မြန်မာစာရေးစာဆရာ ၃ ဦး အမေရိကန် စာပေဟောပြောပွဲခရီး လာရောက်မည်

မြန်မာစာရေးစာဆရာ ၃ ဦး အမေရိကန် စာပေဟောပြောပွဲခရီး လာရောက်မည်
(မိုးမခ) နိုဝင်ဘာ၂၊ ၂၀၁၆

နိုဝင်ဘာ လလယ်ပိုင်းမှာ မြန်မာစာရေးဆရာများဖြစ်တဲ့ ကြည်မင်း၊ ရွှေကူမေနှင်း နဲ့ မိချမ်းဝေတို့ အမေရိကန်ပြည်ထောင်စုကို စာပေဟောပြောပွဲခရီးစဉ်အဖြစ် ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ပထမဦးဆုံး စာပေဟောပြောပွဲကို နိုဝင်ဘာလ  ၂၀၊ ဆန်းဒေးမှာ ဆန်ဖရန်ဘေးဧရိယာမှာ ကျင်းပမှာဖြစ်ပြီး ဒုတိယစာပေဟောပြောပွဲကိုတော့ နယူးယောက်ပြည်နယ်မှာ ကျင်းပဖို့ ရှိပါတယ်။ အသေးစိတ်ကို ဆက်လက်တင်ပြပါမယ်။

လက်ခံရရှိထားတဲ့ စာရေးဆရာများရဲ့ အထုပ္ပတ္တိအကျဉ်းကို တင်ဆက်လိုက်ပါတယ်။


 ကြည်မင်း (ကျော်စောမင်း) ၏ စာပေနှင့် ကိုယ်ရေးဘဝ အကျဉ်း


စာရေးဆရာကြည်မင်း (ခေါ်) ကျော်စောမင်း (အမည်ရင်း ဦးမောင်မောင်စံ) ၏ Profession မှာတိရစ္ဆာန် ဆေးကုဆရာဝန်ဖြစ်ပြီး မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တွင် ပါမောက္ခချုပ်အဆင့်အထိ တာဝန်ထမ်းဆောင် ခဲ့သည်။ ယခုအခါတွင်အငြိမ်းစားယူပြီး ရန်ကုန်မြို့တွင်အခြေချနေထိုင်သည်။

မြန်မာနိုင်ငံစိုက်ပျိုး၊ သစ်တောနှင့် မွေးမြူရေးနှင့်ရေလုပ်ငန်းပညာရှင်များအဖွဲ့Academy of Science ၏ အဖွဲ့ဝင်ပညာရှင်တဦးလည်းဖြစ်သည်။  ယဉ်ကျေးမှုဝန်ကြီးဌာန ၏ မြန်မာနိုင်ငံပြက္ခဒိန် အကြံပေးအဖွဲ့တွင်လည်း အဖွဲ့ဝင်ဖြစ်ခဲ့ဖူးသည်။ မြန်မာနိုင်ငံသတင်းစာဆရာအသင်းတွင် ရန်ကုန်တိုင်းဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးပြီး ယခုအခါတွင် ဗဟိုစည်းကမ်းထိန်းသိမ်း ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ စာရင်းစစ်လည်း ဖြစ်သည်။

၁၉၄၆ ဇန်န၀ါရီတွင် ပုသိမ်မြို့တွင်မွေးဖွားသည်။ အသက် ၁၅ နှစ်အရွယ်တွင် ကဗျာဖြင့် စာပေနယ်သို့ဝင် ခဲ့သည်။ အသက်၂၀ တွင်ကြည်မင်း ကလောင်အမည်ကို အတည်တကျယူသည်။ မိခင်ဒေါ်ငွေကြည်နှင့်ဖခင် ဦး ကျင်မင်းတို့၏နာမည်များကို ပေါင်းစည်းထားခြင်းဖြစ်သည်။ ကြည်မင်း ကလောင်အမည်ဖြင့် ပထမဆုံးရေးသား သောစာပေမှာ ၁၉၆၈ မိုးရာသီထုတ်အိုးဝေဂျာနယ်မှ သရော်စာများဖြစ်သည်။ ဝေဖန်ရေးဆောင်းပါးများ ရေးရန် အတွက် ကျော်စောမင်းအမည်ကိုယူပြီး ၁၉၉၀မှစ၍ ဟန်သစ် မဂ္ဂဇင်းတွင် ဖတ်ကြည့်ကဏ္ဍကို တာဝန်ယူခဲ့သည်။

