တူမောင်ညို - အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သော လမ်း - (၂)



တူမောင်ညို - အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သော လမ်း - (၂) 
((၁၀၅) မိုင်က သေနတ်သံများ)
(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၆

အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်းမှာ သေနတ်သံတွေမြည်ဟိန်းနေပါတယ်။

ဒီလိုသေနတ်သံတွေ မြည်ဟိန်းနေတာ မဆန်းကျယ်ပါဘူး။ ဒီချုပ်ပါတီ “အစိုးရအာဏာ” မရခင်ကလည်း မြည်ဟိန်းနေခဲ့တာ ပဲလေ။ ၁၉၄၈ ကနေ စပြီး ဒီကနေ့အထိ သေနတ်သံတွေမကြားရတဲ့နေ့ရက် ဗမာပြည်မှာ ရှိခဲ့ဖူးလို့လား။ ဒီချုပ်ပါတီ အစိုးရအာဏာရရှိ လာခဲ့တဲ့ ( ၈ ) လတာမျှ ကာလအတွင်းမှာရော သေနတ်သံ တွေမကြားရတဲ့နေ့ရက်ရယ်လို့ရော ရှိခဲ့ဖူးလို့လား။ မရှိခဲ့ပါဘူး။

ဒီ (၁၀၅) က ပေါ်ထွက်လာတဲ့ သေနတ်သံတွေဟာ သီးခြားပေါ်ပေါက်လာတဲ့ အကြောင်းတရားသေနတ်သံ မဟုတ်ဘဲ။ နဂိုရှိနေတဲ့၊ မပြီးဆုံးနိုင်ဘဲရှိနေတဲ့ ပြည်တွင်းစစ်၊ ပြီးပြတ်ပြေလည်အောင် မဖြေရှင်းနိုင်သေးတဲ့ ပြည်တွင်းစစ်အခန်းဇာတ်လမ်းရှည်ကြီးက မွေးထုတ်ပေးလိုက်တဲ့ အကျိုးဆက်သေနတ်သံတွေပဲ ဖြစ်ပါတယ်။

(၁၀၅) မိုင်က သေနတ်သံတွေနဲ့အတူ ထူးခြားမှု ၃ ခုကို သတိပြုမိပါတယ်။

ပထမတစ်ခုက “ အပြစ်မမြင်ပါဘူး ချစ်ချင်တာပဲသိတယ်လေ” လို့ဆိုရမယ့် ဒီချုပ်ပါတီအစိုးရနဲ့ ပြည်သူတွေအကြားက ဆိုတဲ့ အနေအထားကို (၁၀၅) မိုင်ကသေနတ်သံတွေ အတိအလင်း ပုဒ်ဖြတ်ချပေးလိုက်တဲ့အချက်ပါ။

“ပြည်သူ့အစိုးရအနေဖြင့် ကိုယ့်အနေအထားနှင့်အခြေအနေကို စေ့စပ်သေချာစွာ ပြန်လည်စိစစ်သုံးသပ်ရန် အထူးလိုအပ်လိမ့် မည်ဟု ယူဆပါသည်” ဆိုတဲ့ ဝေဖန်တိုက်တွန်းချက်မျိုးတွေကို “ ပြည်သူ့အရေးဂျာနယ် ” အယ်ဒီတာ့အာဘော် ကနေရေးသားဖော်ပြလာ ပါတယ်။ ပြည်သူ့အရေးဂျာနယ်ဆိုတာ ပြန်ကြားရေးဝန်ကြီးဒေါက်တာဖေမြင့် အယ်ဒီတာအဖြစ် လုပ်ခဲ့ဖူးတဲ့ ဂျာနယ်ပဲလေ။

ဒုတိယတစ်ခုကတော့ “လူကြီးမင်း၏ စာတမ်းသည် လက်ရှိဆောင်ရွက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပြဿနာရှိ သည်ဟုယူဆသောကြောင့်” ဆိုတဲ့ အကြောင်းပြန်ချက်နဲ့ “ဆိုင်းငံ့” လိုက်တဲ့ စာတမ်းများကိစ္စဖြစ်ပါတယ်။

