ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

တူမောင်ညို - အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သော လမ်း



တူမောင်ညို - အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သော လမ်း
မိုးမခ ၊ နိုဝင်ဘာ ၂၃၊ ၂၀၁၆

“ တိုင်းရင်းသားအားလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ - ပြည်ထောင်စုငြိမ်းချမ်းရေးတည်ဆောက်စို့ ”

(၉၆) နှစ် မြောက်အမျိုးသားနေ့ ဦးတည်ချက် ၄ ရပ်ထဲက ဦးတည်ချက်နှစ်ရပ်ကို ပေါင်းစပ်ထားတဲ့ အမျိုးသားနေ့ ဆောင်ပုဒ် ဖြစ်ပါတယ်။ ဒီဆောင်ပုဒ်ဟာ အတိုင်ပင်ခံလျှောက်သောလမ်း ဘာလဲဆိုတာကို အတိအလင်း ညွန်ပြနေပြီး အတိုင်ပင်ခံလျှောက်တဲ့ လမ်းဆိုတာဟာ တနည်းအားဖြင့်ပြောရရင် နိုင်ငံတော်အစိုးရလျှောက်လှမ်းရမယ့်လမ်းလည်းဖြစ်တယ်ဆိုတာ အားလုံးက သဘောပေါက် နားလည်ထားပြီးသားဖြစ်ပါမှာ။

တိုင်းရင်းသားအားလုံး ဘက်စုံဖွံ့ဖြိုးဖို့ - ပြည်ထောင်စုကြီးတစ်ခုလုံးငြိမ်းချမ်းဖို့ဆိုတဲ့ ဦးတည်ချက်ကို ပေါက်မြောက်အောင် အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်လှမ်းနေတဲ့ ဒီလမ်းဟာ သာယာဖြောင့်ဖြူးသော လမ်းမကြီးတော့မဟုတ်ပါဘူး။ အတားအဆီးတွေ၊ အနှောင့် အယှက်တွေ၊ အကန့်အသတ်တွေနဲ့ဖြစ်ပါတယ်။

ဒါကြောင့် ဒီခေါင်းစဉ် (အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သော လမ်း) အောက်ကနေ ဖြစ်ပေါ်လာတဲ့ဖြစ်ရပ်တွေဖြစ်စဉ်တွေကို ဝေဖန် ဆန်းစစ်ပြီး မိုးမခစင်မြင့်ကနေ ရေးသားတင်ပြသွားလိုပါတယ်။ မိုးမခအယ်ဒီတာများကလည်း “ဆိုင်းငံ့ခြင်း” မပြုဘဲ ဖော်ပြပေးလိမ့်မယ် လို့ (မရဲတရဲ) မျှော်လင့်ပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်းမှာ ရင်ဆိုင်နေရတဲ့ အတားအဆီးတွေ၊ အနှောင့်အယှက်တွေ၊ အကန့်အသတ်တွေက ဘာတွေလဲ။ အခြေခံအားဖြင့် အမျိုးအစား နှစ်မျိုးပဲရှိတယ်လို့မြင်ပါတယ်။

ပထမအမျိုးအစား - သဘာဝတရားရဲ့ အကန့်အသတ်ပါ။ ဒါဟာ လူသားတိုင်းကြုံမြဲဓမ္မတာဖြစ်တဲ့ အသက်အရွယ် အိုမင်းလာ မှုဖြစ်ပါတယ်။ ဇရာရဲ့လက္ခဏာနဲ့ သူ့အပေါင်းအသင်းတွေက ဘာတွေလဲဆိုတာ အများသိပြီးသားမို့ အသေးစိတ်တွေ မရေးလိုတော့ပါ။

အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အရွယ်နဲ့မလိုက်အောင် သန်တုန်းမြန်တုန်းပဲ ဆိုတာကိုတော့ သူ့လှုပ်ရှားမှုကတွေက သက်သေခံနေ ပါတယ်။ အတိုင်ပင်ခံ ပုဂ္ဂိုလ်လျှောက်သောလမ်းဟာ အကွေ့အကောက်အတားအဆီး၊ အကန့်အသတ်တွေများသလို ရှည်ရှည်ဝေးဝေး လည်း လျှောက်လှမ်းရမှာလို့ မြင်ပါတယ်။ ဒါကြောင့် ဒီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းကြတဲ့သူတိုင်းအတွက် အသက်အရွယ်ဟာ အကန့်အသတ်တစ်ခုပါပဲ။

ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဆရာဒဂုန်တာရာတို့လည်း “ညီညွတ်ရေး - ငြိမ်းချမ်းရေး - ဒီမိုကရေစီရေ - တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး” ဆိုတဲ့ ဦးတည်ချက်ကို မမှတ်မသုန်လျှောက်လှမ်းခဲ့ကြတာပါပဲ။ “ ဆရာမသေခင် တိုင်းပြည်မှာ တကယ့်ငြိမ်းချမ်းရေးရတာ မြင်သွားချင်တယ်” ဆိုတဲ့ ဆန္ဒကို ရင်ဝယ်ပိုက်ပြီး သဘာဝမိခင်ရဲ့ခေါ်ဆောင်တာကို ငြင်းပယ်ခြင်းငှာ မစွမ်းသာခဲ့ကြပါဘူး။

ဒါကြောင့် အသက်အရွယ်ဟာ ဒီလမ်းကို လျှောက်တဲ့နေရာမှာ အကန့်အသတ်တစ်ခုပါဘဲ။

ဒုတိယအမျိုးအစားမှာတော့ အပိုင်း နှစ် ပိုင်းပါဝင်ပေါင်းစပ်ထားတဲ့ အတားအဆီးအကန့်အသတ်ဖြစ်ပါတယ်။ သဘာဝတရားရဲ့ အကန့်အသတ်မျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရာစုနှစ်ဝက်ကျော်ကြာ အထိုင်ကျနေတဲ့ အတားအဆီးအကန့်အသတ်တော့ဖြစ်ပါ တယ်။ အပိုင်း နှစ် ပိုင်းပါဝင်ပေါင်းစပ်ထားတဲ့ အတားအဆီးအကန့်အသတ်က တစ်ခုက တပ်မတော်ကို ဂုတ်ခွစီးထားတဲ့ စစ်အုပ်စုေ နာက်တစ်ခုက “၂၀၀၈ အခြေခံဥပဒေနဲ့တည်ဆဲဥပဒေများ” အပါအဝင်ဖြစ်တဲ့ စစ်ဗျူရိုကရေစီယန္တရားကြီးပဲဖြစ်ပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်းမှာ ပုံစံမျိုးစုံနဲ့ပေါ်ပေါက်လာတဲ့ အတားအဆီး၊ အနှောင့်အယှက်၊ အကန့်အသတ်မှန် သမျှရဲ့ဇစ်မြစ်နဲ့ပင်မရေစီးကတော့အထက်မှာတင်ပြခဲ့ အစိတ်အပိုင်းနှစ်ရပ်ဖြစ်တဲ့ စစ်အုပ်စု၊ “၂၀၀၈အခြေခံဥပဒေနဲ့တည်ဆဲဥပဒေများ” အပါအဝင်ဖြစ်တဲ့ စစ်ဗျူရိုကရေစီယန္တရားကြီးပဲဖြစ်ပါတယ်။

စစ်အုပ်စုနဲ့ စစ်ဗျူရိုကရေစီယန္တရားဆိုတဲ့ ကုမ္ပဏီကြီးနှစ်ခုကနေ အတားအဆီးတွေ၊ အနှောင့်အယှက်တွေ၊ အကန့်အသတ် တွေကို (ကာလ၊ ဒေသ၊ ပရောဂနဲ့အညီ) တံဆိပ်မျိုးစုံ၊ ပုံစံမျိုးစုံနဲ့ ဒလဟော ထုတ်လုပ်ဖြန့်ဖြူးနေတာပါ။

