ကိုအောင်မှိုင်း - လူထုက စစ်ကို မဆန့်ကျင်သရွေ့  စစ်က လူထုကို ဆန့်ကျင်နေလိမ့်မယ်

Tun Win Nyein

ကိုအောင်မှိုင်း - လူထုက စစ်ကို မဆန့်ကျင်သရွေ့  စစ်က လူထုကို ဆန့်ကျင်နေလိမ့်မယ်
(မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၁၆

ပြည်တွင်းစစ်ရှည်ကြာလေ စစ်တပ်သြဇာကြီးလေဆိုတာ တရားသဘောပါဘဲ။ စစ်တပ်သြဇာကြီးလေ ပြည်တွင်းစစ်သက်ဆိုးရှည်အောင် ဖန်တီးလေပါဘဲ။ပြည်တွင်းစစ်ရှည်ကြာလေ ပြည်တွင်းစစ်ကို မှီခိုသက်ဆိုးရှည်နေတဲ့ ကပ်ပါးကောင်တွေကြီးပွါးလေပါဘဲ။ကြာတော့သူတို့ ကိုယ်သူတို့  လူထုလူတန်းစားတွေအပေါ်က အခွင့်ထူးခံလူတန်းစားတရပ်လို့ မှတ်ထင်လာလေပါဘဲ။ စစ်တပ်လူတန်းစားဟာ သခင်ဖြစ် လာပြီး ကျန်လူတန်းစားတွေကို စစ်ကျွန်တွေလိုသဘောထားလာလေ့ရှိပါတယ်။ ဒီအချိန်မှာ သခင်တွေဖြစ်တဲ့ စစ်ဗိုလ်ချူပ်တွေနဲ့အပေါင်း ပါတွေဟာ အလွန်အမင်းချမ်းသာလာကြပြီး စစ်ကျွန်တွေဖြစ်တဲ့ တိုင်းသူပြည်သားတွေဟာ အလွန်အမင်းဆင်းရဲမွဲတေ လာကြလေ့ရှိပါ တယ်။ ဗမာပြည်မှာ အလွန့်အလွန်ချမ်းသာတယ်ဆိုတဲ့ အမျိုးသားအရင်းရှင်လူတန်းစားဟာ လက်ချိုးရေတွက်လို့ရပါတယ်။ လက်ချိုးရေ တွက်လို့ မရအောင် ချမ်းသာနေကြတာက စစ်ဗိုလ်ချူပ်ဟောင်းလူတန်းစားတွေပါ။ လောဘကို ဘယ်တော့မှ အတော်မသတ်နိုင်တဲ့ လူတန်းစားတွေကလဲ သူတို့ဘဲဖြစ်ပါတယ်။

စစ်ဗိုလ်ချူပ်တွေ အများစုကတော့ လူထုစားမဲ့ထ္မင်းလုပ်တွေကို လက်တဆုံးနိုက်နေကြပေမဲ့ ပါးစပ်ကတော့ အမျိုး ဘာသာ သာသနာတို့ မျိုးချစ်တို့ကို မချကြပါဘူး။ ကနေ့တိုင်းပြည်ဖျက်နေကြတဲ့အထဲမှာ စစ်ဗိုလ်ချူပ်ဟောင်းတွေက အဆိုးဆုံးလို့ပြောချင်တယ်။ အရင်တုန်းက လဲ သူတို့ခြေ သူတို့လက်၊ အခုလဲ လစ်ရင်လစ်သလို သူတို့ခြေ သူတို့လက်တွေကို မြင်နေရပြန်ပါတယ်။ မြန်မာနိုင်ငံငြိမ်းရေးလုပ်ငန်းကို ကြည့်ကထဲက မဟန်မှန်း လူအတော်များများ သဘောပေါက်ကြပါတယ်။ ၂၁ ရာစုပင်လုံညီလာခံမှာ အဆင်မပြေတာအားလုံးဟာ စစ်တပ် နဲ့ စစ်ဗိုလ်ချူပ်ဟောင်းတွေလက်ချက်လို့ ကျနော်တော့ တည့်တည့်ဘဲပြောချင်တယ်။ 

