မျက်ရှု ● ဒင်နဲ့ မြရဲ့ လောကနိဗ္ဗာန်




မျက်ရှု ● ဒင်နဲ့ မြရဲ့ လောကနိဗ္ဗာန်
(မိုးမခ မဂ္ဂဇင်း ဇွန်လ ၂၀၁၆) နိုဝင်ဘာ ၁၂၊ ၂၀၁၆


ခုတလော မိုးအေးအေးမှာ နားထောင်ဖြစ်နေတဲ့ သီချင်းတွေက ခင်မောင်ရင်၊ မကြည်အောင်နဲ့ လေဘာတီမြရင်တို့ရဲ့ သီချင်းတွေပါပဲ။ တနေ့ကတင် မောနင်းတင်တင်ရဲ့ သီချင်း အပုဒ် ၂၀ လောက် ရလာခဲ့လို့ ၀မ်းသာရသေး။ တချို့သီချင်းများက နားစွဲနေကျ မဟုတ်လေတော့ အသစ်အဆန်းလို ဖြစ်နေတယ်။ ခေတ်ဟောင်းသီချင်းတွေ ကြိုက်တာတော့ မှန်ပါတယ်။ သို့ပေမယ့် တချို့သီချင်းတွေကျတော့လည်း မကြိုက်ပြန်ဘူး။

ဥပမာ – အေ၀မ်းတင်မောင်ရဲ့ “ချစ်တယ်” တို့၊ “လူပျိုပေါက်” တို့ သီချင်းတွေ တယ် နားမတွေ့လှဘူး။ ခေတ်ဟောင်းသီချင်းပါမက ငွေရတု၊ ရွှေရတု ခေတ်က ရုပ်ရှင်ကားတွေဆိုရင်လည်း ကျမအနေနဲ့ မက်မက်စက်စက် ရှိပါတယ်။ စစ်ကြိုခေတ်က ဇာတ်ကားတွေကို ဒီဗီဒီကူးပြီး ပို့ပေးမယ်လို့ ဆိုလာတဲ့ အွန်လိုင်းပေါ်ကနေ အသိအကျွမ်းဖြစ်ရသူ မမလွင်ကိုလည်း ကျေးဇူးတင်ရပါသေးတယ်။

ကျမ နားထောင်တဲ့ ခင်မောင်ရင့်ရဲ့ သီချင်းတွေထဲမှာ “လောကနိဗ္ဗာန်” သီချင်းဟာလည်း တပုဒ် အပါအ၀င်ဖြစ်ပါတယ်။ ခင်မောင်ရင်နဲ့ စုံတွဲ ဆိုတာက မေမေ၀င်းပါ။ ခင်မောင်ရင် မေမေ၀င်းလို့ ဆိုလိုက်တာနဲ့ တော်တော်များများက ဗိုလ်အောင်ဒင် ဇာတ်ကားကို ပြေးမြင်မှာပါ။ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းမှာ ပရိသတ်ရဲ့ အသည်းနှလုံးကို လူဆိုးလုပ်ရတဲ့သူက စွဲဆောင်ယူငင်သွားနိုင်ပုံကို ကြည့်ရင် ခင်မောင်ရင်တို့ သရုပ်ဆောင်ပိုင်ပုံများ တသသကို ဖြစ်ကရောပဲ။ ဂီတာသောင်းရေးတဲ့ “မြရဲ့ ဆယ့်နှစ်လရာသီ” သီချင်းလေး (B.B.R. 1154. 1940) ဆိုရင်လည်း နားထောင်ရတာ လွမ်းစရာလိုလို ဆွေးစရာလိုလိုလေး။ ဗိုလ်အောင်ဒင်မှာ မြ ဆိုသွားပုံလေးက ကရုဏာသက်စရာလေး။

