ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဇွန်မိုး - မြန်မာပြည်သို့ ပေးစာ - အမေရိကန် အိပ်မက်ဆိုး




ဇွန်မိုး - မြန်မာပြည်သို့ ပေးစာ - အမေရိကန် အိပ်မက်ဆိုး 

(မိုးမခ) နိုဝင်ဘာ ၁၁၊ ၂၀၁၆

ချစ်သူငယ်ချင်းတို့
ကမ္ဘာကြီးကို ကိုင်လှုပ်နေတဲ့ အမေရိကန်နိုင်ငံရဲ့  ရွေးကောက်ပွဲကြီးကိုကြည့်ပြီး အံ့သြနေကြလား။ ဒီတပွဲကတော့ အောင်ပွဲခံဖို့ ပြင်ဆင်နေတဲ့ ဒီမိုကရက်တွေ၊ နိုင်ငံရေးပရောဟိတ်တွေ၊ သတင်းမီဒီယာတွေကို ပင့်လက်သီးပြင်းပြင်းနဲ့ အရှိုက်ကို အထိုးခံလိုက်ရတဲ့ မယုံနိုင်လိုက်အောင် မြန်ဆန်လွန်တဲ့ပွဲတပွဲလို ဖြစ်ခဲ့တယ်။ မင်းတို့တွေ တအံ့တသြ မေးခွန်းထုတ်သလို မြို့ နေ ပညာတတ် လစ်ဘရယ် (liberal) ဒီမိုကရက်တွေနဲ့ အမေရိကန်ကို ပြောင်းရွှေ့ အခြေစိုက်နေထိုင်နေကြတဲ့ ဒို့ရွှေဗမာတွေမှာတော့ အိပ်မက်ဆိုးကြီး မက်နေသလို တုန်လှုပ်ခြောက်ခြား စိုးရိမ်မှုများနဲ့ မျှော်လင့်မထားတဲ့ ရလဒ်အတွက် ဖြေမဆယ် ဖြစ်နေကြတယ်။

ရွေးကောက်ပွဲရလဒ် နဲ့ ခေါင်းဆောင်ဖြစ်လာမည့်သူကို လက်မခံချင်၊ လက်မခံနိုင်သူတွေကတော့ လောလောဆယ် ခံစားချက်တွေ ဖွင့်အန်ဖို့ လမ်းပေါ်တက် ဆန္ဒထုတ်ဖော်နေကြတယ် (သမ္မတ ဂျော့ခ်ျ ဒဗလူ ဘုရှ် (၂၀၀၁) ခုနှစ် အငြင်းပွားစရာ မဲရေတွက်မှုနဲ့ အနိုင်ရတုန်းကလည်း ဆန့်ကျင်ဆန္ဒပြမှုတွေ ဖြစ်ခဲ့တယ်)။ ဒါပေမဲ့ နောက်ဆုံးတော့ နှစ် (၂၀၀) ကျော် တည်ရှိလာခဲ့တဲ့ အမေရိကန် ဒီမိုကရေစီစနစ်အောက်မှာ နိုင်သူရှုံးသူကြား ဂုဏ်ပြုချီးကျူးစကားတွေပြော၊ မဲဆန္ဒရှင်တွေကို နှစ်သိမ့်စကား၊ ကျေးဇူးတင်စကားတွေဆိုပြီး တဦးတယောက် ပုဂ္ဂိုလ်၊ ပါတီ အကျိုးစီးပွားထက်၊ နိုင်ငံတော်အကျိုးစီးပွားကို ရှေ့ ရှုပြီး အတူလက်တွဲ ခရီးဆက်ကြဖို့ ခေါင်းဆောင်တွေက တိုက်တွန်းပြောဆိုကြတယ်။