ကွယ်လွန်သူအထောက်တော်လှအောင်နှင့်အတူ သတင်းဂျာနယ်ကို ၁၉၆၉တွင် တည်ထောင်ခဲ့သည်။

ယနေ့အထိ ကဗျာ ၅၀ခန့်၊ ၀တ္ထုတို/ရှည် ၇၀ခန့်၊ ဆောင်းပါး ၆၀၀ ကျော်နှင့် လုံးချင်း ၄၀ ကျော် ပုံနှိပ်ပြီး ဖြစ်သည်။

ပထမဆုံးလုံးချင်းမှာ တူဒေးစာပေတိုက်မှ မျဉ်းပြိုင်မျိုးဆက် ဖြစ်ပြီး၊ နောက်ဆုံးထုတ်မှာ Wisdom House စာပေတိုက်မှထုတ်ဝေသော ဦးအောင်သင်းနှင့်ကျွန်တော် စာအုပ်ဖြစ်သည်။

လုံးချင်းစာအုပ်များအနက် လုပ်ချင်တာလုပ်နိုင်ဖို့၊ လုပ်သင့်တာလည်းလုပ်နိုင်ဖို့နှင့် ရှင်းတူးရှင်တူး မှာကိုယ်တွေ့ဖြစ်ရပ်များဖြင့် တင်ပြထား သော လူငယ်ကြီးပွားရေး အားဖြည့်လမ်းညွှန်စာပေ ဖြစ်သည်။ ဗေဒါတောမှဆည်းဆာမှာ ၀တ္ထုတိုပေါင်းချုပ်ဖြစ် သည်။ စာဖတ်သူတဦး၏ ဒိုင်ယာရီ မှာ ဝေဖန်ရေးဆောင်းပါးများဖြစ်သည်။ ပညာခရီးနှင့်ပညာမျက်စိ စာအုပ်မှာ နိုင်ငံခြားတွင် ပညာသင်ကြားခဲ့ရသော အတွေ့အကြုံများနှင့် ပညာရေးအတွေးအမြင်များဖြစ်သည်။ အင်္ဂလိပ်ဘာ သာဖြင့်လည်း ကဗျာ၊ ၀တ္ထုတို၊ ဆောင်းပါး၊ ပညာရပ်ဆိုင်ရာဆောင်းပါးများနှင့် စာပေသုတေသနစာတမ်းများရေး သားခဲ့သည်။

ယခုအချိန်တွင် ဒီမိုကရေစီတူဒေး သတင်းစာနှင့် ပြည်သူ့အရေး ဂျာနယ်တွင် နိုင်ငံရေးဝေဖန်စာများနှင့် ကြေးမုံသတင်းစာတွင် စာပေဝေဖန်ရေးများကို ပင်တိုင်ဆောင်းပါးရှင်အဖြစ် ရေးသားနေဆဲဖြစ်သည်။

စာဖတ်သူတဦး၏ဒိုင်ယာရီ စာအုပ်ဖြင့် ၂၀၀၄ ထန်းရိပ်ညို စာပေဆုနှင့် ဦးဆောင် စွန့်စား စီးပွားရေး တည်ဆောက်ခြင်း စာအုပ်ဖြင့် ၂၀၀၈ သုတစွယ်စုံဘာသာပြန်စာပေဆု ရခဲ့ဖူးသည်။

ဇနီးဖြစ်သူ ဒေါက်တာခင်မမ (ဒုတိယပါမောက္ခချုပ်-ငြိမ်း)၊ သမီး၎ ဦးနှင့်အတူ ရန်ကုန်မြို့စမ်းချောင်းရပ် တွင်နေထိုင်လျက်ရှိသည်။



ရွှေကူမေနှင်း၏ ဘ၀နှင့်စာပေမှတ်တမ်း
 

အမည်ရင်း။ ။ ဒေါ်စံမေ

၁၉၃၉။ သြဂုတ်လ(၁၅)ရက်တွင်၊ ကချင်ပြည်နယ်၊ ရွှေကူမြို့၊ အဖ သစ်တော အကောက်စာရေးကြီး ဦးစိန်၊ အမိဒေါ်စောရင်တို့မှ မွေးဖွားခဲ့သည်။ မွေးချင်း ၈ယောက်မြောက်အနက် ပဉ္စမမြောက် ဖြစ်သည်။

