ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

သော်တာသစ် ● ရာသီသွေးနှင့် လူမှုအလွှာ


သော်တာသစ် ● ရာသီသွေးနှင့် လူမှုအလွှာ
(မိုးမခ မဂ္ဂဇင်း ဇွန်လ၊ ၂၀၁၆ ထုတ်ပါ ဆောင်းပါး)
နိုဝင်ဘာ ၁၃၊ ၂၀၁၆


“အမျိုးသမီး” အဖြစ် လူ့လောကအတွင်းသို့ မွေးဖွားသန့်စင်ခံရချိန်တွင် ရှေးရိုးစွဲ လူ့အသိုင်းအ၀ိုင်းက ဘ၀ပေးကုသိုလ် မကောင်းသူ၊ မစင်ကြယ်သူ၊ ယုတ်ညံ့သူ၊ အမျိုးသားတို့ထက် တဆင့်နိမ့်ကျသူဟူ၍ အလိုအလျောက် ပညတ်ထားပြီး ဖြစ်သည်။  မည်သည့်အတွက်ကြောင့် သည်လို သတ်မှတ်ရသည်ဆိုသော အကြောင်းပြချက် မယ်မယ်ရရ မရှိဘဲ မျိုးဆက် အဆင့်ဆင့် လက်ဆင့်ကမ်းလာသည့် အယူအစွဲဖြင့်သာ ကျား နှင့် မ ဖြစ်တည်မှုအကြား လူမှုအဆင့်အတန်းကို ခွဲခြားလိုက်သည်။  သည့်နောက် မတူညီသော ခန္ဓာကိုယ်နှင့် ဇီဝလုပ်ဆောင်ချက်များအပေါ် မှီတည်၍ ထပ်မံခွဲခြားကြပြန်သည်။  အမျိုးသမီးငယ်များ (ယေဘုယျအားဖြင့်) အသက် (၁၃) နှစ် ၀န်းကျင် အပျိုဖော်ဝင်စတွင် ဇီဝကမ္မဖြစ်စဉ်ကြောင့် ခွဲခြားခံရမှုကို ပို၍ သိသိသာသာ ခံစားလာရပါသည်။

အမျိုးသမီးတို့ လစဉ်ဓမ္မတာသွေးပေါ်ခြင်းကို ပညတ်နှစ်မျိုးဖြင့် ရှုမြင်လေ့ရှိကြသည်။ ပထမ ပညတ်မှာ ရာသီသွေးသည် နိမ့်ကျသည်၊ ညစ်ညမ်းသည်ဆိုသော အယူအဆဖြစ်သည်။  နိမ့်ကျသည်ဟူသော အမြင်နှင့်အတူ မကောင်းသော စွမ်းပကားတန်ခိုး တစုံတရာ ရှိသည်ဟူလည်း ယူဆကြပြန်သည်။  အထူးသဖြင့် အမျိုးသမီးတို့သည် သူတို့နှစ်သက်သော အမျိုးသား၏ ချစ်ခင်စွဲလမ်းမှုကိုခံရအောင် သူတို့၏ ရာသီသွေးဖြင့် အစီအရင် ပြုလုပ်နိုင်သည်၊ သို့မဟုတ် အမျိုးသားတို့၏ မွေးရာပါ ဘုန်းတန်ခိုး ကျဆင်းအောင် ရာသီသွေးကို အသုံးပြုကာ မကောင်းသော အတတ်ဖြင့် လုပ်ကြံနိုင်စွမ်းရှိသည်ဟူသော အယူအဆများဖြစ်သည်။

ဥပမာ - အာဖရိကတိုက် အနောက်ဘက်ဒေသများဆီက ယဉ်ကျေးမှုနှင့် ကိုးကွယ်ယုံကြည်မှုကို ဆက်ခံခဲ့သော အမေရိကန်-အာဖရိကန်တို့၏ ဟူဒူး မှော်အတတ်တွင် အမျိုးသမီးတို့၏ ဓမ္မတာသွေးကို မိမိတို့ ကြိုက်နှစ်သက်သည့် အမျိုးသားတို့ သောက်မည့် လက်ဖက်ရည်၊ ကော်ဖီခွက်ထဲထည့်ထားလျှင် ထိုအမျိုးသား၏ တန်းတန်းစွဲ စွဲမက်ခြင်းကို ခံရမည်ဆိုသော ယုံကြည်မှု ရှိလေသည်။  ရောမနှင့် ဗြိတိန်တို့တွင်လည်း ၁၉ ရာစုမတိုင်ခင်ကအထိ အလားတူ ယုံကြည်မှုများရှိကြောင်း တွေ့ရသည်။  မြန်မာတို့မှာပင် ထိုသို့သော အယူအဆ ရှိနေတတ်သည်။  အင်ဒိုနီးရှားရှိ ဆွန်းဘားအမျိုးသမီးတို့ကမူ ၎င်းတို့၏ ဓမ္မတာရာသီစက်ဝန်းကို အတတ်နိုင်ဆုံး လျှို့ဝှက်ထားနိုင်လျှင် ၎င်းတို့၏ ခင်ပွန်းသည်တို့ကို ချုပ်ကိုင်နိုင်လိမ့်မည်ဟု ယုံကြည်ကြသည်။