ဆိုင်းငံ့တယ်ဆိုတာ (ယာယီအားဖြင့်ဖြစ်စေ) တကယ်တော့“ဆင်ဆာ” တမျိုးပါပဲ။ ဒီချုပ်ပါတီအစိုးရ၊ ပြန်ကြားဝန်ကြီးဌာနက လက်တွေ့ ကျင့်သုံးလိုက်တဲ့ ဆင်ဆာဖြတ်နည်း တစ်ခုလို့ ခေါ်ရမှာဖြစ်ပါတယ်။

“ခေတ်ပြိုင်သမိုင်းဆိုင်ရာစာပေစာတမ်းဖတ်ပွဲ” ဆိုတာကို ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပတာပါ။ အခုလို စာတမ်း တွေကို ဆိုင်းငံ့ဆင်ဆာနဲ့ တားမြစ်ပိတ်ပင်လိုက်တာဟာ အစိုးရရဲ့သဘောထားလို့ပဲ ယူဆရမှာဖြစ်ပါတယ်။

“လူကြီးမင်း၏ စာတမ်းသည် လက်ရှိဆောင်ရွက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပြဿနာရှိသည်ဟု ယူဆသော ကြောင့် ” လို့ အတိအလင်းဆိုထားလေတော့ စာတမ်းတစ်ခု သို့မဟုတ် လွတ်လပ်စွာရေးသားဖော်ပြထားမှုတစ်ခုဟာ သေနတ်သံတွေ လိုပဲ ငြိမ်းချမ်းရေး ထိခိုက်စေပါသလား။ “ဓားသွား ထက် ကလောင်သွားထက်တယ်” ဆိုတဲ့စကားနေရာမှာ၊ မောင်းပြန်သေနတ်သံထက် စာတမ်းက ပိုကြီးကျယ်ကျယ်လောင်လောင်မြည်ဟိန်းနေပါလား။

“လူကြီးမင်း၏ စာတမ်းသည် လက်ရှိဆောင်ရွက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပြဿနာရှိသည်” တဲ့။

“ဆိုင်းငံ့ဆင်ဆာ” အပေါ်မြင်တဲ့ အမြင်က ဒီလိုပါ။

“ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်ပြဿနာရှိသည်ဟုယူဆသော စာတမ်းများ” အပေါ်ဆင်ဆာဖြတ်လိုက်တာဟာ သီးခြား ကိစ္စတစ်ခုလို့ မမြင်ဘဲ။ မကြာမီ ( ၂၀၁၇ ခုဖေဖေါ်ဝါရီလမှ ကျင်းပမယ်ဆိုတဲ့) ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး စင်မြင့်မှာ တင်သွင်း ဖတ်ကြားကြအုံးမယ့် စာတမ်းတွေနဲ့ တွဲပြီးစဉ်းစားမိတာပါ။ အဲဒီမှာတင်ပြလာမယ့်စာတမ်းတွေကို အခုလိုပဲ ဆင်ဆာဖြတ်တောက်မှာဖြစ် တယ်လို့ ကြိုတင်သတင်းစကားပါးလိုက်တာနဲ့ နမူနာပြလိုက်တာပဲဖြစ်လိမ့်မယ်လို့ တွေးထင်ယူဆမိပါတယ်။

၂၁ ရာစု ပင်လုံ (ပထမအစည်းအဝေး) မှာ လွတ်လပ်ရေးနဲ့ အတူရှည်ကြာခဲ့တဲ့ ပြည်တွင်းစစ်နဲ့ ပြည်ထောင်စုဝေဒနာကို ၁၀ မိနစ်မျှရတဲ့ အချိန်ဒုလ္လဘ ကလေးအတွင်းမှာ မာရသွန်တင်ပြခဲ့ကြရပါတယ်။ ဒီလို တင်ပြတာကို စစ်အုပ်စုက လိုလားပုံမရဘူး။ အစာမ ကြေဘူး။ ဒါကြောင့် ကာချုပ်က (NCA) စာချုပ်တစ်နှစ်ပြည့်ပွဲမှာ “(NCA) ကို လက်မှတ်ရေးထိုးခြင်းမရှိဘဲ (NCA) စာချုပ်ပါ ကိစ္စရပ်များ ကို ကျော်လွန်ပြီး အမျိုးသားအဆင့်ဆွေးနွေးပွဲများသို့ သွားနိုင်ရန်ကြိုးစားနေခြင်းဟာ မဖြစ်သင့်ပါဘူး” သတိပေးခဲ့တာပါ။ ဆိုလိုချင် တာကတော့ (NCA) လက်မှတ် မထိုးရင် နိုင်ငံရေးဆွေးနွေးမှုနဲ့ နိုင်ငံရေးအရပါဝင်ဆောင်ရွက်မှုကို ခွင့်မပြုနိုင်ဘူးလို့ ပြောတာပါပဲ။

