ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ကျော်မောင်(တိုင်းတာရေး) - ပြိုင်ပင်ပြိုင်သော်ငြား



ကျော်မောင်(တိုင်းတာရေး) - ပြိုင်ပင်ပြိုင်သော်ငြား

(မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၆

တစ်ခါမှာ ယုန်နဲ့လိပ်တို့ အပြေးပြိုင်ကြပြန်တယ်။ သူတို့မျိုးနွယ်နှစ်ဖက်ကလည်း ပြိုင်နေကြတာ ရှေးခေတ်ကတည်းကပဲ။ ပြိုင်တိုင်း ယုန်တွေပဲ ရှုံးတယ်။ အခုတစ်ခါမှာလည်း ယုန်က အမှတ်မရှိဘူး။ သူ့ခေတ်ရောက်တော့မယ်ဆိုပြီး ထပ်ပြိုင်တယ်။ လိပ်မျိုးနွယ်တွေကလည်း ယုန်တွေဆိုတာ သူ့တို့အတွက် ငယ်နိုင်၊ ဘိုးဘေးဘီဘင်ဘောင်လက်ထက်တွေကတည်းက ဘယ်အချိန်ပြိုင်ပြိုင် အမြဲတမ်းနိုင်ခဲ့တာဆိုတော့ သိပ်မမှုဘူး။ ယုန်က တကယ်တော့ သိပ်ပြိုင်ချင်လှတာရယ်လို့ မဟုတ်ဘူး။ သူ့မှာ သမိုင်းပေးတာဝန်လိုမျိုးဖြစ်နေတာရယ်၊ ပြိုင်ပွဲအတွက် လက်ရွေးစင်အဖြစ်အရွေးခံရလို့ ၀င်ပြိုင်ရတာရယ်ဆိုတဲ့ အကြောင်းနှစ်ချက်ကြောင့်ပြိုင်တာ ဖြစ်တယ်လို့ ဆင်ခြေပေးတယ်။ ဟုတ်သည် မဟုတ်သည်ကို သူကိုယ်တိုင်ပဲ သိမှာဖြစ်တယ်။

သမိုင်းဆိုတာမှာ ဘယ်ဘုရင် ဘယ်အမျိုးအဆွေတွေရဲ့ သမိုင်းမှ မဟုတ်ဘူး။ သူတို့ ယုန်သမိုင်းပဲ။ ယုန်သမိုင်းကို ဘယ်ယုန်မျိုးနွယ်လက်ထက်မှာ ဘယ်သူ စရေးခဲ့သလဲဆိုတာကို ဘယ်သူ့ဘယ်သူမှ အတိအကျမသိဘူး။ ရေးတဲ့သူက ဘယ်လိုရေးသလဲဆိုရင် ယုန်တွေဟာ သတ္တ၀ါတွေထဲမှာ အမြန်ဆုံးသတ္တ၀ါဖြစ်ကြောင်း၊ အပျင်းကြီးတဲ့ ယုန်တစ်ကောင်ကြောင့် နှေးနှေးကန်ကန်သတ္တ၀ါဖြစ်တဲ့ လိပ်ကို ရှုံးခဲ့ရတာဖြစ်ကြောင်း။ ဒီလိုရှုံးခဲ့တာကို ပုံပြင်အရေးကောင်းတဲ့ လူသားတစ်ယောက်သိသွားပြီး ပုံပြင်အဖြစ်ရေးသားခဲ့တာကနေ လူသားတွေ စိတ်ထဲမှာ သူတို့ယုန်တွေကို အပျင်းအဖျင်းတွေအဖြစ် မှတ်ယူသွားကြတာဖြစ်ကြောင်း၊ အဲဒါကြောင့် ယုန်မျိုးနွယ် သိက္ခာမကျအောင် မျိုးရိုးစဉ်ဆက်အလိုက် ကြိုးစားကြစေလိုကြောင်း ရေးသားမှတ်တမ်းတင်ထားခဲ့တာဖြစ်တယ်။