နိမ့်ကျသည်ဟူသော အမြင်အရမူ အမျိုးသမီးများကို ဓမ္မတာလာနေစဉ်အတွင်း ခွဲခြားဆက်ဆံရန် ပြဋ္ဌာန်းထားသည်။  တချို့သော ယဉ်ကျေးမှုများတွင် (ဥပမာ - အိန္ဒိယ၊ နိပေါ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်)၊ အမျိုးသမီများ ရာသီသွေးဆင်းနေစဉ် ကာလတွင် ရေမချိုးရ၊ နွားကို မထိရ (သို့မဟုတ်လျှင် ထိုအမျိုးသမီး သားသမီးမထွန်းကားနိုင်)၊ မှန်မကြည့်ရ (ကြည့်လျှင် ကိုယ်ရောင်ကိုယ်ဝါ မှေးမှိန်တတ်သည်) ဆိုသော အယူအဆရှိသည်။  တန်ဇန်းနီးယားတို့၏ အစွဲကမူ အမျိုးသမီးတဦး၏ ရာသီသွေးစွန်းထားသော အ၀တ်အထည်ကို တစုံတယောက် မြင်မိပါက ကာယကံရှင် အမျိုးသမီး ကျိန်စာသင့်မည် ဟူ၍ ဖြစ်သည်။  အာရှနိုင်ငံတချို့၏ ရိုးရာအစဉ်အလာအရ ရာသီသွေးဆင်းချိန်၌ အမျိုးသမီးများကို ဘာသာရေးအခမ်းအနားနှင့် နေရာဌာနများသို့ သွားခွင့်မပြုပေ။  ဟိန္ဒူယဉ်ကျေးမှုတွင် စင်ကြယ်ခြင်း နှင့် ညစ်ညမ်းခြင်း သတ်မှတ်ချက်ဖြင့် ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားသည်။  မည်သည့်ဇာတ်စနစ်တွင်ဖြစ်စေကာမူ ရာသီသွေးကြောင့် အမျိုးသမီးခန္ဓာကိုယ်မှာ ညစ်ညမ်းနေသဖြင့် အမျိုးသမီးတို့သည် အမျိုးသားတို့ထက် တဆင့်နိမ့်ကျသည်ဟု ရှုမြင်သည်။  ရေသည် ညစ်ညမ်းမှုကို သန့်စင်ရန်အခရာဖြစ်သည်။  သို့သော် အမျိုးသမီးတို့၏ ရာသီသွေးကြောင့် ဟိန္ဒူများ မြင့်မြတ်မှုအတွက် သန့်စင်သော ရေထု မညစ်ညမ်းစေရန် စီးဆင်းနေသော ရေအရင်းအမြစ်များကို အမျိုးသမီးများအသုံးပြုမှု ကန့်သတ်ထားသည်။

