အေပရယ်ညိုညိုချော ● ဂုဏ်သရေ တန်ဖိုးရဲ့နေရာ


အေပရယ်ညိုညိုချော ● ဂုဏ်သရေ တန်ဖိုးရဲ့နေရာ
(မိုးမခ) နိုဝင်ဘာ ၁၀၊ ၂၀၁၆

{၁}
သန့်ရှင်းသပ်ရပ်စွာနှင့် တောက်ပနေသာသူသည် အရောင်းဆိုင်တစဆိုင်၏ စင်မြင့်တနေရာတွင် တင့်တယ်စွာနေရာယူ လျက်ရှိနေသည်။

ဆေးရောင်စုံလေးများဖြင့် ရုပ်ပုံလေးများကို လှပစွာ ခြယ်မှုန်းထားသော သူ့အပြင်အဆင်ကြောင့် လူတချို့က စိတ်ဝင်တ စားကြည့်ကြပေမယ့် တချို့ကျပြန်တော့လည်း သူ့အားရှိသည်ဟုပင် ထင်ပုံမပေါ်ပါ။ သူ့ကိုကျော်၍ အခြားနေရာများဆီသာအာရုံရောက်နေကြပါသည်။

မည်သို့ပင်ဖြစ်စေ သစ်လွင်တောက်ပမှုဖြင့် ရပ်တည်နေရသောစာအုပ်လေးတစ်အုပ်အဖြစ် လက်ရှိဘဝကို သူ့ဘာသာ ကျေ နပ်လို့နေသည်။

ဆိုင်အတွင်းသို့ဝင်လာသော အသက်ငါးဆယ်ကျော်အရွယ်ဦးလေးကြီးတဦးက သူ့အား စိတ်ဝင်တစားကြည့်နေ၍ သူအနေ ခက်စွာငြိမ်သက်လျှက်။

ထိုဦးလေးကြီးက သူ့ကိုကြည့်နေရာမှဆိုင်ထဲရှိ အရောင်းစာရေးမလေးဖက်လှည့်၍  "ဒီ {------} မဂ္ဂဇင်းစာအုပ်က ဘယ် လောက်လဲသမီး???"  ဟုမေးနေသည်။ ဦးလေးကြီးထံမှကြားသိရသော သူ့နာမည်သည် ကဗျာဆန်၍လှပနေသေးတော့ သည်။

"နှစ်ထောင်ပါ ဦး" ဆိုသည့်အရောင်းစာရေးမလေးအပြောကြောင့် နှစ်ထောင်၏တန်ဖိုးသည်မည်မျှရှိမှန်း သူမသိသော်လည်း သူသည် နှစ်ထောင်တန်စာအုပ်ဆိုသည်ကိုတော့ သိလိုက်ရပါသည်။

"အေးအေး ဦးလေးကို တအုပ်ပေးပါကွာ"

"ဟုတ်ကဲ့"  ဟုဆိုကာ အရောင်းစာရေးမလေးက သူ့အား ကျွတ်ကျွတ်အိပ်နှင့်ထည့်ပြီး ဦးလေးကြီးလက်တွင်းသို့ပေးလိုက် ချိန်မှစ၍  သူသည်လည်းဦးလေးကြီးသွားရာနောက်သို့ တကောက်ကောက်လိုက်ပါသွားရတော့သည်။

{၂}
သူ၏သစ်လွင်လှပမှုတို့ဖြင့် လူတို့ကို အဘယ်မျှဆွဲဆောင်နိုင်မည်လဲဆိုသည်ကို အတွေးဖြင့် ခန့်မှန်းကာ ထိုဦးလေးကြီးသွားရာနောက်သို့တိတ်ဆိတ်စွာပင် လိုက်ပါလာရသည်။

သူ့ကိုသယ်ဆောင်လာသောဦးလေးကြီးကသူ့အား စားပွဲပစ်ချလိုက်သောကြောင့် "ဘုတ်" ခနဲ အသံနှင့်အတူ သူလန့်သွား သည်။