“ဗိုလ်အောင်ဒင်” ကို ၁၉၄၁ ခုနှစ်၊ ဇူလိုင်လမှာ သွင်စီနီမာရုံမှာ စပြခဲ့တာလို့ ဖတ်ဖူးပါတယ်။ ကာဖျူးထုတ်ထားတဲ့ အချိန်မို့ ညပွဲ မရှိပေမယ့် နေ့ခင်းပွဲတွေမှာ ကြိတ်ကြိတ်တိုး ဆိုပဲ။ ဇာတ်ကားပြီးလို့ ရုံထဲက ထွက်လာတဲ့ အမျိုးသားတွေဆိုရင် အင်္ကျီချွတ်ပြီး “ကောင်းတယ်ဟေ့။ ကောင်းတယ်ကွ” လို့ အော်ကြတယ်ဆိုတဲ့ အကြောင်း သူ့ဇာတ်ကား အောင်မြင်၊ မအောင်မြင်ကို သွားပြီး အကဲခတ်တဲ့ ဒါရိုက်တာ ရွှေဒုံးဘီအောင် ပြောပြဖူးပါတယ်။

ဇာတ်ကားထဲမှာတော့ “လှေနံနှစ်ဖက်နင်းမယ့်အတူတူ ဟောဒီ ဗိုလ်အောင်ဒင် တဖက်ထဲကိုသာ ရဲရဲကြီး နင်းချလိုက်စမ်းပါ” ဆိုတဲ့ ဗိုလ်အောင်ဒင်။ ကံတရားက မျက်နှာသာမပေးတော့ မြဟာ ကိုကိုချစ်နဲ့ပဲ ညားရတော့တာပဲ။ တကယ် လက်တွေ့ဘ၀မှာလည်း ဒင်နဲ့ မြဟာ နဖူးစာ မင်ရည်ကျဲခဲ့ရှာတယ်။

ခင်မောင်ရင် ဖြစ်လာမယ့် ငယ်နာမည် ကိုအောင်ဒင်ရော မေမေ၀င်းဖြစ်လာမယ့် မယ်မြရော နှစ်ဦးစလုံးက မအူပင် ဇာတိတွေပါ။ ကိုအောင်ဒင်က မယ်မြထက် ခြောက်နှစ်ကြီးတယ်။ ကိုအောင်ဒင်ကတော့ အတန်းပညာကို မန္တလေး၊ ဗုဒ္ဓသာသနာနုဂ္ဂဟကျောင်း (BTN) မှာ ၁၁ ဆင့်အထိ သင်ခဲ့ပြီး ၁၉၂၃ အထိ အမျိုးသားကျောင်းမှာ ကျောင်းဆရာ လုပ်ခဲ့ပါသေးတယ်။ အဲဒီကနေ ဖိုသိုလစ်သို ကျောက်ပုံနှိပ်တိုက်မှာ စာရေးဝင်လုပ်ရင်းကမှ မျိုးချစ်ပုံနှိပ်တိုက်ပိုင်ရှင့် သမီး မသန်းသန်းနဲ့ အကြောင်းဆက် ပေါင်းဖက်ကြတာပါ။ ဒီတော့ ကိုအောင်ဒင်နဲ့ မယ်မြတို့ ဆုံတဲ့ အချိန်မှာ နှစ်ဦးနှစ်ဖက် သံယောဇဉ် ကိုယ်စီနဲ့ပေါ့။

