မိုက်ခဲစိန် - စားသုံးသူယဉ်ကျေးမှုကို တွန်းလှန်ကြဖို့

ရန်ကုန်က ဈေးရောင်းဆိုင်ကြီးများ မြင်ကွင်း


မိုက်ခဲစိန် - စားသုံးသူယဉ်ကျေးမှုကို တွန်းလှန်ကြဖို့
(မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၁၆


ဒေါ်အောင်ဆန်းစုကြည်က ဂျပန်မှာ ပြောသွားတယ်၊ သူတို့ အုပ်ချုပ်တဲ့ ၇ လအတွင်းမှာ ထူးထူးခြားခြား တိုးတက်ပြောင်းလဲမှုတွေ ဖြစ်မလာသေးဘူး။ ဒါက အမှန်တရားပဲ။ ဒါကို သူတို့ ၀န်ခံရဲပါတယ်တဲ့။ အဲသလို ပြောသွားတယ် ဆိုပါတယ်။ ၂၀၁၅ နိုဝင်ဘာကနေ စတွက်ရင်တော့ မြန်မာပြည်ဟာ ၂၀၁၅ ရွေးကောက်ပွဲအောင်ပွဲ ခံနိုင်ခဲ့တာ ၁ နှစ် ပြည့်ခဲ့ပြီ ဆိုရမှာပါ။ ဘာတွေ ပြောင်းလဲသွားပြီလဲ ဆိုတာ မြန်မာပြည်သားတိုင်း ကိုယ့်ကိုယ်ကို မေးနေရတဲ့ မေးခွန်းပါ။ ပြည်ခိုင်ဖြိုးအစိုးရနဲ့ လွှတ်တော်လက်က လွတ်သွားတဲ့ မြန်မာပြည်သူတွေဟာ ဒီချုပ် အစိုးရနဲ့ လွှတ်တော် လက်အောက်မှာ ဒီမိုကရေစီ အသီးအပွင့်တွေ အလျှံပယ် စားရ သောက်ရလို့ ကျန်းမာ ၀ဖြိုး အလှတိုးကြလိမ့်မယ်လို့ နေ့ချင်းညချင်း မျှော်လင့်ခဲ့တာတွေ မဖြစ်သေးတာတော့ ၀န်ခံရပါမယ်။

တို်င်းပြည်တွေရဲ့ ခေတ်ပြောင်း တော်လှန်ရေး ပြုပြင်ပြောင်းလဲရေးတွေ ဆင်နွှဲကြရာမယ် လူထုဟာ ခေတ်မှီတိုးတက် ပြောင်းလဲဖို့ကို လူထုတိုက်ပွဲအသွင်သဏ္ဍန်နဲ့ တက်ညီလက်ညီ လုပ်ကိုင် ချီတက်ရတာ ဖြစ်ပါတယ်။ ဂျပန်က ဒုတိယကမ္ဘာစစ်နဲ့ အနုမြူပြာပုံထဲက ရုန်းထွက်ကြတော့ ဂျပန်ပြည်သူတွေဟာ အစွမ်းကုန် အလုပ်လုပ်ကြရပါတယ်။ အမေရိကန်ပြည်မှာလည်း ဒုတိယကမ္ဘာစစ်အပြီး အထွေထွေ စီးပွားပျက်ကပ်ထဲက ရုန်းထွက်ကြဖို့ ရုန်းကန် လှုပ်ရှားကြရပါတယ်။ အဲသည်တုန်းက အရင်းရှင်နိုင်ငံတွေဟာ သူတို့ပြည်သူလူထုကို မည်သို့သော လူထုပေါ်လစီ လူထုနီတိ ကို ၀ါဒဖြန့် လှုံဆော်ပြီး ချီတက်ပါသလဲ။ စားကြ သောက်ကြ သုံးကြ ဖြုံးကြ ပေါ်လစီ မဟုတ်ပါ။ ခြိုးခြံချွေတာကြ မသုံးနဲ့ မဖြုံးနဲ့ ဆိုတဲ့ ပေါ်လစီပါ။ စက်မှု လက်မှု လယ်ယာ စိုက်ပျိုးရေးတွေ လုပ်နိုင် ကိုင်နိုင် ထုတ်လုပ်နိုင် ပြင်ဆင်နိုင်လာကြတော့မှ စားကြဟေ့ သောက်ကြဟေ့ သုံးကြ ဖြုံးကြဟေ့ဆိုပြီး စာသုံးသူယဉ်ကျေးမှုနဲ့ သုံးကြ ဖြူံးကြဖို့ ဇာတ်သွင်းခဲ့ကြတာပါ။။ တရုတ်ပြည်မှာ အစစရှားပါးတဲ့ ခေတ်ပြောင်းကာလမှာ သူတို့လူတွေအားလုံး လယ်ယာတွေ စက်ရုံတွေထဲ မောင်းသွင်းပြီး အလုပ်လုပ်ကြ၊ ဝေပုံကျ ရာရှင်စနစ်နဲ့ ခွဲဝေစားသောက်ကြ၊ ထုတ်လို့ရသမျှ အကုန်ရောင်း၊ အကုန်တင်ပို့ပြီးမှ နောက်များမှသာ ပြည်သူတွေကို စားတတ် သောက်တတ်အောင် တခါးဖွင့်ပေးတာလို့ ဆိုပါတယ်။