 
WaterAid အဖွဲ့အစည်း၏ ၂၀၁၀ ခုနှစ်အတွင်း ကောက်ယူသော တောင်အာရှရှိ အမျိုးသမီးများ၏ ရာသီသွေးနှင့် တကိုယ်ရေသန့်ရှင်းမှု စစ်တမ်းတွင် ဓမ္မတာလာစဉ်အတောအတွင်း ၎င်းတို့ ကန့်သတ်ခံထားရသည့် အခြေအနေများကို ဖော်ပြထားသည်။  စစ်တမ်းအရ ဘာသာရေးအဆောက်အအုံထဲသို့ ၀င်ခွင့်မပြုခြင်း၊ မချက်ပြုတ်ခိုင်းခြင်း၊ ကျောင်းမသွားခိုင်းခြင်း၊ သီးခြားအိပ်စေခြင်း အစရှိသည်တို့ကို အများဆုံး ကန့်သတ်ကြကြောင်း တွေ့ရသည်။  အထူးသဖြင့် အိန္ဒိယနိုင်ငံ ဝေးလံခေါင်ပါးသော ကျေးရွာများတွင် အမျိုးသမီးငယ်များ ဓမ္မတာသွေးပေါ်သည်နှင့် မိဘများက ကျောင်းနုတ်ခြင်း၊ ကျောင်းမနုတ်လျှင်တောင် ဝေဒနာကြောင့် (သို့မဟုတ်) လူသိမခံလိုခြင်းကြောင့် ကျောင်းမသွားသဖြင့် သင်ခန်းစာများနောက်ကျရခြင်း၊ နောင်အခါ ထိုအကျိုးဆက်ကြောင့် ကျောင်းနေမပျော်ဘဲ စောလျင်စွာ ကျောင်းထွက်ရခြင်းတို့ ရှိသဖြင့် အမျိုးသမီးတို့၏ ပညာရေးကို အဟန့်အတား ဖြစ်စေပါသည်။

ဆင်းရဲခြင်း၊ အသိဉာဏ်  နိမ့်ပါးခြင်း၊ ခွဲခြားဆက်ဆံသော ယဉ်ကျေးမှုအစဉ်အလာအောက်တွင် နစ်မြှုပ်နေခြင်းနှင့် အမျိုးသားကြီးစိုးခြင်းတို့ကြောင့် အမျိုးသမီးတို့ ကြုံတွေ့ခံစားနေရသော ဓမ္မတာသွေးဆင်းရသည့် ဝေဒနာမှာ ပိုမိုဆိုးရွားစေပါသည်။  ရာသီသွေးဆင်းချိန်တွင် ခန္ဓာကိုယ်ပေါ်တွင် ခံစားနေရသော ဝေဒနာအပြင်၊ သည်ဝေဒနာကို ပတ်ဝန်းကျင်မသိအောင် ချိုးနှိမ်ဖုံးဖိရသည့် စိတ်မလုံခြုံမှု၊ စိတ်ပင်ပန်းဆင်းရဲမှုကိုလည်း ခံစားရပါသည်။  လူမှုအဆင့်အတန်း နိမ့်ကျသော ဒေသများတွင် အမျိုးသမီးများမှာ ရာသီသွေး အပြင်သို့ မပေကျံရန် အ၀တ်စများ အသုံးပြု၍ ခံထားလေ့ရှိသည်။  သို့သော် “လူသိခံရန် မဖြစ်” ဆိုသော ပညတ်နှင့် အယူအဆများကြောင့် ထိုသို့အသုံးပြုပြီးထားသော အ၀တ်စများ သန့်စင်စွာ လျှော်ဖွပ်ရန်နှင့် ခြောက်သွေ့ရန်အတွက် အဟန့်အတားဖြစ်ရသည်။  နေရောင်ခြည်ရသော နေရာတွင်လည်း ထင်ထင်ပေါ်ပေါ် မလှန်းဝံ့ကြပါ။  ထိုနည်းတူ အမျိုးသမီးလစဉ်သုံးပစ္စည်း သုံးစွဲနိုင်သူအဖို့ကျပြန်တော့လည်း “လူသိခံရန် မဖြစ်”ဆိုခြင်းကြောင့်ပင် ဈေးဆိုင်တွင် ဈေးဝယ်ခြင်းက အစ၊ ထုပ်ပိုး၍ အိမ်သို့ယူဆောင်လာရခြင်းအဆုံး လျှို့လျှို့ဝှက်ဝှက် ဆောင်ရွက်ရသည်။ အမျိုးသမီးဖြစ်လာ၍ သူ့သဘာဝအလျောက် ရာသီသွေးဆင်းရခြင်းကို အဘယ့်ကြောင့် ပညတ်များသတ်မှတ်ကာ လူမှုအလွှာဖန်တီးရသနည်း။ ဖိုဝါဒကြီးစိုးမှု၊ ထိုကြီးစိုးမှုကို ထာဝစဉ်ထိန်းထားလိုမှုကြောင့်ဟု အဓိက ရှုမြင်ပါသည်။ သည်နည်းဖြင့် လူမှုဝန်းကျင်၏ သတ်မှတ်ချက်များအပေါ် အမျိုးသမီးတို့ကိုယ်တိုင်က ဟုတ်နိုးယောင်ယောင် ထင်မြင်ပြီး ကိုယ်တိုင်ကလည်း မလွန်ဆန်နိုင်ဝံ့တော့ချေ။