လူသားတွေကလည်း ဒီလိုဖြစ်ရပ်မျိုးကို လူသားမျိုးနွယ်မှာ သင်ခန်းစာပေးပုံပြင်အဖြစ်နဲ့ လက်ဆင့်ကမ်းပြောဆိုလာခဲ့ကြတာဖြစ်တဲ့အပြင် တစ်ချို့ဆို မူရင်းပုံပြင်ကို အမျိုးမျိုးဉာဏ်ချဲ့ထွင်ပြီး ခေတ်အလိုက် ရေးသားခဲ့ကြလို့ ယုန်တွေအတွက် ဒါဟာ အရှက်ရစရာ ဖြစ်နေဆဲကိစ္စလို့ ယုန်တွေက မြင်ကြတယ်။ ပုံပြင်တိုင်းမှာ ယုန်အနိုင်ရတဲ့ပုံပြင်ကလည်း မရှိသေးဘူး မဟုတ်လား။

ခေတ်တိုင်း ခေတ်တိုင်းမှာ ယုန်တွေက အပြေးအမြန်ဆုံးယုန်တစ်ကောင်ကို ရွေးချယ်ပြီး စနစ်တကျ လေ့ကျင့်ပေးတယ်။ ပြီးတဲ့အခါမှ လူသားတွေမှာ ပြုလုပ်ကြလေ့ရှိတဲ့ နှစ်ယောက်ထဲပြိုင်ရတဲ့ပွဲလိုမျိုး အပြေးအမြန်ဆုံးသရဖူစိန်ခေါ်ပွဲကို ကျင်းပစေတယ်။ တစ်ဖက်အသင်းကတော့ စိန်ခေါ်တဲ့အခါတိုင်းမှာ ရှိတဲ့လိပ်တစ်ကောင်ကောင်ကို ၀င်ပြိုင်ခိုင်းလိုက်တာချည်းပါပဲ။ အပြေးလေ့ကျင့်တာတွေ၊ အားရှိအောင် စားတာသောက်တာတွေ လုပ်မနေတော့ဘဲ ပုံမှန်ပဲ ပြေးလမ်းကနေ ပန်းတိုင်ကို မနားတမ်းတောက်လျှောက်ပြေးပြီး စိန်ခေါ်ပွဲတိုင်းမှာ သရဖူကို ကာကွယ်ခဲ့တာချည်းပဲဖြစ်တယ်။

ဒီတစ်ခေါက်မှာလည်း ယုန်နဲ့လိပ်တို့ အပြေးပြိုင်ကြတယ်။ တောနေသတ္တ၀ါအားလုံးကလည်း ဒီခေတ်ဒီအခါမှာ ယုန်ဘက်ကပဲ နိုင်သွားမလားဆိုပြီး စိတ်ဝင်တစားနဲ့ လာကြည့်ကြတယ်။ တစ်ချို့တွေက သွားတောင်မကြည့်ကြတော့ဘူး။ ယုန်ပဲရှုံးမှာလို့ ရှေးဦးကောက်ချက်ဆွဲထားကြတယ်။

ယုန်သမိုင်းမှာ လိပ်တွေကိုပြိုင်ခဲ့ပေမယ့် မနိုင်ဘဲ ရှုံးခဲ့တဲ့ယုန်တွေကို နာမည်နဲ့တကွ ဂုဏ်ပြုဖော်ပြထားတယ်။ ပထမဦးဆုံးပြိုင်ပွဲမှာ ရှုံးခဲ့တဲ့ယုန်ရဲ့ နာမည်ကို မှတ်တမ်းရေးထိုးခြင်းမပြုဘူး။ အကြောင်းက သူသည် ယုန်မျိုးနွယ်တစ်ရပ်လုံး မစဉ်းစားခဲ့ဖူးတဲ့ ကိစ္စကို ပြုလုပ်ခဲ့လို့ဖြစ်တယ်ဆိုတာနဲ့ သူလုပ်ခဲ့တဲ့ ကိစ္စမှာလည်း ထူးချွန်အောင် မဆောင်ရွက်နိုင်ခဲ့လို့ဖြစ်တယ်ဆိုတာပဲဖြစ်တယ်။

