မာန် (တောင်လုံးပြန်) ● ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း – အပိုင်း (၃)


မာန် (တောင်လုံးပြန်) ● ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း – အပိုင်း (၃)
(မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၁၆

ဆရာမင်းသစ်ကို ကျနော်အင်တာဗျူးခွင့်တောင်းထားသည်မှာ (၂) နှစ်ကျော်ခဲ့ပြီ။ ကျနော့်အတွက်ကံကောင်းလှသည်မှာ ကျနော့်ရဲ့လူသိမများလှသော ဝတ္တုရှည်တစ်ပုဒ်ကို ဆရာဖတ်ဖူးထားခြင်းကြောင့်ပင်။ ကျနော်နဲ့တွေ့တော့ မိတ်ဆက် စ ကားပြောပြချိန် ဆရာက ထိုဝတ္တုကိုမှတ်မှတ်ရရပြန်ပြောပြီး သူကျနော့်ကလောင်ကိုသိထားကြောင်းနှင့် ထိုဝတ္ထုအပေါ်သ ဘောကျကြောင်းပြောပြသဖြင့် ကျနော်ကြည်နူးမဆုံး။ သူနဲ့ကျနော် ရေစက်ဆုံချင်တော့ ပင်းယမဂ္ဂဇင်းမှာပြန်ဆုံရသည်။ သူ က အယ်ဒီတာချုပ်၊ ကျနော်ကလူငယ်ပိုင်းဆိုင်ရာ စာပေတာဝန်ခံ။ ထို့နောက်ပိုင်း ဆရာနှင့်ကြို့ကြားကြို့ကြားတွေ့ကြ သည်။ ကျနော်က ဆရာဦးဝင်းငြိမ်းတို့ကို အင်တာဗျူးပြီးနောက်ပိုင်း စာပေနယ်မှ ဝါရင့်သမာရင့်များနှင့် ထပ်၍အင်တာမဗျူး ဖြစ်။ နိုင်ငံရေးသောင်သာသောကာလမို့ နိုင်ငံရေးအင်တာဗျူးများချည်း ငါးနှစ်ကျော်အချိန်ကုန်ခဲ့သည်။ ယခုမှ ဆရာမင်းသစ် နှင့်ချိန်းဆိုကာ လွန်ခဲ့သော (၂) နှစ်က အလုပ်ကြွေးကိုဆပ်ရခြင်းပင်။ ၁၅၊ ၁၀၊ ၂၀၁၆ နေ့တွင် ပထမအကြိမ်၊ ၁၉၊ ၁၀၊ ၂၀၁၆ နေ့တွင် ဒုတိယအကြိမ်တွေ့ဆုံကာ အားပါးတရမေးမြန်းဖြစ်ခဲ့သမျှ တင်ပြလိုက်ရပါတော့သည်။
----

မင်းသစ်။ ။နောက်ပြီးတော့ကျနော်ဆိုရင် မန္တလေးတက္ကသိုလ်မှာဖိုင်နယ်မှာကျလို့ ရန်ကုန် တက္ကသိုလ်မှာ ပြောင်းဖြေရတယ်။ ဆယ်တန်းစန်တာပြောင်းဖြေသလိုပေါ့ဗျာ၊ ရန်ကုန်ဖြေနေရာကမန္တလေးပြောင်းဖြေချင်သလားလွယ်လွယ်လေး၊ အဲဒီတော့ ကျနော်ကဖိုင်နယ်ကျလို့ ရန်ကုန်ပြောင်းဖြေလိုက်တာ ဘွဲ့ရတော့ ရန်ကုန်တက္ကသိုလ်ဘွဲ့ရဖြစ်သွားရော။ ခပ်တည်တည်ပဲ၊ ရန်ကုန်တက္ကသိုလ်တက်ခဲ့ရတာလည်း မဟုတ်ဘူး၊ အဲဒီတုန်းက မှတ်မှတ်ရရဗျာ၊ ကျနော်နဲ့အတူ တွဲဖြေရတဲ့သူက ဘယ်သူ တုန်းဆိုတော့ စာရေးဆရာမိုးဝေရဲ့သားမက်၊ သူ့နာမည်က စင်မြူရယ် သာမြင့်တဲ့၊ သူ့အဖေက ဒေါက်တာသာမြင့်၊ သူက ရန်ကုန်တက္ကသိုလ်ရဲ့ လက်ရှိသတ္တဗေဒပါမောက္ခ၊ စင်မြူရယ်သာမြင့်ကျတာက အဲဒီသတ္တဗေဒနဲ့ကျတာ။ ဟားဟား၊ အဲဒါမျိုး ဗျ၊ မလုပ်နဲ့မရဘူး။