အထက်ပါ အချက်တွေနဲ့ ဆက်စပ်စဉ်းစားလိုက်တော့ ဆိုင်းငံဆင်ဆာကိစ္စဟာ “လက်ရှိဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ် ငန်းစဉ်များတွင် ပြဿနာရှိသည်” လို့ (အစိုးရက) ယူဆရင် တင်သွင်းဖတ်ကြားခွင့်ပြုမှာမဟုတ်ဘူး ဆိုတဲ့ ကောက်ချက်ထွက်ပေါ်လာ စေပါတယ်။

တတိယထူးခြားချက်ဆီကို သွားကြပါအုံးစို့။

ဒီတတိယထူးခြားချက်ဆိုတာက တခြားမဟုတ်ပါဘူး။ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့စွဲနဲ့ထုတ်ပြန်လိုက်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကြေညာချက်အမှတ် (၁/၂၀၁၆) နဲ့ ပတ်သက်ပြီး ပြောချင်တာပါ။

ယခင်က သေနတ်သံတွေ၊ လက်နက်ကြီးပစ်သံတွေ၊ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်သံတွေ ပွက်ပွက်ဆူ နေခဲ့သော်လည်း ဘယ်လိုတုန့်ပြန်သံမှ ထွက်ပေါ်လာခဲ့ဖူးခြင်း မရှိခဲ့သော်လည်း (၁၀၅)မိုင်က ပေါ်ထွက်လာတဲ့သေနတ်သံတွေကတော့ တုန့်ပြန်သံတစ်ခုကို ရရှိစေခဲ့ပါတယ်။

ဘယ်သူက တုန့်ပြန်တာလဲ။ ဘယ်သူ့အသံလဲ။ ဒီမေးခွန်းအတွက် (NRPC)ကြေညာချက် အမှတ် (၁/၂၀၁၆) ကိုယ်၌မှာ ပါရှိတဲ့ အချက်တွေကို သုံးသပ်တင်ပြရင်း အဖြေပေးပါရစေ။

ဒီတုန့်ပြန်သံဟာ ဒီချုပ်ပါတီအစိုးရဆီက မဟုတ်ပါဘူး။ ပြည်ထောင်စုလွှတ်တော်ဆီကနေလာတဲ့ အသံလည်းမဟုတ်ပါ။

ဒေါ်အောင်ဆန်းစုကြည်မှာ ဦးထုပ် (၆) လုံးရှိပါတယ်။ (စတီဗင်ကိုဗေးရဲ့ ဦးထုတ်တွေကိုတောင် သတိရစရာ)

(NRPC) ဥက္ကဋ္ဌ ဆိုတဲ့ ဦးထုပ်

(UPDJC) ဥက္ကဋ္ဌ ဆိုတဲ့ ဦးထုပ်

နိုင်ငံခြားရေးဝန်ကြီး ဆိုတဲ့ ဦးထုပ်

အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ ဦးထုပ် ( ဦးထုပ်လို့ သုံးရင်မသင့်တော်ပါဘူး။ “သရဖူ” လို့ဆိုမှသာ ဂုဏ်နဲ့ဒြပ်ကိုက်ညီမှာပါ)

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဆိုတဲ့ ဦးထုပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဆိုတဲ့ ဦးထုပ်

ပူပူနွေးနွေး ပေါ်ထွက်လာခဲ့တဲ့ ကြေညာချက်အမှတ်(၁/၂၀၁၆) ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က (NRPC) ဥက္ကဋ္ဌ ဆိုတဲ့ ဦးထုပ်ဆောင်းပြီး ထုတ်ပြန်လိုက်တာပါ။

ဒီကြေညာချက်ရဲ့နောက်ထပ်ထူးခြားချက်ကတော့ ကြေညာချက်ထဲက စကားလုံး အသုံးအနှုန်းတွေပါပဲ။

