ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်တမ်းတ ● အမှောင်ထဲကလာ အမှောင်ထဲကိုသွား


မောင်တမ်းတ ● အမှောင်ထဲကလာ အမှောင်ထဲကိုသွား
(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၁၆

ကျွန်တော့်ကို ၁၉၇၆ ခုနှစ် အောက်တိုဘာလ မှာ ရန်ကုန်မြို့မှာ မွေးခဲ့တယ်။ ဘဝကို နောက်ပြန်လှည့်ကြည့်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ် ကလို့ ပြောရမယ်။

ကျွန်တော်တို့ လူသတ္တဝါတွေအနေနဲ့ ကိုးလလွယ် ဆယ်လဖွားလို့ဆိုကြတော့ တိတိကျကျမဟုတ်တောင် အကြမ်းဖျင်း မှန်း ဆကြည့်ရရင် ကျွန်တော့်ကို ၁၉၇၅ ခု ဒီဇင်ဘာလနှောင်းပိုင်းနဲ့ ၁၉၇၆ ခု ဇန်နဝါရီလအစောပိုင်းကြားမှာ သန္ဓေတည်ခဲ့တယ် လို့ ခန့်မှန်းမိတယ်။

အဲဒီတုန်းက ကျွန်တော့်အစ်ကိုက လေးနှစ်သားမို့ သိတတ်စပြုတဲ့အရွယ်တော့ ရောက်နေပြီလို့ဆိုရမယ်။ အဖေနဲ့အမေက ကုန်သွယ်ရေးကဝန်ထမ်းတွေမို့ ကျွန်တော်တို့အိမ်မှာ အိမ်ဖော်ထားရတယ်။

ဒီတော့ ၃၇လမ်းထဲက ကျွန်တော်တို့ရဲ့အခန်းလေးမှာ အဖေ အမေ ကျွန်တော့်အစ်ကိုနဲ့ အိမ်ဖော်အစ်မကြီးအပါအဝင် လူ လေး ယောက်နေကြတယ်။ အဖေနဲ့အမေက ဝန်ထမ်းမို့လို့ တနင်္လာနေ့ကနေ သောကြာနေ့အထိ ရုံးကို သွားရတယ်။ အိမ်မှာ ကလည်း အိမ်ဖော်အစ်မကြီးက အမြဲရှိနေတယ်။ အိမ်ဖော်အစ်မကြီးက ကျွန်တော်တို့အခန်းရဲ့ထပ်ခိုးလေးပေါ်မှာနေပြီး အဖေနဲ့အမေက အောက်ထပ်မှာ နေကြတယ်။

ဒီတော့ အဲဒီတုန်းက အဖေနဲ့ အမေ လိင်ဆက်ဆံကြတဲ့အချိန်ဟာ ညဘက် အိပ်ရာဝင်ကြတဲ့အချိန် အမှောင်ထုကြီးထဲက လူခြေတိတ်နေချိန်လို့ ခန့်မှန်းလို့ရတယ်။ အဲဒီညတညမှာ ကမ္ဘာကြီးထဲကို ကျွန်တော်ရောက်လာခဲ့တယ်။ ပိန်းပိတ်အောင် မှောင်နေတဲ့ အမှောင်ထုကြီးထဲကနေ ကမ္ဘာကြီးထဲကို ကျွန်တော်ရောက်လာခဲ့ပါတယ်။

ပြီးတော့ တခြားတခြားသော လူသတ္တဝါတွေအတိုင်းပဲ ကျွန်တော်လည်း အစဉ်အတိုင်း ကြီးပြင်းခဲ့တယ်။ ပီဘိကလေးငယ် လေးတယောက်ဘဝကနေ လူပျိုပေါက်အရွယ်၊ လူပျိုအရွယ်တွေကို ဖြတ်သန်းပြီး လူလတ်ပိုင်းအရွယ်ကို ရောက်လာခဲ့တယ်။
လွန်ခဲ့တဲ့ခုနစ်နှစ် ရှစ်နှစ်လောက်ကတော့ ဆေးရုံမှာ ခွဲစိတ်ကုသမှုတခု ကျွန်တော်ခံယူရတယ်။ အဲဒီ ခွဲစိတ်ကုသမှုအတွက် ကျွန်တော့်ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် မေ့ဆေးပေးခံရတယ်။ နောင်အခါမှာလည်း အဲဒီနည်းအတိုင်း စုစုပေါင်း ဆယ် ကြိမ်လောက် မေ့ဆေးပေးခံခဲ့ရတယ်။

အတွေ့အကြုံအသစ်မို့ ဘယ်လိုနေမလဲလို့ ကျွန်တော် စိတ်ဝင်စားမိပေမယ့် မေ့ဆေးဆရာဝန်က အသက်ကို ပြင်းပြင်း ရှူလိုက်လို့ပြောလို့ နှာခေါင်းကိုအုပ်ထားတဲ့အုပ်ဆောင်းအောက်ကနေ အသက်ပြင်းပြင်းရှူလိုက်တဲ့အချိန်မှာပဲ ကျွန်တော် လောကကြီးကို မေ့သွားတယ်။