ယုန်မျိုးနွယ်တစ်ရပ်လုံးမစဉ်းစားခဲ့ဖူးတဲ့ ကိစ္စဆိုတာ လိပ်တစ်ကောင်နဲ့ အပြေးပြိုင်ဖို့ ကြံကြံဖန်ဖန် စဉ်းစားခဲ့လို့ဖြစ်တယ်။ ပြိုင်တဲ့အခါကြတော့လည်း ပန်းတိုင်မြင်ရတဲ့နေရာလောက်မှာ အိပ်ပျော်သွားလို့ လိပ်က ပန်းဝင်ပြီးမှ သူ့မှာ အိပ်လို့ကောင်းနေရာကနေ အလူးအလဲထပြေးပေမယ့် ရှုံးခဲ့တဲ့သူ။ ပန်းဝင်ပြီးမှ အိပ်ချင်အိပ်ပေါ့လို့ ပွဲကြည့်ပရိသတ်တွေက မချိတင်ကဲ ဝေဖန်ကြတယ်။ အဲဒါတွေကြောင့် သူ့ကို နာမည်မရေးဘဲ ယုန်တစ်ကောင်လို့ပဲ သမိုင်းမှာ ထည့်သွင်းရေးသားခြင်းခံရတယ်။ နောက်ပိုင်းမှာ ပြိုင်ရတဲ့ ယုန်တွေကိုတော့ ရှုံးပေမယ့် သူတို့ဟာ ကြိုးစားခဲ့သူတွေ ဖြစ်တယ်ဆိုပြီး ယုန်သမိုင်းမှာ ထည့်သွင်းဖော်ပြတယ်။

ယုန်သမိုင်းထဲက လိပ်တွေနဲ့ပြိုင်ခဲ့တဲ့ အပြေးလက်ရွေးစင်ယုန်တွေအကြောင်း ရေးဖွဲ့ထားတာမှာ ပြိုင်ပွဲမတိုင်မီအထိ သူတို့တွေ ဘယ်သို့ဘယ်ပုံကြိုးစားခဲ့ပုံတွေကို ဓာတ်ပုံတွေနဲ့ တခမ်းတနားဖွဲ့နွဲ့ထားတယ်။ အရည်အချင်းတွေ ဂုဏ်ပုဒ်တွေကို ဖွဲ့နွဲ့ပုံမတူပေမယ့် နိဂုံးချုပ်စာသားကတော့ အမြဲတူလေ့ရှိတယ်။

အဲဒါက “ပြိုင်ပင်ပြိုင်သော်ငြား အရေးမလှသောကြောင့် ရှုံးနိမ့်ခဲ့ရလေသည်” ဆိုတဲ့ စာသားပဲဖြစ်တယ်။

ယုန်သမိုင်းအသစ်ပြန်ရေးတိုင်းရေးတိုင်း အထက်ပါစာကြောင်းဟာ ပါနေကြစာကြောင်းဖြစ်တဲ့အတွက် ဒီစာကြောင်းကို ယုန်တွေအားလုံးက မုန်းကြတယ်၊ မနှစ်သက်ကြဘူး၊ ယုန်သမိုင်းမှ အပ တခြားနေရာတွေမှာ မသုံးစွဲကြဘူး။ တခြားသတ္တ၀ါတွေ သုံးစွဲတာတွေ့ရင် ယုန်တွေက သူတို့မူပိုင်လိုလို၊ သူတို့ဆီက စတင်ဖြစ်ပေါ်လာတဲ့ မူရင်းစကားလိုလိုနဲ့ မသုံးစွဲဖို့ လိုက်လံပိတ်ပင်တတ်ကြတယ်။