နာကျင် အသည်းပေါက်ကုန်ကြတဲ့ အသုံးအနှုန်းတွေကတော့ “တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ရွပ်ရွပ်ချွံချွံစွမ်းဆောင် မှုများကြောင့်” ဆိုတာနဲ့ “အပြစ်မဲ့အရပ်သားပြည်သူများပါ ထိခိုက်သေဆုံးဒဏ်ရာရရှိ” ဆိုတာတွေပဲဖြစ်ပါတယ်။ သေနတ်သံတွေနဲ့ အတူ တက်လာတဲ့ မေးခွန်းတွေက ယခင်တိုက်ပွဲတွေမှာလည်း အပြစ်မဲ့အရပ်သားပြည်သူတွေ ထိခိုက်သေဆုံး ဒဏ်ရာရရှိခဲ့တာပါပဲ အဲဒီတုန်း က ဘာကြောင့် တိတ်ဆိတ်နေခဲ့တာလဲ ဆိုတဲ့မေးခွန်းပါပဲ။

ဒီ စကားလုံးအသုံးအနှုန်းတွေ အပေါ်မှာ ကျနော်ကတော့ ဟောဒီလို မြင်ပါတယ်။

ပြည်သူ့ဆန္ဒ၊ ပြည်သူ့ရွေးချယ်မှုနဲ့ ပေါ်ပေါက်လာတဲ့ ဒီချုပ်ပါတီအစိုးရဆိုတဲ့ ထမင်းဦးပေါင်းလေးဟာ စစ်အုပ်စုနဲ့ စစ်ဗျူရို ကရေစီယန္တယား အိုးဟောင်းကြီးထဲထည့်လိုက်လို့ (ကိုယ်တိုင် အဲဒီချဉ်ဖတ်အိုးကြီးတွေထဲ ခုန်ဆင်းသွားလို့) ချဉ်သိုးသွားရတာပါပဲ။

ဘယ်သူမပြု မိမိမှုဆိုတဲ့စကားလိုပါပဲ။

တကယ်တော့ (၁၀၅)မိုင်ကနေ ပေါ်ထွက်လာတဲ့သေနတ်သံတွေပေါ် (NRPC)ကထုတ်ပြန်တဲ့ကြေညာချက်လောက်နဲ့ ရပ်တန့် မနေသင့်ပါဘူး။ (NRPC) ကတောင် အလေးထားနေရင်၊ နိုင်ငံတော်အစိုးရနဲ့ ပြည်ထောင်စုလွှတ်တော်ကြီးကလည်း အရေးယူအလေးထား ပြီး လိုအပ်သလို ဆောင်ရွက်ဖို့ တာဝန်ရှိပါတယ်။

ပြည်သူကရွေးချယ်လိုက်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့လည်း တိုင်းရင်းသားပြည်သူတွေ အနှစ်နှစ်အလလ မျှော်ကိုးတောင့်တနေကြတဲ့ ငြိမ်းချမ်းရေးဆန္ဒ၊ ငြိမ်းချမ်းရေးအသံကို လွှတ်တော်ထဲမှာ ထင်ဟပ်စေသင့်တယ် မဟုတ်ပါလား။

“တိုင်းပြည်နဲ့အဝန်း ပစ်ခတ်တိုက်ခိုက်မှုတွေ ချက်ချင်းရပ်စဲကြပါရန် နိုင်ငံတော်အစိုးရ ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့များအားလုံးထံ တိုက်တွန်းကြောင်းအရေးကြီးအဆို” တစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်ကြီးထဲမှာ ချက်ချင်းလက်ငင်းတင်ပြ ဖို့ မသင့်တော်ပေဘူးလား။ ဒီလို တင်ပြဖို့ ပြည်သူကရွေးချယ်စေလွှတ်လိုက်တဲ့၊ တာဝန်သိတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တိုင်းမှာ တာဝန်ရှိတယ်လို့ အလေးအနက် ယူဆပါတယ်။ နှောင့်နှေးကြန့်ကြာနေဖို့ မသင့်တော်ပါဘူး။

တာဝန်သိတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဒီလိုအရေးကြီးအဆိုကို လွှတ်တော်ကြီးက မျက်နှာလွှဲနေဝံ့မယ်မထင် သလို။ ဘယ်လိုလူစားတွေကလည်း ပြည်သူတွေရဲ့ငြိမ်းချမ်းရေးဆန္ဒ၊ ငြိမ်းချမ်းရေးအသံနဲ့ ဖီလာဆန့်ကျင်ပြီး၊ ကန့်လန့်တိုက်ပြီး ဒီအဆို ကို ကန့်ကွက်ဝံ့မှာ မို့လို့လဲ။

