ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မင်းကိုနိုင် ● မီးပုံးပျံ လွှတ်ရအောင်



မင်းကိုနိုင် ● မီးပုံးပျံ လွှတ်ရအောင်
(မိုးမခ) နိုဝင်ဘာ ၂၇၊ ၂ဝ၁၆

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူသည်။

သမီးနဲ့သား ....
ဆောင်းတွင်းကြီးမှာ မီးပျက်ချိန် အဲယားကွန်းမဖွင့်နိုင်လို့ ပူလောင်နေကြတယ်မဟုတ်လား။ ဒီမှာတော့ဆောင်း အရသာပီပြင် ပါ့ဗျာ။ တမြို့လုံး အနွေးထည်ခေါင်းစွပ်တွေနဲ့ တိုးဝှေ့နေတာတောင် ချမ်းတုန်း။ဘယ်မှာလဲဆိုတော့ တန်ဆောင်တိုင် မီးပုံပျံ ပွဲအကြီးအကျယ်ဆုံးလုပ်တဲ့ ရှမ်းပြည်က မြို့တမြို့ပါ။ သိကြပြီ မဟုတ်လား။ တပြည်လုံးအနှံ့ကရော၊နိုင်ငံခြားသား ဧည့်သည် တွေနဲ့ရော မြို့ကလေးကို ဝိုင်းအုံခဲနေတာ။ မီးပုံးပျံပြိုင်ပွဲဖွင့်ပွဲကို မှတ်တမ်းတင်နိုင်ဖို့ ဖုန်းတွေ၊ ကင်မရာတွေကိုယ်စီနဲ့ စိတ် ဇောတွေသန်လို့။ ကားတွေ ဆိုင်ကယ်တွေ မောင်းမရတော့ဘူး.. အားလုံးလမ်းဆင်းလျှောက်ပဲ။

ဖွင့်ပွဲညမှာ မီးရှူးမီးပန်း ဗျောက်အိုးကွဲတွေ ညကောင်းကင်ပေါ် တဝုန်းဝုန်း တဒုံးဒုံးလွှတ်တင်ပြီးအလှဆင်ပြနေတာ အမှောင် ထုကြီးထဲက မီးရောင်စုံလင်းလက်သွားတာ ပျော်စရာသိပ်ကောင်းတာပဲ။ အဲဒီမှာ ရန်ကုန်ကလာတဲ့ ကလေးတယောက်က မေးတယ်။ ရန်ကုန်မှာတော့ မီးပန်းဗျောက်အိုးဖောက်ရင် အရေးယူမယ် အဖမ်းခံရမယ်တဲ့။ ဒီမှာကျတော့ ပွဲတော်လုပ်ပြီးကို တဒိုင်းဒိုင်းဖောက်နေတာ ကောင်းကင်ကြီးပြည့်လို့တဲ့။ ဒါကို လူကြီးတယောက်က ပြောတယ်။ အေးလေ ကလေးတွေ အ ပျော်တမ်းဖောက်တော့ အရေးယူမယ် လူကြီးတွေ ပွဲလုပ်တော့ တရားဝင်သားတဲ့။ သားနှင့်သမီးတို့ မျက်စေ့လည်သွားလား။ ဒါနဲ့ နောက်လူကြီးတယောက်က ရှင်းပြတယ်။ မီးရှူးဗျောက်အိုးဖောက်တယ်ဆိုတာ ဒီဒေသရဲ့ ရိုးရာဓလေ့ပဲ။ ပအို့ဝ် နယ်မြေတွေမှာဆို ဒုံးပြိုင်ပွဲတွေတောင် လုပ်ကြသေးတာ။ မိုးဦးကျတွေမှာပေါ့။ ရိုးရာပွဲတွေမို့ ခွင့်ပြုပြီးသားလေတဲ့။ ဒီမိုကရေ စီ ဖက်ဒရယ်နိုင်ငံတွေမှာ ပြည်နယ်တခုနဲ့တခု ဥပဒေမတူတာတွေရှိတဲ့အကြောင်း စကားဝိုင်းက ပြောင်းသွားရော။ သေ ဒဏ်ပေးတဲ့ ပြည်နယ်၊ မထားတဲ့ပြည်နယ်က အစပေါ့။ အခွန်စနစ်မှာလည်း ပြည်ထောင်စုအစိုးရရဲ့ အခွန်အပြင်၊ ပြည်နယ် အစိုးရရဲ့အခွန်ကောက်ပုံတွေ မတူတာတွေပါပါတယ်။ ကလေးတွေပျင်းမှာစိုးလို့ မပြောတော့ဘူးနော်။
-*-*-*-