ပြောမယ်ဆိုရင် အမေရိကန်နိုင်ငံရေး နဲ့ ရွေးကောက်ပွဲက ထင်သလောက် ခန့်မှန်းရ သိပ်မခက်လှပါဘူး။ ဒို့ရွှေပြည်မှာလို ချောက်ချီးချောက်ချက် သုံးယောက်တစ်ပါတီနဲ့ နိုင်ငံရေးပါတီတွေ ရာချီ မရှိဘူး။ သမိုင်းတလျှောက် အမေရိကန် နိုင်ငံရေးကို ချုပ်ကိုင်ထားတဲ့ နိုင်ငံရေးပါတီကြီး နှစ်ခုပဲ ရှိတယ်။ တခြားပါတီအင်အားစုတွေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အခြေအနေ၊ အခွင့်အရေး ရဖို့တော့ ခက်တယ်။ ရှိခဲ့ရင်လဲ မဲဆန္ဒရှင်တွေက သိပ်အလေးထား ထောက်ခံအားပေးမှု မရှိဘူး။ ဒီလိုနဲ့ အဓိက ပါတီကြီးနှစ်ခုဖြစ်တဲ့ ရီပတ်ဘလင်ကန်ပါတီ (Republican Party) ခေါ် GOP – Grand Old Party နဲ့ ဒီမိုကရက်တစ်ပါတီ (Democratic Party) နှစ်ပါတီက လေးနှစ်တကြိမ် ရွေးကောက်ပွဲတွေမှာ အပြန်အလှန် အနိုင်ယူပြီး အုပ်ချုပ်ရေး (သမ္မတအစိုးရအဖွဲ့)၊ ဥပဒေပြုရေး (အထက်/အောက် လွှတ်တော်) နဲ့ တရားစီရင်ရေးတွေကို ခွဲဝေအုပ်ချုပ်နေခဲ့တာ အမေရိကန် ပြည်တွင်းစစ် (၁၈၆၁-၆၅) နောက်ပိုင်းကာလကနေ ဒီနေ့အထိပေါ့။ အမေရိကန်ရွေးကောက်ပွဲသမိုင်းကို ပြန်ကြည့်ရင် ဒီပါတီနှစ်ခု အလှည့်ကျ အုပ်ချုပ်သလိုမျိုးကို တွေ့နိုင်တယ်။

ပြီးတော့ မဲပေးသူတွေ ကွဲပြားရပ်တည်မှုကိုလည်း အလွယ်သိနိုင်တယ်။ အသက် (၁၈) နှစ်ပြည့်လို့ မဲပေးဖို့ လျှောက်လွှာတင်တာနဲ့ ဘယ်ပါတီကို ကိုယ်စားပြုလဲဆိုတာကို ဖြည့်ရတယ်။ တချို့ က Independent (သို့) No Party Affiliation ရေးဖြည့်ကြတယ်။ အဲဒီမှတ်တမ်းတွေကိုကြည့်ပြီး ဘယ်ပြည်နယ်မှာ ရီပတ်ဘလင်ကန် မဲဆန္ဒရှင်တွေ အနေများပြီး၊ ဒီမိုကရက်တစ်တွေ ဘယ်မှာရှိလဲဆိုတာကို သိနိုင်တယ်။ ဒါနဲ့ အမေရိကန်ပြည်ထောင်စု ပြည်နယ် (၅၀) ကို ဘယ်ပြည်နယ်က ဒီမိုကရက်တစ် အမာခံပြည်နယ်ဆိုပြီး Blue State (အပြာရောင်ပြည်နယ်) နဲ့ Red State (အနီရောင်ပြည်နယ် - ရီပတ်ဘလင်ကန်) လို့ ခွဲခြားထားတာကို ရွေးကောက်ပွဲရလဒ် မြေပုံနဲ့ ဖော်ပြချက်တွေမှာ တွေ့နိုင်တယ်။


