ငြိမ်းချမ်းရေးသည် ဘာ့ကြောင့်နှင့် ဘကြီးမိုး


ငြိမ်းချမ်းရေးသည် ဘာ့ကြောင့်နှင့် ဘကြီးမိုး
(ကုမုဒြာ သတင်းဂျာနယ်၊ ရန်ကုန်) မိုးမခ၊ နိုဝင်ဘာ ၁၂၊ ၂၀၁၆


ငြိမ်းချမ်းရေးဆန္ဒပြပွဲတွေ၊ လက်မှတ်ရေးထိုးပွဲတွေ အများကြီး အများကြီး ပေါ်ပေါက်နေပါတယ်။

ငြိမ်းချမ်းရေးကို တစ်ပြည်လုံး၊ တစ်နိုင်ငံလုံးက အရမ်း အရမ်း လိုလား လိုအပ် တောင်းဆိုနေကြပါတယ်။ ဘာ့ကြောင့် ပါလိမ့်၊ အဖြေက ရှင်းပါတယ်။ မငြိမ်းချမ်း လို့ ဆိုတဲ့ အဖြေပါပဲ။

၂၁ ရာစု ပင်လုံညီလာခံကြီး ပြုလုပ်ကျင်းပခဲ့ပါတယ်။ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကိုယ်တိုင် တက်ရောက် မိန့်ခွန်းပြောနားထောင်ခဲ့ပါ တယ်။ တစ်ပြည်လုံးမှ လူမျိုးစုပါတီများ၊ လူမျိုးစုများရဲ့ မကျေနပ်မှုများ၊ ခွဲခြား ဆက် ဆံခံနေရမှုများ စသည် စသည် အားဖြင့် မကျေနပ်မှုပေါင်း များစွာကို လည်း ပေါက်ကွဲ ပွင့်အန်ရင်ဖွင့် ပြောဆို ခဲ့ကြပါတယ်။ အားလုံးရဲ့ ရင်ဖွင့်သံများကို ရုပ်မြင်သံကြား မှ တိုက်ရိုက်ထုတ်လွှင့် ပြသတဲ့အတွက် အများပြည်သူ အားလုံး က လူမျိုးစုများရဲ့ ပေါက်ကွဲသံ၊ ရင်ဖွင့်သံများကို နားထောင်ခွင့်၊ သိရှိနားလည်ခွင့် ရရှိကြပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံမှာ ဘုံသဘောတူညီမှု တစ်ရပ် ထွက်ပေါ်လာ တဲ့အသံကို ကောင်းစွာ ကြားလိုက်ရပါ တယ်။ အဲဒါကတော့ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ထောင် ဖွဲ့စည်းဖို့ လိုအပ်နေပြီဖြစ်တဲ့အကြောင်းပါပဲ။

ဟုတ်ပါပြီ။ ဖက်ဒရယ်ပြည်ထောင်စု ကြီး တည်ဆောက်ကြဖို့ အားလုံး တစ်သံတည်း ထွက်တာတော့ ဟုတ်ပါပြီ။ ဘယ် လို ဘယ်ပုံ ဘယ့်နှယ် တည်ဆောက်ကြ မလဲဆိုတာကတော့ များစွာ ရှုပ်ထွေး အငြင်းပွားစရာတွေ ဖြစ်လို့နေပါတယ်။

သည်ကြားထဲမှာ လက်နက်ကိုင် တိုက်ပွဲတွေက ဖြစ်လာပါတယ်။

ကချင်မှာ တိုက်ပွဲတွေ ဖြစ်လို့ စစ်ရှောင် ပြည်သူတွေ အများကြီး အများကြီး၊ ဒုက္ခသည်စခန်းမှာ ခိုလှုံနေရပါတယ်။ ကရင်မှာလည်း တိုက်ပွဲတွေ ဖြစ်လို့ စစ်ရှောင်ပြည် သူများ ဒုက္ခသည်စခန်းတွေဖွင့်ပြီး နေကြရပါတယ်။ ရှမ်းမှာလည်း တိုက်ပွဲတွေဖြစ်လို့ မြို့ပြက ဘုန်းတော်ကြီးကျောင်းတွေမှာ စစ်ရှောင်ပြည်သူများ ခိုလှုံနေကြရ ပါတယ်။

သည်လို ကချင်က စစ်ရှောင်များ၊ က ရင်က စစ်ရှောင်များ၊ရှမ်းက စစ်ရှောင်များ နဲ့ မငြိမ်းချမ်းတဲ့ အချိန်ကာလမှာပဲ မြန်မာနိုင်ငံရဲ့ အနောက်ဘက်ခြံစည်းပေါက်က အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က ရဲစခန်းသုံးခုကို ဝင်ရောက်စီးနင်းတိုက် ခိုက်မှုပြုလို့ ရခိုင်က အဲသည်အကြမ်းဖက်မှုတွေကို လိုက်လံနယ်မြေရှင်းလင်းရေး တိုက်ပွဲတွေ ဖြစ်နေလို့ ရခိုင်မှာလည်း စစ် ရှောင်ပြည်သူတွေ မြို့ကြီးပြကြီးတွေမှာ ခိုလှုံလာကြပါတယ်။