၁၉၄၂။ ဒုတိယကမ္ဘာစစ်အတွင်း၊ တောတောင်းတွင်းü ပြေးပုန်းခဲ့ရသည်။

၁၉၄၆။ ရွှေကူမြို့၊ တောပုန်းရွာ၊ မူလတန်းကျောင်းü စတင်ပညာသင်ကြားသည်။

၁၉၄၇။ ရွှေကူမြို့၊ S.P.P ကျောင်းü ဆက်လက်ပညာသင်သည်။

၁၉၅၀။ ရွှေကူမြို့၊ အစိုးရအထက်တန်းကျောင်းü ပညာသင်သည်။

၁၉၅၅။ မတ်လ(၁)ရက်နေ့ထုတ်၊ တိုင်းရင်းမေဂျာနယ်တွင် 'ချောကလက်'အမည်ရှိ ၀တ္ထုတိုစတင်ပုံနှိပ် ခံရသည်။ (ရှစ်တန်းကျောင်းသူဘ၀)

၁၉၅၆။ တက္ကသိုလ်ဝင်တန်းအောင်မြင်သည်။ တပြည်လုံးပထမဆင့်အုပ်ဆုü ပါဝင်ပြီး၊ တက္ကသိုလ် စကောလားရှစ်ပညာသင်ဆုရသည်။

၁၉၅၆။ ရန်ကုန်၊ ဆရာအတတ်သင်သိပ္ပံတက်ရောက်သည်။

၁၉၅၇။ ရွှေကူမြို့ü အလယ်တန်းပြဆရာမအဖြစ် အမှုထမ်းသည်။

၁၉၅၉။ ရန်ကုန်တက္ကသိုလ်သို့ ကချင်ပြည်နယ်၊ ပညာရေးဌာန၏ ပညာတော်သင်အဖြစ်တက်ရောက် သည်။ (ရတနာဆောင်၊ သဟာယနှင့်စာဖတ်အသင်းအမှုဆောင်၊ ကချင်ပြည်နယ်၊ ကျောင်း သားသမဂ္ဂ အမှုဆောင်)

၁၉၆၁။ ရွှေကူမြို့ü အထက်တန်းပြဆရာမအဖြစ် အမှုထမ်းသည်။

၁၉၆၃။ ဗန်းမော်သို့ပြောင်းရွှေ့အမှုထမ်းသည်။

၁၉၆၇။ B.A (ပြင်ပ၀ိဇ္ဇာ) ဘွဲ့ရသည်။

၁၉၇၀။ အထက်တန်းကျောင်းအုပ်တိုးမြှင့်ခံရသည်။ (လက်မခံ)

၁၉၇၁။ မြန်မာ့အသံသို့ ပြောင်းရွှေ့ အမှုထမ်းသည်။

၁၉၇၂။ ပထမဆုံးလုံးချင်းဝတ္ထု (ဘယ်မှာမိုးခိုရမလဲကွယ်) ထုတ်ဝေသည်။

၁၉၈၃။ မြန်မာ့အသံမှ ဆေးလက်မှတ်ဖြင့် အငြိမ်းစားယူသည်။

၁၉၈၈။ ၈၈-အရေးတော်ပုံတွင် စာပေနှင့်အနုပညာရှင်များအဖွဲ့မှာ ပါဝင်လှုပ်ရှားခဲ့သည်။

၁၉၈၉။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့ခေါင်းဆောင်။ (ကလောင်အမည် ပိတ်ခံရသည်။)

၁၉၉၀။ ရန်ကုန်တိုင်း၊ တိုက်ကြီး (၁)လွှတ်တော်ကိုယ်စားလှယ်။

၁၉၉၁။ အင်းစိန်အကျဉ်းထောင်သို့ နိုင်ငံရေးပုဒ်မဖြင့် (၃)နှစ် အကျဉ်းကျသည်။

၁၉၉၂။ ထောင်မှလွတ်သည်။

၁၉၉၂။ အမေရိကန်သံရုံး၊ ဘာသာပြန်စာအုပ်ထုတ်ဝေရေးဌာနတွင် ဘာသာပြန်ဆရာ(ကန်ထရိုက်စနစ် ဖြင့်စာအုပ်များပြန်ဆိုထုတ်ဝေခဲ့သည်။) (သောမတ်ဂျက်ဖာဆင် အတ္ထုပ္ပတ္တိ၊ အမေရိကန်အစိုးရ၊ အမေရိကန်ဒီမိုကရေစီစာအုပ်များ ထင်ရှားသည်။)