အလွယ်ပြောရရင် မြို့ ကြီးပြကြီး ပြည်နယ်ကြီးတွေဖြစ်တဲ့ အနောက်ဘက်ခြမ်းမှာ California, Washington, Oregon, Colorado နဲ့ အရှေ့ ဘက်ခြမ်းမှာ Maryland, Delaware, New York, New Jersey, Massachusetts, Vermont , Maine ပြည်နယ်တွေက ဒီမိုကရက်တစ် ကြီးစိုးတဲ့ မဲဆန္ဒနယ်မြေတွေ ဖြစ်ပြီး၊ အနောက်တောင်ဘက် Texas, Arizona ပြည်နယ်တွေနဲ့ မြောက်ဘက်အစွန်းဆုံး နဲ့ အလယ်ပိုင်းဒေသပြည်နယ်တွေက ရီပတ်ဘလင်ကို ထောက်ခံတဲ့ ပြည်နယ်တွေ ဖြစ်တယ်။ ပြီးတော့ Bible Belt ခေါ် ခရစ်ဘာသာ ကိုးကွယ်ယုံကြည်မှု ပြင်းထန်တဲ့ အလယ်ပိုင်းနဲ့ တောင်ပိုင်းပြည်နယ်တွေဖြစ်တဲ့ Arkansas, Mississippi, Alabama, Tennessee, Georgia, South Carolina, Kentucky နဲ့ North Carolina တွေက အများအားဖြင့် ကိုယ်စားလှယ်လောင်းရဲ့  ကိုးကွယ်ယုံကြည်မှု၊ ကိုယ်ဝန်ဖျက်ချမှု ထောက်ခံမခံ စတဲ့ ဘာသာရေးနဲ့ ဆက်နွှယ်ပြီး ရွေးချယ်ကြတယ်။ အများအားဖြင့် ရှေ့ ရိုးစွဲ အယူဝါဒ ဆွဲကိုင်ထားတဲ့ ရီပတ်ဘလင်ကန် ကိုယ်စားလှယ်လောင်းတွေကို ထောက်ခံကြတာများတယ်။

ကိုယ်စားလှယ်တွေ အကြိတ်အနယ်ယှဉ်ပြိုင်ရတဲ့ မဲဆန္ဒနယ်မြေ ပြည်နယ်တွေက တောင်ပိုင်း Florida နဲ့ အနောက်အလယ်ပိုင်း Ohio, Iowa, Wisconsin, Minnesota တို့ဖြစ်ပြီး၊ ကိုယ်စားလှယ်လောင်း မဲဆွယ်လှုပ်ရှားမှု၊ စွဲဆောင်မှုအပေါ် အခြေခံပြီး ပြောင်းလဲမဲပေးတဲ့ Swing State ခေါ် အပြင်းအထန် မဲဆွယ်လှုပ်ရှားရတဲ့ Battleground State ပြည်နယ်တွေ ဖြစ်တယ်။ အရွေးခံ သမ္မတလောင်းအနေနဲ့ မိမိတို့ အမာခံပြည်နယ်တွေမှာ အနိုင်ရပြီး၊ ခရစ်ယာန်စက်ဝန်းပြည်နယ်တွေ နဲ့ အထူးသဖြင့် တောင်ပိုင်း နဲ့ အလယ်ပိုင်းပြည်နယ်တွေမှာ အနိုင်မရရင် ရှုံးဖို့သေချာတယ်။