မြန်မာပြည်မှာကတော့ တခါးဖွင့်လိုက်တာနဲ့ တယ်လီဖုံးတွေ ၀ယ်ကြ၊ ဆင်းကဒ်တွေ ရောင်းဝယ်ကြ။ ပြည်ပက စားသောက်ကုန်တွေ အ၀တ်အထည်တွေ ဈေးမျိုးစုံနဲ့ တင်သွင်းပြီး စားဖို့ သောက်ဖို့ ၀ယ်ဖို့ ခြမ်းဖို့ အပြိုင်အဆိုင် ဆွယ်ကြ မြူကြနဲ့ပါ။ စားသောက်ဆိုင်တွေ မျိုးစုံဖွင့်ပြီး သောက်ကြ စားကြ သုံးကြ ဖြုန်းကြဖို့ လူတွေကို ဆွဲဆောင် စည်းရုန်းနေကြတာပါ။ ကားခတွေ လူနေမှု စာရိတ်တွေက တရိပ်ရိပ်တက်လာတဲ့ဆီမှာ မြန်မာပြည်သူတွေက ဘယ်ကယ်တင်ရှင်ကမှ ၀င်ပြီး သက်သာအောင် လုပ်မပေးတဲ့အတွက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ စားဝတ်နေရေးကို ဖြေရှင်းနေကြရပြန်တာပါ။ စားဝတ်နေရေးစာရိတ်တွေက တက်၊ ချိုးခြံခြွေတာဖို့ကလည်း ပေါ်လစီခေတ်မစားပြန်တော့ ပြည်သူတွေဟာ နည်းမျိုးစုံနဲ့ ငွေရပေါက်မျိုးစုံတွေ ရှာဖွေနေကြရပါတယ်။ သည်တော့ စာရိတ္တမဏ္ဍိုင်တို့၊ လာဘ်ပေး လာဘ်ယူတို့၊ ဖြတ်လမ်းနည်းတို့ဆိုတာဟာ အခြား ရွေးခြယ်စရာတွေ ဖြစ်နေပါတယ်။ ပညာရေး ကျန်းမာရေးမှာ စာရိတ်သက်သာတဲ့ အစိုးရအထောက်အကူပြု ချောင်ချိရေးနည်းစနစ်များ မရှိသေးတဲ့အတွက် မိဘပြည်သူတွေဟာ ငွေ ရှာပြီးရင်းရှာ ငွေသုံးပြီးရင်း သုံးပြီး ပညာရေး၊ ကျန်းမာရေး ကိစ္စတွေ ဖြေရှင်းနေရပါတယ်။

သည်တော့ ပြောချင်တာက မြန်မာပြည်မှာ စားသုံးသူယဉ်ကျေးမှုဆိုတဲ့ တလွဲဆံပင်ကောင်းတဲ့ အလေ့အကျင့်တွေကို တွန်းလှန်ပြီး ပြည်သူတွေဟာ မလိုအပ်တဲ့ နေရာတွေမှာ ကိစ္စတွေမှာ မသုံးဖို့ မဖြုံးဖို့ ခြိုးခြံချွေတာကြဖို့ အစိုးရနဲ့ အာဏာပိုင်တွေက တိုက်တွန်း နိုးဆော်တဲ့ လူထုပေါ်လစီ တိုးမြှင့် လှုံဆော်ကြစေလိုပါတယ်။ ခုချိန်ထိ မြန်မာပြည်ဟာ ဒီမိုကရေစီ ခေတ်ပြောင်းတော်လှန်ရေးကို လူထုအသိနဲ့ ဆင်နွှဲနေကြဆဲ ဖြစ်တယ်ဆိုတာ၊ ပြုပြင် ပြောင်းလဲဖို့အတွက် လူထုဟာ မလိုအပ်တဲ့ သုံးစွဲမှုတွေ လျော့ချကြဖို့ အသိပညာပေးနိုင်ဖို့ လိုမယ် ထင်ပါတယ်။

ဆင်းရဲသား လူတန်းစားဟာ မလောက်မငှနဲ့ ဆင်းရဲ ကြပ်တည်းစွာ အသက်မွေးနေရတာကို သိကြပါမယ်။ အနည်းငယ် လူးသာ လွန့်သာတဲ့ လူလတ်တန်းစားဟာ အသုံးအစွဲတွေ စိစစ်ပြီး နိုင်ငံတခုလုံး အတိုင်းအတာ ဖြုံးတီးမှုတွေကို လျှော့ချ နိုင်ရပါမယ်။ သုံးနိုင် ဖြုံးနိုင်တဲ့ အထက်တန်းစားတွေဟာ ဂုဏ်တု ဂုဏ်ပြိုင်တွေထက် တိုင်းပြည်ရဲ့ ထုတ်လုပ်မှုတွေ စားသောက်မှုတွေကို အကျိုးတိုက်ရိုက် ရှိစေမယ့် နေရာတွေကို အားပေးစေချင်ပါတယ်။

