ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

OCC Bus ရဲရင့်ဘုန်း - မီးလျှံငြီးငြီး ချက်ပလက်ကြီး - အမေရိကမှာပညာသင် (၁)

OCC Bus
ရဲရင့်ဘုန်း - မီးလျှံငြီးငြီး ချက်ပလက်ကြီး - အမေရိကမှာပညာသင် (၁)
(မိုးမခ၊ သစ်ခက်သံလွင်) နိုဝင်ဘာ ၂၄၊ ၂၀၁၆


၁၉၉၁ ဇူလိုင်လမှာ အမေရိကန်ပြည်ထောင်စု တောင်ပိုင်းကယ်လီဖိုးနီးယားပြည်နယ်က Newport Beach ဆိုတဲ့မြို့လေးကို ပညာသင်ကြားဖို့ ရောက်ရှိလာခဲ့ပါတယ်။ Los Angeles မြို့ကြီးရဲ့ တောင်ဖက် မိုင် ၅၀ လောက်ဝေးတဲ့ ဒီ လိမ္မော်သီးမြို့နယ် (Orange County) က ဒုတိယကမ္ဘာစစ်ပြီး ၁၉၆၀ လောက်ထိ လိမ္မော်သီးခြံများနဲ့ ပြည့်နေခဲ့တာပါ။ ၆၀ နောက်ပိုင်း L.A မှာလူတွေ များလာလို့ ရေကြည်ရာမြက်နု ရာ တောင်ဖက်ကိုရွှေ့ပြောင်းရင်း လူနေစည်ကားတဲ့ နေရာများ ဖြစ်လာခဲ့ပါတယ်။ ရာသီဥတုမျှတပြီး အနီးနားမှာ ကမ္ဘာကျော် ဒစ္စနီပျော်စရာခြံကြီး Disneyland ရှိပါတယ်။ ၁၉၅၅ က ဖွင့်လှစ်ခဲ့တဲ့ မူလ Theme-park ပါ။ Pacific သမုဒ္ဒရာရဲ့ ပင်လယ်ကမ်းခြေလေးဘေးမှာရှိပြီး လူနေမှုအနေနဲ့ လူဖြူအများစုနဲ့ အာရှတိုက်ဖွားများ မက္ကဆီကန်များ ၃၀ ရာခိုင်နှုန်းခန့် ရှိပါတယ်။ ကျနော်တက်ရမဲ့ကျောင်းက လိမ္မော်သီး ကမ်းခြေ ဒေသကောလိပ် (Orange Coast Community College) လို့ ခေါ်ပါတယ်။



ဒေသကောလိပ်ဖြစ်ပြီး ကျောင်းသားကျောင်းသူ နှစ်သောင်းလောက် ရှိတယ်။ ဝေးလံတဲ့ တက္ကသိုလ် ကြီးတွေကိုမသွားချင်သေးရင် ပထမနှစ်နှစ်ကို ကိုယ့်အိမ်နားမှာပဲ တက်လို့ရအောင် စီစဉ်ပေးထားတာပါ။ GTI လို အသက်မွေးဝမ်းကျောင်းပညာ ၃ နှစ် ဒီပလိုမာသင်တန်းများ လည်း ပို့ချပါတယ်။ ဒီမှာတော့ Associate Degree လို့ ခေါ်ပါတယ်။ တကယ်တော့ မြန်မာပြည်က ပညာလာသင်လိုသူများ စရိတ်သက် သာပြီး အဆင်ပြေတဲ့ ဒီလိုဒေသ ကောလိပ်တွေက စသင့်ပါတယ်။ ကျောင်းနေအဆောင် များတော့ မရှိပါ။ အခု အဆိုကျော် ကိုတူးတူးရဲ့သမီးလေး အဲဒီ့မှာ ကျောင်းတက်နေတယ်လို့ ကြားပါတယ်။