ဒီစားပွဲခုံပေါ်ရောက်ပြီး အချိန်အတော်ကြာသည်အထိ မည်သူကမျှ သူ့ကိုစိတ်ဝင်တစား မရှိကြပါ။ နံဘေးမှဖြတ်သွားသော လူတယောက်ကို မြင်တိုင်း သူ့ကိုမည်သူကများ ဂရုစိုက်လေမလဲဟူသောမျှော်လင့်ချက်ဖြင့်သာ ငြိမ်သက်နေရတော့သည်။

လက်တစုံ၏အထိတွေ့ကြောင့် ငြိမ်သက်နေရာမှ ဆတ်ခနဲ သူလန့်သွားသည်။ သူ့အားလာ၍ထိတွေ့ကိုင်တွယ်သူမှာ အစော ပိုင်းက တည်းကသူတွေ့နေရသော ဤအိမ်မှ မိန်းမကြီးတယောက်ဖြစ်သည်။
 
"ဖေကြီး  စာအုပ်ဝယ်လာတာလား!!"
"အေး!!! အမှာစာမှာ ဆရာကြီးတယောက်ညွှန်းထားတာတွေ့လို့ ဖတ်ရအောင် ဝယ်လာတာမေကြီးရေ"

"ဟုတ်လား!! ဖတ်ကြည့်ဦးမှပဲ"

ပြောရင်းက မေကြီးဆိုသူက စိတ်ဝင်တစား သူ့အားစ၍ လှန်လှောလေတော့သည်။ သူသည်လည်း မေကြီးဆိုသူလှန်လှောရာအလိုက်သင့်လှုပ်ရှားရင်း အသက်ဝင်လာရသည်။ အချိန်တွေ ဘယ်လောက်ကြာသွားသည်ပင် မသိလိုက်ပါ။

"မေမေရေ ထမင်းစားရအောင် "  ဟူသောခေါ်သံကြောင့် မေကြီးဆိုသူသည် ဖတ်လက်စနေရာဖြစ်သော သူ့ခန္ဓာအစိတ်ပိုင်းတွင်းမှထောင့်စွန်းတစ်ခုကို လက်နှင့်ခေါက်ချိုး၍ ထားခဲ့တော့သည်။

{၃}
ဤအိမ်တွင် သူ့အားတဖျတ်ဖျတ်နှင့်လှန်လှောကြည့်သူရှိသလို တမျက်နှာချင်းကို စိမ်ပြေနပြေနှင့် လက်ထိပ်လေးကို တံ တွေးစွတ်၍ လှန်ကြည့်သူလည်း ရှိသည်။ ပူပြင်းသောရာသီဥတုကြောင့် ယပ်တောင်သဖွယ် အသုံးပြု၍ယပ်ခတ်တတ်သူလည်း ရှိပြန်ပါသည်။ ဒီလိုနှင့် ဤအိမ်တွင် သူသည်လည်း နေသားကျနေခဲ့လေပြီ။

ဤအိမ်သို့သူရောက်လာသည်မှာ ရက်ပေါင်းမည်မျှရှိပြီကို မခန့်မှန်းတတ်ပေမယ့် သူရောက်ခါစကလိုတော့ သူ့အရောင်တို့ သည် မသစ်လွင်တော့ပါ။ လူတို့နှင့်ထိတွေ့မှုများရ၍ ပဲလားမသိ။ ဝါကျင့်ကျင့်အရောင် ဖြစ်လို့နေလေပြီ။ အတွင်းပိုင်းတွင် လည်း ထိပ်အစွန် ဘယ်ညာနှစ်ဖက်လုံးတွင် ခေါက်ရာများက ရေတွက်၍မရအောင် များပြားနေခဲ့ပြီ။

အလည်မှပိုင်း၍ခေါက်တတ်သောသူတချို့ကြောင့်လည်း အချို့နေရာများတွင် ဒေါင်လိုက်ခေါက်ကြောင်းများနှင့် ဖြစ်နေ လေပြီ။