ကမ္ဘာ့အဖွဲ့အစည်းတစ်ခုရဲ့ ဆန်းစစ်လေ့လာချက်အရ မြန်မာနိုင်ငံ မြန်မာပြည် သူတွေဟာ သဒ္ဓါတရားအထက်သန်ဆုံး လူမျိုး၊ အထက်သန်ဆုံး တိုင်းပြည်ဖြစ် ကြောင်း စစ်တမ်းအရ ဖော်ထုတ်ထား တာကို တွေ့ရပါတယ်။ ဟုတ်ပါတယ်။ ကချင်စစ်ရှောင်များ၊ ကရင်စစ်ရှောင်များ၊ ရှမ်းစစ်ရှောင်များ၊ ရခိုင်စစ်ရှောင်များကို အများပြည်သူလူထုက သဒ္ဓါတရားထက်သန်စွာ ကူညီစောင့်ရှောက်နေကြရပါ တယ်။ နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှု တွေလည်း ပါသပေါ့။

သည်လို သည်လို စစ်မီးတွေ ကချင်မှာ၊ ကရင်မှာ၊ ရှမ်းမှာ၊ ရခိုင်မှာ တောက်နေလို့ စစ်ရှောင်ပြည်သူတွေ ဒုက္ခသည် စခန်းတွေမှာ လာရောက်ခိုလှုံနေကြရပြီး အများပြည်သူလူထုက ထောက်ပံ့ကူညီ နေကြရတဲ့ အချိန်မှာ ရှမ်းမြောက်မှာ စစ်မီးတောက်လာလေ မလားလို့ တစ်စွန်း တစ်စသတင်းတွေ ထွက်ပေါ်လာပါတယ်။ ဝနဲ့ မိုင်းလားအကြား ဖြစ်ပွားတဲ့ ပြဿနာပါ။

တကယ်တော့ “ဝ”နဲ့ မိုင်းလားဆိုတာ တစ်သွေးတည်း တစ်သား တည်း ရှိကြတဲ့ သူများ ဖြစ်ပါတယ်။ ဆွေမျိုးတောင် တော်သလားမသိပါဘူး။ ဒါပေမဲ့ မိုင်းလားရဲစခန်းတချို့ကို “ဝ”တပ်တွေက စစ်လေ့ကျင့်မှုလုပ်ပြီး သိမ်းပိုက်ဆိုလားပဲ။ အဲဒါ ပြန်မဆုတ်လို့တဲ့။ သည်မှာတင် မြန်မာတပ်မတော်ကလည်း အဲသည်စခန်းတွေက “ဝ”တပ်တွေ ဆုတ်ပေးဖို့ သတိပေးသတဲ့။ “ဝ”ခေါင်းဆောင်ကလည်း စစ်မီး ဖြစ်ပွားမှုကို မလိုလားပဲ ငြိမ်းချမ်းစွာ ဆောင်ရွက်မယ်လို့ ပြောတော့ အထား သား၊ ဒါပေမဲ့လည်း ဒါပေမဲ့ စစ်မြေပြင် အနေ အထားမှာတော့ တိုက်ပွဲဖြစ်မယ့် သဘော လက္ခဏာတွေ ရှိနေပါတယ်။

“ဝ”တို့၊ မိုင်းလား တို့၊ ကိုးကန့်တို့ဆို တာ မြန်မာ-တရုတ် နယ်ခြားမျဉ်းပေါ်မှာ ဟိုဘက်သည်ဘက် တည်ရှိပြီး သူတို့ရဲ့ အဓိကစီးပွားဖက်ဟာ တရုတ်ပြည်နဲ့ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကိုးကန့်နဲ့ ပြဿနာဖြစ် ၊ တိုက်ပွဲတွေ ဖြစ်တော့ ကိုးကန့်မှာရှိတဲ့ မြန် မာနိုင်ငံသား ဝန်ထမ်းတွေ၊ မိသားစုတွေ မြန်မာနိုင်ငံဘက် ပြန်ပြေးလာရပြီး နယ် မြေရှင်းလင်းရေးလုပ်တော့ ကိုးကန့်အဖွဲ့ တရုတ်ပြည်ထဲ ဝင်ပြေးတာ ဖြစ်ပါတယ်။ အဲသည်ကို လိုက်ပြီးတိုက်ခိုက်ရာ မြန်မာနိုင်ငံစစ်တပ်ရဲ့ လက်နက်တွေ တရုတ် ပြည်ထဲ ကျရောက်ပါတယ်ဆိုတဲ့အသံတွေလည်း ကြားလိုက်ရပါတယ်။ အခုတော့ ကိုးကန့်အခြေအနေက တည်ငြိမ်သွားပါပြီ။