ဒီ့မတိုင်ခင် စင်ကာပူမှာ မိဘများနဲ့နေထိုင်ရင်း NCC Dip နှစ်နှစ် တက်ခဲ့ပါတယ်။ သိတဲ့အတိုင်း စင်ကာပူက ရန်ကုန်လိုမြို့ကြီးဆိုတော့ သွားရေးလာရေးအရမ်းအဆင်ပြေပါတယ်။ ဘတ်စ်ကား၊ ရထား၊ အဌားကား အရမ်းပေါပြီး ဘယ်သွားသွား အချိန်သိပ်မကြာပါဘူး။ ကျနော်လည်း အခုတော့ နေရာသစ်ဆိုတော့ နေ့ တိုင်းလေ့လာ ဆည်းပူးရပါတယ်။ ရောက်ကါစ အမဝမ်းကွဲ အိမ်မှာနေတော့ သူတို့အပြင်သွားတိုင်း လိုက်သွားတယ်။ မြင်မြင်သမျှ လိုက်မှတ်ပေါ့။ အိမ်ကနေ အပြင်ကိုလမ်းလျှောက်ထွက်သွားတော့ နှစ်ထပ် အိမ်လေးတွေချည်းပါပဲ။ လမ်းမပေါ်ထွက်တော့လည်း ဘတ်စ်ကားတစီးမှ မတွေ့ပါဘူး။ ပြောရရင်တော့ ရန်ကုန် ဆင်ခြေဖုန်း လမ်းမကြီးတွေနဲ့ဝေးတဲ့ မြို့သစ်နေရာလေးတွေလိုပါပဲ။ ကျောင်းက ၅ မိုင် လောက် ပဲဝေးပေမယ့် လမ်းလျှောက်ဖို့ကလည်း မဖြစ်နိုင်ပါ။ ဒါနဲ့ လမ်းမကြီးကို လမ်းလျှောက်ပြီး ဘတ်စ်ကားစီးဖို့ လုပ်ရပါတယ်။ အိမ်က ဦးလေးက လမ်းညွှန်ပေးတယ်။ ဘတ်စ်ကားစီးသူနည်းလို့ ရထားလိုပဲ အချိန်နဲ့ လာပါတယ်။ မနက် ၆ နာရီနဲ့ ၉ နာရီ အထိ နာရီဝက်တစီးလောက်လာပြီး နေ့လည်ဖက် ၁-၂ နာရီမှ တစီးလာတယ်။



ကားကြီးတွေက အကြီးကြီးတွေ၊ မတ်တတ်ရပ်စီးသူတောင် သိပ်မရှိပါဘူး။ Wheelchair လဲ တင်ပေးသလို စက်ဘီး နှစ်စီးတင်တာလက်ခံပါတယ်။ ကားရဲ့ ရှေ့အပြင်ဖက်မှာချိတ်ဖို့ နေရာလုပ်ထားတယ်။ ကျနော်အတန်းစောပြီးတဲ့နေ့မှာကြ အဆင်မပြေလို့ စာကြည့်တိုက်မှာ စာဖတ်ရင်း စောင့်ရတယ်။

ဒါနဲ့ပဲ ၃ လလောက်ကြာတော့ ညီဝမ်းကွဲလေးရယ်၊ ဘန်ဘန်း ဆိုတဲ့ အင်ဒိုနီးရှား ကျောင်းသားလေး တယောက်ရယ် သီးသန့်အိမ်ခန်းငှားနေကြရော။


My College OCC

ခက်တာက ဈေးထွက်ဝယ်ဖို့ ကျောင်းပိတ်ရက် ဟိုနားဒီနားသွားဖို့ကအစ ပြဿ      နာဖြစ် လာပါ တယ်။ ဒါကလည်း ကိုယ်သွားတဲ့မြို့ပေါ် မူတည်တာပါ။ မြို့ကြီးတွေဖြစ်တဲ့ နယူးယောက်၊ ချီကာဂိုတို့မှာ ဘတ်စ်၊ ရထား ရှိပါတယ်။ ဒါနဲ့ပဲ ကားဝယ်ဖို့ စဉ်းစားရပါတော့တယ်။ မိဘတွေကိုလည်း အပူမကပ်လိုပါ။ ကျနော်ငယ်ငယ်က ဟောလိဝုဒ် ရုပ်ရှင်တွေ ကြည့်ရင် သဘောကျတာတခုက ကား အဟောင်းတွေ ကို ဈေးပေါပေါနဲ့ ဝယ်လို့ရတာရယ်၊ ဘားမှာ အရက်သွားသောက်ရင် ရွှေရောင် ဆံပင်နဲ့ ချောချောကောင် မလေးကို စကားစမြည်လေးပာ၊ အရက်လေးသောက်ပြီး ကိုယ့်နောက် လိုက်လာတာ ရယ်။ အော် ဟောလိ ဝုဒ် ဆရာတို့ရယ်။ မေ့နေတာက အဲဒါက မင်းသမီး၊ ကိုယ်က မင်းသားမဟုတ်ဖူးဆိုတာပဲ။ သူတို့လုပ်လို့ လူမည်းတွေ့ရင် ကြောက်၊ ညဆို အပြင်မထွက်ရဲ။



