ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း (၄၃)


မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း (၄၃)
(မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၁၆

● သြဘာသံများနှင့်သူ
နိုင်ငံရေးနယ်ပယ်တွင် ကျင်လည်သူတဦးဖြစ်စေ အများနှင့်ပတ်သက်သောနယ်ပယ်များတွင် ကျင်လည်နေသူများဖြစ်စေ အများ၏ထောက်ခံမှု ချီးကျူးထောပနာပြုမှုလည်းကြုံရသကဲ့သို့ အများ၏ ပြစ်တင်ရှုံ့ချမှု ဝေဖန်တိုက်ခိုက်မှုကို ရှောင်လွှဲ၍ မရပေ။ ကြုံသမျှ အကောင်းအဆိုးအား ခါးစည်း၍သာ ဖြတ်ကျော်ရပေသည်။

၂ဝ၁၆ ခုနှစ် သြဂုတ်လအကုန်တွင် ကျင်းပသည့် ၂၁ ရာစုပင်လုံညီလာခံတွင် ANP ပါတီ၏ ကိုယ်စားလှယ်အဖြစ် ကိုဦးလှ စောတက်ရောက်သည်။
ANP ပါတီ၏ စာတမ်းအား ANP ပါတီ၏ ဥက္ကဌက ဖတ်ကြားသည်။ သို့သော် ထိုစာတမ်းသည် သူ့လက်ရာမကင်းဟု မိမိတို့ ရင်းနှီးသူများက သဘောပေါက်ကြသည်။ ၂၁ ပင်လုံတွင် လေ့လာသူအဖြစ်တက်ရောက်နေသူ မန္တလေးမှ ရှေ့နေ ကိုသိန်း သန်းဦးက ညီလာခံခေတ္တနားချိန်တွင် ကိုဦးလှစောအား "ခင်ဗျားတို့ ANP တင်တာ ဖက်ဒရယ်မဟုတ်ဘူးဘဲ၊ ကွန်ဖက်ဒရိတ် ဘဲဗျ" ဟု ဆိုသည်။ ကိုဦးလှစောက ပြုံး၍ "သမိုင်းလည်း ပြန်ကြည့်ပါဦးဗျာ၊ ကျုပ်တို့ တိုင်းရင်းသားတွေ တကျပ်ဖိုးတောင်းလို့ ဆယ်ပြားတင်ရဲ့လားဆိုတာ" ဟု ဆိုသည်။

လူခန္ဓာကိုယ် ဝဝလုံလုံးနှင့် မောင်ကမ္ဘာဟု ငယ်သူငယ်ချင်းများကခေါ်လေ့ရှိသည့် ကိုသိန်းသန်းဦးသည် ရီရီမောမော နောက်နောက်ပြောင်ပြောင် ပျော်ပျော်ရွှင်ရွှင်နေတတ်သူဖြစ်သကဲ့သို့ ရောက်လေရာအရပ်တွင် "ကျုပ်က ဗကပနော်" ဟု ဆို လေ့ရှိသူဖြစ်သည်။ "မဟုတ်ဘူးဗျ ၊ ကြိုပြောထားမှ နိုမို့ဆိုရင် ဗကပ တွေ ထိုးဖေါက်ဝင်နေပြီတို့ ဘာတို့နဲ့ တိုက်ခိုက်ကြလွန်းလို့" ဟုဆိုသည်။ ကိုသိန်းသန်းဦးက ရီမော၍ ကိုဦးလှစော အားလက်ညှိုးထိုးပြီး ....