သတိပြန်ဝင်လာတဲ့အချိန်ရောက်တော့ ကျွန်တော်ခွဲစိတ်ကုသမှုခံယူခဲ့ရတဲ့အခန်းကနေ ကျွန်တော့် ခုတင်ကျွန်တော်ပြန် ရောက်နေတယ်။ အချိန်ကိုသိချင်လို့ တွေ့တဲ့သူနာပြုဆရာမတယောက်ကိုမေးလိုက်တော့ ကျွန်တော်မေ့သွားတာ ငါး နာရီ လောက် ရှိတယ်။ အဲဒီ ငါးနာရီလုံးလုံး ကျွန်တော့်မှာ အသိစိတ်ဆိုတာ လုံးလုံးပျောက်နေတယ်။ တနည်းပြောရရင် အဲဒီ ငါးနာရီဟာ ကျွန်တော့်ဘဝထဲက နှုတ်ပစ်လိုက်ရတဲ့ ငါးနာရီလိုမျိုးလို့ ခံစားရတယ်။ အိပ်တာနဲ့မတူတာက ကျွန်တော့်မှာ အချိန်ဆိုတဲ့သဘောတရား လုံးလုံးပျောက်နေတယ်။

ကျွန်တော့်အတွက် မေ့သွားတဲ့အချိန်နဲ့ သတိပြန်လည်လာတဲ့အချိန်ကြားမှာ ဘာမှ အကြားအလပ်မရှိဘဲ တဆက်တစပ် တည်းလို ဖြစ်နေတယ်။ ခိုင်းနှိုင်းပြီးပြောရရင် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျခြင်းမျိုးထက် အများကြီးပိုတဲ့ အိပ်မောကျခြင်းတမျိုး လို့ ပြောရမယ်ထင်တယ်။

အိပ်တာကမှ အိပ်စက်ခြင်း ရဲ့အဆင့်အမျိုးမျိုးကို မလွဲမသွေ ဖြတ်သန်းရလို့ စိတ်ထဲမှာ ဝိုးတိုးဝါးတား အိပ်မက်လိုလိုအတွေး တွေ စိတ်ကူးတွေရှိနေသေးတယ်။ မေ့ဆေးပေးခံရတာ ကျတော့ လုံးလုံးလျားလျားကို အရာအားလုံးကို မေ့လျော့သွားတဲ့ သဘောမျိုးလို့ ကျွန်တော်စဉ်းစားမိတယ်။ မသေဖူးလို့ သေတယ်ဆိုတာ ဘယ်လိုဆိုတာ မပြောနိုင်ပေမယ့် မေ့ဆေးပေးခံ ရတာနဲ့ ခပ်ဆင်ဆင်ပဲနေမှာပဲလို့ ကျွန်တော်စဉ်းစားမိတယ်။

သေလိုက်တာနဲ့ တနည်းပြောရရင် နှလုံးခုန်ရပ်သွားတာနဲ့၊ ဦးနှောက်အလုပ်လုပ်တာရပ်သွားတာနဲ့ (Brain Dead) ခုနက မေ့ဆေးပေးခံ လိုက်ရသလိုမျိုးပဲ လုံးဝအသိစိတ်ပျောက်သွားမှာပဲလို့ ကျွန်တော် စဉ်းစားမိတယ်။

နေ့ဘက်မှာပဲ သေသေ ညဘက်မှာပဲ သေသေသဘောတရားကတော့ တူတူပါပဲ။
ဖျတ်ခနဲ မီးပျက်သွားသလိုမျိုးလို့ ပြောရမယ်ထင်တယ်။
လင်းနေရာကနေ ဖြုတ်ခနဲမှောင်သွားသလိုမျိုးလို့ ပြောရမယ်ထင်တယ်။
ကျွန်တော်တို့လူသားတွေအားလုံး ဘာဆို ဘာမှန်း ဘယ်သူမှမသိရတဲ့အမှောင်ထုကြီးထဲက လာခဲ့တယ်။
ပြီးတော့ ကျွန်တော်တို့တွေအားလုံး ဘာဆိုဘာမှန်း ဘယ်သူမှမသိနိုင်တဲ့ အမှောင်ထုကြီးထဲကို သွားရမယ်။
လူတွေ ဘယ်ကလာတာလဲ… လူတွေ ဘယ်ကိုသွားနေကြတာလဲ…။
လူတွေဟာ ဘယ်သူတွေလဲ….။
ကျွန်တော် စဉ်းစားနေမိပါတော့တယ် ။ ။

မောင်တမ်းတ
(မောင်တမ်းတသည် စာရေးဆရာ ညိုထက်ညို၏ ကလောင်အမည်ခွဲ ဖြစ်ပါသည်။)