သည်အထဲတွင် ဆင်းရဲနွမ်းပါးမှုသည်လည်း ဘူးလေးရာ ဖရုံဆင့်ပြန်သည်။  ဆင်းရဲတွင်းကျနေသော မိသားစုများနှင့် လူမှုအဆင့်အတန်းနိမ့်ကျ အရပ်ဒေသများတွင် သန့်စင်ခန်းနှင့် သုံးစွဲရန် ရေအလုံအလောက် မရှိပါ။  ဓမ္မတာလာစဉ်အတွင်းတွင် အမျိုးသမီးများသည် ရေအိမ်ကို မကြာခဏ အသုံးပြုလေ့ ရှိကြပါသည်။  သို့သော် စုပေါင်းအိမ်သာများကြောင့် စိတ်မလုံခြုံခြင်းအပြင် ညလူခြေတိတ်ချိန်မှ ရေအိမ်သို့သွားကာ အမျိုးသမီးအတွင်းခံကို လဲလှယ်ရန်မှာလည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ဖြစ်နိုင်ခြေကြောင့် လုံခြုံမှု မရှိပါ။  သောက်သုံးရေတောင် အနိုင်နိုင်ဖြစ်နေ၍ အသုံးပြုထားသော အတွင်းခံများကို စင်ကြယ်အောင် လျှော်ဖွပ်ရေးမှာ အလှမ်းဝေးလွန်းလှသည်။

ထို့အပြင် ရာသီသွေးဆင်းနေချိန်တွင် ရေမချိုးရဟူသော သတ်မှတ်ချက်ကြောင့်လည်း တကိုယ်ရေသန့်ရှင်းရေး ပိုမို ဝေးကွာရပြန်သည်။  ဆင်းရဲခြင်းနှင့် ဖိုဝါဒကြီးစိုးခြင်းသည်လည်း ဆက်စပ်ပြန်သည်။  အိမ်ထောင်တွင် ၀င်ငွေအဓိက ရှာသူမှာ အမျိုးသားများဖြစ်နေ၍ အလွန်နွမ်းပါးသော မိသားစုတွင် အမျိုးသားရှာဖွေသော ၀င်ငွေနှင့် အမျိုးသမီးတို့အနေနှင့် လစဉ်သုံးပစ္စည်း ၀ယ်နိုင်ရန် အခွင့်အရေးနည်းပါးပါသည်။  အမျိုးသားများက ၀င်ငွေသုံးစွဲမှုကို အဓိက ထိန်းချုပ်ထားသည်။  စား၊ ၀တ်၊ နေရေး မပြည့်စုံချိန်တွင် လစဉ်အသုံးပြုရမည့် အမျိုးသမီးပစ္စည်းအတွက် ငွေသုံးစွဲရခြင်းကို မလိုအပ်သောကိစ္စအဖြစ် အမျိုးသားများက ရှုမြင်ကြသည်။  ထို့ကြောင့်ပင် ဓမ္မတာသွေးဆင်းစဉ်တွင် တကိုယ်ရေသန့်ရှင်းရေးနိုင်မှုကို အလေးအထားနိုင်တော့ပေ။  သည်နည်းအားဖြင့် အဆိုး ကျော့ သံသရာလည်ရပါသည်။  ကျန်းမာရေးရှုထောင့်မှ ကြည့်လျှင် ရာသီသွေးဆင်းသည့်ကာလတွင် တကိုယ်ရေသန့်ရှင်းမှု မရှိခြင်းကြောင့် မျိုးပွားအင်္ဂါ၊ ဆီးလမ်းကြောင်းနှင့် မိန်းမကိုယ် အစရှိသည်တို့တွင် ရောဂါပိုးကူးစက်ပြန့်ပွားနိုင်ပါသည်။  မျိုးပွားကျန်းမာရေးအတွက် အထူးထိခိုက်စေသည့် အကြောင်းအရင်းဖြစ်ပါသည်။

