ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဂါမဏိ ● ပင်လုံသစ္စာ

ဂါမဏိ ● ပင်လုံသစ္စာ
(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၁၆


၁၉၄၇…
ဗမာပြည်လွတ်လပ်ရေးအတွက် လုံးပမ်းနေတဲ့အချိန်မှာ တိုင်းရင်းသားခေါင်းဆောင်တွေဟာ ဗိုလ်ချုပ်အောင်ဆန်း အပေါ် ယုံကြည်မှုတခုတည်းနဲ့ သံသယတွေကိုကျော်လွှားပြီး ဗမာပြည်မနဲ့ လက်တွဲခဲ့ကြတယ်။ ရှမ်းပြည်မှာဆိုရင် လက်ဝဲအတွေး အခေါ်ရှိတဲ့ တိုးတက်တဲ့လူငယ်တွေဟာ ဗမာအပေါ်သံသယကြီးမှုပြနေတဲ့ ရှမ်းပဒေသရာဇ်တွေကို ဆန့်ကျင် အတိုက်အခံ လုပ်ပြီး ဗိုလ်ချုပ်အောင်ဆန်းတည်ဆောက်မယ့် ပြည်ထောင်စုကို ထောက်ခံခဲ့ကြတယ်။ ၁၉၄၆ ခု ဇန်နဝါရီလမှာကျင်းပတဲ့ ဖဆပလ ပထမညီလာခံကတည်းက လျှို့ဝှက်လာရောက်ပြီး ပူးပေါင်းရေးကို ထောက်ခံခဲ့ကြတာဖြစ်တယ်။ ဒါကြောင့် ၁၉၄၇ ပင်လုံညီလာခံနဲ့ ညီလာခံမတိုင်ခင်ကာလတွေမှာ ဦးတင်ဧ၊ ဦးထွန်းမြင့်ကြီး-လင်းခေး၊ ဦးထွန်းမြင့်လေး-တောင်ကြီး၊ ခွန်ထီး၊ ခွန်စော၊ ဦးရွှေအုံး၊ ဦးအုန်းဖေ၊ ဦးမြမင်း၊ ဦးထွန်းဖေ၊ ဦးကျော်စိန်၊ ဦးစံဖေ၊ ဦးဘဇံတို့ဟာ အင်မတန်တက်တက်ကြွကြွနဲ့ ပူးပေါင်းရေးအတွက် ရပ်တည် လှုပ်ရှားခဲ့ကြတယ်။ အောင်ဆန်း -အက်တလီစာချုပ် ချုပ်တဲ့အချိန် ရှမ်းစော်ဘွားတွေက ကန့် ကွက်တဲ့ကြေးနန်းပို့တာကို လူထုနည်းနဲ့ ရှမ်းပြည်ရဲ့ ပထမဆုံးနိုင်ငံရေးအံတုမှုလုပ်၊ ပဒေသရာဇ်တွေကိုချေဖျက်တဲ့ တန်ပြန် ကြေးနန်းပို့ပြီး ဗိုလ်ချုပ်ကိုထောက်ခံခဲ့တာ သူတို့ဘဲ ဖြစ်တယ်။ ဒါဟာ ပင်လုံသစ္စာဘဲ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းက ခွဲထွက်ခွင့်ကတိပေးခဲ့ပေမဲ့ ချင်းခေါင်းဆောင်တွေဟာ ပြည်နယ်တောင်မယူခဲ့ဘဲ ချင်းဝိသေသ တိုင်းအဆင့်ကိုဘဲ ယူခဲ့ကြတယ်။ ဝမ်းသူမောင်၊ မန်းတုံးနုံး၊ လွှာမှုန်း၊ သောင်ဇာခုပ်၊ ကီးယိုမာန် (ကွယ်မန်း)၊ ပွန်ဇမန်၊ ထောင်ကျင်ထန်၊ စိန်လျန်၊ မန်းလိင်း၊ ထန်ဇာခိုင်၊ ထောင်ဟန်း၊ ထန်ကိုခိုင်၊ လျန်ကိုမန်း၊ အွန်ကိုမန်း၊ လက်ဆွားတို့ဟာ ဗမာပြည်မနဲ့ပူးပေါင်းရေးအတွက် အခိုင်အမာရပ်တည်ခဲ့ကြတယ်။ ဒါကြောင့်လဲ ၁၉၄၉ ခု ပြည်တွင်း စစ်အပြင်းထန်ဆုံး ကာလမှာ ချင်းတပ်မှူးတပ်သားတွေဟာ အစိုးရဘက်က ရွပ်ရွပ်ချွံချွံတိုက်ပေးခဲ့ကြတယ်။ ချင်းခေါင်း ဆောင် ကပ္ပတိန်မန်း တုံးနုံးဟာ ဖဆပလအစိုးရအပေါ် အနောက်နိုင်ငံတွေ လက်နက်ရောင်းချမှု ပိတ်ဆို့ထားလို့ အိန္ဒိယကိုသွားပြီး အစိုးရတပ်တွေ အတွက် လက်နက်ခဲယမ်းတွေ မရရအောင် လျှို့ဝှက်ဝယ်ပေးခဲ့တယ်။ သင်္ဘောပေါ်မှာ ဗုဒ္ဓဂါယာက ဗောဓိညောင်ပင်ကိုင်း ပွားတွေနဲ့ ဗုဒ္ဓဓာတ်တော်တွေ အပေါ်ယံတင်ယူလာပြီး သင်္ဘောဝမ်းထဲမှာ လက်နက်အပြည့် သယ်လာပေးခဲ့တယ်။ ဒါဟာ ပင်လုံသစ္စာကြောင့် ဖြစ်တယ်။