ခင်မောင်ရင်က ဇာတ်ကားတော်တော်များများကို ခင်ခင်ရီနဲ့ မေမေ၀င်း နှစ်ယောက်နဲ့ အများဆုံး ရိုက်ခဲ့ပါတယ်။ သူ နောက်ဆုံး ရိုက်ခဲ့တယ်လို့ အဆိုရှိတဲ့ “မိုးခေါင်ကျော်စွာ” မှာတော့ မင်းသမီး စန်းစန်းနဲ့ပါ။ အသံတိတ်ခေတ်မှာ “ဧကပါဒုက” တို့၊ တင်အောင် နာမည်နဲ့ ရိုက်တဲ့ “မယ့်ဖူးစာ” ဇာတ်ကားတွေ မအောင်မြင်တော့ မင်းသားဖြစ်ဖို့ သူ စိတ်ဓာတ်ကျသွားပြီး၊ အိမ်ထောင်ကျသွားပြီးကာမှ ကျောက်ပုံနှိပ်တိုက်မှာ အမှုထမ်းနေတဲ့အချိန်မှာ ခြေလျင်ဦးအုန်းခင်က ဇော်ဝိတ်ကြီး အိုလံပစ်သွားဖို့ ရန်ပုံငွေပွဲအတွက် သီချင်းဆိုခိုင်းရာကတဆင့် ပရိသတ်တွေလည်း အသိအမှတ်ပြု၊ ဗြိတိသျှဘားမား ဦးညွှန့်နဲ့ ဓာတ်ပုံဆရာဦးညိမ်းမောင်တို့လည်း သတိထားမိသွားပြီး မင်းသားခန့်ဖို့ ကမ်းလှမ်းတာဟာ ခင်မောင်ရင်အနေနဲ့ ရုပ်ရှင်လောကမှာ ပြန်ပြီး အောင်မြင်လာဖို့ ဇာတ်လမ်းအစလို့ ပြောရမှာပဲ။

ဒီကတည်းက ခင်မောင်ရင်ဟာ ရုပ်ရှင်မှာ အောင်မြင်ဖို့ ဂီတက အကျိုးပေးခဲ့တယ်လို့ ဆိုရမှာပေါ့နော်။ နောက် သူ့ ကို ဖလင်စမ်းတဲ့ အနေနဲ့ ရိုက်ကြတော့ “ခင်” သီချင်းကို တယောနဲ့ ဆိုပြရာမှာ ဒါရိုက်တာနဲ့ ထုတ်လုပ်သူတွေ ပိုပြီး သဘောကျသွားသတဲ့။ အဲဒီတော့မှ ဒါရိုက်တာ ဦးမောင်ကြီးက သူ့ကို “နေနဲ့လ” ဇာတ်ကားနဲ့ ပွဲထုတ်တော့တာပဲ။ အဲ့မှာ မြနဲ့ စတွေ့တာပဲ။ အောင်ဒင်ကို ခင်မောင်ရင်လို့ နာမည်ပေးတာလည်း ဦးမောင်ကြီးပါပဲ။

ကိုအောင်ဒင်နဲ့ မြနဲ့ဟာ ရုပ်ရှင်ရိုက်ရင်း သံယောဇဉ်တွေ ကူးလူးမိတယ်လို့ (ဦး)ပြည့်စုံက သူ့ရဲ့ ဆောင်းပါး တပုဒ်မှာ ဟောသလို ရေးထားတယ်။

“မင်းသား ခင်မောင်ရင်နှင့် မင်းသမီး မေမေ၀င်းတို့သည် ရုပ်ရှင် အတူတွဲရိုက်ရင်းက ချစ်ကြိုက်သွားခဲ့သည်။ နှစ်ယောက်လုံး မလွတ်လပ်၊ ခင်မောင်ရင်မှာလည်း သန်းသန်းနှင့် သားကလေး ခင်မောင်သန်း ရနေပြီး၊ မေမေ၀င်းသည်လည်း ရာဇ၀တ်အုပ် မောင်ဝင်းနှင့် သမီး ဘေဘီဝင်း ရနေကြပြီ ဖြစ်သည်။ သို့ရာတွင် သူတို့နှစ်ယောက်သည် တာရှည် မတွဲလိုက်ရ၊ မပေါင်းလိုက်ရ။ မေမေ၀င်းသည် ၁၉၃၉ ခုနှစ်မှာပင် ဗြိတိသျှဘားမား လခစား မင်းသမီးအဖြစ်မှ နုတ်ထွက်သွားခဲ့သည်။ ခင်မောင်ရင်သည်လည်း စာချုပ်နှစ် မစေ့သော်လည်း နှစ်ဦးနှစ်ဖက် သဘောတူ စာချုပ်ဖျက်သိမ်းကာ ၁၉၄၁ ခုနှစ်တွင် ဗြိတိသျှဘားမားမှ နုတ်ထွက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်မီး မြန်မာပြည်သို့ ကူးစက်ချိန်တွင် ခင်မောင်ရင်သည် ကျန်းမာရေး မကောင်းသဖြင့် ဇာတိ မအူပင်သို့ ပြန်ကာ ဆေးကုသနေခဲ့သည်။ ထိုအချိန်မှာပင် မေမေ၀င်းသည် ပြဇာတ်များ ကပြနေရာမှ သူ့ဇာတိ မလက်တိုရွာသို့ ခေတ္တ ပြန်လာသည်။