ပြောမယ်ဆို အကျည်းတန်ရုပ်ဆိုး၊ ညစ်ပတ်ဆိုးဝါးလှတဲ့ ဒီနှစ် ရွေးကောက်ပွဲမှာ မြို့ နေ ပညာတတ် လူတန်းစားတွေ၊ တိုင်းတပါးမှ ရွှေ့ ပြောင်းလာသူတွေ နဲ့ လူနည်းစု (Hispanics, Black, Asian) တွေ ရှုတ်ချဆန့်ကျင် မဲမပေးခဲ့တဲ့ လူရှုပ်လူရမ်းကား နာမည်ဆိုးနဲ့ ပေါ်ပြူလာဖြစ်ခဲ့တဲ့ ငွေရှင်ဓနရှင် စီးပွားရေးသမား ဒေါ်နယ်ထရမ့် (Donald Trump) က အဲဒီ ပြည်နယ်တွေမှာ စကားကို ရှေ့ နောက်မညီ လှည့်ပတ်ပြောဆိုတတ်သူလို့ စွပ်စွဲခံရသူ၊ သူ့ယောက်ျား သမ္မတလက်ထက် မြောက်အမေရိကတိုက် ကုန်သွယ်ရေး သဘောတူညီချက် (NAFTA Trade Agreement) ကြောင့် ပျက်ဆီးဆုံးရှုံးသွားခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ပုဂ္ဂိုလ်ရေး အမြင်မကြည်လင်၊ အခဲမကျေ ဒေါသဖြစ်နေခဲ့တဲ့ အောက်ခြေ အလုပ်သမား၊ လယ်သမား လူတန်းစား လူဖြူမဲဆန္ဒရှင် အများစုရဲ့  ထောက်ခံမဲတွေ ဆုံးရှုံးခဲ့တဲ့ ဟီလာရီ ကလင်တန် (Hillary Clinton) ကို အနိုင်ရရှိလိုက်တယ်။ ခေတ်အဆက်ဆက် အောင်ပွဲခံခဲ့တဲ့ သမ္မတတွေကို ကြည့်လိုက်ရင် အဲဒီ မဲဆန္ဒနယ်မြေ ပြည်နယ်တွေမှာ အနိုင်ရရှိတာကို တွေ့နိုင်တယ်။

အမှန်တကယ်တော့ အမေရိကန်နိုင်ငံ သမ္မတရွေးကောက်ပွဲတွေမှာ မဲပေးနိုင်တဲ့ လူဦးရေရဲ့  တဝက်နီးပါးလောက်ပဲ မဲပေးခဲ့ကြတာ နှစ်ချီလာခဲ့ပါပြီ။ မဲပေးကြတဲ့အထဲမှာ မြို့ ကြီးပြကြီးနေ ဒီမိုကရက်တစ်လို့ ကြေညာထားတဲ့ ငွေကြေးချမ်းသာသူတွေ၊ ပညာတတ်၊ ကျောင်းသားလူငယ်တွေက ရာခိုင်နှုန်းပြည့် မဲပေးလေ့ မရှိဘူး။ ပြီးတော့ ဒီမိုကရက်ထဲမှာ ရှေ့ ရိုးစွဲဝါဒီ ကွန်ဆားဗေတစ် (Conservative) ကိုယ်စားလှယ်ကိုသာ ရွေးချယ်မဲပေးတဲ့ Blue dog (ခွေးပြာ ခေါ်ရမလား) ဒီမိုကရက်တစ်တွေလည်း ရှိတယ်။ သူတို့က ပါတီကိုယ်စားလှယ်လောင်းရဲ့  ဘာသာရေး၊ အကျိုးစီးပွားရပ်တည်ချက်၊ လုပ်ဆောင်ချက်တွေ သူတို့ဆွဲကိုင်ထားတဲ့ ကွန်ဆားဗေတစ် မူဝါဒတွေနဲ့ မကိုက်ညီရင် မိမိတို့ ပါတီကိုယ်စားလှယ်လောင်းကို မဲမပေးဘဲ၊ ရီပတ်ဘလင်ကန်ပါတီ ကိုယ်စားလှယ်လောင်းကို မဲပေးတတ်သလို၊ လုံးဝမဲမပေးဘဲ နေတတ်တယ်။

ရီပတ်ဘလင်ကန်ပါတီ မဲဆန္ဒရှင်တွေကတော့ အဲဒီလို မဟုတ်ဘူး။ ပါတီက ရွေးကောက်တင်မြှောက်လိုက်တဲ့ ဖြူဖြူမဲမဲ ကိုယ်စားလှယ်လောင်းကို နောင်လာမှနောင်ရှင်း တခဲနက် မဲပေးကြတယ်။ ဒါကြောင့် အဲဒီ အပြောင်းအလဲ၊ အပြင်းအထန် မဲဆွယ်ရတဲ့ ပြည်နယ်မြို့ တွေမှာ Blue dog မဲဆန္ဒရှင်တွေ များနေပြီး ပါတီတင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်အပေါ် အစာမကြေရင် ဒီမိုကရက်တစ်တွေ အရှုံးပွဲနဲ့ ရင်ဆိုင်ရတယ်။ အခုတကြိမ်လည်း ဟီလာရီ … အဲဒီ အုပ်စုတွေရဲ့  မဲမရတာကြောင့်လည်း ဒေါ်နယ်ထရမ့် ကို အဲဒီဒေသတွေမှာ ရှုံးနှိမ့်သွားခဲ့တယ်။