ဒါကြောင့် အတိုင်ပင်ခံလျှောက်သောလမ်းမှာ ရင်ဆိုင်ကျော်လွှားရမယ့် အဓိကပြဿနာဟာ စစ်အုပ်စုနဲ့ စစ်ဗျူရိုကရေစီ ယန္တရားပဲဖြစ်ပါတယ်။ “တိုင်းရင်းသားအားလုံး ဘက်စုံဖွံ့ဖြိုးဖို့ - ပြည်ထောင်စုကြီးတစ်ခုလုံးငြိမ်းချမ်းဖို့ဆိုတဲ့ ဦးတည်ချက်” ကို ပေါက် မြောက်အောင် လျှောက်လှမ်းနိုင်/မနိုင်ဆိုတဲ့ မေးခွန်းရဲ့အဖြေဟာ စစ်အုပ်စုနဲ့ စစ်ဗျူရိုကရေစီယန္တယားကြီးကို အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဘယ်လောက် ယဉ်ပါးစေနိုင်သလဲဆိုတဲ့အချက်နဲ့ ဘယ်လိုမှ ခွဲခွာလို့ မရအောင်ပဲ ဆက်စပ်နေပါတယ်။

ညီညွတ်ငြိမ်းချမ်းပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် စစ်အုပ်စုဆိုတဲ့ ကျားဆိုးကို ဂုတ်ခွစီးပြီး နဖားကြိုးတပ်နိုင်ဖို့က အခြေခံ အကျဆုံး လိုအပ်ချက်ဖြစ်ပါတယ်။ တောရိုင်းကိုခုတ်ထွင်ရှင်းလင်းပြီးမှသာ လယ်မြေယာမြေကိုတည်နိုင်သလိုပါပဲ။ ကြက်ဥကြော်စား ချင် ရင် ကြက်ဥကို ခွဲကြရမှာပါပဲ။

ဒီကနေ့စစ်အုပ်စုဟာ “ကာချုပ်”ကနေတဆင့် တပ်မတော်တစ်ခုလုံးကို ချုပ်ကိုင်လွှမ်းမိုးထားနိုင်တဲ့ အနေအထားအောက်မှာ သူတို့ရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် အကျိုးစီးပွားတွေကို “၂၀၀၈ အခြေခံဥပဒေ” ဆိုတာနဲ့ “တရားဝင်” သို့မဟုတ် “ဥပဒေနဲ့အညီ” ဖြစ်အောင် စိတ်ကြိုက်ဖန်တီးရေးဆွဲပြဋ္ဌာန်းထားဖြစ်ပါတယ်။

ဒါကြောင့်အဓိကရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ပုံပေါ်အောင် ပြောစမ်းပါဆိုရင်အခုလိုပြောနိုင်မယ်လို့ထင်ပါတယ်။ စစ်အုပ်စု အတွက် “ကာချုပ်”ဟာ ညာလက်သီးဖြစ်ပြီး၊ ဘယ်လက်သီးကတော့ “၂၀၀၈ အခြေခံဥပဒေ” ဖြစ်ပါတယ်။ စစ်အုပ်စုက ဒီလက်သီး နှစ်ဖက်ကို တစ်လုံးချင်းဖြစ်စေ၊ အတွဲလိုက်ဖြစ်စေ ( ဂျက် - ဘက် - ဝမ်း - တူး ဆိုသလို) ဝှိုက်လက်သီး၊ ထောက်လက်သီး၊ ဖြောင့် လက်သီး စသဖြင့် အတိုးအဆုတ်စိတ်ကြိုက်လုပ်ပြီး “စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီကြိုးဝိုင်း” ထဲမှာ တက်လာသူတွေကို ထိုးသတ်နေ တာဖြစ်ပါတယ်။