NCA ကိုဒေါ်စုက လက်မှတ်ထိုးကြဘို့ ပါးစပ်ကတဖွ ဖွ ပြောနေချိန်မှာ စစ်တပ်က တချက်ဘဲကလန်လိုက်ပါတယ်။ NCA ပျက်သလောက်နီးနီးဖြစ်သွားပါတယ်။ အဲဒါကတော့ AA အပါအ၀င် အဖွဲ့  ၃ဖွဲ့ ကို လက်မခံဘူးဆိုတာ တခုလောက်နဲ့ ဘဲ လုံလောက်ခဲ့ပါတယ်။ ဘာလို့ လက်မခံသလဲဆိုတော့ လက်မခံချင်လို့ လက်မခံတာ ဆိုတဲ့ လူမိုက်ဆန်ဆန်သဘောထားပါ။ နောက်မှ ငြိမ်းချမ်းရေးပွဲစားတွေက လူကြားကောင်းအောင် လက်နက်ကိုင်လမ်းစဉ်စွန့်မှ တို့စတဲ့ NCA လက်မှတ်မထိုးတဲ့အဖွဲ့ တွေကို လူအကြည်ညိုပျက်စေမဲ့ ကန်ပိန်းတွေထုတော့တာဖြစ်ပါတယ်။

ခက်တာက NLD အစိုးရက ဒီကိစ္စတွေကို မသိလို့လား သိသိကြီးနဲ့ ဘဲ စစ်တပ်နဲ့  မျက်နှာမပျက်ချင်လို့လား စစ်တပ်နဲ့ အလိုတူအလိုပါ လိုဖြစ်နေတာက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အနှောက်အရှက်ဖြစ်စေတယ်ဆိုတာကတော့ အသေအချာဘဲဖြစ်ပါတယ်။၂၁ရာစု ပင်လုံ ညီလာခံအပြီး တိုင်းရင်းသားနေရာဒေသအသီးသီးမှာ စစ်တပ်ရဲ့ ထိုးစစ်တွေပြင်းပြင်းထန်ထန်ပြန်လည်ဖြစ်လာတာကလဲ အတော် အံ့သြ ဘို့ကောင်းပါတယ်။ ၁၀စုနှစ်တစုနီးနီး တဖက်နဲ့ တဖက် စစ်မတိုက်ဖြစ်ကြတဲ့ဒေသတွေမှာ စစ်ပွဲတွေပြန်ဖြစ်လာတယ်။ အကြောင်းပြချက် တွေကလဲ ခိုင်ခိုင်လုံလုံမရှိ။ နိုင်ငံခေါင်းဆောင်ဆိုသူတွေ တပ်မတော်ခေါင်းဆောင်ဆိုသူတွေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း ခေါင်းဆောင်ဆိုသူတွေကြား လက်ဆွဲနုတ်ဆက်ကြ မိတ်ဆုံထ္မင်းတွေစားကြ တယောက်နဲ့ တယောက်ပြောချင်တာတွေပြောနိုင်ဆိုနိုင် တဲ့ အခြေအနေကောင်းကို စစ်တပ်က လွယ်လင့်တကူ ဖျက်ခဲ့တာလို့ဘဲပြောရတော့မှာပါ။ အချိန်မရွေး တွေ့ နိုင်ဆုံနိုင်ပြောနိုင်ဆိုနိုင်ဆို တဲ့ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် အခွင့်ကောင်းကိုစစ်တပ်ဖက်က တဖက်သတ်ဖျက်ဆီးပစ်လိုက်တာလို့ ကျနော်တို့မြင်တယ်။ဒါတွေဟာ