မီးပုံးပျံတွေအကြောင်းပဲ နည်းနည်း ပြောပြမယ်နော်။ ဒီဒေသသားတွေဟာ မီးပုံးပျံကို တနှစ်လုံး အားခဲထားကြတာကွ။ မိုင်း ကိုင်အရပ်က ထွက်တဲ့စက္ကူ၊ ဒေသထွက်ဝါးတွေနဲ့ ကိုယ်တိုင် ယမ်းထုပ်တွေစပ်ပြီး အစဉ်အဆက်က မီးပုံးပျံလွှတ်လာကြတာ။ သင်္ကြန်ပြီးတာနဲ့ ရှမ်းစက္ကူထွက်ပြီ စုကြ ဝယ်ကြ။ သီတင်းကျွတ်​မတိုင်ခင်ကတည်းက စက္ကူဖြတ်ကြ၊ ကပ်ကြ၊ ပန်းချီတွေ ဆွဲ နေကြတာ။ ဒီမှာ ပြိုင်ပွဲက သိပ်ကြီးကျယ်တော့ နိုင်ငံတကာမီဒီယာတွေအထိ လာရိုက်ပြီးပြကြတာဆိုတော့ သေချာပြင် ထားရတာ။

ယမ်းအတွက် ပြောင်းလိပ်ရတာကအစ ကျွမ်းကျင်သူတွေမှ လုပ်နိုင်တာလေ။ ခေတ်အဆက်ဆက်မှာ လက်ဆင့်ကမ်းသင် ပေးခဲ့ကြရတာ။ အရေးကြီးဆုံးက မီးပုံးပျံဒီဇိုင်းပဲ။ ခါတိုင်းနှစ်တွေနဲ့မတူအောင် သူများထက်လှအောင်၊ ခမ်းနားအောင်၊ စဉ်း စားရတာ ဘယ်လွယ်မလဲ။ စိတ်ကူးကောင်းရပြီဆိုတာတောင် အရုပ်ချိုး (မီးပုံပျံချိုး) တဲ့ ပညာရှင်က ရအောင်လုပ်ပေးနိုင်ဖို့ လိုသေးတယ်။ စက္ကူဖိုးယမ်းဖိုး မီးစာဖိုး တခြားစားရိတ်တွေထားပါဦး။ ပန်းချီဖိုးတင် ၄/၅ သိန်းလောက်ကုန်တာဆိုတော့ တွက်သာကြည့်ပေတော့ ပိုက်ဆံဘယ်လောက်စုရ ရှာရမလဲဆိုတာ။ မီးပုံးပျံတခုကို စက္ကူ အချပ်တထောင်ကျော် သုံးရတာ။