၁၉၉၆။ ရွှေ… စာပေထုတ်လုပ်ရေး စတင်ထူထောင်သည်။ (ကလောင်အမည် ပြန်လည် သုံးစွဲနိုင်ခဲ့သည်။)

၂၀၀၀။ ပြည်ပသင်တန်းများ၊ ၀ပ်ရှော့များ၊ ဆွေးနွေးပွဲများ ဖိတ်ကြားခြင်းခံရသော်လည်း Passport မရခဲ့။

၂၀၁၀။ Passport ရသည်။

၂၀၁၀။ ရန်ကုန်တက္ကသိုလ်သမိုင်းတစိတ်တဒေသအဖြစ် 'ငါတို့ခေတ်ကတက္ကသိုလ်' ကို ရေးသား ထုတ်ဝေသည်။

၂၀၁၂။ အင်းစိန်အကျဉ်းထောင်တွင်းမှ ဘ၀အထွေထွေကိုဖော်ပြသော 'အင်းစိန်မှတ်တမ်း' 'အကျဉ်းစံ မိန်းမများ' 'နိုင်ငံရေးအကျဉ်သူများ' 'ကန္တာရနှင်းဆီ' စာအုပ်တို့ကိုထုတ်ဝေသည်။

၂၀၁၆။ 'အင်းစိန်မှတ်တမ်း'ကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည်။ ယနေ့ထိဝတ္ထုတို ၁,၀၀၀ ကျော်၊ ဆောင်းပါး၂,၀၀၀ကျော်၊ မဂ္ဂဇင်းဝတ္ထုရှည် ၄၀၊ ပင်ကိုရေးလုံးချင်း စာအုပ် ၁၅၊ ဘာသာပြန် စာအုပ်၃၀၊ အတ္ထုပ္ပတ္တိနှင့် ဘာသာရပ်ဆိုင်ရာကျမ်း ၁၀၊ ပင်ကိုရေး အက်ဆေး၂၅ ရေးသားပြီးဖြစ်သည်။

ရွှေ…စာပေဒါနအဖွဲ့ (စာကြည့်တိုက်များသို့ စာအုပ်လှူခြင်း၊ ဟောပြောခြင်း)နှင့် မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂ (ဒု-ဥက္ကဋ္ဌ) အဖြစ် ပရဟိတလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

Email - writerhnin@gmail.com



မိချမ်းဝေ၏ ဘ၀နှင့်စာပေ ကိုယ်ရေးအကျဉ်း

ဆရာမ မိချမ်းဝေသည် သထုံမြို့ ၌ အဖ ဦးထွင်းခင် (မြန်မာ) အမိဒေါ်သန်းစိန် (မွန်)တို့မှ ၁၉၅၃ ခုနှစ် အောက်တိုဘာလ (၄) ရက်နေ့မှာ ဖွားမြင်သည်။

၁၉၇၂ ခုနှစ်၊ အမှတ် (၈၇) အိုးဝေဂျာနယ်မှာပါဝင်သည့် ''ကျော်ဟိန်းအလိုရှိသည်''ဆောင်းပါးဖြင့် စာပေ နယ်သို့စတင်ဝင်ရောက်သည်။ ထိုဆောင်းပါးကို သခွတ်ပန်း(သထုံ) ကလောင်အမည်ဖြင့်ရေးသားခြင်းဖြစ် သည်။ စာရေးဆရာမကြီးခင်နှင်းယု၏ သခွတ်ပန်းဝတ္ထုကို နှစ်သက်í ယူသည်။ ထိုအမည်ဖြင့်ပင် တိုင်းရင်းမေ ဂျာနယ်မှာ ကဗျာများရေးဖွဲ့သည်။

၁၉၇၅ ခုနှစ်မှာ သထုံမြို့နယ် အ.ထ.က (၂) မှ ၁၀တန်းအောင်မြင်ပြီး တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့  နယ်တွင် မူလတန်းဆွဲခန့်ဆရာမအဖြစ် စတင်တာဝန်ထမ်းဆောင်သည်။

၁၉၈၄ ခုနှစ်တွင် မြိတ်မဂ္ဂဇင်း ၌ ကျွန်တော်ဖောင်းသမား' ၀တ္ထုတိုကို မိချမ်းဝေ ကလောင်အမည် ယူလျက် ပါဝင်ရေးသားသည်။ ထိုဝတ္ထုသည် ဆရာမ မိချမ်းဝေ၏ ပထမဦးဆုံးဝတ္ထုတို လက်ရာဟုဆိုနိုင်သော မီးသွေးဖောင်းလုပ်သား တို့၏ ဘ၀ကိုညွှန်းဆိုနိုင်သည့် ၀တ္ထုဖြစ်သည်။