ကျနော်တို့ မြန်မာတွေ အသုံးထက် အဖြုံး ဘယ်ဟာ ပိုများနေသလဲ။ လွယ်ကူတဲ့ ဥပမာကတော့ မိုဘိုင်းတယ်လီဖုန်းကိုယ်စီနဲ့ ဖေ့စ်ဘွတ်ပေါ်မှာ အချိန်တွေ ဖြုံးနေခြင်း တခုနဲ့တင် လုံလောက်ပါတယ်။ သူတို့မှာ ဖုန်ုးတလုံး၊ ဆင်းကဒ် က ၃ မျိုးလောက် ရှိတယ်။ အချိန်တိုင်းမှာ ဖေ့စ်ဘွတ်ပေါ်မှာတင် ဖတ်လိုက်၊ လိုက်ခ်လုပ်လိုက်၊ ကွန်မင့်ပေးလိုက်၊ သူများတွေက တုန့်ပြန်တာကို စောင့်လိုက်၊ ပြန်တုန့်ပြန်လိုက်နဲ့ အချိန်တွေ ကုန်နေလိုက်ကြတာ။ အဲသည်မှာ ကိစ္စတခုလောက် တက်လိုက်တာနဲ့ ရန်ဖြစ်ကြ၊ ပြောကြ ဆိုကြတွေသာ ဆက်လိုက်လို့ကတော့ တနေကုန် အလုပ်တောင် မဖြောင့်တော့ပဲ ဒါနဲ့တင် သူတို့ မိုးကြီး ချုပ်ကြတော့တာပါပဲ။ ချိုးခြံချွေတာခြင်းကို အဲသည်မှာ အသုံးချလိုက်ရင်ပဲ သူတို့တွေရဲ့ သက်သာချောင်ချိရေးအကျိုး တိုက်ရိုက်ပေးမှာ သေချာပါတယ်။

စားသောက်ဆိုင်တွေ ၊အပျော်အပါးတွေ ၊ ၁၀ ဂဏန်းကျော်တဲ့ ရုပ်သံလိုင်းတွေ၊ အက်ဖ်အမ် လိုင်းတွေ၊ ကာရာအိုကေတွေ၊ ဘီယာ အရက်ဆိုင်တွေ၊ နိုင်ငံခြားသွင်းကုန်တွေ၊ တယ်လီဖုန်း ဆင်းကဒ်ဖိုးတွေ၊ ဈေး အဆမတန်တင်ထားတဲ့ စားသောက်ကုန်တွေ မီးနူးတွေ၊ အပြိုင်အဆိုင် ၀တ်ကြ စားကြ သောက်ကြ ၀ယ်ကြ ရောင်းကြတာတွေ ကိုယ့်ပတ်ဝန်းကျင်မှာ အများကြီးပါ။ အသုံးနဲ့ အဖြုံးကိုသာ ခွဲခြားပြီး ချွေတာ စိစစ်လိုက်နိုင်မယ် ဆိုရင် မယောင်ရာ ဆီလူးခိုင်းနေတဲ့ စားသုံးသူယဉ်ကျေးမှုကို ကျနော်တို့ တွန်းလှန်နိုင်လိမ့်မယ် မျှော်လင့်မိပါတယ်။

သမ္မတကြီး ဦးထင်ကျော်ဟာ အများသူငှာ ၀တ်ကြ စားကြသလို ၀တ်စားပြီး ရိုးရိုးကုတ်ကုတ်နဲ့ သွားလာ လုပ်ကိုင်နေတာ အလွန်တရာ ချစ်ခင် အားကျ အတုယူစရာပါ။ သူ့ဧည့်ခံပွဲမှာ ရေတခွက် မုန့်တယှက်နဲ့ ကိစ္စပြီးပါတယ်။ စီးထားတဲ့ ဘိနပ်ကလည်း သာမန်ဘိနပ်ကလေး တရံပါ။ မလိုအပ်တဲ့ ဖြုန်းတီးမှုတွေကို သမ္မတကြီးကိုယ်တိုင်က ရှေ့ကနေ လုပ်ကိုင် ပြနေတာ မမြင်ရပါဘူး။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း ရိုးရိုးအေးအေး မနေမနား အလုပ်လုပ်နေတာကို တွေ့နေရတာပါပဲ။ ဗိုလ်ချုပ်မှူးကြီးကလည်း ကျည်ဆံတွေ သေနတ်တွေ လူ့အသက်တွေ မဖြုန်းတီးပဲ ခြိုးခြံချွေတာပြီး ငြိမ်းချမ်းရေးကို အရယူတာမျိုး လုပ်ပြနိုင်လိမ့်မယ် ထင်ပါတယ်။ ပြည်သူတွေဟာ ဒီမိုကရေစီတော်လှန်ရေး မပြီးသေးဘူးဆိုတဲ့ တိုက်ပွဲအသိနဲ့ စားသုံးသူယဉ်ကျေးမှုကို တွန်းလှန်နေကြရဦးမှာ ဖြစ်ပါတယ်။