ဒီလိုမျိုးဖြစ်တဲ့အတွက် တစ်ခြားသော သတ္တ၀ါတွေရဲ့ သမိုင်းအသီးသီးမှာ ယုန်တွေကို ဖော်ညွှန်းချင်တဲ့အခါ “ပြိုင်ပင်ပြိုင်သော်ငြား အရေးမလှသောကြောင့် ရှုံးနိမ့်ခဲ့ရခြင်းကို ပြန်လည်ဖာထေးချင်သော အပြေးမြန်သတ္တ၀ါများ” လို့ ညွှန်းဆိုလေ့ရှိတယ်။ သမိုင်းတွေမှာ ထည့်ရေးတဲ့အခါ “အပြေးမြန်သတ္တ၀ါများ”လို့ ရည်ညွှန်းဖော်ဆောင်တာကို ယုန်တွေက သဘောခွေ့လေ့ရှိတယ်။ “အပြေးမြန်သတ္တ၀ါများ”လို့ ရေးလိုက်တဲ့အခါမှာ ရှေ့က ဘာရေးရေး၊ သူတို့လက်ခံတဲ့ စကားလုံးတွေ မဟုတ်ပေမယ့် တားဆီးပိတ်ပင်တာတွေ ဘာတွေ လုပ်လေ့မရှိကြဘူး။ ဒါဟာ သူတို့ဂုဏ်ကို တနည်းအားဖြင့် ဖော်ထုတ်ချီးမွမ်းပေးတာပဲလို့ မြင်တယ်။

အခုတစ်ခေါက်ပွဲမှာ ယုန်တွေက အပြေးအမြန်ဆုံးယုန်ကို မရွေးတော့ဘူး။ ဖျတ်ဖျတ်လတ်လတ် နိုးနိုးကြားကြားရှိပြီး ပြေးလမ်းမှာ မအိပ်တတ်တဲ့ယုန်ကို အဓိကထား ရွေးချယ်ခဲ့တာဖြစ်တယ်။ နှေးချင် နှေးပါစေ၊ မအိပ်တတ်တဲ့ ယုန်ဖြစ်ဖို့ပဲလိုတယ်လို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်။ နောက်ပိုင်းခေတ်ရောက်လာတဲ့အခါ ယုန်တွေက သူတို့ရှုံးခဲ့တဲ့ ပြေးပွဲတိုင်းကို ပြန်လည်သုံးသပ်တယ်။ ပန်းတိုင်မရောက်ခင် ပန်းတိုင်ကို လှမ်းမြင်ရတဲ့နေရာရောက်တိုင်း ပြိုင်ပွဲဝင်ယုန်တွေ အိပ်သွားကြတာကို တွေ့ရှိခဲ့တယ်။ ဒီလိုမျိုးမဖြစ်အောင် ဘာလိုကာကွယ်မလဲဆိုတာကို သူတို့တွေ နည်းလမ်းရှာကြတယ်။

ဖြေရှင်းနိုင်တဲ့နည်းလမ်းကို တွေ့သွားတဲ့အတွက် လက်ရွေးစင်ယုန်ကို ကျကျနနသင်ပေးကြတယ်။ ယုန်တွေ အဲဒီလို ဗိုလ်စွဲနိုင်ဖို့ ပြင်ဆင်နေချိန်မှာ လိပ်တွေကလည်း လိပ်ထဲက အနှေးဆုံးသွားတဲ့ လိပ်သုံးကောင်ကို ရွေးထားလိုက်တယ်။ ဒီလိပ်သုံးကောင်ကလည်း ခေသူတွေမဟုတ်ဘူး။ လိပ်သမိုင်းမှာ သူတို့နာမည် ပါဝင်ဖို့ထက် ပန်းတိုင်ကို ယုန်ထက်အရင် ဘယ်လိုရောက်အောင် ပြေးရမလဲလို့ပဲ စဉ်းစားတွေးခေါ်နေတဲ့ သူတွေဖြစ်တယ်။ တကယ့်ပြိုင်ပွဲနေ့ကြရင် ဘယ်လိပ်က ပြိုင်ခွင့်ရမယ်ဆိုတာကို ဘယ်သူမှ မသိဘူး။ လိပ်သုံးကောင်ကလည်း မသိဘူး။ လိပ်သုံးကောင်တောင် မသိတဲ့အတွက် သတင်းလာနှိုက်တဲ့ တစ်ဖက်အသင်းအုပ်စုကလည်း ဘာသတင်းမှ မရဘူး။