ကြုံတုန်း ကယ်လီဖိုးနီးယားပြည်နယ်အကြောင်း နည်းနည်းပြောပါ့မယ်။



အမေရိကန်ပြည်ထောင်စုရဲ့အနောက်ဖက်အကျဆုံး ပစ္စိဖိတ်ကမ်းခြေ အနောက်ဖက် ကမ်းရိုးတန်းမှာ ရှိပါတယ်။ အကျယ်အဝန်း စတုရန်းမိုင် ၁၆၃,၆၉၆ ရှိပြီး တောင်နဲ့မြောက် ၇၇၀ မိုင်ရှိတာမို့ ပမာဏ အားဖြင့် မြန်မာပြည်ရဲ့ ၆၅% ခန့်ရှိပါတယ်။ လူဦးရေအများဆုံး ၃၉ သန်းဖြစ်ပြီး မြို့ကြီးတွေ ကတော့ မြောက်ပိုင်းမှာ ဆန်ဖရန်စ္စကို နဲ့ တောင်ပိုင်းမှာ လော့စ်အင်ဂျလိစ်ပါ။



အချမ်းသာဆုံးပြည်နယ်မို့ Nickname ရွှေပြည်နယ် (Golden State) လို့ခေါ်ကြပါတယ်။ နံမည်ကျော် ကုမ္ပဏီများဖြစ်တဲ့ Facebook, Google, Apple တို့ မြောက်ပိုင်းမှာရှိတဲ့ Silicon Valley မှာ ရုံးစိုက်ကြတယ်။ လူမျိုးစုံနေတဲ့နေရာဖြစ်ပြီး လွတ်လပ်မျှတမှုကိုကြိုက်တဲ့ liberals များနေကြပါတယ်။ အခုပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကောလိပ် (Electoral College) မဲ အများဆုံး ၅၅ မဲထားရှိပြီး ကလင်တန်ကို ၂-၁ အသာနဲ့မဲပေးခဲ့တာမို့ အများစုက ထရန့်ပ် ကို ကြိုက်နှစ်သက်သူများမဟုတ်ပါ။


My First Car

ဒါနဲ့ ကျနော်လည်း ကားရှာပုံတော် ဖွင့်ရတော့ တာပေါ့။ မိဘကိုလည်း ဒုက္ခမပေးချင်တော့ ဟော လိဝုဒ် ရုပ်ရှင်တွေထဲကအတိုင်း ရာကျော်တန်ပဲ တတ်နိုင်ပါတယ်။ ကျနော်ကလည်း ကိုယ် တတ်နိုင်သလောက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ဖို့ ဆုံးဖြတ်ထားတယ်။ ညီဝမ်းကွဲက ဂျပန်ကျောင်းသူလေးတယောက်နဲ့ အီစီကလီ လုပ်နေတော့ သူ့သူငယ်ချင်း ဂျပန်လေး တယောက်ပြန်သွားလို့ သူ့ကားကြီးရောင်းဖို့ ထားခဲ့တယ် တဲ့။ အဲဒီ့ကားကြီးနဲ့ ဂျပန်မပြန်ခင် အမေရိကားတခွင်ပြဲပြဲစင်အောင် သွားခဲ့ဆိုပဲ။ ကျနော်တို့ သွားတော့ တိုက်ခန်းအောက်ဆုံးမြေညီထပ်မှာရပ်ထားတဲ့ ကျနော့်မိတ်ဆွေကြီးကို သိပ်ရှာစရာမလို ပဲ တွေ့ လိုက်ရပါတယ်။