ပိုက်ဆံရှိတိုင်း လုပ်နိုင်လားဆိုတော့လည်း မဟုတ်သေးဘူး။ ပညာရှင်တွေရယ် လုပ်အားပေးမယ့်​သူတွေ တာဝန်ခံမယ့်သူတွေ လိုသေးတယ်။ အဖွဲ့ခေါင်းဆောင်ရှိပေမယ့် သူကဘဏ္ဍာရေး၊ လုံခြုံရေး (အန္တရာယ်ကင်းရေးပေါ့) အကျွေးအမွေး အဓိက တာဝန်ယူရတာ။ တကယ်တမ်းမီးပုံးပျံကြီး အောင်မြင်အောင်လွှတ်တင်နိုင်ဖို့ကျတော့ စုပေါင်းတာဝန်ယူရတာပဲ။ သူတို့က စိတ်ကူးထဲမှာတောင် မီးပုံပျံ ၄/၅ ခုလောက် အမျိုးမျိုးလွှတ်တင်ပြီး စမ်းကြည့်နေရတာ ရင်ခုန်နေကြတာပေါ့။ ရက်ပေါင်းများ စွာအပင်ပန်းခံရတာ စိတ်ရောကိုယ်ပါ နှစ်ထားရတာပဲ။

ပြိုင်ပွဲဝင်ရမယ့်နေ့ ညရောက်မှ ကွင်းထဲဝင်လာတာ။ သံဖရိန် ၄ ထပ်နဲ့ မီးစာတင်တဲ့ကားရယ်၊ ယမ်းတင်တဲ့ကားရယ်၊ မီးပုံပျံ တင်တဲ့ကားရယ် တန်းစီဝင်လာကြတာ။ အဖွဲ့တဖွဲ့အမည်ကြေညာလိုက်တာနဲ့လူတွေက လက်ခုပ်တီးပြီး လမ်းဖယ် ပေးကြ တယ်။ ကွင်းကျယ်ကြီးထဲမှာ အနယ်နယ်အရပ်ရပ်က ဧည့်သည်တွေ ၊ သေဒခံတွေ၊ နိုင်ငံခြားသားတွေ ပြည့်ညပ်နေတာကွ။ ဒါက ကွင်းထဲတင်ရှိသေးတာ။ တောင်ကုန်းတွေပေါ်က ကြည့်နေတာကလဲ ပြည့်လို့ပဲ။
*-*-*-

နေဦး…။ မီးပုံပျံက သုံးမျိုးရှိတယ်ကွ။ နေ့ဖက်လွှတ်တာကအရုပ်မျိုးစုံ၊ ညဖက်ကျတော့ ညမီးကြီးနဲ့ စိန်နားပန်တဲ့။ညမီးကြီးက မီးရောင်စုံပါသလို မီးရှူးမီးပန်းတွေ လေထဲရောက်မှ အဆင့်ဆင့် လှလှပပ ပေါက်ကွဲပြတာ။ စိန်နားပန်ဆိုတာက မီးပုံးအသေး လေးတွေ တွဲလောင်းအဆင့်ဆင့်ချိတ်ထားတာ သိပ်လှတာပေါ့။ နေ့မီးပုံးပျံ (အရုပ်) က ဒီအတိုင်းသယ်လာရင် ဘာအရုပ်မှန်း မသိသေးဘူး။ မှိုင်းဝသွားမှ အရုပ်ပေါ်လာပြီး ပျံတက်သွားတာမျိုးဆိုတော့ ဘာရုပ်ဖြစ်မလဲဆိုတာ သိပ်စိတ်ဝင်စား ဖို့ကောင်း တယ်။ အရုပ်ပေါ်လာပြီဆိုတော့လည်း ပျော်သွားပြီး အားပေးကြရတာအမော။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က ငှက်ရုပ် ဆိုပြီး ပြိုင်ပွဲဝင်တာ။ မှိုင်းပြည့်သွားမှ ဒေါင်းရုပ်ကြီးပျံတက်သွားလို့ လိုက်ဖမ်းတာထွက်ပြေးကြရတယ်တဲ့။ ဒေါင်းရုပ်ကို ဘာ ကြောင့်လက်မခံပဲ လိုက်ဖမ်းလဲဆိုတာတော့ နီးစပ်ရာလူကြီးတွေ မေးကြည့်ပေရော့ကွာ။