၁၉၄၇ ခု ဖေဖော်ဝါရီ ၁ ရက်နေ့က ကွတ်ခိုင် နမ့်ဖတ်ကာအစည်းအဝေးမှာ ကချင်ခေါင်းဆောင်တွေဖြစ်တဲ့ ကွတ်ခိုင် ဒူးဝါးခွန် ဖုန်း၊ ဒူးဝါးဇော်လွန်း၊ ဒူးဝါးဇော်ရစ်၊ ဆမားဒူးဝါးဆင်ဝါးနောင်၊ ထင်ငါကွန်ဂျာ၊ ဇော်နောင်၊ ကရင်နော်၊ ဒိန်ရတန်၊ ချရန်ဇွန်၊ တောင်ဦး၊ ဇော်လ၊ ပံရန်းလ၊ လဘန်ဂရောင်း (ပဒစ်လတောင်) တို့က ကချင်နဲ့ဗမာ တပြိုင်တည်း လွတ်လပ်ရေးယူဖို့နဲ့ လွတ် လပ်တဲ့နိုင်ငံအဖြစ် ဗမာပြည်မနှင့်တန်းတူပြည်ထောင်စုဖွဲ့ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါလဲ ပင်လုံသစ္စာ ဖြစ်တယ်။

ကရင်နီပြည်မှာ ဒေသခံလူမျိုးစုအာဏာပိုင်တွေဖြစ်တဲ့ သိုင်ဘဟန်၊ အေမြလေး၊ ဦးစိန်၊ လွီးဇီ၊ မန်နျူယယ်၊ စံကျော်၊ အိုင် မောင်ဦးနဲ့ စော်ဘွားတွေဖြစ်တဲ့ စောလဝီ၊ စောငယ်ဒူး၊ စောဝဏ္ဏ၊ ဘိုဗျံ ခေါင်းဆောင်တဲ့ ကက်သလစ်ဘာသာ ဝင်လဲဗီး တပ်တို့က ပြည်မနဲ့ပေါင်းဖို့သဘောတူကြတယ်၊ ပင်လုံစာချုပ်မှာ ကရင်နီမပါခဲ့ပေမဲ့ ပင်လုံနဲ့ ဗိုလ်ချုပ်အောင် ဆန်းကို ယုံကြည်ခဲ့ကြတယ်။ ပြည်မနဲ့ပေါင်းလို့ တိုင်းရင်းသားတန်းတူအခွင့်အရေး ရမှာမဟုတ်ဘူးလို့ခံယူပြီး သီးခြား ရပ်တည်ရေး ဘက်မှာတော့ ကြယ်ဖိုးကြီးစော်ဘွား စောရွှေ၊ ဘီတူရယ်၊ ပေါလု၊ စောအူးရယ်နဲ့ နှစ်ခြင်းခရစ်ယာန် ဘာသာဝင်တွေများတယ်။ ၁၉၄၈ သြဂုတ်လထဲမှာ ဘီတူရယ်ကို ဘိုဗျံရဲ့လဲဗီးတပ်တွေကဖမ်းပြီးနောက် မကြာခင်မှာ သတ်လိုက်လို့ ကရင်နီတော် လှန်ရေး ပေါက်ကွဲခဲ့တယ်။ လွတ်လပ်ရေးရပြီးတော့ လွှတ်တော်မှာ ပူးပေါင်းရေးသမား ဦးစိန်က ကရင်နီပြည်နယ်ကို ကယား ပြည်နယ်လို့ နာမယ်ပြောင်းဖို့အဆိုတင်ခဲ့တာ အောင်မြင်သွားတယ်။ ကရင်နီဟာ ပင်လုံစာချုပ်မှာမပါခဲ့ပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းအပေါ်ယုံကြည်မှုနဲ့ ပင်လုံသစ္စာတည်ခဲ့တယ်။

အဲသလို တိုင်းရင်းသားတွေဘက်ကစောင့်သိခဲ့တဲ့ ပင်လုံသစ္စာဆိုတာကတော့….

ပင်လုံစာချုပ် လက်မှတ်မထိုးခင် ၁၉၄၇ ဖေဖော်ဝါရီလ ၆ ရက်နေ့နဲ့ ၇ ရက်နေ့တွေမှာ ရှမ်း၊ ကချင်၊ ချင်း ကိုယ်စား လှယ်တွေ ဆွေးနွေးဆုံးဖြတ်တဲ့ အဓိကအချက်တွေက-
- ဗမာတို့နှင့်အဆင့်အတန်းတူ၊ အခွင့်အရေးတူ၊ ရပိုင်ခွင့်တူ၊ ဒီမိုကရေစီကျကျ ခံစားခွင့် ရှိရမည်။
- ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ မီးရထား၊ အကောက်တော် အစရှိသော အားလုံးနှင့်သက်ဆိုင်သည့်ကိစ္စများအတွက် အားလုံး စုပေါင်းတာဝန်ယူဆောင်ရွက်ကြရမည်။
- ခွဲထွက်လိုက ခွဲထွက်ခွင့် ရှိစေမည်။
ပထမနှစ်ချက်ကို ဗိုလ်ချုပ်အောင်ဆန်းက အာမခံခဲ့ပြီး တတိယအချက်ကိုတော့ တိုင်းပြုပြည်ပြုလွှတ်တော်မှာ ဆုံးဖြတ် ပေး မယ်လို့ ပြောခဲ့တယ်။