စစ်တပ်ရဲ့ ပေါ်လစီတခုကြောင့်ဆိုတာပေါ်လွင်လာပါတယ်။

ကာချူပ်က စစ်တပ်ကိုပစ်ပါယ်ရင်မှားမယ်ဆိုတဲ့သဘောထားတခု မိန့်ခွန်းထဲထည့်ပြောလာကထဲက စစ်တပ်ကတော့တခုခုလုပ်တော့မှာ ဘဲဆိုတာ ကျနော်တို့ရိပ်မိခဲ့တယ်။မကြာခင်မှာဘဲ တိုက်ပွဲစဉ်တွေဖြစ်တော့တာပါဘဲ။ သူ့စည်းကိုယ်စည်းနဲ့ သေနတ်ကိုင်ထားကြတဲ့ အဖွဲ့  အစည်းတွေကြား အင်အားတွေထပ်တိုးလာပြီး သဘောတူညီချက်မရှိဘဲ ၀င်လာပြီဆိုကထဲက တိုက်ပွဲဖြစ်ချင်ပြီဆိုတာ ဘယ်လိုမှငြင်းလို့ မရပါဘူး။KIA နယ်မြေထဲဖြစ်တဲ့ စစ်ပါ။ KIAတပ်က မန္တလေးကိုလာတိုက်တာလဲမဟုတ်ပါဘူး။ ကျနော်ဆိုလိုတာက လတ်တလောနိုင်ငံရေး ဆွေးနွေးပွဲတွေဖြစ်နေချိန်မှာ သူ့ဘာသာသူနေတဲ့ ကချင်ဒေသကို စစ်တပ်တွေအင်အားဖြည့်ပြီး ၀င်တိုက်မှတော့ တိုက်ပွဲတွေပြန်ဖြစ်ပြီပေါ့ ဗျာ။ စစ်ပွဲတွေကို တိုက်ဘို့ဆုံးဖြတ်ကြတာ စစ်ဗိုလ်ချူပ်တွေပါ။ အောက်ခြေ အရာရှိအရာခံအကြပ်တပ်သားတွေက ဆုံးဖြတ်လို့မရပါဘူး။ ဒါပေမဲ့ စစ်ပွဲတွေကို တကယ်တိုက်ကြရသူတွေကတော့ အောက်ခြေက အရာရှိအရာခံအကြပ်တပ်သားတွေဘဲဖြစ်ပါတယ်။

၂၁ရာစုငြိမ်းချမ်း ရေးညီလာခံအပြီး တိုက်ပွဲကုန်ကျစရိတ်ကိုဘဲ တွက်ကြည့်မယ်ဆိုရင် ကျနော်တို့နိုင်ငံမှာ ခလေးတွေအတွက် ကျောင်းတွေ လူထုအတွက် ဆေး ရုံတွေ ဆင်းရဲသားတွေအတွက် ထ္မင်းလုပ်တွေ တိုင်းရင်းသားဒေသတွေအတွက် ဖွံ့ ဖြိုးရေးလုပ်ငန်းတွေအတွက် သုံးရမဲ့ငွေတွေဟာ စစ်ပွဲတွေ အတွင်းကုန်သွားခဲ့ပါပြီ။ ၂ဘက် ကျဆုံး ဒါဏ်ရာရတဲ့ လူငယ်တွေရဲ့  ဘ၀တွေ၊ မုဆိုးမဖြစ်သွားရတဲ့ မိန်းမတွေ၊ ဖအေမဲ့သွား ရတဲ့ ခလေးတွေ အ တွက် စစ်ဗိုလ်ချူပ်တွေမှာ အလေးပေးစဉ်းစားမှုမျိုးတွေ လုံးဝမရှိတာကတော့ အတော်ကိုသေချာပါတယ်။ ကျနော်ဘာလို့ဒီလို ပြောရသလဲ ဆိုရင် ကနေ့ စစ်တိုက်စရာမလိုတဲ့အခြေအနေမှာ “စစ်တပ်ကွ။  ဘေးဖယ်ထားလို့ကတော့ စစ်တိုက်ပြမယ် ... ဆိုတာလောက်နဲ့” တော့ ကျနော်တို့ တိုင်းပြည်အနေအတွက် အားကိုးအားထားပြုစရာ စစ်တပ်ဖြစ်လာမှာ မဟုတ်တာသေချာပါတယ်။