ဒီကြိုးဝိုင်းထဲကို အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ပါတီဟာ “ ပြင် - ဝင်” နဲ့ “ဝင် - ပြင်” ဆိုတဲ့ လမ်းစဉ် နှစ်ရပ်တိုက်ပွဲမှာ အတိုင်ပင်ခံရဲ့ လမ်းစဉ်ဖြစ်တဲ့ “ဝင် - ပြင်”ဟာ အနိုင်ရသွားပြီး။ အရှိကို အရှိတိုင်းမြင်တယ်ဆိုတဲ့ လက်တွေ့ကျမှုနဲ့အတူ တိုးဝင်သွားခဲ့တာပါ။ အခု ရင်ဆိုင်နေရတဲ့ အတားအဆီးတွေ၊ အနှောင့်အယှက်တွေ၊ အကန့်အသတ် တွေဟာ “ဝင် - ပြင်” လမ်းစဉ်ပေါ်ကနေ ကြုံတွေ့ရတဲ့ အကျိုး ဆက်တွေပဲဖြစ်ပါတယ်။ “ပြင် - ဝင်” လမ်းစဉ်ရဲ့အသက်ဝိဉာဉ်လို့ ဆိုရမယ့် “ရွှေဂုံတိုင်ကြေညာချက်” ကိုတော့ အတိတ်မှာ ချန်ထားရစ်ခဲ့ ကြပါပြီ။ “ပြင်-ဝင်” လမ်းစဉ်ရဲ့မာလိန်မှူးကြီးဖြစ်တဲ့ ဦးဝင်းတင်လည်း မြင့်မြတ်ရာဘုံဘဝမှာ ဆရာလူထုဦးစိန်ဝင်းနဲ့ “ဌာနချုပ်ကို အမြောက်နဲ့ခွင်းကြ” ဆိုတဲ့ ဆောင်းပါးကိစ္စ ဆွေးနွေးပြီးလောက်ပြီလို့ ထင်ပါတယ်။

“၂၀၀၈ အခြေခံဥပဒေ” ရဲ့ စည်းကမ်းပြည့်ဝတဲ့ ကြိုးဝိုင်းထဲမှာ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ သူ့ကိုယ်သူ ပေါင်းစပ်သူ၊ ဖြန်ဖြေသူ၊ ညှိနှိုင်းဆောင်ရွက်သူဆိုတဲ့ အနေအထားကို သူကိုယ်တိုင် ရွေးချယ် ဖန်တီးခဲ့ပါတယ်။ အဲဒါကတော့ “ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဆိုင်ရာဥပဒေ ” ဆိုတာကို ချက်ချင်းပြဋ္ဌာန်းခဲ့ပါတယ်။

ဒီလိုရွေးချယ်ဖန်တီးရတာကလည်း ခိုင်မာတဲ့အခြေခံအချက်နဲ့ အကြောင်းတရားရှိပါတယ်။ အဲဒါကတော့ ၂၀၀၈ အခြေခံ ဥပဒေ၊ ပုဒ်မ ၅၉ (စ) ဆိုတဲ့ စစ်အုပ်စုက တမင်တကာထည့်သွင်းရေးဆွဲထားခဲ့တဲ့ ပိတ်ဆို့ကန့်သတ်မှုကြောင့်ပါပဲ။

ပုဒ်မ ၅၉ (စ) ဟာ အရင်းစစ်လိုက်ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအဆင့်နေရာကို ဗြောင်အကျဆုံး ပိတ်ပင် ကန့်သတ်ထားတာပါ။ ဒါဟာ စစ်အုပ်စုရဲ့ မပြေငြိမ်းနိုင်တဲ့ အာဃာတကို အထင်အရှားပြသတဲ့ အချက်ဖြစ်ပြီး၊ ဒီအာဃာတဟာ စစ်အုပ်စု ရဲ့ ဂေါ့ဖားသားဖြစ်တဲ့ ဗိုလ်နေဝင်းဆီကနေ အာဏာအမွေနဲ့အတူ တပါတည်းဆက်ခံထားတဲ့ အာဃာတအမွေလည်းဖြစ်ပါတယ်။

စစ်အုပ်စုက အခြေခံဥပဒေ စိတ်ကြိုက်ရေးဆွဲနိုင်တဲ့ အနေအထားအောက်မှာ “ အငြိုးအတေးအာဃာတ ” ဟာ အခြေခံ ဥပဒေ ပုဒ်မဖြစ်လာခဲ့ပြီ။

