ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဆောင်းဖြူ ● ကွမ်းသွေးတွေနှင့် မြန်မာပြည်



ဆောင်းဖြူ ● ကွမ်းသွေးတွေနှင့် မြန်မာပြည်
မိုးမခ ၊ (လူမှုရှုခင်း ရသဆောင်းပါး)  ။ နိုဝင်ဘာ ၁၁၊ ၂၀၁၆

ဘယ်ဘက်လက်မောင်းဆီက နွေးခနဲဖြစ်သွားသောကြောင့် ဘာပါလိမ့် ဟူသော အတွေးနှင့် လက်မောင်းကို စောင်းငဲ့ကြည့်လိုက်သည်။ နီရဲသော အစွန်းအထင်းတွေက ကိုသက်ဆွေ၏ အင်္ကျီဖြူပေါ်မှာ ကွက်တိကွက်ကြား စွန်းပေလို့…။ ထောင်းခနဲ ဖြစ်သွားသော စိတ်ဖြင့် အနားကနေ ၀ူးခနဲ ဖြတ်မောင်းသွားသည့် ဘတ်စ်ကား နောက်မြီးကို လှမ်းကြည့်လိုက်မိသည်။ အဲသည်ကားပေါ်တွင် လိုက်ပါသွားသည့် ကွမ်းစားသူတဦး ဘေးမကြည့် ၊ အောက်မကြည့်ဘဲ ထွေးလိုက်သည့် ကွမ်းတံတွေးက ကံဆိုးသူ ကိုသက်ဆွေဆီ တန်းတန်းမတ်မတ် ရောက်လာခြင်း ဖြစ်ပါ၏။

စိတ်ပျက်လက်ပျက်ဖြင့် ဘေးနားကစတိုးဆိုင်မှ စနိုးတာဝါတခုကို ၀ယ်ပြီး ကွမ်းတံတွေးတွေကို သုတ်ကြည့် သည်။ မရ။ ဆိုင်ရှင်က အနီကွက်တွေပေါ် ထုံးအုံထားလိုက် ၊ လျှော်တဲ့အခါ ပျောက်သွားလိမ့်မယ် ဟု အကြံပေး၍ မလှမ်းမကမ်းက ကွမ်းယာဆိုင်ဆီ ပြေးရပြန်သည်။

ကွမ်းယာဆိုင်က ၀ယ်သူတော်တော်များသည်။ နိုင်တီတူး ၊ ဖိုတီဖိုက် ၊ ဘုရင်မ ၊ ဆေးဝါ ၊ အဆိမ့် စသည်ဖြင့် ကိုယ့်အကြိုက်နှင့်ကိုယ် ၀ယ်နေကြသည်။ တချို့က နှစ်ရာဖိုး ၊ တချို့က တထောင်ဖိုး နှစ်ထောင်ဖိုး။ ကွမ်းယာ ယာနေသူနှစ်ယောက်မှာလည်း လက်မလည်။

ကိုသက်ဆွေ၏ အခက်အခဲကို ကွမ်းဆိုင်က ကူညီပေးပါသည်။ ထုံးကို ကြိုက်သလောက်ယူပြီး သုတ်ပါ ဟုဆိုသည်။ ကွမ်းယာဝယ်သူတွေထဲက တဦးက ကွမ်းတံတွေးကိုဘေးသို့ ပစ်ခနဲထွေးလိုက်ပြီး အကျီင်္အဖြူကြီး နှမြောစရာဗျာ။ တော်တော် စည်းကမ်းမရှိတဲ့ကောင်ပဲဟု သူမမြင်လိုက်ရသည့် သူ့လိုကွမ်းသမားကို မေတ္တာပို့နေသည်။ ပြီးတော့ သူ့သွားနီနီတွေကိုဖြဲပြီး ကိုသက်ဆွေကို ရယ်ပြနေပြန်၏။ သူ့သွားတွေပေါ် စွဲကပ်နေသည့် ကွမ်းချိုးက သူကွမ်းစားသည့် သက်တမ်းကို ဖော်ပြနေသည့် အလား။

