲ့သမီးပါ။ မောင်စူးစမ်းရဲ့နာမည်ကိုသုံးပြီး စာရေးဆရာတွေ လာနေကြတယ်ဆိုတော့ သမီးနဲ့ သမက်ဖြစ်သူတို့က ဘုမသိ၊ ဘမသိနဲ့လက်ခံထားကြရရှာပါတယ်။ မချောစုရဲ့ခင်ပွန်းက ကိုဆန်နီခေါ် ကိုစိုးနိုင် ကလည်း လူအေးပါ။ သဘောကောင်းသူပါ။ တကယ်တော့ ဒီသုံးယောက်က မန္တလေးထွက် စာရေးဆရာတွေ ဖြစ်တယ်ဆိုတာကလွဲပြီး စရိုက်မတူကြပါ။ အကြိုက်မတူကြပါ။ (မတူတာကို မတူဘူးလို့ပဲ သိထားကြစေချင်ပါ တယ်။ ရှင်းပြနေရရင် ဇာတ်လမ်းရှည်သွားပါတယ်။)

ဒီလိုနဲ့မချောစုအိမ် ဧည့်ခန်းမှာထိုင်ရင်း မချောစုကြည့်နေတဲ့ဗီဒီယိုအခွေကို အမှတ်မထင် ဝိုင်းကြည့် နေကြပါတယ်။ မင်းသိင်္ခရဲ့ ဇာတ်လမ်း၊ ကျော်ဟိန်းက ဇာတ်လိုက်၊ ကျုပ်တို့ တင်မိုး လုံးဝမကြိုက်သူနှစ်ဦး တော် ကြာတော့ တင်မိုးဟာ ဆေးလိပ်တဖက်နဲ့ ထသွားပါတယ်။ ဆိုဖာပေါ်က ထသွားပြီး တီဗီရှေ့မှာ သွားထိုင်ပါ တယ်။ တီဗီသရုပ်ဆောင်တွေကိုအာရုံစိုက်ပြီး တီဗီထဲကို ဦးခေါင်းလျှိုးဝင်တော့မက ကပ်ရှေ့တိုး၊ ခါးကုန်းပြီး ကြည့်နေပါတယ်။ ကိုမောင်သာရကလည်း တင်မိုးဖြစ်နေပုံကို စိတ်ဝင်တစားစူးစိုက်ကြည့်နေပါတယ်။ ကျွန် တော်က တင်မိုးစိတ်ဝင်စားတဲ့ဇာတ်လမ်းကိုပဲ ကြည့်နေပါတယ်။ ကျွန်တော်က စာအုပ်ဝေဖန်သူအဖြစ်နဲ့ မင်း သိင်္ခဝတ္ထုကို တစ်အုပ်မကျန် ဖတ်ခဲ့သူပါ။ မင်းသိင်္ခရဲ့အစပိုင်းဝတ္ထုတွေမှ ဆရာကြီးရွှေဥဒေါင်း၊ ဆရာကြီး ဒဂုန် ရွှေများတို့ကိုမှီးတာ၊ ငြမ်းတာတွေ တွေ့ရလို့ မကြိုက်ခဲ့ပါ။ ဒါပေမဲ့ မင်းသိင်္ခ စာရေးကောင်းတာကိုတော့ ဝန်ခံရ မှာပါ။

ခုကြည့်နေတဲ့ ဇာတ်ကားကို အမည်မှတ်မိတော့ပါ။ အင်္ဂလိပ်ခေတ်၊ ဗမာပြည်ပုလိပ်အရာရှိတဦးရဲ့ ဇာတိမာန်ပြခန်းထင်ပါတယ်။ ရွှေဘဇာတ်ကားမျိုး၊ စောရသက်ပြင်းဇာတ်ကားမျိုး၊ နယ်ချဲ့ဆန့်ကျင်ရေး စွန့်စား ခန်းဝတ္ထုပါ။ ဇာတ်ကားလည်းပြီးရော ကျုပ်တို့ကဗျာဆရာက ဝုန်းဆို ထိုင်ရာကနေထလိုက်ပြီး "ခွင့်လွှတ်လိုက် ပြီ၊ ခွင့်လွှတ်လိုက်ပြီ၊ နှစ်ယောက်လုံးကို ခွင့်လွှတ်လိုက်ပြီ" လို့ အားရပါးရ အော်လိုက်ပါတယ်။ သူမေ့တောင် သွားတဲ့ဆေးလိပ်ကို တအားဖွာလိုက်ပါတယ်။ မောင်သာရကြီးက ကျွန်တော့်ဘက်လှည့်ပြီး "ဟာ… လုပ်ပါဦး ဒီကောင်ကြီး ဘာဖြစ်သွားတာတုန်း" လို့ မေးလိုက်ပါတယ်။ "ဘာတွေ ခွင့်လွှတ်တာတုန်းဟ" တဲ့။

တင်မိုးက သူ့ရဲ့ကွယ်လွန်သွားရှာတဲ့ သားငယ်နဲ့ပတ်သက်ပြီး ဒီနှစ်ယောက်လုံးကို အမုန်းများ၊ အာဃာ တထားခဲ့ဖူးကြောင်း၊ ခုတော့ အလွန်ကောင်းတဲ့ ဗြိတိသျှဆန့်ကျင်ရေး၊ တော်လှန်ရေးဇာတ်လမ်းဖြစ်ကြောင်း စသဖြင့် ရှင်းပြလိုက်ပါတယ်။ အဲဒီတော့မှ မောင်သာရကြီးလည်း သဘောပေါက်သွားပြီး "အေး..ငါလည်း မင်းကို ခွင့်လွှတ်လိုက်ပြီ။ ဆာလို့စောင့်နေရတာကြာပြီ။ ဟိုနားက ကုလားဆိုင်ကို သွားထမင်းစားကြစို့" လို့ သူပါထပြီး ပုဆိုးပြင်ဝတ်လိုက်ပါတော့သတည်း။

မောင်စွမ်းရည်
၂၀၁၆၊ နိုဝင်ဘာလ ၁၃