အခု ရွေးကောက်ပွဲရလဒ်ကို တနိုင်ငံလုံး မဲပေးမှုနဲ့ကြည့်ရင် ဟီလာရီ ကလင်တန်က လူထုဆန္ဒမဲ (Popular vote) စုစုပေါင်း (၅၉) သန်းကျော် ရရှိပြီး၊ ဒေါ်နယ်ထရမ့် က (၅၈) သန်းကျော် ရရှိကြတယ်။ ဒါပေမဲ့ ဟီလာရီ လူထုဆန္ဒမဲ ပိုရပြီး၊ ရှုံးနှိမ့်ရခြင်းအကြောင်းက အမေရိကန် ရွေးကောက်ပွဲဥပဒေအရ ပြည်နယ်အလိုက် ကိုယ်စားပြုတဲ့ ရွေးကောက်ခံမဲ (Electoral vote) စုစုပေါင်း အရေအတွက် (၂၇၀) မရရှိလို့ ဖြစ်တယ်။ ပြည်နယ်အလိုက် ကိုယ်စားပြု ရွေးကောက်ခံမဲ ခွဲဝေမှုက ပြည်နယ်ရှိလူဦးရေပေါ် မူတည်ပြီး မဲအရေအတွက် ကွဲပြားတယ်။ ဟီလာရီ အနိုင်ရရှိတဲ့ မဲဆန္ဒနယ်မြေတွေက အနောက်ဘက်ခြမ်းမှာ ဝါရှင်တန် (၁၂ မဲ)၊ အော်ရဂွန် (၇ မဲ)၊ ကယ်လီဖိုးနီးယား (၅၅ မဲ)၊ နာဗားဒါး (၆ မဲ) တို့ဖြစ်ပြီး၊ အနောက်တောင်ဘက်မှာ ကိုလိုရားဒို (၉ မဲ) နဲ့ နယူးမက်ဆီကို (၅ မဲ) မြောက်ဘက်မှာ မင်နီဆိုးတား (၁၀ မဲ)၊ အနောက်အလယ်ပိုင်းမှာ အီလီနွိုင်စ် (၂၀ မဲ) နဲ့ အရှေ့ ဘက်ခြမ်းမှာ ဗားဂျီးနီးယား (၁၃ မဲ)၊ မေရီလန်း (၁၀ မဲ)၊ ဒလ်ဝဲရား (၃ မဲ)၊ နယူးဂျာစီ (၁၄ မဲ)၊ နယူးရော့ခ် (၂၉ မဲ)၊ ကွန်နက်တီးကတ် (၇ မဲ)၊ ရို့ ထ်အိုင်စ်လန်း (၄ မဲ)၊ မက်ဆက်ချူးဆက် (၁၁ မဲ)၊ ဗားမောင့် (၃ မဲ)၊ နယူးဟမ်ရှား (၄ မဲ)၊ မိန်း (၄ မဲ) နဲ့ ဟာဝိုင်ရီကျွန်း (၄ မဲ) စတဲ့ ပြည်နယ်တွေမှာ အနိုင်ရပြီး၊ ကျန်ပြည်နယ် (၃၀) မှာတော့ လိုအပ်တဲ့ ပြည်နယ်ကိုယ်စားပြု မဲအရေအတွက် (၂၇၄) မဲနဲ့ ဒေါ်နယ်ထရမ့် အနိုင်ရသွားခဲ့တယ်။