ကိုသက်ဆွေလည်း လူပျိုပေါက်ဘ၀က ကွမ်းကို အတော်အသင့် စားခဲ့သူဖြစ်သည်။ ကိုသက်ဆွေတို့နယ်မှာ အပျိုကြီးဒေါ်တွတ်ရောင်းသည့် ကွမ်းဆိုင်ကနာမည်ကြီးသည် ၊ အလွန်ရောင်းကောင်းသည်။ ဒေါ်တွတ်တို့ မိသားစုက ကွမ်းယာဆိုင်ရောင်းပြီး ရပ်တည်ကြသည်။ ရွှေတွဲလဲငွေတွဲလဲဖြင့် တော်တော့ကို အဆင်ပြေသည့် လက္ခဏာရှိသည်။ ညနေဆိုလျှင် သူ့ဆိုင်မှာ ကွမ်းယာဝယ်သူတွေ တန်းစီနေတတ်သည်။ နယ်မှာနေစဉ်က ကွမ်းယာကို အုန်းသီးထည့်ပြီး အချိုအဆိမ့်သာစားတတ်သော ကိုသက်ဆွေမှာ ရန်ကုန်ရောက်ပြီး တက္ကသိုလ်တက်သည့် အချိန်၌ သူ့ပါးစပ်က အဆိမ့်ကိုလက်မခံတော့။ ဗမာဆေးနည်းနည်းထည့်စားမှ အာသာပြေတတ်လာသည်။

အဲသည်ကာလက ရန်ကုန်မှာ ကွမ်းယာဆိုင်တွေ သည်လောက်မပေါသေး။ ကိုသက်ဆွေက မနက် ကျောင်း အသွားမှာ လမ်းထိပ်ဆိုင်က ကွမ်းကိုဝယ်ပြီး အတန်းမစခင် ကျောင်းကင်န်တင်းမှာ ကွမ်းကလေးငုံ ၊ ဆေးလိပ် ကလေးဖွာရင်း လေပစ်တတ်သည်။ အတန်းတချိန်ပြီးတိုင်း ကျောင်းကင်န်တင်းက တဆိုင်တည်းသော ကွမ်း ဆိုင်မှာ ကွမ်းဝယ်ပြီး စားဖြစ်သည်။ သည်လိုပုံစံဖြင့် စာသင်နှစ်ကုန်ခါနီးမှာ ရင်ထဲက တစ်ဆို့ဆို့ ဖြစ်သလိုလို ၊ ဗိုက်ထဲက လေအောင့်သလိုလို ဖြစ်လာသည်။ တခါတခါ ခပ်ဝေးဝေးလျှောက်လိုက်သည်နှင့် မောသလိုလို ခံစားရလာသည်။

ထို့ကြောင့် ကိုသက်ဆွေ ဆုံးဖြတ်ချက်ချပြီး ကွမ်းနှင့် ဆေးလိပ်ကိုတိခနဲ ဖြတ်ပစ်လိုက်တော့သည်။ ခါတိုင်း ထမင်းစားပြီးသည်နှင့် ချဉ်တတ်သောခံတွင်း ၊ ပါးစပ်နှင့် ကွမ်း နည်းနည်း ဝေးသည်နှင့် တောင့်တတတ်သော စိတ်က အစပိုင်းမှာ နေမထိထိုင်မသာ ဖြစ်နေသေးသည်။ သို့သော် တဖြည်းဖြည်းနှင့် ကျင့်သားရလာသည်။ နောက်တော့လည်း ဘာမှ မစွဲလမ်းတော့ဘဲ နေသားကျလာခဲ့သည်မှာ ခုချိန်ထိ။ စိတ်ကစွဲလမ်းသောကြောင့်သာ ခံတွင်းက တောင့်တခြင်းဖြစ်၍ ကိုသက်ဆွေ စိတ်ကို ချုပ်ထိန်းနိုင်လိုက်ခြင်းက ကျေနပ်စရာ ကောင်းလှ သည်ဟု ကိုယ့်ဘာသာ တွေးနေမိသေးသည်။

အမှန်တော့ ကိုသက်ဆွေတို့မြန်မာတွေ စွဲစွဲလမ်းလမ်းဖြစ်နေကြသည့် ကွမ်းစားခြင်းအလေ့က မြန်မာ့ဓလေ့ တခု မဟုတ်ပါ။ ရှေးနှစ်ပေါင်းများစွာကပင် အိန္ဒိယဓလေ့မှ ဆင်းသက်ကူးလူး ရောက်ရှိလာပြီး မြန်မာ့ဓလေ့ တခုလို ဖြစ်လာခြင်းဖြစ်သည်။