မာန်။ ။လှလိုက်တာဆရာရယ်၊ တကယ်ပါ။
မင်းသစ်။ ။ဆိုလိုတာက၊ ကျနော်တို့ဖြတ်သန်းတဲ့ခေတ်လေးတွေ ဘယ်လောက်မင်္ဂလာရှိလိုက်သလဲဆိုတာပါ၊ ဦးနုကလည်း ပြောတယ်လေ၊ သူ့သားစာမေးပွဲကျတော့ ဘယ်နှမှတ်မှ အောင်မှာလဲ၊ ၄ဝ မှအောင်မှာဆိုတော့၊ အဲဒါဆို ၄ဝ ရအောင် ဒီ ကောင့်ကိုဆက်ဖြေခိုင်းပေါ့ဆရာရယ်တဲ့၊ မကောင်းဘူးလားဗျာ။ သတ္တဗေဒပါမောက္ခသားက သတ္တဗေဒနဲ့ကျတယ်။ အဲဒီလို အဲဒီလိုအဲဒီလိုလေးတွေဗျ။ ဒါဟာ ကျနော့်ရဲ့ပညာရေးဖြတ်သန်းမှုလေးတွေ။

မာန်။ ။ဆရာမန္တလေးတက္ကသိုလ်တက်တော့အပြင်နေတာလား၊ ဘော်ဒါလားဆရာ။
မင်းသစ်။ ။ ပထမတော့ ဘော်ဒါနေတာပေါ့၊ စာမေးပွဲကျတော့ အပြင်ထုတ်ခံရတယ်။ အပြင်ဆောင်မှာနေရတယ်။ ဘောဓိ ကုန်းလို့ ခေါ်တယ်။

မာန်။ ။ အဲဒီတက္ကသိုလ်တက်ခဲ့တုန်းကအမှတ်တရလေးတွေပြောပြပါဦးဆရာ။
မင်းသစ်။ ။တက္ကသိုလ်နေတဲ့အမှတ်တရကဘာလဲဆိုတော့ ခုခေတ်ကလေးတွေရော၊ ကလေးမိဘတွေကိုရော ကျနော်သနား တာ။ ကျနော်တို့တုန်းက မနက်မိုးလင်းရင် ထမင်းကျွေးတယ်၊ ကျောင်းကကျွေးတာ၊ အသားဟင်း၊ အသီးအရွက်၊ အရည် သောက်၊ နောက်၊ ငံပြာရည် တို့စရာက ပါသေးတယ်။ အဲဒီဟင်းစာရင်းကိုလည်း ဘော်ဒါနေတဲ့ ကျောင်းသားတွေက ဆွဲတာ။

မာန်။ ။ ဩော် .... ဘယ်နေ့မှာ ဘာစားမယ်ဆိုပြီး မီနူးဆွဲတာလားဆရာ။
မင်းသစ်။ ။ ဟုတ်တယ်။ အဲဒီတုန်းက အဆောင်သာယာရေးကလည်း (Art center) လို့ခေါ်တယ်။ ဆိုရှယ်အန်ရီဒင်း အဆို စီကေးရှင်း၊ သဟာရနဲ့စာဖတ်အသင်းတဲ့၊ အဲဒီမှာလည်း စာအရမ်းဖတ် ဖြစ်တာပဲ။ ကိုယ့်အရင်ရှေ့ကလူတွေဖတ်ခဲ့တာတွေ ကြည့်ရတာ၊ ကျနော်လည်း လိုက်ဘရီကိုသွား ကြည့်တယ်။ 'တွမ်တီဖတ်စ် စကျူရီ ခရက်တီကယ် အက်ဆေး' ဆိုတဲ့စာအုပ်၊ နောက်ဖက်မှာက ငှားကြည့်ထားတဲ့သူတွေ အမည်စာရင်းပါတယ်။ ကြည့်လိုက်တော့ ကြည်လင်တဲ့၊ ရှာကြည့်တော့ ကြည် လင် ငှားငှားလှချည်လားပေါ့။
အဲဒါနဲ့ စာကြည့်တိုက်မှူးကို မေးကြည့်ရတယ်။ ကြည်လင်ဆိုတဲ့ကျောင်းသားဟာ ဘယ်သူတုန်းပေါ့။ ဟာ .... မင်းကလည်း ကဗျာဆရာကြည်အောင်ပေါ့ကွာတဲ့။