တနှစ်ကျော် ငွေကြေးအကုန်အကျများစွာ သုံးပြီး၊ ဒို့မြန်မာနိုင်ငံထက် အဆပေါင်း (၄၀) ကျော် ကျယ်ဝန်းကြီးမားတဲ့ ပြည်နယ် (၅၀) နဲ့ မြို့ ရွာတွေကို နေ့ညဆက် မဲဆွယ်လှုပ်ရှားမှုတွေ၊ စကားစစ်ထိုးပွဲတွေ၊ မီဒီယာတွေနဲ့ တွေ့ဆုံဆွေးနွေး ဖြေရှင်းမှုတွေ၊ ထုတ်ပြန်ချက်တွေ၊ ရုပ်သံထုတ်လွှင့်ချက်တွေ အဆင့်ဆင့်နဲ့ နောက်ဆုံး ပါတီနှစ်ခုရဲ့  ပါတီကိုယ်စားလှယ် သမ္မတလောင်းအဖြစ် ရွေးချယ်ခံ၊ လူထုက သမ္မတအဖြစ် မဲပေးတင်မြှောက်ခံရဖို့ အရပ်ရှစ်မျက်နှာပြေး လုပ်ဆောင်ရတာ လွယ်တဲ့အလုပ်တော့ မဟုတ်ဘူး။ တဘက်မှာလဲ အမေရိကန် နိုင်ငံရေးက ငွေကြေးအမြောက်အမြား သုံးစွဲနိုင်သူတွေ ပါဝင်ယှဉ်ပြိုင်၊ အနိုင်ယူတဲ့ နိုင်ငံရေးလောင်းကစားပွဲလို့ ဝေဖန်ပြောဆိုကြတယ်။ အဲဒီ ပြောဆိုမှုက မမှားဘူး … တော်ရုံတန်ရုံ ရွေးကောက်ပွဲ ကုန်ကျစရိတ်၊ ရန်ပုံငွေ ရှာဖွေမသုံးစွဲနိုင်ဘဲနဲ့ ဝင်ရောက်မယှဉ်ပြိုင်နိုင်ဘူး (ဟီလာရီ ကလင်တန် - ဒေါ်လာ ၁.၃ ဘီလီယန်။ ဒေါ်နယ်ထရမ့် - ဒေါ်လာ ၇၉၅ သန်း)။ ကြောက်စရာလန့်စရာ ရွေးကောက်ပွဲဆိုင်ရာ ငွေကြေးသုံးစွဲမှုကို ဖြေရှင်းဟန့်တားဖို့ ပြောကြ ဆိုကြပေမယ့် နောက်ဆုံး ငွေများငွေနိုင် တားမရဆီးမရ ဖြစ်နေဆဲပေါ့။

အချုပ်ပြောရရင် ဒီတကြိမ် ရွေးကောက်ပွဲက ခြောက်ပြစ်ကင်းသဲလဲစင် မဟုတ်၊ ပြောစမှတ်​တွင်​ကျန်​​အောင် အတော်ပွဲဆူလှတယ်။ နှစ်ဘက်ပါတီမှ ရွေးကောက်တင်မြှောက်လိုက်သူတွေက လူမုန်းများ၊ ပြောစရာဆိုစရာ ပြဿနာ သောင်းခြောက်ထောင်နဲ့ ကိုယ်စားလှယ်တွေ ဖြစ်ခဲ့ပြီး တဦးနဲ့တဦး ပြောဆိုတိုက်ခိုက်မှုတွေက မယုံနိုင်လောက်အောင် ဆိုးဆိုးဝါးဝါး ကြောက်စရာလန့်စရာ။