ကိုသက်ဆွေကတော့ ငယ်ငယ်က အဘိုးနှင့်အဘွား အသုံးပြုသည့် ကြေးကွမ်းအစ်ကြီးကို သတိရမိသည်။ ဧည့်သည်လာလျှင် အဖန်ရည်ကြမ်းနှင့် ကွမ်းအစ်ချပြီး ဧည့်ခံတတ်သည်ကိုလည်း မြင်ယောင်မိ၏။ ညချမ်းချိန် ခါဆိုလျှင် ခြံထဲက ကွပ်ပျစ်ပေါ်မှာ အဘိုးက ကွမ်းတမြုံ့မြုံ့နှင့် ၊ ကိုသက်ဆွေတို့ကလေးတသိုက်ကို ပုံပြင်တွေ ပြောပြတတ်သည်။

ပုံပြောရင်း အဘိုးပါးစပ်ထဲ ကွမ်းပြတ်သွားပြီဆိုလျှင် အဘိုးက ကွမ်းအစ်ကြီးဖွင့် ၊ ကွမ်းရွက်ကိုထုတ် ၊ ကွမ်းရွက်ပေါ်ကရေစက်လေးတွေကို အသာအယာခါ ၊ ကွမ်းရိုးကိုဖြတ် ၊ ထုံးကို ကွမ်းရွက်ပေါ် ပျံ့နှံ့အောင် စိန်ပြေနပြေသုတ် စသည်ဖြင့် လုပ်နေသည့်အခါ ကိုသက်ဆွေတို့မှာ ပုံပြင်ကို ဆက်လက် နားထောင်ချင်စိတ်ဖြင့် မချင့်မရဲ ဖြစ်နေရသည်။ တခါတခါ အဘိုးက ကွမ်းနှင့်ပတ်သက်သည့် သိမှတ် ဖွယ်ရာတွေကို စိတ်ရှည်လက်ရှည် ပြောပြတတ်သေးသည်။

ရှေးဘုရင်များ လက်ထက်ကပင် ကွမ်းနှင့်စပ်ဆိုင်သည့် ဓလေ့များစွာရှိကြောင်း ၊ တရားရှုံးသူက ရုံးကို ပေးရသော စရိတ် / ကောက်ခံ၍ရသော အခွန်အတုတ်ကို “ ကွမ်းဖိုး “ ဟု ခေါ်ကြောင်း ၊ ရှင်လောင်းလှည့်ရာ တွင် ကွမ်းတောင်ကိုကိုင်၍ လိုက်ရသောအမျိုးသမီး / အရပ်ထဲတွင် အလှဆုံးမိန်းမငယ်ကို “ကွမ်းတောင်ကိုင် “ ဟု ခေါ်ကြောင်း ၊ ကွမ်းကို ဘုရင် ၊ မင်းညီမင်းသား ၊ မှူးမတ်ကစကာ တိုင်းသူပြည်သားအထိ သုံးဆောင်ကြ ကြောင်း ၊ ပုဂံမှာ ရာဇသကြံင်္အမတ်ကြီး ကွမ်းစားပြီး အမှတ်တမဲ့ ကွမ်းသွေးထွေးလိုက်သည့်အခါ နောက်မှ ပါလာသည့် မင်းသားသီဟသူ လက်မောင်းကိုစွန်းထင်းသွားသည့်အတွက်အမတ်ကြီးကတောင်းပန်သော်လည်း မရဘဲ မင်းသားက အမတ်ကြီးကို ကွမ်းသွေးပြန်ထွေးပြီး ကလဲ့စားချေလိုက်ကြောင်း ၊ ရခိုင်ဘုရင်မင်းထီး လက်ထက်မှာတော့ နန်းတွင်းကပုဂ္ဂိုလ်တွေ ကွမ်းယာယာပြီး လက်၌ပေနေသည့်ထုံးများကို နန်းတိုင်တွေမှာ စည်းမဲ့စွာ သုတ်ကြသည့်အတွက် ဘုရင်မင်းထီးက ထိုသို့သုတ်လျှင် သုတ်သူ၏ လက်ညှိုးကို ဖြတ်မည်ဟု အမိန့်ထုတ်ကြောင်း ၊ တခါသော် မင်းထီးကိုယ်တိုင် မေ့မေ့လျော့လျော့ သုတ်မိသွားသောကြောင့် သူ့အမိန့်ကို သူ လိုက်နာသည့်အနေဖြင့် လက်ညှိုးကို ကိုယ်တိုင် ဖြတ်ပစ်ခဲ့သည့် သာဓကရှိကြောင်း စသည့် အကြောင်းအရာစုံကို အဘိုးက ပြောပြလေ့ရှိသည်။