ညဖက်ကွင်းကြီးထဲ တဖွဲ့ပြီးတဖွဲ့ ဝင်လာ ပြိုင်ကြတာ။ မီးပုံးပျံတစ်ခုအတွက် လူတွေအများကြီး လုပ်အားပါတယ်။ ညမီး ကြီးအတွက်လုပ်တုန်းက လူ(၁၅)ယောက် လောက်နဲ့ရပေမယ့် တကယ်လွှတ်တော့ လူ ၄၊ ၅ ဆယ် တစ်ရာလောက်လို တော့တာပဲ။ မီးပုံးပျံကြီးကို ကြိုးတွေနဲ့ ဝိုင်းထိန်းရတာ တော်ရုံပညာနဲ့၊ အားနဲ့ မရဖူး။ လေတိုက်နေတာကို နားလည်ရမယ်၊ အတွေ့အကြုံရင့်ကျတ်နေရမယ်၊ မှိုင်းဝသွားလို့လွှတ်တင်ရမယ့်အချိန်က အရေးကြီးဆုံးပဲ။ တခါတရံအခန့်မသင့်ရင် ကွင်း ထဲ ပြန်ပြုတ်ကျလို့ လူအသေအပျောက်ရှိဖူးတယ်။ ထွက်မပြေးဘူးလား မမေးနဲ့။ ပြေးလည်းမရဘူး။ လူတွေက ကြပ်ညပ်နေ တာလေ။ ဒါကြောင့် အဝေးကတောင်ကုန်းတွေပေါ်က ကြည့်ကြတာလည်း ပါတာပေါ့။ စိန်နားပန်တစ်လုံးဆိုတာ လူ ၁၅ဝ လောက်အထိ ဝိုင်းကူကြရတာမျိုးရှိတယ်။

တကယ်တော့ ပြိုင်ပွဲဝင် မီးပုံးပျံလွှတ်တယ်ဆိုတာ အခက်အခဲပေါင်းစုံ၊ စိန်ခေါ်မှုပေါင်းစုံကို စုပေါင်းအားနဲ့ ရင်ဆိုင်အောင်ပွဲ ခံနိုင်တဲ့အကျင့်ကို ကျင့်ကြတာပဲ။ မီးပုံးပျံထောင်တဲ့အခါ မီးစာရှို့တဲ့အချိန် တာဝန်ကြီးသလို အန္တရာယ်လည်းသိပ်များတယ်။ စဉ်းစားကြည့်လေ - ရေနံရယ်၊ ယမ်းရယ်၊ စက္ကူရယ်၊ မီးရယ် အဲဒီလိုမတူညီတဲ့ မီးလောင်ပေါက်ကွဲတတ်တဲ့အရာတွေကို ပညာပါပါ ပေါင်းစပ်ကစားပြရတာ။ဘယ်လောက်အန္တရာယ်ကြီးသလဲ။ ဒါပေမယ့် ဒီဒေသသားတွေဟာ ရိုးရာ အမွေအနှစ် အဖြစ် ပွဲထုတ်ကြတာပဲ၊ စွန့်စားနေကြတာပဲ။ တကမ္ဘာလုံးကကြည့်နေတဲ့ ကင်မရာ ထောင်သောင်းရှေ့မှာ ရိုးရာကို ဂုဏ်ယူ စွာ အစွမ်းပြကြတာပဲ။ ရှမ်းအိုးစည်သံ၊ မောင်းသံတွေ ၊ ဗေထုံညံလို့ ဝံ့ဝံ့စားစားပြိုင်ကြတာပဲ။