ထိုသတင်းကို ကြားသဖြင့် ခင်မောင်ရင်သည် လှေတစင်းဖြင့် အတင်းလိုက်ရာ မအူပင်မြစ်ကမ်းမှာပင် လှေနှစ်စင်း ဆုံမိကြသည်။

ခင်မောင်ရင်က မေမေ၀င်း၏ လှေကို အတင်းဆွဲထားရာ မေမေ၀င်းက ဒေါသဖြင့် ဖိနပ်ချွတ်ကာ ခင်မောင်ရင်ကို ပစ်ခဲ့သည်။ ထိုသို့ လူမြင်ကွင်းတွင် ရုန်းရင်းဆန်ခတ် ဖြစ်မှုကို သူရိယသတင်းစာက မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြခဲ့ပါသည်။”

ဣတ္ထိယ သီချင်းထဲက “မောင့်အချစ်ဆုံး မြဟာ အဖိုးမထိုက်ပြီ၊ ဖြစ်ပြန်ရလို့သာ ယခုဘ၀မှာ အတည်၊ ခင်မောင်ရင် တကိုယ်တည်းမှာ အရူးကြီးပမာ ဖြစ်ကာ ဇာတ်သိမ်းပြီ” ဆိုတဲ့ နောက်ဆုံး စာကြောင်းနဲ့ သူရိယမှာ ၁၂ လိုင်း ခေါင်းစီးစာလုံးမည်းနဲ့ သတင်းပါခဲ့တယ်လို့ ဆိုထားပါတယ်။

အကုသိုလ်ဝင်တော့လည်း တောက်လျှောက်ကိုး။ ဗြိတိသျှဘားမားကနေ ခင်မောင်ရင် နုတ်ထွက်ရတာကို တချို့တွေက လမ်းမတော်ဖိုးတုတ်တို့နဲ့အတူ တရုတ်ဟိုတယ်တခုမှာ စားသောက်နေတုန်း ပုလိပ်က ၀င်ဖမ်းတော့၊ သူပါ အတူ အဖမ်းခံရလို့ နာမည်ပျက်လို့ စသဖြင့်လည်း ပြောကြတယ်။ မြန်မာ့အလင်းကတော့ အရွယ်မရောက်သေးတဲ့ မိန်းကလေးကို မတရားနှိပ်စက်၊ မတရားပြုကျင့်တဲ့အထဲ ကြံရာပါ ဖြစ်လို့ အဖမ်းခံရတာလို့ ရေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခင်မောင်ရင်ကတော့ ဗြိတိသျှဘားမားနဲ့ လမ်းခွဲလိုက်ပြီ။ အဲဒါကတော့ ခင်မောင်ရင် ကျဆုံးခန်းရဲ့ နိဒါန်းပေါ့။