၁၉၉၀ ခုနှစ်မှ၍ ကျောင်း၊ ဈေးနှင့်လူမှုဘ၀ရှုခင်းဝတ္ထုတိုများကို ရုပ်ရှင်တေးကဗျာ၊ ကလျာ၊ မြားနတ်မောင်၊ မဟေသီ၊ မြန်မာ့ဓန စတဲ့ မဂ္ဂဇင်းတွေမှာ ပါဝင်ရေးသားသည်။

၁၉၉၆ ခုနှစ်၊ လုပ်သက် (၂၁) နှစ်အရတွင် ကျောင်းဆရာမအလုပ်မှ အနားယူကာ တနင်္သာရီတိုင်း ရေလုပ် သားတို့၏ဘ၀၊ ကျွန်း၊ တောင်၊ သောင်၊ ကမ်း-နောက်ခံဂုံးရှာ၊ ကမာငုပ်၊ ဂွေးဖောင်ချ၊ ၀ါးလတ်၊ ၀ါးတန်း၊ ငါးဖမ်း လှေစသော ပင်လယ်ပျော်တို့အကြောင်း အဓိကထား၍ ၀တ္ထုတိုများရေးသားခဲ့ပါသည်။

'ငါ့သမီးကတနင်္သာရီတိုင်းမှာနေခဲ့တယ်၊ တို့မြန်မာစာပေသမိုင်းမှာ အတွေ့ရနည်းတဲ့ ပင်လယ်တံငါ အကြောင်းတွေရေးဖို့ ကြိုးပမ်းပါလို့ လိုင်းချပေးသည့် မိခင်တဦးသဖွယ်စောင့်ရှောက်ခဲ့သူ စာရေးဆရာမကြီး လူထု ဒေါ်အမာရဲ့အားပေးမှုကြောင့် ပင်လယ်ရေလုပ်သားတို့ဘ၀ကို ကွင်းဆင်းလေ့လာရေးသားခဲ့သည်။

စာရေးဆရာ၊ သတင်းစာဆရာကြီး၊ လူထုစိန်ဝင်းက ပထမဆုံးပင်လယ်တံငါ စာရေးဆရာမအဖြစ် ချီးကျူး ကမ္ပည်း တင်ခြင်းခံရပြီး ဆရာမ၏ ဆလုံတိုင်းရင်းသားသရုပ်ဖော် 'ဇီဝဇိုးကျိန်စာ' ၀တ္ထုတိုမှာ စာပေလောကသား တို့ အသိအမှတ်ပြုခံရသော ၀တ္ထုဖြစ်သည်။

ပင်လယ်ဝတ္ထုတိုများကိုစုစည်း၍ ဒေါ်ဒေါ်မာ၏ကြီးပွားရေးစာအုပ်တိုက် (မန္တလေး)က 'ကမာရင်ကွဲနဲ့ အခြားပင်လယ်ဝတ္ထုတို' များစာအုပ်ကို ထုတ်ဝေခဲ့သည်။

ထိုစာအုပ်ဖြင့်ပင် အမျိုးသားစာပေ၀တ္ထုတိုပေါင်းချုပ်ဆုကို ဆွတ်ခူးရရှိခဲ့သည်။ ၂၀၀၀ပြည့်နှစ်က ဖြစ်ပါ သည်။

၂၀၀၃ ခုနှစ်တွင် ပဂဲ(ခေါ်)ကျောက်ပုစွန်မွေးမြူ တင်ပို့ရောင်းချခြင်းဆိုင်ရာ အမျိုးသမီးတို့ရဲ့အားမာန် သရုပ်ဖော် 'မေ့ဆေး' ၀တ္ထုတိုကို ဂျပန်နိုင်ငံတိုယိုတာ ဖောင်ဒေးရှင်းကထုတ်ဝေသောစာအုပ်တွင် ဂျပန်ဘာသာ သို့ ထည့်သွင်းပြန်ဆိုခြင်းခံရသည်။

ယခုအခါ လုံးချင်းဝတ္ထုရှည်၊ ၀တ္ထုတို၊ ခရီးသွားစာပေ စာအုပ်ပေါင်း(၂၂)အုပ်ကိုထုတ်ဝေပြီးဖြစ်သည်။