ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

သွန်းခ ● မြင်နိုင်ပါတယ်ဗျာ၊ မျက်တောင်လေးခတ်လို့


သွန်းခ ● မြင်နိုင်ပါတယ်ဗျာ၊ မျက်တောင်လေးခတ်လို့
(မိုးမခ) ဒီဇင်ဘာ ၄၊ ၂ဝ၁၆

အမှန်တော့ ဟောဒီစာစုလေးဟာဖြင့် အပြောင်းအလဲကာလ၊ ဟိုဟာယူကြ၊ ဒီဟာသိမ်းကြနဲ့ဖြစ်နေတုန်းကကိုရေးသင့်ခဲ့ တာပါ။ ခုနှယ်ခါပြန်တွေးကြည့်မိပြန်တော့လည်း ရိုးပုံရိုးနှမ်းနဲ့ စေ့စေ့တွေးလေ ကာလပေါ်အဖြစ်တွေနဲ့ သွားတူနေသလားလို့။

စာရေးတာ သိပ်ပေရှည်နေရင်လည်း ဖတ်တဲ့သူတွေကို စော်ကားသလိုဖြစ်မစိုးတာနဲ့ ခပ်တိုတိုရေးပါ့မယ်။ စာကောင်းပေညွန့် တွေရေးနိုင်ကြတဲ့ ဆရာ့ဆရာကြီးတွေ စာဆို ရှည်စမ်းပါလေ့ဗျာ။ အဲ့ဒီစာမျိုးများကတော့ စာဖတ်သူတွေ သည်းခံနိုင်ကြပေတဲ့ စာရေးသူလို အရေးမတတ်ရုံမက တင်ဆက်ပုံ ပါ ချာသွားမလားလို့ တွေးပြီးခပ်ရွံ့ရွံ့နဲ့ ရေးရတာမို့ ခပ်တိုတိုရေးလိုက်ချင် တာပါ။

ဒီလိုဗျ။ လွန်ခဲ့တဲ့ ၁၇ နှစ်လောက်မှာ စာရေးသူလည်း ဝမ်းတထွာအတွက်နဲ့ ဟိုတယ်ကြီးတခုမှာ အလုပ်ဝင်လုပ်ခဲ့ဖူးပါရဲ့။ ထုံးစံအတိုင်းပေပေါ့ခင်ဗျာ။ အင်တာဗျူးပြီးသကာလ အလုပ်ခန့်ပါလေရော။ လုပ်ရမယ့်နေရာကိုမေးမိတော့ ဟိုတယ်လုံခြုံ ရေးနေရာပါတဲ့။ ရေးဖြေတုန်းက စာရေးသူ ကျွမ်းကျင်သည့်လုပ်ငန်းနှင့် တာဝန်ထမ်းဆောင်လိုသည့်နေရာဆိုလေတဲ့ ကွက် လပ်မှာ ဧည့်ဝန်ဆောင်မှုမန်နေဂျာပါလို့ သေသေချာချာ ထည့်ရေးလိုက်ပါလျက်ကနဲ့ တာဝန်ချပေးတော့ လုံခြုံရေးနေရာ။

တက်ထားခဲ့တဲ့ သင်တန်းတွေနဲ့ ရှိနေတဲ့ စာတီဖီကိတ် မနည်းမနောမှာလည်း အနိမ့်ဆုံးအဆင့် မန်နေဂျာရာထူးလောက်ပေပါ။ ဘယ့်နှယ်၊ လုံခြုံရေးနေရာချထားရတာလည်းလို့ မန်းနေဂျင်းဒါရိုက်တာဆီ ဝင်တွေ့မေးဖြစ်သဗျ။ ပုဂ္ဂိုလ်ကြီးက အစမ်းခန့် သဘောပါတဲ့ခင်ဗျာ။

ကိုင်း ... ရှိစေဗျာ။ ရှိစေဗျာဆိုတာ လုံခြုံရေးနေရာကိုပြောခဲ့တာမဟုတ်ဘူးခင်ဗျ။ အစမ်းခန့်မယ့်ခန့် ဧည့်ကြိုနေရာလေး လောက်နဲ့ စပြီး အစမ်းခန့်လို့ မရဘူးလား မေးမိတာပေါ့ဗျာ။