သည်ကနေ့မှာတော့ ရှေးကလို ကိုယ်တိုင်ယာစားသည့်အလေ့ မရှိသလောက်ဖြစ်လာသည်။ နေရာတကာမှာ ကွမ်းဆိုင်တွေ ဒုနဲ့ဒေးတွေ့လာရသည်။ ကွမ်းဆိုင် ခပ်သေးသေးတွေသာမက ၀န်ထမ်းခုနစ်ယောက် ရှစ်ယောက်ခန့်ပြီး ဆိုင်ကြီးကန္နားကြီးဖြင့် ဖွင့်လှစ်လာကြသည်။ ကွမ်းယာတွင်ပါဝင်သည့် အမယ်တွေကလည်း ဟိုတုန်းကလို ထုံး ၊ ကွမ်းသီး ၊ ဗမာဆေးလောက်နှင့် ရပ်မနေတော့။ အိမ်နီးချင်းနိုင်ငံတွေကတဆင့် မှောင်ခိုလမ်းကြောင်းက ၀င်လာသည့် ကွမ်းစားဆေးတွေ ကလည်း အမည်မျိုးစုံ အဖုံဖုံ။ ဓာတုဗေဒ ပစ္စည်းတွေဖြင့် စီမံဖန်တီး ထုတ်လုပ် ထားကြသောကြောင့် သွား / ခံတွင်းနှင့်ပတ်သက်သည့် ရောဂါတွေ ၊ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ၊ အသည်းနှင့် ကျောက်ကပ် ဆိုင်ရာရောဂါတွေ ဖြစ်ပွားလာကြပြီး ဆေးရုံဆေးခန်းတွေမှာ တိုးကြိတ် တန်းစီ နေကြသည်က စတုဒိသာ ကျွေးနေသည့်အလား မြင်တွေ့နေရသည်။ ရောဂါဖြစ်ပွားသူ တိုးမြင့်လာသည် ဆိုသည်က စားသုံးသူ များပြားလာသည့်သဘော။ သို့သော်လည်း တနိုင်ငံလုံး အတိုင်းအတာဖြင့် ဘယ် အသက် အရွယ်တန်းတွေ ဘယ်နှရာခိုင်နှုန်းလောက် ကွမ်းစားနေကြသလဲ ကောက်ယူထားသည့် စစ်တမ်း ရှိမရှိကိုတော့ ကိုသက်ဆွေ မသိပါ။

သေချာသည်ကတော့ အများပြည်သူနှင့် ထိစပ်သော နေရာတွေမှာ ကွမ်းတံတွေးနီရဲရဲတွေ ၊ ကွမ်းယာထည့်သည့် ပလတ်စတစ်အိတ်တွေကို ပေါများစွာ တွေ့လာရသည်။ လမ်းပေါ်ဖြတ်သန်းသွားနေသည့် တက္ကစီကားတွေ ၊ ဘတ်စ်ကားတွေ၏ ကိုယ်ထည်တွေမှာလည်း ရုပ်ပျက်ဆင်းပျက် စေးကပ် စွန်းထင်းနေသော ကွမ်းတံတွေး တွေကို တွေ့နိုင်သည်။