အခုနောက်ဆုံးပြဿနာက ဝ နဲ့ မိုင်း လား ဖြစ်ပါတယ်။ အဲသည် အဲသည် ပြဿနာတွေအားလုံးကို ဆန်းစစ်လေ့လာ ကြည့်လိုက်တဲ့အခါမှာ နယ်မြေစခန်းတွေ လုကြ၊ နေရာယူကြတဲ့ ပြဿနာတွေ ကြောင့်ချည်းပဲဆိုတာ တွေ့ရပါတယ်။
နယ်မြေစခန်းတွေဟာ လက်နက်ကိုင် အဖွဲ့များရဲ့ အဓိကအချက်အလက် အရေးပါတဲ့ နေရာတွေ ဖြစ်လို့ သည်နယ်မြေတွေက ဖယ်ရှားဖို့ ၊ ဆုတ်ခွာဖို့ လုပ်ရာက ကချင်မှာ၊ ကရင်မှာ၊ ရှမ်းမှာ တိုက်ပွဲတွေ ဖြစ်ပွားပြီး စစ်ရှောင်ပြည်သူတွေ အများ ကြီး ဖြစ်လာခဲ့ရတာပေါ့။

တိုက်ပွဲဖြစ်ပွားပြီဆိုတာနဲ့ တိုက်ပွဲအသံ၊သေနတ်သံ ကြားရပြီဆိုတာနဲ့ အဲသည် အရပ်က အများပြည်သူတွေဟာ မနေရဲ တော့ဘဲ သူတို့ရဲ့ အိုးအိမ်တွေကို ပစ်ခွာ စွန့်ပြေးပြီး စစ်ရှောင်ဒုက္ခသည်များ ဖြစ်ကြ ရတာပါ။
တိုက်ပွဲမှာတော့ လက်နက်ကိုင်များ တစ်ဖက်နဲ့တစ်ဖက် ဖြစ်ကြတာ၊ စစ်ရှောင် စစ်ပြေးဒုက္ခသည်တွေကတော့ အများ ပြည်သူများ ဖြစ်ပါတယ်။

လက်နက်ကိုင်များရှုထောင့်က နယ် မြေစခန်းတစ်ခု စစ်ရေးအမြင်အရ အရေး ပါတယ်ဆိုရင် ဝင်ရောက်နေရာယူကြတာ ပဲ။ အဲဒါကို မကျေနပ်တဲ့ အဖွဲ့ကလည်း တုံ့ပြန်တာပဲ။ တုံ့ပြန်တော့ တိုက်ပွဲဖြစ်၊ တိုက်ပွဲဖြစ်တော့ လက်နက် ကိုင်အဖွဲ့ အစည်း နှစ်ဖက်စလုံးက အကျ အဆုံး များကို ရင်ဆိုင်ရပါတယ်။ လက်နက် ကိုင်နှစ်ဖက်က သေဆုံးသူတွေလည်း ရှိ၊ ကြားထဲက ပြည်သူတွေ ကျဆုံးတာတွေလည်း ရှိလာတယ်။ စစ်ရှောင် စစ်ပြေးဒုက္ခသည်တွေက အများကြီး အများကြီး ပိုလို့ ပို့လို့ များပြားပါတယ်။

အားလုံးကို ခြုံကြည့်လိုက်ရင် တိုင်းပြည်က မငြိမ်းချမ်းဘူး။ ဟိုတစ်စ သည် တစ်စ စစ်မီးတွေ တောက်နေတယ်။ အဲသည် စစ်မီးတွေတာက်တိုင်း လက် နက်ကိုင် တိုက်ပွဲတွေနဲ့ ဖြေရှင်းကြလို့သာ တိုက်ပွဲဖြစ်တာကို။
တကယ်တမ်း စားပွဲပေါ်မှာ ညှိနှိုင်း ဆွေးနွေး အဖြေရှာတဲ့နည်းကို တိုက်ပွဲနဲ့ ဖြေရှင်းတဲ့ နည်းအစား သုံးကြမယ်ဆိုရင် ဘယ်မှာ တိုက်ပွဲဖြစ်မှာလဲ၊ ဘယ်မှာ အသေအပျောက်ရှိမှာလဲ၊ ဘယ်မှာ စစ်ရှောင်တွေ အများကြီး အများကြီး ဖြစ်လာမှာလဲ။

ငြိမ်းချမ်းရေးဟာ အရေးအကြီးဆုံးပါ။

ငြိမ်းချမ်းရေးသည် ဘာ့ကြောင့် အရေး ကြီးပါသလဲ။

မငြိမ်းချမ်းလို့ပါ။

ဘာ့ကြောင့် မငြိမ်းချမ်းရသလဲ။ လက်နက်ကိုင် ဖြေရှင်းနေကြလို့ပါ။ ဒါပါပဲ။

ငြိမ်းချမ်းရေးသည် ဘာ့ကြောင့်နှင့် ဘကြီးမိုးပါ။