ပြိုင်ပွဲကျင်းပတဲ့နေ့မှာ ပရိသတ်လာမယ်လို့ မထင်ပေမဲ့ အံ့သြစရာကောင်းလောက်အောင် ရှိရှိသမျှ တောတွင်းနေသတ္တ၀ါတွေ လာကြည့်ကြတယ်။ ပြိုင်ပွဲဝင်မယ့် ယုန်ကို ရှေ့ခေါ်ထုတ်လာတဲ့အခါ အားလုံးက ဒီယုန်ကို မှတ်မိသွားတယ်။ သူက အပြေးမှာ အတော်ချာတဲ့ယုန်ဖြစ်လို့ပဲ။ ဘာကြောင့် အပြေးမှာ အသုံးမကျတဲ့ယုန်ကို ရွေးထားသလဲဆိုတာ အကြောင်းတော့ရှိမှာပဲလို့ ပြောကြဆိုကြတယ်။ လိပ်သုံးကောင်စလုံး ရှေ့ထွက်လာတယ်။ ဒါပေမယ့် ပြေးလမ်းကို နေရာယူရတဲ့အခါ ခပ်သွက်သွက်လျှောက်သွားနိုင်တဲ့ လိပ်က အရင်ရောက်သွားပြီး သူပြိုင်မယ့်အကြောင်း ကိုယ်တိုင်စာရင်းပေးတယ်။

ဟိုးရှေးရှေးတုန်းက ပြိုင်ခဲ့တဲ့အတိုင်း ယုန်နဲ့လိပ် အပြေးပြိုင်ကြတာပါပဲ။ အပြေးပြိုင်နေတဲ့အခါ ယုန်က သူ့ကို သင်ကြားထားတဲ့ အကြံပေးချက်တွေ လမ်းညွှန်ချက်တွေကို တသွေမတိမ်းလိုက်နာတယ်။ မှာတာက ဘယ်လိုတွေလည်းဆို အရမ်းကာရော စွတ်ဆက်မပြေးရဘူးတဲ့၊ အရမ်းပြေးတဲ့အခါ ပန်းတိုင်မရောက်ခင်မှာ မောတတ်ပြီး အိပ်ပျော်ဖို့ အားပေးသလိုဖြစ်သွားလို့ ယုန်တွေ အိပ်ပျော်ဖို့ အားသန်ကြတာလို့ သူတို့က တွက်ချက်ကြည့်ထားတာဖြစ်တယ်။ ဟုတ်မဟုတ်ကိုလည်း သိပ္ပံနည်းကျကျ လေ့လာဆန်းစစ်မှုတွေနဲ့ တိုင်းတာခဲ့ပြီးဖြစ်တယ်။

နောက်တစ်ချက်က ပြေးနေတုန်းမှာ ဘာကိုမှ မစဉ်းစားရဘူးဆိုတာပဲ။ ဒီအချက်ဟာ အခုပြိုင်ပွဲဝင်နေတဲ့ယုန်ကို သူ့ထက် အပြေးမြန်တဲ့ ယုန်ပေါင်းများစွာထဲကနေ လက်ရွေးစင်ဖြစ်စေခဲ့တဲ့ အချက်ဖြစ်တယ်။ သူက စဉ်းစားရတဲ့အလုပ်ကို လုပ်ကို မလုပ်ချင်တဲ့သူ။