"ဒီလူပေါ့ဗျ ၈၈ အပြီး ကျုပ်တို့ မနတ (အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု) ဖွဲ့တော့ ကျုပ်တို့ရုံးလာပြီး ခင်ဗျားတို့တွေက အခု အမျိုးသားရေးဝါဒီပေါ့လေဆိုပြီး လာချဲသွားတာ၊ အခုသူက ရခိုင်အမျိုးသားရေးပါတီခေါင်းဆောင်လေ" ဟုပြောရင်း ရီသည်။ ကိုဦးလှစောက ပြုံး၍နေသည်။ကျောင်းသားဘဝက လက်ဝဲဝါဒကိုယုံကြည်ခဲ့သော ကျောင်းသားများ၏ လက်တွေ့နိုင်ငံရေး နယ်ပယ်တွင် ဖြတ်သန်းခဲ့ရသောပုံရိပ်များ ဖြစ်ပေလိမ့်မည်။

ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံက ၂ဝ၁၆ စက်တင်ဘာ ၃ ရက် နေ့ စနေနေတွင်ပြီးသည်။ "မနက်ဖြန် ကိုဖီအာနန်နဲ့ ရန်ကုန်မှာတွေ့ဖို့ ကားလွှတ်ခေါ်ထားတယ်ဗျာ၊ ကျနော်တို့မလိုက်နိုင်တော့ဘူး ကျန်တဲ့သူတွေဘဲသွားတွေ့လိမ့်မယ်၊ တန င်္လာနေ့မှာ လွှတ်တော်မှာ အဲဒီကိစ္စ ကျနော်ဆွေးနွေးဖို့ ရှိနေလို့" ဟုပြောရင်း သူ နေပြည်တော်တွင် ကျန်ခဲ့သည်။

ထို့နောက်တွင် အတော်ပွဲဆူသည့်ကိစ္စတွေဖြစ်လာသည်။ လွှတ်တော်တွင် ခေါင်းပေါင်းစတလူလူနှင့် ဆွေးနွေးနေသည့် ကို ဦးလှစောပုံ နေရာတကာ တွေ့ရသည်။ ကိုဖီအာနန်ကော်မရှင်အား ကန့်ကွက်ဆွေးနွေးသည့် ကိုဦးလှစောက ရခိုင်ပြည်နယ် အရေးကိစ္စများအတွက် ရခိုင်ပြည်သူအများစုထောက်ခံမှုကိုရရှိထားသည့် ANP ပါတီအား အစိုးရက ဆွေးနွေးဖက်အဖြစ် သဘောထားမထားသည့်ကိစ္စကို အလေးတင်းဆွေးနွေးသွားသည်။ ယခင်သမတဟောင်း ဦးသိန်းစိန်လက်ထက်က လေး ပွင့်ဆိုင်တောင်းဆိုသည်ကို သတိရမိသည်။

ကိုဖီအာနန်ကော်မရှင်နှင့်ပတ်သက်၍ ANP ပါတီ၏ ကြေညာချက်လည်းထွက်လာပေရာ ထောက်ခံသူများရော ကန့်ကွက်သူ များနှင့်ပါ ပွဲစည်လှသည်။ မစ္စတာကိုဖီအာနန်ကတော့ ANP ပါတီ ဒုဥက္ကဌ ကိုခိုင်ပြည်စိုးနှင့်အဖွဲ့အား ဖိတ်ခေါ်တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေးအား ကိုင်တွယ်ဖြေရှင်းရာတွင် ANP ပါတီနှင့် ဦးစွာညှိနှိုင်းဆွေးနွေးရန်လိုသည်ဟု သူအကြံပြုခဲ့ကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။

မည်သို့ပင်ဆိုစေ ကိုဦးလှစောတယောက် သူ့အား ထောက်ခံသူများ ရှိကဲ့သို့ သူ့အား ရခိုင်အမျိုးသားရေးဝါဒီအဖြစ် ပြင်းပြင်း ထန်ထန် ထိုးနှက်တိုက်ခိုက်မှုကိုလည်း ခံနေရသည်။ သူကလည်း မလျှော့။ သူ့မူနှင့်သူ ဆက်လက်ချီတက်နေသည်။ ရခိုင် အမျိုးသားရေးဝါဒီအဖြစ် ထိုးနှက်တိုက်ခိုက်ခံနေရသော သူ့သတင်းအားနားထောင်ရင်း မိမိပြုံးမိသည်။