သည်လို အကြည့်ရဆိုးသော မြင်ကွင်းတွေက ကိုသက်ဆွေတို့ နိုင်ငံထဲမှာသာမက လုပ်သားအင်အား စီးမျော သွားသည့် တခြာတိုင်းနိုင်ငံတွေအထိပင် ကူးစက်သွားခဲ့သည်။ ကိုရီးယား ၊ စင်ကာပူ အစရှိသည့် မြန်မာလုပ်သား အများစုနေထိုင်ရာ အရပ်တွေမှာ ကွမ်းတံတွေးအစွမ်းဖြင့် ရဲရဲနီလာသည်။ ကိုရီးယားနိုင်ငံ ဘူဖြောင်းမြို့၏ လမ်းတလမ်းဆိုလျှင် ကွမ်းစားသူတွေ ထွေးကြသည့် ကွမ်းတံတွေးကြောင့် လမ်းနီလေး ဟုပင် အမည်တွင်သွားကြောင်း ၊ မြန်မာတဦး ကွမ်းတံတွေးထွေးနေသည်ကို CCTV တွင် ဖမ်းမိသောကြောင့် ဒဏ်ငွေများစွာဆောင်လိုက်ရကြောင်း ၊ ထို့ကြောင့် ကိုရီးယား ၊ ဘူဖြောင်းရောက် မြန်မာများ စုပေါင်းပြီး ကွမ်းကမ်ပိန်းကိုပင် ပြုလုပ်ကြရကြောင်း စသည့်သတင်းတွေကို ကိုသက်ဆွေ ကြားသိခဲ့ရသည်။

တလောကမှ ကိုရီးယားမြို့ တော်တော်များများကို ရောက်ခဲ့သည့် ကိုသက်ဆွေသူငယ်ချင်း ပန်းချီဆရာ တယောက်က မြန်မာတွေ အနေများသည့် ရပ်ကွက်ထဲတွင် ကွမ်းတံတွေးမထွေးရန် သတိပေး တားမြစ်ချက် များကို ကိုရီးယား - မြန်မာ နှစ်ဘာသာဖြင့် ကပ်ထားကြောင်း ၊ ကွမ်းတံတွေးထွေးသည်ကို တွေ့ရှိလျှင် ထောင်ဒဏ် တနှစ်နှင့် ဒဏ်ငွေ ၀မ်တသိန်း ကျခံပေးဆောင်ရမည်ဟု သတင်းတွင် ကြေညာသွားကြောင်း ပြောပြဖူးသည်။

နှစ်ပေါင်းများစွာ နှစ်ခြိုက် စားသုံးလာကြသည့် အရာတခုကို တနိုင်ငံလုံး အတိုင်းအတာဖြင့် တိခနဲဖြတ်ပစ်ရမည်၊ စွန့်လွှတ်ကြရမည်ဟုတော့ ကိုသက်ဆွေ မဆိုလိုချင်ပါ။ သို့သော် ကိုယ့်ကြောင့် ကိုယ့်လူမှုဝန်းကျင်လေး ညစ်ထေးသွားခြင်းမျိုး ၊ ကိုယ့်ဆီလာလည်သည့် ဧည့်သည်တွေ ကိုယ့်တိုင်းပြည်၏ စည်းမဲ့မှု မြင်ကွင်းကို တွေ့သွားခြင်းမျိုးတော့ မလိုလားပါ။ ကိုယ့်ဆီက လူတွေကလည်း ကိုယ်နှစ်ခြိုက်သည့် အရာဖြင့် သူတပါးမြေကို ညစ်နွမ်းအောင် မပြုစေချင်ပါ။ ကွမ်းစားကြသည့် ဒေသတွင်း နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက “ ပထမ “ ဟူသော စံချိန်ကိုလည်း မတင်စေချင်တော့ပါ။

ကိုသက်ဆွေကတော့ သူ့အကျီင်္ဖြူဖြူပေါ်က ၀ါကျင့်ကျင့်အကွက်တွေကို မြင်တိုင်း မင်းသားသီဟသူလို ကလဲ့စား ပြန်ချေလို၍လည်း မဟုတ် ၊ ဘုရင်မင်းထီးလို ပြစ်ဒဏ်ပေးလို၍လည်း မဟုတ်ဘဲ ဘယ်သူမှန်းမသိသည့် ကားပေါ်ကလူတယောက်ကိုသာ အမြဲသတိရနေမိပါသည်။

ဆောင်းဖြူ

Title Photo Credit http://www.travel-badger.com/