အဖွဲ့တဖွဲ့ မီးပုံးပျံတင်ပြီ၊ မီးစာကို ရှို့ပီ။ လေးတဟူးဟူးတိုက်နေတဲ့ အောက်က မီးပုံးပျံကြီးလဲ မကျအောင်၊ မီးမလောင် အောင် ကြိုးတွေနဲ့ ချွေးဒီးဒီးကျ ဝိုင်းထိန်းကြပြီဆိုပရိသတ်တွေက တဝေါဝေါအားပေးကြတာကွ။ ရင်တမမကြည့်ရင်း စိတ်ပူ ကြရတာ၊ ပရိသတ်မပြောပါနဲ့ ပြိုင်ဖက်အသင်းတွေကပါ ကြည့်ရင်း စာနာစိတ်နဲ့ အားပေးကြတာ။ အောင်မြင်ပါစေလို့ အော် ဟစ်ဆုတောင်းပေးကြတာ တကယ့်ကို ရင်ထဲအသည်းထဲက စေတနာတွေပဲ။ ပြိုင်ပွဲဝင်တွေရော၊ ပရိသတ်ရော၊ ဒိုင်တွေရော၊ ပြိုင်ဖက်တွေပါမကျန် ဒီအချိန်မှာ ကွင်းတွင်း ကွင်းပြင်ရှိသမျှ အားလုံးဟာ တစိတ်ထဲတဝမ်းထဲ တသွေးထဲ တသားထဲပဲ။ အ ခြား မရှိဘူး။ အကွဲအပြားမရှိဘူး။ တနှစ်လုံး ကြိုပြင်ဆင်လာခဲ့တဲ့ လပေါင်းများစွာ အပင်ပန်းခံ၊ ရပ်ပေါင်းများစွာ အားထုတ် လာခဲ့တဲ့လုပ်အားတွေ၊ မျှော်လင့်ယုံကြည်ချက်တွေ၊ စွန့်စားမှုတွေကိုဘယ်အကြောင်းနဲ့မှ မပျက်စေချင်ကြဘူး။ တောင့်ထား ကွ၊ ဆွဲထားကွ၊ လေက ဘယ်ဖက်တိုက်နေတယ် ဘယ်လိုဂရုစိုက် ဝိုင်းအားပေးကြတော့တာပဲ။

ချွေးတွေရွှဲ၊ လက်တွေ ပေါက်ပြဲပြီးမှ မှိုင်းဝလို့တငြိမ့်ငြိမ့်တက်သွားတဲ့ မီးပုံးပျံကြီးကို မော့ကြည့်ပြီး အားလုံးအတူ အောင်ပွဲခံကြ တာ။ ကွင်းကြီးတပြင်လုံး၊ တမြို့လုံး ဟိန်းညံသွားတာပဲ။ အဲဒီအထဲမှာ အပျော်ဆုံးတွေကတော့ ကာယကံရှင် ပြိုင်ပွဲဝင်တွေ ပေါ့။ တချို့ဆို မှိုင်းတွေလေးလံပေကျံခဲ့တဲ့ မျက်နှာမဲကြီးတွေနဲ့ ပြုံးနေပျော်နေကြတာ။ ရှမ်းအိုးစည်သံတထုံထုံ၊ မောင်းသံ တဒူဒူအောက် ရှမ်းသိုင်းတွေ နင်းက,ပြီး ကရင်းကပျော်လွန်းလို့ ငိုကြတယ်။

သားနဲ့သမီးတို့ရေ အနာဂါတ်ဘဝတွေကို မီးပုံပျံကြီးလို အလှဆုံး၊ အခမ်းအနားဆုံးတက်နိုင်ဖို့ စုပေါင်းတာဝန်ယူစိတ်တွေနဲ့ လွှတ်နိုင်တင် နိုင်ကြပါစေ။ယှဉ်ပြိုင်ဖက်အပေါ်မှာ ကောင်းမြတ်သော စိတ်တွေနဲ့ လက်ခုပ်တီးအားပေးသော စိတ်နှလုံးများဖြင့် လှပပျော်ရွှင် နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

ချစ်တဲ့ ဦးဦး
(ခေတ္တ တောင်ကြီးမီးပုံပျံပွဲ)