ပြီးခဲ့သော ၄ နှစ်ခန့်က သြစတေးလျ ကင်ဘာရာတက္ကသိုလ်ကဖိတ်ကြားသည့် စာတမ်းဖတ်ပွဲတခုတွင် စာတမ်းဖတ်အပြီး ဝိုင်းဝန်းဝေဖန်တိုက်ခိုက်စွဲချက်တင်နေကြသော သြဇီရောက် ဘင်္ဂလီများအလယ်တွင် တဦးတည်းရင်ဆိုင်ခဲ့ရသော ကိုဦးလှ စောကို ပြန်မြင်ယောင်မိသည်။

ပြီးခဲ့သောတနှစ်ခန့်ကလည်း ရခိုင်ဘင်္ဂလီများနှင့်ပတ်သက်ပြီး ဂျာနယ်တခုတွင်ပါသည့် ကိုဦးလှစောအင်တာဗျူး၏ အင်တာ ဗျူးတခုနှင့်ပတ်သက်ပြီး မကျေနပ်သည့် ရခိုင်ဘုန်းတော်ကြီးအချို့နှင့် ရခိုင်အချို့က သူ့အား ရခိုင်သစ္စာဖောက်အဖြစ် ကြေ ညာရန်လည်း ကြိုးစားခဲ့ဘူးသည်။ သူ့အား ရခိုင်သစ္စာဖောက်အဖြစ်ကြေညာရန် ဆွေးနွေးပွဲကို စစ်တွေရှိ ဘုန်းတော်ကြီး ကျောင်းတကျောင်းတွင် ကျင်းပခဲ့ဘူးသည်။ လူရာဂဏန်းမျှတက်သည့် ထိုဆွေးနွေးပွဲတွင် သူ့အားထောက်ခံသူများ၏ ရပ်ခံ ချက်ကြောင့် ရခိုင့်သစ္စာဖောက်ဟု ကံကောင်းထောက်မစွာ အကြေညာမခံခဲ့ရပေ။

ဤသည်ကိုပင်နိုင်ငံရေးလောက သဘာဝဟုခေါ်ရမည်ထင်သည်။ သူ့အား ချစ်ခင်ထောက်ခံသူများလည်းရှိသည် ထိုးနှက်တိုက်ခိုက်နေသူများလည်းရှိသည်။ ရခိုင်အမျိုးသားရေးဝါဒီဟု စွပ်စွဲသူလည်းရှိသည်။ ရခိုင်သစ္စာဖောက်ဟုစွပ်စွဲသူလည်းရှိသည်။ ဘင်္ဂလီများကလည်း ထိုးနှက်တိုက်ခိုက်သည်။ ၁၉၇၅ ဇွန်သပိတ်က သူပုန်ကျောင်းသားလေးတယောက်သည် အနှစ် ၄ဝ ကျော်ကြာသည့်တိုင်အောင် နိုင်ငံရေးနယ်ပယ် ရုန်းကန်ရှင်သန်နေဆဲဖြစ်သည်။

သူကဲ့သို့ပင် ဘဝပေါင်းများစွာရှိကြသည်။ သမိုင်းကို ရတတ်သမျှ ထုဆစ်ခဲ့ကြသူများစွာရှိသည်။ ထိုသူတို့ ဘဝများစွာကို မိမိထိတွေ့ရသလောက်တို့ထိပုံဖေါ်ချင်ပါသည်။ သူတို့အားလုံးသည် မိမိချစ်ခင်ခဲ့ရသောသူများ ဖြစ်ကြပါသည်။ ၁၉၇၅ ဇွန်သ ပိတ်ကာလကထဲက သွေးနီးခဲ့ကြသူများဖြစ်ခဲ့သည်။ ဘဝများစွာထဲက ဘဝအပိုင်းအစများဖြစ်ပါသည်။