ခင်မောင်ရင် - ဘိုးဘိုးအောင်

YouTube Music Video URL:

https://youtu.be/BBXVfxSpUzc

သူ့ခေတ် သူ့အခါ လျှမ်းလျှမ်းတောက်စဉ်မှာတော့ ခင်မောင်ရင်ရဲ့ သီချင်းတွေရော၊ ရုပ်ရှင်တွေရောက လက်ဖျား ငွေသီးစရာတွေချည်း ဖြစ်ခဲ့တယ်။ အသံသွင်း ဓာတ်ပြား ၃၄ ချပ်ရှိတယ်လို့ သိရပါတယ်။ နဂါးနီတို့၊ ဘိုးဘိုးအောင်တို့ သီချင်းတွေဆို ခုထိ အောင်မြင်တုန်းမို့လား။ သက်ကြီးစကား သက်ငယ်ကြားမိသမျှတော့ ကိုလိုနီခေတ်မှာ နိုင်ငံရေးလှုံ့ဆော်မှု သီချင်းတွေဆိုကြတဲ့ အမျိုးသားတေးသံရှင်တွေထဲမှာ ခင်မောင်ရင်က အအောင်မြင်ဆုံးတဲ့။ ပိတ်ထားတဲ့ သူ့ရဲ့ စင်္ကြာသိုက် သီချင်းကို ရွှေတောင်နယ်၊ ၀ါဆိုပန်းကပ်ပွဲမှာ ဆိုမိလို့ အင်စပတ်တော်တယောက်က လာပြီး တားရာမှာ ခင်မောင်ရင်က ဓာတ်ပြားကိုပဲ သိမ်းတာ၊ မဆိုရလို့ မတားထားပါလို့ ပြန်ပြောရာကနေ အင်စပတ်တော်က ခြောက်လုံးပြူးနဲ့ ချိန်လို့ ခင်မောင်ရင်ကလည်း သူ့အိတ်ထဲမှာ ဆောင်ထားတဲ့ သေနတ်နှစ်လက်နဲ့ ပြန်ချိန်တယ်တဲ့။ ဂေါပကတွေ ကြားက ၀င်ဖျန်ဖြေလို့သာ ကိစ္စငြိမ်းသွားကြောင်း ဖတ်မိပါသေးတယ်။

ခင်မောင်ရင် - နဂါးနီ

YouTube Music Video URL:

https://youtu.be/lFa7jkipUsA

ခင်မောင်ရင့် သီချင်းတွေထဲမှာဆိုရင် ကျမ အကြိုက်ဆုံးက နဂါးနီနဲ့ ချစ်ပါရမီပါပဲ။ ချစ်ပါရမီသီချင်းက မင်းကုသနဲ့ ပပ၀တီ ဇာတ်လမ်းကို သီချင်းလုပ်ထားတာပါ။ ချစ်မေတ္တာကို အသနားခံတဲ့သီချင်းမို့ အသံက နူးညံ့ပေမယ့် နွဲ့လျနေတာတော့ မရှိပါဘူး။ မေမေ၀င်းနဲ့ ဆိုတဲ့ လောကနိဗ္ဗာန် (လင်မယားဝါဒ)၊ နေနဲ့လ၊ သူဇာနွယ်တို့ကျတော့တယ်လည်း အပေးအယူမျှ။ နေနဲ့လကတော့ အသွက်။ ကျန်နှစ်ပုဒ်ကတော့ အဆွဲအငင် အဆိုအပြောလေးတွေနဲ့။

လောကနိဗ္ဗာန် သီချင်းကတော့ လင့်ဝတ်၊ မယားဝတ် ဘယ်လို ကျေပွန်မယ်၊ ဘယ်လို သစ္စာမေတ္တာ ခိုင်မြဲတယ်ဆိုတဲ့ အကြောင်းပြောရာမှာ “သားကို သခင်၊ လင်ကို ဘုရား” ဆိုတဲ့ စကားအတိုင်း ပျိုဆင်ခြင်မယ်လို့ မေမေ၀င်းက ဆိုတယ်။ ဒီနေ့ခေတ်မှာတော့ ဒီအဆိုကို ဆန့်ကျင်တဲ့သူတွေ ရှိကောင်း ရှိမှာပေါ့။ ကျမတို့ အဖိုးတွေ၊ အဖွားတွေလက်ထက်တုန်းကတော့ ဒီထုံးကို နှလုံးမူပြီးပဲ “အသက်ရာကျော် အရွယ်ဟိုင်းအောင် ချစ်လိုက်ကြ မကွာအစဉ်” တလင်တမယား ရိုးမြေကျ ပေါင်းသင်းကြတာ များပါတယ်။