နက်ပြောင်တောက်ပနေပြီး နောက်ကျောမှီကြီးကို မှီလိုက်တိုင်း၊ နေရာရွှေ့ထိုင်လိုက်တိုင်း တကျွိကျွိ မြည်နေတဲ့ သားရေဆုံ လည် ကုလားထိုင်အကောင်းစားကြီးမှာ အငြိမ့်သားထိုင်နေခဲ့တဲ့ပုဂ္ဂိုလ်ကြီးက သူ့လက်ဖဝါးကြီးတွေကိုပွတ်သပ်ရင်း အဲ့ဒီ ဧည့်ကြိုနေရာဟာ မဒီချောချော၊ တောင့်တောင့်လေးတွေကို ထားတဲ့နေရာပါတဲ့။ အမောင်က ဘာသွားလုပ်ချင်လို့တုန်း ဆိုပဲ။ ဧည့်ကြိုမှာ အထီးမထားရဘူးလို့ သတ်မှတ်ထားတာ မကြုံဖူးပေါင်ဗျာ။

မေးမိတာမှားပါတယ် လို့ကိုယ့်ကိုယ်ကိုယ်ပြန်နှစ်သိမ့်လိုက်ရင်း ချထားပေးခဲ့တဲ့ နေရာမှာပဲ နေဖြစ်ခဲ့ပါရဲ့။ အရေးကြီးတာ အလုပ်တစ်ခုရနေဖို့ပေကိုး။ အိမ်ရောက်တော့ အိမ်သူက ဘာပို့စ်ရသလဲမေးသဗျ။ အဆင်ပြေအောင် ကြည့်ဖြေလိုက်ခဲ့ရပါရဲ့။

တရက်သား စာရေးသူရဲ့ သင်တန်းဆရာတယောက် သူ့အလုပ်ကိစ္စနဲ့ ဟိုတယ်ကိုရောက်လာပါလေရော။ စာရေးသူကိုလည်း တွေ့တော့ တအံ့တသြနဲ့ပါ။ အဲ့ဒါနဲ့ မန်းနေဂျင်းဒါရိုက်တာကိုရော၊ ပိုင်ရှင်ကိုပါပြောသွားခဲ့ပါသတဲ့။ (နောက်မှပြန်သိလိုက် ရတာပါ) စာရေးသူကို "ဤသူသည် ခေသူမဟုတ်" ပါပေါ့လေ။

မပေးချင်၊ ပေးချင်နဲ့ အထပ်တထပ်မှာ ကြီးကြပ်ရေးဝန်ထမ်းနေရာပေးခဲ့ကြသဗျ။ (ကြီးကြပ်ရေး မမှူးသေးဘူးနော်၊ မှူးတွေ က အများကြီး။ အဲ့ဒီမှူးတွေကလည်း ဘာသင်တန်းမှ မယ်မယ်ရရတက်ထားကြတာလည်းမဟုတ်၊ အတွေ့အကြုံတွေကလည်း နတ္တိ။ လုပ်ရင်းကိုင်ရင်း အလုပ်ကသင်သွားမှာပေါ့ ဆိုပါလား)

စာရေးသူ လည်းပေးအပ်တဲ့ တာဝန်ကျေပွန်စေရုံမက ကိုယ့်ဝီရိယ ကိုယ်အတုံးမခံဘဲ ကြိုးစားလုပ်ပေးခဲ့ပါတယ်။ တခုသတိ ထားမိတာက ဟိုတယ်ဝန်ထမ်း (အုပ်ချုပ်သူတွေအပါအဝင်) တွေဟာ ပိုင်ရှင့်မွေးရပ်က ရပ်ဆွေရပ်မျိုးတွေက ခပ်များများ ပါလား။ တတ်တတ်၊ မတတ်တတ် လာခဲ့ဆိုပြီး ခန့်ထားခဲ့တာကိုး။ သစ်တပင်ကောင်းပေတော့လည်း နားကြပေါ့ ဆွေမျိုးတ သောင်း အဲလေ၊ နားကြပေါ့ ငှက်တသောင်းပေါ့ခင်ဗျာ။