ဆိုတဲ့အခါ သူက တာထွက်ကတည်းက ပန်းတိုင်နားနီးလာရင် မောပန်းနွမ်းနယ်တာတွေ ကိုယ်လက်ကိုက်ခဲတာတွေ မဖြစ်ရအောင် ဖြည်းဖြည်းလေးပဲ ပြေးတယ်။ ပြေးနေတဲ့အချိန်မှာလည်း ဘာကိုမှ မစဉ်းစားဘူး။ သူဘာကြောင့် ဒီလိုပြေးနေရသလဲဆိုတာတောင် မစဉ်းစားဘူး။

ပြေးလာရင်းနဲ့ ပန်းတိုင်ရောက်ခါနီးမှာ ဆိုင်းဘုတ်တစ်ခုကို မြင်လိုက်ရတယ်။ ဆိုင်းဘုတ်က ဘာရေးထားသလဲဆိုတာကို သူသိချင်တာ။ သိချင်တဲ့စိတ်ကနေ စဉ်းစားတဲ့စိတ်အဖြစ်ပြောင်းသွားတယ်။ မစဉ်းစားမိအောင် ကြိုးစားတယ်။ ကြိုးစားလေလေ သိချင်လေလေပဲ။

သူက ဒီလိုမျိုးတစ်ခါမှ မစဉ်းစားဖူးဘူး။ စဉ်းစားတတ်အောင် သူကို့ သင်ပေးထားတာမဟုတ်ဘူး။ သူတို့ယုန်မျိုးနွယ်တွေဟာ စဉ်းစားတွေးခေါ်ခြင်းဆိုတာကို ပထမဆုံးအပြေးပြိုင်ပွဲဝင်ခဲ့တဲ့ယုန်ရဲ့ နောက်ပိုင်းမျိုးဆက်မှာကတည်းက သိပ်အားမပေးခဲ့ဘူး။ သူကလည်း စဉ်းစားရမယ့်အလုပ်ဆို ယောင်လို့တောင် မလုပ်ဖူးဘူး။ ဒါပေမယ့် အခုဒီမှာ သူစဉ်းစားမိတာက ဒီလို။ ပြေးနေရင်းနဲ့ စဉ်းစားတာ။ ငါ ပန်းတိုင်ကို မြင်နေရပြီ၊ လိပ်က အခုမှ တာထွက်တုန်းဖြစ်မယ်။ သမိုင်းထဲမှာ ရေးထားတာက ဒီနေရာပဲဖြစ်မယ်။ ရှေးရှေ့က ယုန်တွေ ၀င်ဝင်အိပ်သွားတဲ့နေရာဆိုတာ။ ဘယ်လိုနေရာဖြစ်လို့ အိပ်ပျော်သွားကြသလဲလို့ သူက သိချင်တာ။ အဲဒီလို စဉ်းစားမိတယ်။

အဲဒါနဲ့ ရှေ့သို့ပြေးနေတာကိုရပ်ပြီး နောက်ဘက်ပြန်ပြေးလိုက်တယ်။ ပြီးတဲ့အခါ ဆိုင်းဘုတ်ရှိတဲ့လမ်းဘေးဆီ ဆင်းလိုက်တယ်။ အဲဒီတော့မှ သူတအံ့တသြဖြစ်သွားတာ။ ဆိုင်းဘုတ်မှာ ရေးထားတာက “ခေတ္တနားခိုရာနေရာ” တဲ့။ ဆိုင်းဘုတ်အောက်ကနေ ထပ်ဝင်သွားတဲ့အခါ ကြီးကျယ်ခမ်းနားတဲ့ အဆောက်အဦကို မြင်လိုက်ရတယ်။ အဆောက်အဦထဲမှာ အသုံးအဆောင်ပစ္စည်းတွေက တောက်လို့ပြောင်လို့။ ခရီးဦးကြိုပြုတဲ့သူတွေကလည်း ရိုရိုသေသေနဲ့။ နေရာထိုင်ခင်းပေးကြ အစားအသောက်တွေလာချကြနဲ့ ယုန်လည်း အတော်ပျော်သွားတယ်။