● ရွှေတိဂုံ ကုန်းတော်ပေါ်သို့

၁၉၇၅ ဇွန် ၉ ရက်နေ့တွင် တက္ကသိုလ်အားလုံးပိတ်ကြောင်း ကြေညာသည်။ ဆရာတွေ အာဏာပိုင်တွေကလည်း ကျောင်း သားတွေအိမ်ပြန်ဖို့ နယ်ပြန်ဖို့ ဖိအားပေးစီစဉ်ကြတော့သည်။ သပိတ်တိုက်ပွဲတွင် ပါဝင်ကြသည့် ကျောင်းသား ကျောင်းသူ အများစုမှာ ဆရာများ အာဏာပိုင်များကို ရင်ဆိုင်ရန်လွယ်ကူလှသော်လည်း ရင်ဆိုင်ရန်မလွယ်ကူသူများ ပေါ်လာသည်။ ထိုသူများကတော့ မိမိ သားသမီးများ သားချင်းများကို မျက်ရည်လယ်ရွဲနှင့် လာရောက်ခေါ်ငင်ကြသည့် မိဘဆွေမျိုး သား ချင်းဖြစ်သည်။ ရက်စက်ကြမ်းကြုတ်စွာသပိတ်များကို နှိမ်နင်းဖြိုခွင်းလေ့ရှိသည့် ဗိုလ်နေဝင်းတို့ စစ်အုပ်စုအကြောင်းကို ကောင်းစွာသဘောပေါက်နားလည်ထားကြသည့် မိဘသားချင်းများက သူတို့၏ တူသားနောင်မယ်များအား တွေး၍ ပူပင် သောကရောက်ကြသည်မှာ ဓမ္မတာဟုဆိုရပေမည်။

ထို့နောက်တွင်တော့ တက္ကသိုလ်ပင်မဝင်းအတွင်း သပိတ်မှောက်ကျောင်းသားဦးရေ တဖြေးဖြေးလျော့ကျလာသည်။ တဖက် ကလည်း မိမိတို့မစီစဉ်တတ်သည်လည်းပါသည်။ သပိတ်မှောက်ကျောင်းသားအချို့၏ အကြံဉာဏ်ကောင်းများကို မနာယူ နိုင်ခဲ့သည်လည်းပါသည်။ ဇွန် ၈ ရက်လား ဇွန် ၉ ရက်လားမမှတ်မိတော့။ ချီတက်ပွဲတခုကပြန်လာပြီး မိမိတို့ ဘွဲ့နှင်းသဘင် ခန်းမ မျက်စောင်းထိုးရှိ စိန်ပန်းပင်များအောက်တွင် ကိုယ်အစုနှင့်ကိုယ် ထိုင်၍ နားနေခိုက် မိမိတို့ ဆေး ၂ တတိယနှစ်ဆေးမှ ကိုအောင်ဝင်းမောင် (ဒေါက်တာအောင်ဝင်းမောင်-ဟင်္သာတ-ကွယ်လွန်) ရောက်လာပြီး ....

"ဟေ့ကောင် မောင်မောင်စိုး မင်းတို့ ဒီလိုထိုင်နေလို့ ဘယ်ဖြစ်ပါ့မလဲကွ၊ သမဂ္ဂဝင်းထဲ ကျောက်တိုင်ဆောက်ဖို့ လုပ်ပေါ့ ဟို မှလည်း ဆောက်စရာပစ္စည်းတွေ ရှိနေတာဘဲ" ဟု လာပြောသည်။

ထိုအချိန်က သူပေးသောအကြံဉာဏ်ကို မယူဖြစ်လိုက်။ သပိတ်ကော်မတီတွင်လည်း တင်ပြ၍မဆွေးနွေးဖြစ်ခဲ့။ နောင် ပြန် စဉ်းစားကြည့်လိုက်မိတိုင်း နောင်တရသည်။ ကိုအောင်ဝင်းမောင်ပေးသောအကြံအတိုင်း သမဂ္ဂဝင်းအတွင် ကျောက်တိုင် ဆောက်လိုက်ပါက ကျောင်းသားများအား စုစည်းရာတွင်လည်းကောင်း၊ ပြင်ပမှ လူထုအား စုစည်းရာတွင်လည်းကောင်း၊ စုစုစည်းစည်းလှုပ်ရှားမှုတခုအဖြစ် အထောက်အကူဖြစ်ပေလိမ့်မည်။ ပြန်တွေးတိုင်း နောင်တရမိသည်။ ထို့ကြောင့်လည်း လူ မိုက်နောက်မှ အကြံရဟူ၍ ဆိုကြခြင်းဖြစ်ပုံရသည်။