လုပ်ငန်းမယ် ကျွမ်းကျင်မှုမရှိလို့ကတော့ ဘယ်မှာလာ ဝန်ဆောင်မှုကောင်းပါတော့မလဲဗျာ။ စာရေးသူလည်း အလွဲလွဲ၊ အ ချော်ချော်တွေကြားထဲ ဖုံးရ၊ ဖိရ၊ ဖာရ၊ ထေးရနဲ့ပါ။ လာတည်းကြတဲ့ ဧည့်သည်တွေဆိုတာ ထိုက်သင့်တဲ့ အခကြေးငွေပေးပြီး ဝန်ဆောင်မှုတွေကိုတော့ အပြည့်လိုချင်ကြပေတာပေါ့။

ကွန်ပလိမ့် လို့ဆိုတဲ့ ငြီးငြီးတွားတွား အသံလေးတွေကတော့ ဧည့်သည်တွေအကြား တဖွားဖွားနဲ့ပါဗျာ။ ကျေနပ်အောင်ရှင်း မပေးကြတဲ့အပြင် မတည်းချင်နေပေါ့ ဆိုတဲ့ အချိုးချိုးကြတာတွေက ပိုင်ရှင့်အမျိုးတွေပါ။

ဖွင့်ကာစ နာမည်ရခဲ့တဲ့ ဟိုတယ်လုပ်ငန်းကြီးလည်း မြောင်းထဲ ရောက်မှန်းမသိ ရောက်ခဲ့ပေတယ်ခင်ဗျ။ ကိုယ်လုပ်နေတဲ့ လုပ်ငန်း ယိုင်သွားရင် ကိုယ်ပါ ဝမ်းရေးခက်နိုင်တာမို့ လုပ်ဖော်ကိုင်ဖက်တွေကို ရသလောက်စည်းရုံး၊ နားချရပေတော့တာ ပေါ့။  သဘောပေါက်ကြတဲ့သူတွေက သဘောပေါက်ကြပေတဲ့ ငါတို့သူဌေးအလုပ်ဟ ဆိုပြီးမာန်တွေတက်နေခဲ့ကြတဲ့ သူတ သိုက်ကြောင့်တော့ အခက်ကြီးခက်ခဲ့တာပေါ့ခင်ဗျာ။

နာမည်ကျစပြုနေတဲ့လုပ်ငန်းအကြောင်းကို ပိုင်ရှင်က နပ် (သိ) သဗျား။ သူ့မှာလည်း ဒီ့ပြင်စီးပွားရေးလုပ်ငန်းတွေ မနည်း မနောနဲ့ပေကိုး။ အခြေအနေမဟန်တော့ လုပ်ငန်းကို ပြန်ထု (ရောင်း) မယ်ကြံပါလေရော။ အဲ၊ ဒီတိုင်းပြန်ထုမှာတော့ မဟုတ်ဖူးခင်ဗျ။ နာမည်ကိုမကျ ကျအောင်ကို လုပ်နေတော့တာ။ နောက်လူဝယ်ဖြစ်ခဲ့ရင် ခံစားပေတော့ဆိုတဲ့ ပုပ်စပ်လှစွာ သော အတွေးဆိုး၊ အတွေးပုပ်နဲ့ပေါ့။

ဆိုပါစို့။ ခြောက်တီးခြောက်ချက်နဲ့ လာတည်းခဲ့ကြတဲ့ ဧည့်သည်တွေထဲက အဲယားကွန်း မအေးဘူးလို့ ကွန်ပလိမ့်လုပ်တယ် လား။ လာထား။ လူမရှိတဲ့အခန်းက (နည်းနည်းတော့ပိုအေးတဲ့) အဲယားကွန်းနဲ့ လဲပေးလိုက်ကြတာမျိုး။( လျှပ်စစ်အဖွဲ့ရှိတယ်၊ မပြင်ဘူးဗျာ။ အဲယားကွန်းသမားတွေရှိပါတယ်။ ပစ္စည်းအသစ်ဝယ်မထည့်ကြဘူးဗျား)