"ဒီကဗျာလေး ငါကြိုက်လိုက်တာဟယ်" ဟုဆိုကာ သူ့အစိတ်ပိုင်းချို့ကိုမညှာမတာ ဖြဲယူကြ ပြန်ပါသေးသည်။ စာကြောင်းများ ကိုမင်နီဖြင့်မျဉ်းတားကာ မှတ်တတ်သူတယောက်ကြောင့်လည်း နေရာအချို့တွင် မင်နီစင်းများဖြင့် မည်သို့မျှ ကြည့်၍မတင့် တယ်တော့သောပုံစံနှင့် လူတွေကြား သူဖြတ်သန်းနေရလေပြီ။

"ငါက ဒီပုံယူမယ်   နင်က ဒီပုံယူ" ဟုဆိုကာ ကတ်ကြေးဖြင့်ဖြတ်ညှပ်တတ်သောကလေးနှစ်ယောက်ကြောင့် လည်း သူ၏ မူလပုံသဏ္ဍန်မှာမပေါ်တော့ပါ။

ရှေ့မျက်နှာဖုံးနှင့်တွဲလျက် မြဲနေသေးသောအတွင်းထုထည်သည် ဤအိမ်သို့စရောက်စဉ်ကာလကနှင့်တော့ လုံးဝကွဲပြားနေ လေပြီ။

မင်းသားပုံပါသောကြော်ငြာမျက်နှာစာကိုလည်း ကြိုက်လိုက်တာဟုဆိုကာ ဖြဲယူထားတတ်သောကောင်မလေးတယောက်လည်း ဤအိမ်တွင်ရှိပါသေးသည်။

စာအုပ်ဆိုင်မှသူ့အားဝယ်ယူခဲ့သော နှစ်ထောင်ဆိုသည့်ငွေကြေးတန်ဖိုးသည် မည်မျှရှိသည်မသိပေမယ့် ယခုလက်ရှိ သူ့ ဘဝသည် နှစ်ထောင်တန်တော့မည်မဟုတ်တာတော့ သေချာပါသည်။

သူ့အားဝယ်ယူလာသောဦးလေးကြီးသည်ပင် သူ့ကိုရံဖန်ရံခါမှသာ ကိုင်သည်။ ဤအိမ်တွင် သူ့အား ထိတွေ့မှုအနည်းဆုံးလူကိုပြပါဆိုလျှင် ဦးလေးကြီးသာဖြစ်တော့သည်။ တစ်ခါကိုင်မိပြီဆိုလျှင်လည်း လက်ကမချတော့ပါ။

တနေ့တွင်မှာတော့ သူဦးလေးကြီးနှင့်အတူရှိနေခိုက် ရုတ်တရက်ဦးလေးကြီးက မာဆတ်ဆတ်အသံနှင့်.....
   
"ငါဒီထဲက ဖတ်လက်စလေးက မပြီးသေးဘူးကွ ဘယ်သူဖြဲလိုက်တာလဲဟမ်!!"

"သမီးမနေ့ကအကြော်စားရင်းစားပွဲပေါ် အချဉ်ရည်တွေမှောက်ကုန်လို့ဖြဲပြီးသုတ်လိုက်မိတာပါ ဖိုးဖိုး"

"အေးးးးး!!!ကောင်းရောကွာ"

ဒီလိုနှင့်သာပြီးသွားသောကိစ္စတစ်ခုတွင် သူသည်စားပွဲခုံသုတ်စရာ ပစ္စည်းတစ်ခုလည်းဖြစ်နိုင်သေးသည်ပဲလို့ အသိတစ်ခုရ လိုက်ပြန်ပါသည်။

သူသည် စာအုပ်တစ်အုပ်ဖြစ်သည်တော့ မှန်ပေမယ့် သူ၏တန်ဖိုးသည် ဘယ်အရာနည်း။ အသစ်ကာလက လှပဝေဆာခဲ့သော မျက်နှာဖုံးလား၊ နာမည်ကြီးစာရေးဆရာတယောက်၏ အမှာစာလား၊ သို့တည်းမဟုတ် မာတိကာဆိုသည့်စာကြောင်း အောက်မှ ခေါင်းစဉ်များလား။

