ညီဆူးသစ် ● သွေးကြောထဲစီးနေတဲ့ကဗျာ

ညီဆူးသစ် ● သွေးကြောထဲစီးနေတဲ့ကဗျာ
(မိုးမခ) ဒီဇင်ဘာ ၇၊ ၂၀၁၆

သူကတော့
လက်သည်းလေးကို
တစိုက်စိုက်ကြည့်ပြီး
လက်သည်းနီဗူးလေးကို ဆာလောင်တယ်

လမ်းမပေါ်မှာ
အမှိုက်များ
ဗူးခွံများ
ပိုက်စံတစ်ရာလောက်ကို
တချို့က ဆာလောင်တယ်

ဖြစ်နေပျက်နေတဲ့ပြဿနာတွေ
ငြိမ်းချမ်းရေးကို
ဆာလောင်နေတဲ့အချိန်တွေမှာ
အဓိကရုဏ်းတွေကို
သိပ်ကြိုက်တဲ့သူတွေလည်းရှိမှာပဲ

ထွေးညိုကိုလည်း
ဘန်ကောက်မပို့ပါနဲ့တော့
ဒီတစ်ခါအနာတရတွေဟာ
မြန်မာပြည်ကနေ မလေးရှားထိ
ကူးစက်ပျံ့ကြတော့မှာ
ကမ္ဘာမြေကြီးကို
တုန်ဟီးနေတဲ့ အသံများ
ဒီလောက်နဲ့ ရပ်တန့်နေပါစေ

တချို့က
လူရွှင်တော်တွေဆိုတော့
တချို့က
နိုင်ငံရေးသမားတွေဆိုတော့
တချို့က
သမ္မတဖြစ်ချင်နေသူတွေဆိုတော့
မဖျက်စီးပါနဲ့
မပျက်စီးချင်ပါနဲ့တော့
ငြိမ်းငြိမ်းချမ်းချမ်း ချစ်ကြမယ်။

ညီဆူးသစ်

၆၊ ၁၁၊ ၂၀၁၆