အမေရိကန်တွေ ရွှေထီးဆောင်းစဉ်က ချက်ပလက် ကားအမည်းကြီး။ ကျနော်တို့ငယ်ငယ်က ဂျပန်ကလာတဲ့ တိုယိုတာ၊ ဒတ်ဆန်း ကားလှလေးတွေဝင်မလာခင် အဖေတို့ခေတ်က အော်စတင်၊ ပလိုင်းမောက်၊ ဖို့ဒ်၊ ချက် ပလက် စသည်ဖြင့် အင်္ဂလိပ်၊ အမေရိကန်ကားတွေ ခေတ်စားခဲ့ပါတယ်။ ထူထူထဲထဲ ခိုင်ခိုင်ခန့်ခန့် ကားကြီးတွေ။



တကယ်က ချက်ပလက်၊ နံမည်အမှန်က ရှယ်ဗလေး Chevrolet (သို့) ရှယ်ဗီ (Chevy) လို့ အတိုခေါ်ကြ ပါတယ်။ ကားကြီးက ၁၃ နှစ်သားဆိုပေမယ့် အတော်ဟောင်းနေပါပြီ။ ဂျပန်ကိုယ်တော်က ကားထိပ်ပိုင်းကို ရုပ်ရှင်ထဲကအတိုင်း မီးတောက် မီလျှံကြီးတွေ ဆွဲထားပါ တယ်။ ရှေ့က Shell အကာကလည်း မရှိတော့ သွားကြဲကြီး ဖြစ်နေပါတယ်။ ဒေါ်လာ ၄၀၀ တဲ့။ ကားကြီးကစုတ်ပေမယ့် စက်နှိုးပြီးမောင်းလို့ရရင် သူ့ဈေးနဲ့ သူ တန်ပါတယ်။


ကျနော်ကတော့ပျော်တယ်။ ဘယ်သူ့မှအားမကိုးရတော့ပဲ ကိုယ်သွားလိုရာသွားနိုင်တဲ့အပြင် အသက် ၂၀ ကျော်မှာ ကိုယ့်ပထမဆုံးကား ကိုယ့်ဘာသာကိုယ်ဝယ်နိုင်လို့ပါပဲ။ အခုခေတ် ၅ သိန်းနဲ့ ဘာကားရ မှာလဲ။ အဲဒီတုန်းက ဒေါ်လာက တစ်ရာဈေးလောက်။ ၄ သောင်းပဲ။



ဒီ ချက်ပလက်ကြီးက လူနဲ့ ပုံဖော်ရရင်တော့ သားရေဂျာကင်နဲ့ ဟော့ရှော့ အသက်ကြီးကြီး ရှေ့သွားတောင် မရှိတော့တဲ့ ရော့ကါကြီးနဲ့ တူပါတယ်။ လမ်းဘေးထိုးရပ်သွားမှာစိုးလို့ ဖြေးဖြေးသက်သာမောင်းလာရတယ်။ ဒါနဲ့ ကားဆိုင်ကိုသွားပြ Good Year ကားတာရာ လေးလုံးနဲ့ ဘက်ထရီအသစ် လဲလိုက်တာ နောက် ထပ် ဒေါ်လာ ၄၀၀ ထပ်ထွက်သွားပါတယ်။ ၈ လုံးအင်ဂျင် V8 ကြီး၊ လီဗာနင်းလိုက်ရင် တရူးရူးနဲ့ အရမ်းဆွဲ တယ်။

ဆီကလည်းအုပ်သလားမမေးနဲ့။ တစ်ဂါလံကို ၈ မိုင်လောက်ပဲရတယ်။ တိုက်ခန်းသစ်ပြောင်းတော့တောင် ပိုင်ရှင်ဂျူးက သူ့တိုက်ခန်း ကျက်သရေမရှိလို့ ကျနော့် ကောင်ကြီးကိုပဲ မျက်စောင်းထိုးနေတာ။ ရဲတွေတားတာလည်း မကြာခဏခံရတယ်။ လူရမ်းကား ဂိုဏ်းမင်ဘာ Gang Member ကားနဲ့တူနေလို့။ ကျနော့်ကိုတွေ့တော့ စာရွက်တွေစစ်ပြီး ပြန်လွှတ်လိုက်တာပါပဲ။

ဘာပဲပြောပြော တရူးရူးနဲ့ မီးလျှံငြီးငြီး ချက်ပလက်ကားကြီး ထိုးရပ်လာရင် လှည့်ကြည့်စရာ မလိုပါဘူး။ အပျိုကညာလေးတွေငေးရတဲ့ ဟောဒီက ရွှေမြန်မာလေးပါခင်ဗျာ။


ရဲရင့်ဘုန်း