မြခေါ် မေမေ၀င်းရဲ့ အသံက ကြည်ကြည်လင်လင်လေးပါပဲ။ မေမြင့်တို့ကျတော့ ဓာတ်ပြားသွင်းတာပဲ မကောင်းလို့လား မသိဘူး။ သူ့ရဲ့ မေတ္တာလက်ဆောင် သီချင်းမှာဆိုရင် နင်းကန် အော်နေသလိုပဲ။ နောက် ခင်မြရင်နဲ့ မေနွဲ့ရဲ့ “ချစ်လောက” (ကလေးကလားနိုင်လွန်းလို့ ကျမ မကြိုက်ဆုံးသီချင်း) ဆိုရင်လည်း အဲလိုပဲ။ အတင်း စွတ်အော်နေကြသလိုပဲ။ မြကတော့ လေးလေးမှန်မှန် တွဲ့တွဲ့နွဲ့နွဲ့လေး ဆိုသွားတာ နားထောင်ကြည့်စမ်းစေချင်တယ်။

မြန်မာနိုင်ငံ ပန်းချီအသင်း (Burma Art Club) မှာ ကိုယ်ဟန်ပြမယ်အဖြစ် ပန်းချီအဆွဲခံရင်း ရုပ်ရှင်လောကကို ရောက်လာတဲ့ မြဟာ ရွှေရတုခေတ်တချို့ ဇာတ်ကားတွေမှာအထိ အမေအခန်း၊ အဒေါ်အခန်းတွေမှာ ၀င်ပြီး သရုပ်ဆောင်ခဲ့သေးတယ်လို့ ကြားဖူးပါတယ်။ ၂၀၁၀ ခုနှစ် မှာတော့ မြရဲ့ အသက် ၁၀၀ ပြည့်ပါ။ မိုးမခရေဒီယိုကနေ ထုတ်လွှင့်သွားပါသေးတယ်။

ခင်မောင်ရင်ကတော့ ဘ၀ဇာတ်သိမ်း မလှရှာဘူး။ ရုပ်ရှင်မှာ စန်းကျလာကတည်းက အရက်ကို ဖိသောက်ရင်း နောက်ဆုံး ကျန်းမာရေးကို ထိခိုက်လာပါတယ်။ ဂျပန်ခေတ်မှာ ဝေဒနာပေါင်းစုံ ထုထောင်းသွားတာလည်း ခံလိုက်ရသေး။ နောက်တော့ သူ နားမကြားတော့ဘူး။ သူ ကြိုးစားပြီး အရက်ဖြတ်ပေမယ့် နောက်တော့ နားမကြားရုံမက စကားပါ မပြောနိုင်လောက်အောင် ဆွံ့အသွားပါတယ်။ သူနဲ့ ရင်းနှီးလှတဲ့၊ သူ့အပေါ်လည်း မိတ်ဆွေကောင်းတယောက်လို စောင့်ရှောက်တဲ့ စောင်းဦးဘသန်းက သူတောင်းဆိုတဲ့အတိုင်း စန္ဒရားတီးပြ၊ ဆိုပြလုပ်ပေးတာတောင် သူမှာ ခံစားနိုင်စွမ်း မရှိတော့ဘူးတဲ့။ အဲသလို ရေတိမ်နစ်ရရှာရော။

မျက်ရှု

ဇူလိုင်လ ၂၇ ရက်၊ ၂၀၁၁ ခုနှစ်
11:15 PM
(မိုးမခ မဂ္ဂဇင်း အတွဲ ၃ ၊ အမှတ် ၆ ဇွန်လ ထုတ်တွင် ပုံနှိပ်ခဲ့ပါသည်။)