ခက်တာက ကနေ့စစ်တပ်ခေါင်းဆောင်ဆိုသူအများစုဟာ အပစ်အခတ်ရပ်စဲရေး ဆယ်စုနှစ်အတွင်း အပေါ်ဖားအောက်ဖိနဲ့  ရာထူးတွေအ တက်မြန်ခဲ့ကြသူတွေပါ။ စစ်ရေးအတွေ့ အကြုံအတော်နည်းကြမှာသေချာပါတယ်။ ဗကပ လက်ထက်ကလို တိုက်ပွဲကြီးတွေကလဲ မရှိ ။ ရှိတဲ့ လက်နက်ကိုင်အဖွဲ့ တွေနဲ့ လဲ အပစ်အခတ်ရပ်စဲရေးကို ဆယ်စုနှစ်ကြာအောင်နေခဲ့ကြပြန်တော့ ကနေ့တိုက်ပွဲကြီးတွေအတွက် အတော်စိုး ရိမ်စရာ အခြေအနေလို့ ပြောရမှာဖြစ်ပါတယ်။ သတိထားကြည့်မိတာကတော့ ကိုးကန့်တိုက်ပွဲဖြစ်စဉ်တွေမှာကစ အုပ်ချူပ် ကွပ်ကဲမှု စစ်ရေး အတွေ့ အကြုံအတော်နည်းတာတွေ့ ရပါတယ်။ ဒီတော့ မနိုင်နိုင်ရာ လေတပ်ကို အားကိုလာပါတယ်။ ကနေ့ ကချင်ဒေသမှာလဲ လေတပ်တွေ လက်နက်ကြီးတွေကို အားကိုးအားထားပြု စစ်ဆင်ရေးတွေလုပ်လိုလာတာဖြစ်ပါတယ်။ အဓိကကတော့ စစ်ကောင်းကောင်းမတိုက်တတ်တာ ကို ဖေါ်ပြတာလို့ပြောရမှာဖြစ်ပါတယ်။ ပြည်တွင်းစစ်ပွဲတွေမှာ အင်အားက ဆင်နဲ့ ဆိတ်ဖြစ်ပေမဲ့ စစ်သားတွေကလဲ ပြည်တွင်းစစ်ပွဲတွေကို မတိုက်ချင်တော့၊ စစ်ဗိုလ်ချူပ်ဆိုသူတွေကလဲ စစ်ကောင်းကောင်း မတိုက်တတ်ကြတော့ လေယဉ်ပျံတွေ လက်နက်ကြီးတွေ အားကိုးတော့တာပေါ့ဗျာ။ 

ကျနော်ပြောချင်တာက မြန်​မာ့တပ်​မ​တော်​က “ကျူးဟိုင်​ အာကာသနဲ့​လေ​ကြောင်းပြပွဲ (တရုတ်ပြည်) မှာ တရုတ်​လုပ်​ Thunder တိုက်​​လေယာဉ်​ (၁၆) စင်း ၀ယ်​မယ်​လို့ သတင်းထွက်လာလို့ပါ”။၂၀၁၅၊ ၆လပိုင်း တုန်းက လက်​လီ​ဈေးတစင်းကို အ​မေရိကန်​ ​ဒေါ်လာသန်း ၂၀ လို့ သိရပါတယ်​။၁၆ စင်းဆိုတော့ အမေရိကန်ဒေါ်လာ သန်း ၃၂၀ ပေါ့ဗျာ။လေယဉ်ပစ် ဒုံးတွေရဲ့ ဈေးကလဲ ဒေါ်လာ ၁ သိန်းကနေ ၃ သိန်း ကြားဘဲ ရှိတယ်ဆိုတော့ လေယာဉ်တစင်းလောက် ပျက်ကျပြီဆိုရင်ဒေါ်လာ သန်း၂၀ ကုန်သွားပြီပေါ့ဗျာ။ ဟိုတလောက ချင်းတွင်းမြစ်မှာ လှေနှစ်ခဲ့လို့ သေသွားခဲ့ကြတဲ့ ဆရာဆရာမလေးတွေ မျက်နှာကို ပြေးမြင်မိတယ်။ အခုလဲ အဲလိုလှေတွေနဲ့ ခရီးသွားနေကြရတုန်းပါဘဲ။ လေယာဉ်တစင်းစာဆို မော်တော်တွေတော်တော်ရမယ်လို့ ကျနော် တွေးမိတယ်။