နောက်ဆုံးတော့ သူလည်းပဲ ယုန်သမိုင်းမှာ “ပြိုင်ပင်ပြိုင်သော်ငြား အရေးမလှသောကြောင့် ရှုံးနိမ့်ခဲ့ရလေသည်” ဆိုတဲ့ စာကြောင်းကို အစဉ်အလာမပြတ် ထိန်းသိမ်းသွားခဲ့သူဖြစ်သွားတယ်။

ယုန်တွေ ရှုံးပေမယ့် ယုန်တွေ နားနားသွားကြတဲ့ အဆောက်အဦအကြောင်းကိုတော့ ပြိုင်ပွဲဝင်ဖြစ်ခဲ့တဲ့ ဘယ်ယုန်ကမှ ပြောလေ့ပြောထမရှိခဲ့ကြဘူး။ လမ်းဘေးချုံပုတ်ထဲမှာပဲ ၀င်ခွေလိုက်သလိုလို၊ အရမ်းမောပန်းလာလို့ ကြုံရာနေရာမှာ ၀င်အိပ်ပျော်သလိုလိုသာ ရေးကြသားကြပြောကြဆိုကြတယ်။ ရှုံးနိမ့်သွားတဲ့ယုန်ကို အင်တာဗျူးတဲ့အခါ ယုန်က သူရှုံးခဲ့ရပေမယ့် နောင်လာမယ့် ယုန်မျိုးဆက်တွေ အားမလျော့ဘဲ ဆက်လက်ယှဉ်ပြိုင်စေဖို့ပဲ ပြောတယ်။ ခေတ္တနားခိုရာနေရာကြောင့်ဆိုတာ ဘယ်သူ့ကိုမှ မပြောဘူး။

ပြောနိုင်တဲ့အချက်ကတော့ သူသည် အဲဒီ နေရာမှာ ရှိခဲ့တဲ့ကာလအတွင်း လုံးဝအိပ်မပျော်ခဲ့ဘူးဆိုတာပဲ။ အိပ်မပျော်အောင် သူထိန်းနိုင်ခဲ့တဲ့အတွက် သူဟာ သူ့ကိုယ်သူ ပီတိဖြစ်တယ်။ အမှန်က သူအိပ်ပျော်ပြီး အိပ်မက်တွေ ဘာတွေမက်ခဲ့တာလား ဆိုတာ သူလည်း သတိမထားမိလိုက်ပြန်ဘူး။ သူ့ရှေးရှေ့က ပြိုင်ခဲ့တဲ့ယုန်တွေရော ဒီလိုပဲဖြစ်ခဲ့ကြသလားဆိုတာ သူစဉ်းစားကြည့်နေမိတယ်။

“ပြိုင်ပင်ပြိုင်သော်ငြား အရေးမလှသောကြောင့် ရှုံးနိမ့်ခဲ့ရလေသည်” ဆိုတာကတော့ ယုန်သမိုင်းမှာ စဉ်ဆက်မပြတ်ရေးထိုးကြဦးမှာ မလွဲပါပဲ။ လက်ရွေးစင်ဖြစ်ချင်တဲ့ ယုန်တွေအတွက် အိပ်မပျော်အောင်နဲ့ စဉ်းစားခြင်းကို မပြုမိအောင် ကျင့်ထားကြဦးမယ် ထင်ပါတယ်။ ဒါမှ ယုန်သမိုင်းမှာ “ရှေးတွင် တောက်လျှောက်ရှုံးခဲ့သော်လည်း ယခုတစ်ခါတွင် အနိုင်ရလေပြီ” လို့ ရေးထည့်နိုင်မှာ ဖြစ်တယ်။ သေချာတယ် တစ်ခြားယုန်တွေနဲ့ အဲဒီယုန်မျိုးနွယ်ကို အားပေးတဲ့ မရှိစလောက်ပရိသတ်ကတော့ ဆက်ယုံနေဦးမှာပဲ။ ယုန်တွေ အိပ်ပျော်သွားလို့ ရှုံးတယ်ဆိုတာကိုပေါ့။