ဥပဒေပုဒ်မ ဖြစ်လာတဲ့ စစ်အုပ်စုရဲ့ အငြိုးအတေးအာဃတ ကို တခဲနက်အနိုင်ရလာတဲ့ (၂၀၁၅ ) ရွေးကောက်ပွဲရလဒ်နဲ့ ကျော်လွှားခဲ့ပါတယ်။ ဒီကျော်လွှားမှုဟာ ၂၀၁၆ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့မှာ တရားဝင် အတည်ဖြစ်လာတဲ့ “ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဆိုင်ရာဥပဒေ ” ဆိုတာပါပဲ။ ဒီချုပ်ပါတီအစိုးရဖွဲ့ပြီး ရက်ပိုင်းအတွင်း ပေါ်ပေါက်လာတဲ့ ဥပဒေဖြစ်ပါတယ်။ ဒီချုပ်ပါတီလွှတ်တော် အမတ်အများစုရဲ့လွှတ်တော်က ပထမဆုံးပြုလုပ်ဖန်တီးပေးလိုက်တဲ့ ဥပဒေပြုမှုလည်းဖြစ်ပါတယ်။

ဒီဥပဒေပြဋ္ဌာန်းမှုကို စစ်အုပ်စုဟာ “ကာချုပ်” ကနေတဆင့် ပြင်းပြင်းထန်ထန်ကန့် ကွက်ဆန့်ကျင်ခဲ့တာပါ။

လွှတ်တော်ထဲမှာ “ကာချုပ်” ရဲ့စစ်ဗိုလ်တွေဟာ ဒီဥပဒေကြမ်းကို တစ်ပိုဒ်ခြင်း ဆွေးနွေး အတည်ပြုရာမှာရော၊ ဥပဒေကြမ်း တစ်ခုလုံးကို အတည်ပြုရာမှာရော ၂ ကြိမ်တိုင်တိုင် (မဲမပေးဘဲ) မတ်တပ်ရပ်ပြီး ကန့်ကွက်ခဲ့ကြပါတယ်။ “အနိုင်ကျင့်ခံရတယ်” လို့ လည်း စစ်သားရင့်မာကြီးတွေ ပါးစပ်ကနေ သနားစဖွယ် ပြောဆိုခဲ့ကြပါတယ်။

“ကာချုပ်” ရဲ့ လွှတ်တော်တွင်းပြောခွင့်ရတွေဖြစ်တဲ့ ဗိုလ်မှူးချုပ်မောင်မောင်၊ ဗိုလ်မှူးကြီး အောင်သီဟ၊ ဗိုလ်မှူးကြီး ထွန်း မြတ်ရွှေ တို့ရဲ့ “ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ” အပေါ် ကန့်ကွက်ဝေဖန်တဲ့ ဆွေးနွေးချက်တွေကို ပြန်ကြည့်ပါ။

“ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ” ထဲမှာပါရှိတဲ့ “တခဲနက်” ဆိုတဲ့စကားလုံး ၊ “ဒေါ်အောင်ဆန်းစုကြည်” ဆို တဲ့ စကားလုံးတွေကအစ စစ်ဗိုလ်တွေဟာ သဲကြီးမဲကြီးဆန့်ကျင်ခဲ့ကြတာကို တွေ့ရပါလိမ့်မယ်။ ဒီစစ်ဗိုလ်တွေဟာ သူတို့သဘောနဲ့သူတို့ ဆန့်ကျင်နေတာမဟုတ်ပါဘူး။ စစ်အုပ်စုရဲ့အကျိုးစီးပွာဆိုတဲ့ဘက်ကနေ ရပ်တည်ပြီး ကန့်ကွက်ဆန့်ကျင်နေကြတာပါ။ “ကာချုပ်” ရဲ့ အမိန့် အတိုင်းကန့်ကွက်ဆွေးနွေးခဲ့ကြလည်းဖြစ်ပါတယ်။

ဘယ်လိုပဲ ကန့်ကွက်ပါစေ။ နောက်ဆုံးမှာတော့ ဒီမိုကရေစီရဲ့ထုံးစံအတိုင်း လွှတ်တော်ထဲမှာ အများစုဖြစ်တဲ့ ဒီချုပ်ပါတီ လွှတ်တော်အမတ်များဘက်က အနိုင်ရပြီး “ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ” ဟာ တရားဝင်အတည်ဖြစ်လာပါတယ်။ စစ်အုပ်စုအတွက် လုပ်နိုင်စရာ နည်းလမ်းတစ်ခုတော့ကျန်ပါသေးတယ်။ ဒါကတော့ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေဟာ အခြေခံဥပဒေ နဲ့ညီ/မညီ အဆုံးအဖြတ်ပေးဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး (CTU) ကို တင်ပြပြီး ခုံရုံးရဲ့ အဆုံးအဖြတ်ခံယူဖို့ပဲဖြစ်ပါတယ်။ ဒီနည်းလမ်းကို သုံးဖို့/မသုံးဖို့ စစ်အုပ်စုက ချိန်ဆနေဟန်ရှိပါတယ်။