ဒါ့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့လည်း “ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ ” အရ လုပ်ဆောင်နိုင် တာတွေရှိပါတယ်။ “တာဝန်နဲ့လုပ်ပိုင်ခွင့်တွေ”တရားဝင်ပြဋ္ဌာန်းပေးထားပြီးသားဖြစ်ပါတယ်။ တတိုင်းတပြည်လုံးကို လွှမ်းခြုံနိုင်တဲ့ တာဝန် တွေ၊ လုပ်ပိုင်ခွင့်တွေ ရှိပါလျက်သားနဲ့ (NRPC) ဥက္ကဋ္ဌဆိုတဲ့ ဦးထုတ်လေးဆောင်းပြီး ကြေညာချက်ထုတ်တာဟာ သဘာဝမကျပါဘူး။ မဆီလျှော်ပါဘူး။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ “သရဖူ” ကိုဆောင်းပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများထံ လိုအပ်တဲ့ အကြံဉာဏ်တွေ၊ တိုက်တွန်းချက်တွေပြုသင့်တာပါ။ ပြည်သူလူထံလည်း လိုအပ်သလို ပန်ကြားသင့် တာပါ။

အခုတော့ ဘယ်လို တစုံတရာတွေကြောင့်များ ဒီတာဝန်တွေကနေ လွှဲရှောင်သွေဖီနေရပါသလဲ လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ကို မေး ချင်ပါတယ်။

နိုင်ငံတော်သမ္မတကြီးနဲ့တကွ အစိုးရအဖွဲ့အနေနဲ့လည်း တပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထံ လိုအပ် သလို တိုက်တွန်းတာ၊ မေတ္တာရပ်ခံတာတွေမလုပ်သင့်ပေဘူးလား။

ကြေညာချက်ထဲကထူးခြားချက် နောက်တစ်ခုကတော့ (AA)ရခိုင်တပ်မတော် ဆိုတာကို ထည့်သွင်းမထားတဲ့အချက်ပါပဲ။

“နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ”က ထုတ်ပြန်တဲ့သတင်းမှာလည်း (AA) မပါ ပါဘူး။ တမင်ရည်ရွယ် ချက်ရှိရှိမထည့်တာလို့ယူဆပါတယ်။တဖက်ကထုတ်ပြန်တဲ့ကြေညာချက်ထဲမှာတော့ပါဝင်တိုက်ခိုက်တဲ့အဖွဲ့အစည်းတွေထဲမှာ(AA)နာမည် ပါ ရှိပါတယ်။ ကြေညာချက်စာရွက်ပေါ်မှာပဲပါပြီး လက်တွေ့တိုက်ပွဲတွေမှာ ပါ/မပါကတော့ ကာယကံရှင်တွေက ထုတ်ဖော်ရှင်းလင်းမှသာ သိရှိနိုင်မှာပါ။ အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီလို့ ဘယ်လိုပင် တံဆိပ်ကပ်ထားသော်ငြားလည်း သတင်းဇစ်မြစ်ကတော့ စစ်တပ်ပိုင်(မြဝတီ) ဖြစ်ပါတယ်။

ဒါတွေဟာ အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်းပေါ်ကနေ ကြုံတွေ့လာရတဲ့ ဘေးထွက်ဆိုးကျိုးတွေထဲက တစ်ခုပါပဲ။

စစ်အုပ်စုနဲ့ စစ်ဗျူရိုကရေစီယန္တရားဆိုတဲ့ ကုမ္ပဏီကြီးနှစ်ခု တည်ရှိနေသမျှ အတားအဆီးတွေ၊ အနှောင့်အယှက်တွေ၊ အကန့် အသတ်တွေဟာ (ကာလ၊ ဒေသ၊ ပရောဂနဲ့အညီ) တံဆိပ်မျိုးစုံ၊ ပုံစံမျိုးစုံ မရိုးရအောင်ပေါ်ထွက်နေမှာပါ။

အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်းမှာ သေနတ်သံတွေ၊ သွေးတွေ၊ မျက်ရည်တွေ၊ ပြည်သူတွေရဲ့ဘေးဒုက္ခတွေ အမြန်ဆုံး ရပ်စဲသွားနိုင်ပါစေ ။

ဆက်ရေးပါအုံးမယ်။