ထိုသပိတ်တိုက်ပွဲအတွင်း အခြားအခက်အခဲတခုလည်း ရှိသည်။ ၎င်းမှာ တက္ကသိုလ်အသီးသီးမှ တက်ကြွလှုပ်ရှားသူများ အချင်းချင်း တဖွဲ့နှင့်တဖွဲ့ ကောင်းစွာမသိကြခြင်းဖြစ်သည်။ ကျောင်းသားသမဂ္ဂများ တရားဝင်ဖွဲ့စည်းခွင့် ပိတ်ပင်ထားသည် မှာ ဆယ်စုနှစ်တစုကျော်ခဲ့ပြီဖြစ်သည်။ ကိုယ်အစုလေးနှင့်ကိုယ်သာ ကြိတ်၍လှုပ်ရှားနေရသည်။ ထောက်လှမ်းရေးနှင့်သတင်း ပေးအန္တရယ်ကို သတိထားနေကြသည်ဖြစ်ရာ တဖွဲ့နှင့်တဖွဲ့ လွယ်လင့်တကူ မယုံကြည်ရဲကြပေ။ ထို့ကြောင့်လည်း တက္က သိုလ်တခုနှင့်တခု ယုံယုံကြည်ကြည် ပူးပေါင်းဆောင်ရွက်ရာတွင် အခက်အခဲရှိနေသည်။ ထို့အချင်းအရာသည်လည်း ကျောင်းသားလှုပ်ရှားမှုကို ညီညီညွတ်ညွတ်နှင့် အင်ကြီးအားကြီးဖြစ်သည့် လှုပ်ရှားမှုတခုဖြစ်စေဖို့ အဟန့်အတားဖြစ်စေခဲ့ သည်။

သို့နှင့် အင်အားနဲလာသော ကျောင်းသားများအနေနှင့် မိမိအင်အားကို စုစည်းထားနိုင်ရန်နှင့် လူထုနှင့် ပိုမိုပူးပေါင်းနိုင်ရန် ၁၉၇၅ ဇွန်လ ၁ဝ ရက်နေ့တွင် ရွှေတိဂုံဘုရားပေါ်၌ သပိတ်စခန်းဖွင်ရန် ဆုံးဖြတ်လိုက်ကြပြီး ဘွဲ့နှင်းသဘင်ခန်းမမှ ရွှေတိ ဂုံဘုရားရင်ပြင်ပေါ်သို့ ပြောင်းရွှေ့လိုက်ကြသည်။ ပင်မ တက္ကသိုလ်နယ်မြေကား တိတ်ဆိတ်ခြောက်ကပ်၍ ကျန်နေခဲ့သည်။

ဇွန်လ၏မိုးရေစက်အောက်တွင် သစ်ပုတ်ပင်အိုမက တိတ်ဆိတ်စွာသက်ပြင်းချသည်။ အဓိပတိလမ်းသည် ငြိမ်သက်နေသည်။ စိန်ပန်းပင် ကန့်ကော်ပင်များအောက်က ခုံတန်းဖြူလေးများသည်လည်း ထိုင်သူမဲ့ခဲ့သည်။ ဘွဲ့နှင်းသဘင်ခန်းမလည်း စကား မဆိုနိုင်တော့။ လွမ်းရစ်ဝေသော နေ့ရက်တရက်ဖြစ်ခဲ့တော့သည်။