မာန်။ ။ ဟော ... ဇာတ်လမ်းစပြီ။ တယ်ဟုတ်ပါလားဆရာ။
မင်းသစ်။ ။အေးဗျာ၊ ကျနော်လည်း အဲဒီမှာလူလည်လုပ်ပြီးကြည်လင်ငှားခဲ့သမျှတွေ လိုက်ဖတ်တော့တာပဲ။ ဟဲ ... ဟဲ ... ဟုတ် တယ် မို့လား၊ပြီးတာပဲ။ ထားတော့ဗျာ၊ ဒါကတစ်ပိုင်း။ နေ့ခင်းကြတော့ အစားအသောက်ကျွေးတာတွေ ပြောပြဦးမယ်၊ နေ့ခင်းမှာကနေ့က မန္တလေးမုန့်တီဆိုပါတော့၊ မုန့်တီသုတ်၊ နောက်နေ့ရန်ကုန် မုန့်ဟင်းခါး၊ ချက်လည်း မချက်တတ်ပါဘူး။ မှာတာပဲရှိတာ။

ညနေကြတော့လည်း မနက်ဟင်းနဲ့ မထပ်စေရဘူး။ အသားဟင်းနဲ့ ဘာနဲ့မှာထားတယ်။ ဒါက ကျောင်းသားတွေက မှာတာကို ချက်ပေးရတာ။ ကိုးနာရီထိုးရင် သံချောင်းခေါက်ပြီ။ ညပိုင်း လက်ဖက်ရည်လာသောက်ဖို့။ အဲဒါ (၅၆) ကျပ်၊ တစ်လကိုသွင်း ရတဲ့စရိတ်၊ နေတာပါ အပြီးနော်၊ စားတာရောဘာရောမှ (၅၆) ကျပ်၊ အဲဒီတော့ အိမ်က တစ်ရာပို့နိုင်တဲ့ကျောင်းသားက သူ ဌေးပဲ။ ကျနော်တို့ဆိုရင် အမေကအိမ်က တလကိုတစ်ရာပို့တယ်။ အဲဒါကိုဘီယာသောက်မှ ကောလိပ်ကျောင်းသားပီသတယ် ဆိုပြီး အဲဒီတုန်းကတော့ ဘီယာသွားသောက်ကျတာပေါ့။

ဘီယာတလုံး သုံးကျပ်ခွဲ။ ပိုက်ဆံရောက်တဲ့ကာလလေးမှာ သွားသောက်ကြတာ။ ပြန်စဉ်းစားမိတာက အဲဒီတုန်းက ဘီယာ တစ်လုံးသုံးကျပ်ခွဲ။ အခုထောင့်ငါးရာ၊ ဩော်လို့။ ထားပါတော့လေ ဒါကတော့။ ဒါတွေက ငွေကြေးဖောင်းပွမှုအရဖြစ်ရတဲ့ ကိစ္စ တွေဆိုတော့ထားပါတော့။

ဆက်လက်ဖော်ပြပါမည်။

သရုပ်ဖော်ပုံသည် ဆရာမင်းသစ်၏ အိပ်မက်ကွန်ဖရင့်ဝတ္တုတိုစု စာအုပ်မှ မျက်နှာဖုံးသရုပ်ဖော်ပုံ ဖြစ်ပါသည်။

မာန် (တောင်လုံးပြန်) ● ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း – အပိုင်း (၁)
မာန် (တောင်လုံးပြန်) ● ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း – အပိုင်း (၂)