ဒေါ်နယ်ထရမ့် က ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ မောင်းခတ်ကြေညာတဲ့ ပွဲဦးထွက်မှာ သူသမ္မတ ဖြစ်လာခဲ့ရင် အမေရိကန်ကို သြဇာတက္ကမကြီးမားတဲ့ တိုင်းနိုင်ငံအဖြစ် ပြန်တည်ဆောက်ပြီး (Make America Great Again) နိုင်ငံအတွင်းရှိ/ဝင်ရောက်လာတဲ့ မူစလင်တွေကို ဘယ်လိုထိန်းချုပ် စီစစ်ဟန့်တားမယ်။ တရားမဝင် ရွှေ့ ပြောင်း (ခိုး) ဝင်လာသူတွေကို လူသတ်သမားတွေ၊ မုဒိမ်းကောင်တွေလို့ မှိုချိုးမျှစ်ချိုး စွပ်စွဲပြောဆိုပြီး၊ မက်ဆီကန် နဲ့ တောင်အမေရိကတိုက် နိုင်ငံသူ/သားတွေ ဝင်ရောက်လာမှုကို တားမြစ်ဟန့်တားဖို့ တောင်ဘက် အမေရိကန် - မက်ဆီကိုနိုင်ငံ နယ်နမိတ်ကို အုတ်တံတိုင်းခတ်မယ်၊ အမျိုးသမီး၊ မသန်းစွမ်း၊ မတူကွဲပြားသူတွေကိုလည်း ပိုးစိုးပက်စက် စော်ကားမော်ကား ပြောဆိုကာ ရွေးကောက်ပွဲစင်မြင့်ပေါ် လှောင်ပြောင်မှုတွေကို ရင်ကော့ခံ၊ တုံ့ပြန်ပြောဆိုပြီး ရောက်ခဲ့တယ်။ ရွေးကောက်ပွဲတလျှောက်မှာလည်း ယှဉ်ပြိုင်ဘက် ရီပတ်ဘလင်ကန်၊ ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်းတွေကိုလည်း မကြားဝံ့မနာသာ ပြင်းထန်တဲ့ စကားလုံးကြမ်းတွေနဲ့ ဖျက်ဆီးတိုက်ခိုက်ပြောဆိုခဲ့ပြီး၊ တဆိတ်တအိတ်လုပ် အပြောအဟောတွေနဲ့ ဝါရှင်တန်ဒီစီ က လက်တွေ့မဆန်တဲ့ နိုင်ငံရေးသမားတွေကို စိတ်ကုန်ခမ်းနေကြတဲ့ တောနယ်မြို့ ရွာနေ စက်ရုံအလုပ်ရုံ အလုပ်သမား၊ လယ်သမား နဲ့ လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်နေသူတွေရဲ့  ထောက်ခံအားပေးမှုကို အံ့ဘနန်း ရရှိခဲ့တယ်။

နိုင်ငံရေးပါးဝ နိုင်ငံရေးစင်မြင်ပေါ် အချိန်ကြာ ရပ်တည်လှုပ်ရှားခဲ့တဲ့ ဟီလာရီ ကလင်တန် က နိုင်ငံရေးနယ်ပယ်မှာ သူ့ယောက်ျား ဘေးလ် ကလင်တန် (Bill Clinton) ပြည်နယ်အုပ်ချုပ်ရေးမှူး၊ နောက် သမ္မတဖြစ်ချိန်ကနေ နိုင်ငံရေးဇာတ်ခုံပေါ် ရောက်ရှိခဲ့ပြီး၊ ယောက်ျားဖြစ်သူ သမ္မတ ကလင်တန် ပေါ်လစီဆုံးဖြတ်ချက်တွေမှာ ဝင်ရောက်လုပ်ကိုင်ပြီး၊ သူ့အမှားက သမ္မတကလင်တန်ရဲ့  လိင်ဖောက်ပြန်မှုတွေကို ကာကွယ်ငြင်းဆိုခဲ့၊ မြောက်အမေရိကတိုက် ကုန်သွယ်ရေး သဘောတူညီချက် လက်မှတ်ထိုးတာကို ထောက်ခံခဲ့ပြီး သူမသိ၊ သဘောမတူသလို ရှေ့ နောက်စကားမညီ ပြောဆိုခဲ့၊ နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်ချိန်မှာ လစ်ဗျားနိုင်ငံအရေးကို မှန်မှန်ကန်ကန် ကိုင်တွယ်မဖြေရှင်းနိုင်ခဲ့၊ အဆိုးဆုံးက ကိုယ်ပိုင်အီးမေးလ် ဝန်ဆောင်မှုနဲ့ နိုင်ငံတော် လျှို့ ဝှက်စာရွက်စာတမ်း၊ သတင်းအချက်အလက်များကို တာဝန်မဲ့၊ ပေါ့ပေါ့တန်တန် ဖြစ်သလို အီးမေးလ် ပေးပို့သုံးစွဲခြင်းစတဲ့ ပြဿနာတွေနဲ့ စွပ်စွဲရှုတ်ချခြင်း ခံရကာ။ ရွေးကောက်ပွဲကာလမှာ ရီပတ်ဘလင်ကန် နဲ့ ဒေါ်နယ်ထရမ့်တို့ရဲ့  အကွက်ကျကျ အပျက်သဘော တိုက်ခိုက်မှုတွေ (Negative Campaign Ads) နဲ့ အလယ်ပိုင်း၊ တောင်ပိုင်းပြည်နယ်များရဲ့  ထောက်ခံမှု မရခဲ့တာကြောင့် ဒုတိယအကြိမ် အရှုံးပွဲနဲ့ ကျေနပ်ခဲ့ရပြန်တယ်။