ဒီအချက်တွေကို ရှည်ရှည်ဝေးဝေးရေးပြရတာဟာ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ သူ့ကိုယ်သူ “ပေါင်းစပ်သူ၊ ဖြန်ဖြေသူ၊ ညှိနှိုင်း ဆောင်ရွက်သူ” ဆိုတဲ့ အနေအထားကို သူကိုယ်တိုင်ရွေးချယ်ဖန်တီးခဲ့ပေမယ့် နှစ်ဖက်စလုံးက (စစ်အုပ်စုဘက် နဲ့ဒီမိုကရေစီ ဘက်တော် သားများဘက်) ဒီအနေအထားကို လက်မခံခဲ့ကြပါဘူး။ စစ်အုပ်စုဘက်က “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ” လက်မခံဘူး ဆိုတာဘာကြောင့်လဲ ဆိုတဲ့အချက်က ရှင်းပါတယ်။ သူတို့ဟာ အငြိုးအာဃာတကို ဥပဒေပုဒ်မအဖြစ်ဖန်တီးပြီး ဒေါ်အောင်ဆန်းစု ကြည်ကို နိုင်ငံရေးအဆင့်နေရာမပေးဖို့ လုပ်ဆောင်ခဲ့ကြသူတွေမဟုတ်လား။

ဒီမိုကရေစီဘက်တော်သားများဘက်ကလက်မခံနိုင်တာတော့ သဘာဝကျပါတယ်။ မတရားမှုနဲ့တရားမှု ယှဉ်ပြိုင်လာတဲ့ အခါ မှာ သူတို့ လေးစားတဲ့၊ တန်ဖိုးထားတဲ့၊ မျှော်လင့်ချက်ထားတဲ့ ခေါင်းဆောင်ဟာ တရားတဲ့ဘက်က ရပ်စေချင်တာ အလွန်ကို သဘာဝကျ ပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း သူဆုံးဖြတ်ထားတဲ့ဘက်ကနေ စိမ်းစိမ်းပြတ်ပြတ်ကြီးရပ်တည်နေလေတော့၊ ဒီမိုကရေစီဘက် တော်သားတွေထဲမှာ ကတ္တီပါလမ်းခွဲတွေ ပုံစံမျိုးစုံနဲ့ဖြစ်ကုန်တော့တာပါပဲ။ မျှော်လင့်ထားသမျှ သဲထဲရေသွန်ဖြစ်ရတယ်ဆိုပြီး စိတ်ပျက် သွားကြရတော့တာပါပဲ။ ချစ်လိုလျက်နဲ့ဝေးကွာသွားကြရတဲ့ အဖြစ်တွေပါ။

သတ္တုချကြည့်လိုက်တော့ စစ်အုပ်စုကလည်း “အတိုင်ပင်ခံဥပဒေနဲ့ပုဂ္ဂိုလ်”ကို အငြိုးအာဃာတနဲ့ ခါးခါးသည်းသည်း လက်မခံ သလို။ ဒီမိုကရေစီဘက်တော်သားများဘက်က အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ရပ်တည်ချက်နဲ့သဘောထားပုံတွေကို နိုင်ငံရေးအရလက်မခံနိုင် တာပဲ အဖတ်တင်သွားပါတော့တယ်။ သင့်မြတ်ရေးအိုးတော်လုပ်တာမှာ ဖုတ်ရင်းက မကျက်ဆိုတာလိုဖြစ်ရတဲ့ ကိန်းဆိုက်သွားပါတော့ တယ်။

ဒီအချက်တွေဟာ အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်းပေါ်ကနေ ကြုံတွေ့လာရတဲ့ ဘေးထွက်ဆိုးကျိုးတွေထဲက တစ်ခုပါပဲ။

ဆက်ရေးပါအုံးမယ်။