● အရုဏ်မတက်မှီ
ညအမှောင်ထုစိုးမိုးလာသည်နှင့်အမျှ ရွှေတိဂုံရင်ပြင်သည် တိတ်ဆိတ်၍ လာသည်။ ညသန်းခေါင်ကျော်မှစ၍ ရွှေတိဂုံဘုရား မုခ် လေးမုခ်ရှိရာ လေးဘက်လေးတန်မှ လုံခြုံရေးတပ်ဖွဲ့များ စတင်နေရာယူဝင်ရောက်လာသည်။ ရွှေတိဂုံဘုရားပေါ်မှာ သပိတ်မှောက်ကျောင်းသားများကို ရှင်းလင်းရေးသည်လည်း စစ်ဆင်ရေးတရပ်ဖြစ်သည်။ အဆိုပါမြေပြင်စစ်ဆင်ရေးကို ကွပ်ကဲသူက တပ်မမှူးဗိုလ်မှူးကြီး ရန်နောင်စိုးဖြစ်ပြီး အသုံးပြုသည့် တပ်ကလည်း ခြေမြန်တပ်မ ၇၇ ဖြစ်သည်။

၁၉၇၅ ဇွန် ၁၁ ရက်နေ့ အာရုံမတက်မှီ ၂ နာရီခန့်တွင် ရင်ပြင်ပေါ်ရှိ သပိတ်စခန်းအား ဝိုင်းမိသည်။ မည်သည့်ရုန်းရင်းဆန်ခတ်မှု မှတော့မဖြစ် သပိတ်မှောက်ကျောင်းသားတို့က အသာတကြည် အဖမ်းခံသည်။ ရင်ပြင်ပေါ်တွင် အဖမ်းခံရသည်က ကျောင်း သူ ၁၁ ယောက်အပါအဝင် စုစုပေါင်း ၂၁၃ ဦးဖြစ်သည်ဟု သိရသည်။

အားလုံးတော့ အဖမ်းမခံမရပါ။ တပ်ကလာဝိုင်းချိန်တွင် တိတ်တဆိတ်ထွက်ခွာပြီး သွေးဆေးကန်ဘက် ခုန်ချ ထွက်ပြေးလွတ် မြောက်သူအချို့လည်းရှိသည်။ ထိုထဲတွင် ကိုတင်မောင်သန်း (ရန်အောင်စာပေ -၂) လည်း ပါဝင်သည်။ နောက်တနှစ်ခန့် အကြာ ကိုကြီးမြင့်နှင့်ပြန်ဆုံတော့"ဒီလူတွေ အဲဒီဝိုင်းတဲ့ မနက်အစောကြီး ကျုပ်အိမ်ရောက်လာပြီး အဝတ်အစားလာတောင်း သွားသေးတယ်ဗျ၊ ဘယ်ပြေးကြလဲမသိဘူး" ဟု ဆိုသည်။

၁၉၇၅ ဇွန် ၁၁ ရက်နေ့မနက်စောစောတွင် ဖမ်းဆီးထားသော သပိတ်မှောက်ကျောင်းသားများကို တင်ဆောင်သည့် ကား တန်းသည် ရွှေတိဂုံဘုရားမှ အင်းစိန်ထောင်သို့ ဦးတည်ထွက်ခွာသည်။ ကားတန်းပေါ်မှ ကြွေးကြော်သံများ ကမ္ဘာမကြေ သီချင်းဆိုသံများ ပျံ့လွင့်နေသည်။ ရန်ကုန်မြို့ ၏အမှောင်ထုနှင့် တိတ်ဆိတ်မှုကို ဖြို ခွဲခဲ့သည်။

"တရားမျှတ လွတ်လပ်ခြင်းနှင့်မသွေ ဒို့ပြေ ဒို့မြေ ... များလူ ခပ်သိမ်း ငြိမ်းချမ်းစေဖို့ ....."


ဆက်လက်ဖော်ပြပါမည်။
 မောင်မောင်စိုး (Mg Mg Soe)