အတွင်းပိုင်းမှ ဟာသ၊ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတို/ရှည်လား မခွဲခြားတတ်ပါ။ ကျန်နေသေးသည့်ကြော်ငြာ၊ ဗေဒင်၊ သုတရေး ရာ၊ ကျန်းမာရေး ဒါတွေလားလည်း သူမပြောတတ်။ ဆိုင်ပေါ်တွင်ရှိနေခဲ့စဉ်က နုပျိုလန်းဆန်းသောမာန်များသည် ယခုသူ့ တွင် မရှိတော့ပါ။

ယခုလက်ရှိသူသည် တံတွေးညှီနံ့ပေါင်းများစွာ၊ ခေါက်ရိုးပေါင်းများစွာ၊ မှင်နီကြောင်းများစွာနှင့် နှစ်လိုဖွယ်မရှိသော စာအုပ် တအုပ် ဖြစ်၍နေလေပြီ။

သူ့ဆီမှလူတွေရရှိသွားသောကောင်းကျိုး တခုခုကိုတော့ သိခွင့်ရှလျှင် သိချင်ပါသေးသည်။ ခုချိန်မှာ ညှိုးမှိန်နေပြီဖြစ်ပေမယ့် လူတွေအတွက်ကို အကျိုးပြုမှုတစခုခုလေးရှိခဲ့လျှင်တော့ဆိုသည့်အတွေးနှင့် သူကျေနပ်ချင်ပါသေးသည်။

သူ့ပိုင်ဆိုင်ထားသောဟာသလေးဖြင့် လူတို့ကို ပြုံးရယ်စေချင်ပါသေးသည်။

သူပိုင်ဆိုင်ထားသောကဗျာလေးများဖြင့် လူတို့၏ နှလုံးသားကို နူးညံ့စေချင်ပါသေးသည်။

သူပိုင်ဆိုင်ထားသောသုတ၊ ရသဆောင်းပါးလေးများဖြင့် လူတို့၏အသိကို ပွင့်လင်းစေချင်ပါသေးသည်။

သူပိုင်ဆိုင်ထားသော ဝတ္ထုတို၊ ရှည်လေးများဖြင့် လူတို့၏နှလုံးသားကို လှုပ်နှိုးချင်ပါသေးသည်။

နောက်ဆုံးတတ်နိုင်သမျှအင်အားလေးဖြင့် လူတို့၏သွေးကြောထဲ နစ်ဝင်စီးမျောချင်ပါသေးသည်။

{၄}
စာအုပ်တအုပ်၏ဂုဏ်သည် လူတို့ဝန်းကျင်တွင် ဖြတ်သန်းရင်းညစ်နွမ်းညှိုးမှိန်သွားရခြင်းကို ခေါ်သည်လား သို့တည်းမဟုတ် စာအုပ်ဆိုင်ထဲတွင်သာ ဝယ်သူမဲ့စွာ လှပတင့်တယ်ခြင်းပေလား သူကိုယ်တိုင်မဝေခွဲနိုင်သေးခင် အချိန်တွင်းမှာပင် သူသည် လူတို့ကိုတတ်နိုင်သမျှပေးဆပ်ရင်း စာအုပ်တအုပ်အဖြစ် ရပ်တည်ခဲ့ရခြင်းအပေါ် ကျေနပ်မှုရသည်မရသည်ကို မဝေခွဲနိုင် ခင်အတွင်းမှာပင် ဒီလောကကြီးအတွင်းမှ တစစနှင့် ပျက်စီးယိုယွင်းကာ ပျောက်ကွယ်သွားရပေဦးမည်ကိုတော့ အသေအချာ သိ နေခဲ့လေပြီ။ ။

အေပရယ်ညိုညိုချော