လစဉ်ဓမ္မတာသွေးဆင်းခြင်းနှင့် စပ်လျဉ်းသော ဒုတိယပညတ်ချက်မှာမူ ရာသီသွေးကို “နိမ့်ကျသည်”ဟု ရှုမြင်သော ပထမပညတ်ချက်နှင့် လုံးဝ ဆန့်ကျင်ပါသည်။  ၎င်းမှာ ရာသီသွေးသည် မြင့်မြတ်သည်၊ မိခင်ဘ၀ကို ဖန်တီးနိုင်စွမ်းရှိသည့် အထောက်အပံ့ဖြစ်သည်ဟူသော အယူအဆဖြစ်ပါသည်။  အထူးသဖြင့် ဆစ်ခ်တို့၏ ယုံကြည်မှု (Sikhism) တွင် ဓမ္မတာသွေးသည် ဘုရားသခင်က အမျိုးသမီးတို့ကို ချီးမြှင့်ထားသည့် လက်ဆောင်ဖြစ်သည်။  ထို ရာသီသွေးကြောင့် မိခင်ဘ၀ကို ရရှိနိုင်သည်၊ လူသားအရင်းအမြစ်အတွက် မရှိမဖြစ်လိုအပ်သည်၊ ထို့ကြောင့်မြင့်မြတ်သည်၊ ၎င်းတို့တွင် ရာသီသွေးစွန်းထင်းမှု ရှိခြင်း၊ မရှိခြင်းဆိုင်ရာ ယုံကြည်စွဲလမ်းမှုများမရှိ၊ ထို့အတူ ဘာသာရေး အဆောက်အအုံအတွင်း အမျိုးသမီးများ ၀င်ရောက်မှုကိုလည်း မကန့်သတ်ထား။

သို့သော် ဤကဲ့သို့ မြင့်မြတ်သော ရာသီသွေးဆင်းနိုင်ခွင့်အတွက် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းရန် ညွှန်းဆိုကြပါသည်။  ထိုအယူအစွဲကြောင့် အမျိုးသမီးများအပေါ် တင်းကျပ်သည့် စည်းကမ်းများထားကာ ခွဲခြားဆက်ဆံခြင်းကို အဆင့်တဆင့် ဖြေလျှော့ပေးနိုင်သည်။  သို့သော် တခြားတဖက်တွင်လည်း အမျိုးသမီးတယောက်အဖြစ် ၎င်း၏ဖြစ်တည်မှုကို ဂုဏ်ယူစေခြင်းဖြင့် ဣတ္ထိယဆန်မှုကို ဘောင်သွင်းခြင်းမျိုး မဖြစ်စေရန်လည်း သတိပြုရန် လိုအပ်ပါသည်။

ရာသီသွေးသည် မိခင်ဘ၀သို့ရောက်စေမည့် အထောက်အပံ့ဖြစ်သည်၊ မိခင်ဖြစ်ရခြင်းသည် မြင့်မြတ်သည်ဟု ဆိုကြပါစို့။  သို့ဆိုလျှင် ဇီဝဖြစ်စဉ် ချို့ယွင်းချက်ကြောင့် ပဋိသန္ဓေမတည်နိုင်သော သူများ၊ လူမှု-စီးပွား အခက်အခဲကြောင့် ကိုယ်ဝန်မဆောင်လိုသူများ (သို့မဟုတ်) မိမိ၏ တကိုယ်ရေ လွတ်လပ်မှုအတွက် ကလေးယူရန် စိတ်ဆန္ဒမရှိသူများသည် မြင့်မြတ်သည့်အနွယ်ထဲတွင် မပါဝင်တော့ဘူးလားဟု မေးစရာရှိပါသည်။  နိမ့်ကျသည်ဆိုသော အယူကြောင့် အမျိုးသားတို့က အမျိုးသမီးတို့ကို ခွဲခြားနှိမ်ချဆက်ဆံစရာ ဖြစ်လာသကဲ့သို့၊ မြင့်မြတ်သည်ဆိုသော အယူကြောင့်လည်း အမျိုးသမီးအချင်းချင်းကြား ကိုယ်ဝန်ဆောင်နိုင်သည်၊ မဆောင်နိုင်သည်အပေါ် မူတည်ပြီး အဆင့်အတန်းခွဲမှုများ ထပ်မံပုံပေါက်နိုင်ပါသည်။