၂၁ရာစုပင်လုံညီလာခံအပြီး ကချင်ဘက်မှာ  တိုက်ပွဲပေါင်း ၁၅၀ လောက်ဖြစ်ပွါးခဲ့တယ် လို့သိရတယ်။ လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာ တွေပါရှိလာတာတွေ့ ရပါတယ်။ တကယ်လို့ ဒီအတိုင်းသာ ဆက်ဖြစ်နေမယ်ဆိုရင် ကချင်လက်နက်ကိုင်အဖွဲ့ အစည်းမှာ လေယဉ်ပစ်ဒုံး တွေ ရောက်လာတော့မှာ သေချာပါတယ်။ နိုင်ငံတကာမှာလဲ ဒီအတိုင်းပါဘဲ။ အာဖရိကက ခေါင်းဆောင်တယောက်ပြောတာ သတိရမိ တယ်။ “ခင်ဗျားတို့လူဖြူတွေ ကျူပ်တို့ကို ဒီနေ့ပိုက်ဆံတွေ လာပေးကြတယ်။ နက်ဖန်မှာ နောက်လူဖြူတွေ ကျူပ်တို့ဆီကို လက်နက် ရောင်းဘို့ ရောက်လာကြလိမ့်မယ်။ အဲလိုနဲ့  ကျူပ်တို့အချင်းချင်း သတ်ကြဖြတ်ကြတာ ခင်ဗျားတို့ပေးတဲ့ ပိုက်ဆံတွေကုန်တဲ့အထိ ပါဘဲ” တဲ့ဗျာ။ ဒီနေ့ ဂျပန်က ပိုက်ဆံတွေ ကူမှာတို့ တရုတ်က ပိုက်ဆံတွေကူမှာတို့ကို ကျနော်တို့စိုးရိမ်တယ်။ ကျနော်တို့အချင်းချင်း စစ်ပွဲတွေ အရှိန်မြင့်ဘို့ ဒီပိုက်ဆံတွေကိုသာ သုံးနေကြမယ်ဆိုရင် သူတို့ပိုက်ဆံတွေမကုန်မချင်း ကျနော်တို့အချင်းချင်း သတ်ကြဖြတ်ကြရမှာ ဖြစ် ပါတယ်။

ဗမာပြည်အာဏာရှင်စနစ်ဟာ ပြည်တွင်းစစ်ကို အကြောင်းပြုပြီးဖြစ်ပေါ်လာတာလို့ပြောရင် မှားမယ်မထင်ပါ။ ဒီလိုပြည်တွင်းစစ်တွေ ကြောင့် နောက်အာဏာရှင်တွေ ပေါ်လာနိုင်တယ်ဆိုတာ ကျနော်တို့ လူထုလေးနက်ကြဘို့လိုပါတယ်။ ကချင်ကို တိုက်တာ၊ ရှမ်းကို တိုက် တာ ပလောင်ကို တိုက်တာ ရခိုင်ကိုတိုက်တာ ငါတို့ဗမာကို တိုက်တာမဟုတ်ဘူးဆိုတဲ့ အတ္တနဲ့ တော့ အာဏာရှင်စနစ်ပြန်ကြီးထွားလာတာနဲ့  ဗမာတွေကျောကော့မယ် ဆိုတာ မမေ့ကြဘို့လိုပါတယ်။ လူထုအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်ကြရမဲ့ အချိန် ရောက်ပြီလို့ ပြောချင်ပါတယ်။ “လူထုက စစ်ကို မဆန့်ကျင်သရွေ့  စစ်က လူထုကို ဆန့်ကျင်နေမှာဖြစ်ပါတယ်”။ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ပါတ်သက်ဘို့ မြန်မာနိုင်ငံသားအားလုံးမှာ တာဝန်ရှိကြောင်းပါဗျာ။

ကိုအောင်မှိုင်း
နိုဝင်ဘာလ၊၆ ရက်၊၂၀၁၆ခုနှစ်။