အမေရိကန်နိုင်ငံမှာ အခြေစိုက်နေထိုင်ကြတဲ့ ဒို့ရွှေမြန်မာတွေကတော့ အိုဘားမား - ကလင်တန်တို့ မြန်မာ့အရေးကို အပိုင်းတခု ဖြေရှင်းဆောင်ရွက်ပေးခဲ့တာရယ်၊ ရွှေ့ ပြောင်းအခြေချသူတွေကို ဘာလုပ်မယ် ညာလုပ်မယ် ခြိမ်းခြောက်ပြောဆိုနေတဲ့ လူရှုပ်လူပွေ ဒေါ်နယ်ထရမ့်ကို ရွံရှာမုန်းတီးတာကြောင့် ဟီလာရီ ကို ရွေးချယ်မဲပေးခဲ့ကြတယ်။ ဒါပေမဲ့ ဒို့တတွေရဲ့  လက်တဆုပ်စာ မဲတွေက ကလင်တန် အမှတ်တံဆိပ်ကို မုန်းတီး၊ နိုင်ငံရေးလုပ်စားနေတဲ့ နိုင်ငံရေးသမားတွေကို ဖယ်ရှားချင်ကြတဲ့ အခြေခံလူတန်းစား လူဖြူလူများစု မဲတွေကို မကျော်လွှာနိုင်ခဲ့ဘူး။ ဒီတကြိမ်တော့ ပြောင်းလဲချိန်တန်ပြီလို့ ဟစ်ကြွေးနေတဲ့ လူဖြူတွေရဲ့  ထိုးနှက်ချက်ကို ဒို့တတွေ အငိုက်မိကုန်ကြတယ်။

အခုတော့ မမျှော်လင့် မတမ်းတ မမက်ချင်တဲ့ အိပ်မက်ဆိုးကြီး ဒို့တတွေဆီ ရှောင်မရတိမ်းမရ ဝူးဝူးဝါးဝါး ရောက်ရှိလာခဲ့တယ်။ အိပ်မက်ဆိုးကြီး မကြာရှည်ဖို့ ဒို့တတွေ လမ်းစရှာ၊ လှုပ်ရှားကြရအုံးမယ်။ အခုတော့ ဖွဘုတ်မှာ မချိတင်ကဲ၊ မခံချိမခံသာ ဖြစ်နေကြတဲ့ အမေရိကန်နိုင်ငံသား ဒို့ရွှေတွေကို ရွေးကောက်ပွဲတနှစ်အကြာမှာ ဖရိုဖရဲ ကစဥ့်ကလျား ထူးမခြားနားပတ်ပျိုးနဲ့ မပြောင်းလဲနိုင်သေးတဲ့ ရွှေမြန်မာပြည်က မင်းတို့က အမိရင်ခွင် ပြန်လည်ခိုဝင်ဖို့ ဖိတ်ခေါ်နေကြတယ်။ ဒီအတွက် ကျေးဇူးပါ။ စောင့်မျှော်ကြိုဆိုနေကြပေါ့။

ချစ်ခင်စွာဖြင့် .. မင်းတို့ရဲ့ 
ဇွန်မိုး