အစားအသောက်မကောင်းဘူးလို့ ကွန်ပလိမ့်လုပ်တယ်လား။ မသိချင်ယောင်ဆောင်နေလိုက်ကြတာမျိုး။

မီးပျက်တယ်လား။ မီးစက်ကြီးနှိုးနေလိုက်တာ အကြာကြီး။ ဆီပြတ်သွားလို့ ဆိုတဲ့ မလျော်မကန်ဆင်ခြေတွေပေးလိုက်ကြ။ ရေပြတ်သွားလို့။ ခဏစောင့်ပါ။ ရေတင်ရဦးမယ်ဆိုတာမျိုး။ သွားပြီပေါ့ဗျာ။ မဖြစ်မနေ အရံသင့် စီစဉ်ပေးထားရမယ့်ဟာတွေမှာ လစ်ဟင်းတော့ ဟိုတယ်ကြီး မှာ သူရဲခြောက်တော့မလို ဖြစ်နေခဲ့တော့တာပေါ့။

စာရေးသူလည်း အလုပ်ကမထွက်နိုင်သေး။ လုပ်ငန်းခွင်အခက်အခဲတွေဆိုတာလည်း ရှေ့ကဖုံး၊ နောက်ကပေါ်။ လုပ်ဖော် ကိုင်ဖက်ကောင်းတွေကတော့ ဒီ့ပြင်နေရာပြောင်းကုန်ကြတော့တာပေါ့။

ပြန်ရောင်းထွက်သွားတယ်ခင်ဗျ။ ဝယ်တဲ့လူကလည်း ဝယ်လိုက်တာပါပဲ။ ဝယ်လက်ရှိနေပြီ ဆိုကတည်းက ရွှေ့လို့၊ ပြောင်း လို့၊ သယ်လို့၊ ပြုလို့ရသမျှတွေ ပိုင်ရှင်ကသယ်တော့တာပဲဗျို့။ မလုပ်ကောင်းတာပါ။

အင်း၊ နောက်ပိုင်းတော့ အဲဒီ ဟိုတယ်ကြီးခမျာ နာမည်လေးပြန်ရလာဖို့အရေး လူအင်အား၊ ငွေအင်အား မနည်းစိုက်ထုတ်ပြီး ကြိုးစားရပေတော့တာပေါ့။ ပိုင်ရှင်ကသာပြောင်းသွားတာပါ။ လူဟောင်းတွေက ဒီလူတွေချည်းဆိုတော့ နဂိုအကျင့်တွေနဲ့ တယ်မဟန်လှပါဘူး။ လူဟောင်းတွေကို အုပ်ချုပ်စီမံဖို့ရာမှာလည်း လူဟောင်းမန်နေဂျာများနဲ့သာဆိုတော့ကာ ပိုင်ရှင်ခမျာ စီးပွားရေးအမြင်နဲ့ ထိုက်သင့်တဲ့နေရာ၊ ထားသင့်တဲ့ရာထူးလေးတွေနဲ့ နှစ်သိမ့်ထားလိုက်ပြီး ဟိုတယ်လုပ်ငန်းကြီး အောင်မြင် ရာအောင်မြင်ကြောင်း ကြိုးစားနေရတော့တာပေါ့။ အောင်မြင်သွားစေ့ချင်ပါရဲ့ခင်ဗျာ။ မနည်းမနော အရင်းအနှီးတွေနဲ့ ဥစ္စာ။

လူဟောင်းတွေဆိုတာ အကျင့်ဟောင်းတွေ၊ စရိုက်ဟောင်းတွေနဲ့မဟုတ်လား။ ငါတို့အရင် သူဌေးတုန်းက ဘယ်လိုဆိုတာ ကြီးတွေက ကပ်ငြိနေပြန်တော့ မနည်းကိုပြောင်းယူကြရဦးတော့မှာပေပေါ့။ မျက်တောင်မခတ် စောင့်ကြည့်နေတာတော့ မဟုတ်ရပါဘူးဗျာ။ မျက်စိညောင်းတယ်ဗျ။ မျက်တောင်လေးတော့ တချက်တချက်ခတ်ပြီး မကြည့်ချင်မြင်လျက်သားနဲ့မို့ပါ။