အမှန်မှာ သဘာဝကို သဘာဝအဖြစ်လက်ခံပြီး အရှိတရားအတိုင်း သက်တောင့်သက်သာ ဖြတ်သန်းနိုင်ရန်သာ အရေးကြီးဆုံးဖြစ်သည်။  လူမှုအဖွဲ့အစည်းများက သန့်စင်ခန်းများ ဖြည့်ဆည်းဆောက်လုပ်ပေးခြင်း၊ ရေအရင်းအမြစ်နှင့် လက်လှမ်းမီနိုင်စေရန် ဖန်တီးပေးခြင်း၊ သဘာဝပတ်ဝန်းကျင်ကိုလည်း မထိခိုက်စေဘဲ ဈေးနှုန်းသက်သာသည့် အမျိုးသမီးလစဉ်သုံးပစ္စည်းများ ထုတ်လုပ်မှုကို အားပေးခြင်း၊ ထို့အတွက် အမျိုးသမီးများကို ရန်ပုံငွေမတည်ပေးခြင်း၊ ထိုလုပ်ငန်းတွင် အမျိုးသမီးများကို ခေါ်ယူအလုပ်ပေးခြင်းဖြင့် ၎င်းတို့ ၀င်ငွေရစေရန် ဖန်တီးခြင်း၊ ကျောင်းနှင့် ရပ်ရွာလူထုတွင် မျိုးပွားဆိုင်ရာ အသိပညာဖြန့်ဖြူးခြင်းတို့ဖြင့် အမျိုးသမီးတို့၏ တကိုယ်ရေ ကျန်းမာ သန့်ရှင်းရေးအတွက် ကူညီပေးနိုင်ပါသည်။  ရုပ်ဝတ္ထုပံ့ပိုးမှုဖြင့် ဓမ္မတာလာစဉ်တွင် အမျိုးသမီးများ သက်တောင့်သက်သာရှိရေးကို ပံ့ပိုးပေးနိုင်သော်လည်း ၎င်းတို့အဓိက ကျော်လွှားရမည့် စိန်ခေါ်မှုမှာ လူမှု အစဉ်အလာနှင့် ပညတ်ချက်များဖြစ်သည်။

ရိုးရာဓလေ့များနှင့် ပတ်သက်လျှင် အကဲဆတ်သော လူ့အသိုင်းအ၀ိုင်းတွင် “လိင်ပညာပေးရေး (Sex Education)” ထက် မျိုးပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း (Reproductive Health Awareness) ခေါင်းစဉ်ကိုသာ ရှေ့တန်းတင်ရပါသည်။  အသိပညာပေးရာတွင် ရိုးရာအစဉ်အလာကို ၁၈၀ ဒီဂရီ ပြောင်းပြန်လှည့်ပစ်ရန် မဖြစ်နိုင်သဖြင့် အကန့်အသတ်ရှိပါသည်။  ထို့ကြောင့်ပင် ရိုးရာအစွဲကို ကျော်လွှားနိုင်ရေးအတွက် အလွန်အချိန်ယူရပါသည်။  ထိုအခါ အသိပညာပေးမှုများသည် ရာသီသွေး “နိမ့်ကျသည်”ဆိုသော အမြင်ကို ဖယ်ရန်အတွက် တခါတရံ “မြင့်မြတ်သည်” ဆိုသော အစွန်းတဖက်ကို တွန်းပို့သကဲ့သို့ ဖြစ်သွားတတ်သည်။

ရာသီသွေးဆိုင်ရာ အယူအစွဲများ ဆန့်ကျင်လှုပ်ရှားမှု (Menstrual Activism) တွင် ကျား-မ၊ လူတန်းစားမရွေး၊ လူမျိုး၊ ဘာသာမရွေး၊ အသက်အရွယ်မျိုးစုံကို အသိပညာပေးခြင်းများ ပါဝင်သည်။  အနုပညာလှုပ်ရှားမှုများ၊ ကမ်ပိန်းများဖြင့် လူထု၏ အသိအမြင်ကို ဖွင့်ပေးသည်။  ရုပ်မြင်သံကြားဖန်သားပြင်ပေါ်တွင် အမျိုးသမီး လစဉ်သုံးပစ္စည်း ကြော်ငြာခြင်းကိုပင် မသင့်တော်ဆိုသော အမြင်ကို တွန်းလှန်ခြင်းမှသည် စကားလုံးများသုံးစွဲရာတွင် ခွဲခြားနှိမ်ချမှုမရှိစေရန်အထိ အထူးဂရုထားရန် တိုက်တွန်းကြပါသည်။

သော်တာသစ်
မေ ၁၄ ၂၀၁၆

(မိုးမခ မဂ္ဂဇင်း အတွဲ (၃)၊ အမှတ် (၆)၊ ဇွန်လ၊ ၂၀၁၆ ခုနှစ် ထုတ်တွင် ပုံနှိပ်ခဲ့ပြီး ဖြစ်သည်။)