၁၂ ရက်နေ့ချုပ်တဲ့ ပင်လုံစာချုပ်ရဲ့ အဓိကအချက်တွေကတော့-
- ဗမာပြည်မနဲ့ ရှမ်း ကချင် ချင်း နယ်မြေလေးခုပူးပေါင်းပြီး လွတ်လပ်ရေးယူမည်၊
- ပြည်မအစိုးရအဖွဲ့ကိုတိုးချဲ့ပြီး ပြည်မသာမက နယ်စပ်ဒေသကိုပါ တောင်တန်းသားကိုယ်စားလှယ် (အတိုင်ပင်ခံပုဂ္ဂိုလ်) ကတဆင့် အာဏာသက်ရောက်စေမည်၊
- နယ်စပ်ဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးမှာ ဘဏ္ဍာရေးအပါအဝင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာခိုင်နှုန်း အပြည့် ရှိစေရမည်၊
- နယ်စပ်ဒေသတွေမှာ ဒီမိုကရေစီအခွင့်အရေး ခံစားပိုင်ခွင့်ရှိစေရမည်။


၁၉၃၅ အခြေခံဥပဒေအရ ရခိုင် မွန်နဲ့ ကရင်ဒေသတွေဟာ ရှမ်း ကချင် ချင်းဒေသတွေလို သီးခြားအုပ်ချုပ်ရေးစီရင်စု တွေမ ဟုတ်ဘဲ ဗမာပြည်မအုပ်ချုပ်ရေးနယ်မြေမှာပါနေလို့ ပင်လုံစာချုပ်မှာ ပြည်မအစိုးရကိုယ်စားလှယ် ဗိုလ်ချုပ်အောင်ဆန်းကဘဲ လက်မှတ်ထိုးတာဖြစ်တယ်။ ဒါပေမဲ့ ပြည်မအစိုးရဝန်ကြီးတပါးဖြစ်တဲ့ ရခိုင်အမျိုးသား ဦးအောင်ဇံဝေက ၁၉၄၇ မေလ ဖဆပလ ပဏာမညီလာခံမှာ ဗိုလ်ချုပ်ကို ရခိုင်ပြည်နယ်ကိစ္စတင်ပြခဲ့တော့ ဗိုလ်ချုပ်က မူအရလက်ခံပြီး ပြည်နယ်သစ်ခွင့်ပြုရေး ပုဒ်မ ၁၉၉ ထည့်ပေးခဲ့တယ်။

ကရင်နီ (ယခု ကယားပြည်နယ်) ကတော့ ကင်းဝန်မင်းကြီးနဲ့ အင်္ဂလိပ်စာချုပ်အရ ဥပဒေကြောင်းအားဖြင့် လွတ်လပ် တဲ့နယ် အဖြစ်သတ်မှတ်ထားလို့ မလွတ်လပ်သေးတဲ့ ဗမာပြည်မ ရှမ်းပြည်ထောင်စု ချင်းတောင်တန်း ကချင်တောင်တန်း ဆိုတဲ့နယ် မြေလေးခု လွတ်လပ်ရေးအတွက်ဆွေးနွေးတဲ့ ပင်လုံညီလာခံမှာ ပါစရာမလိုခဲ့ပါဘူး။ ဒါ့အပြင် အုပ်ချုပ်ရေးမချနိုင်တဲ့ ဝ နယ် နဲ့ နာဂနယ်တွေကိုလဲ ပင်လုံညီလာခံမှာ ဘယ်သူမှ ကိုယ်စားမပြုနိုင်ခဲ့ပါဘူး။

ပင်လုံစာချုပ်ရဲ့ရလဒ်တခုအဖြစ် တောင်တန်းဒေသများစုံစမ်းစစ်ဆေးရေးကော်မတီ ခေါ် ရီးစ်ဝီလီယမ်ကော်မရှင်က ဧပြီလ ကုန်မှာ အစီရင်ခံစာတင်သွင်းတဲ့အခါ လွတ်လပ်စွာပူးပေါင်းခွင့်နဲ့ လွတ်လပ်စွာခွဲထွက်ခွင့်ရှိဖို့ အဓိကတင်ပြခဲ့ပြီး ကချင် ချင်း ကရင်ပြည်နယ်ဖွဲ့စည်းရေးအသေးစိတ်သဘောထားတွေ ဖော်ထုတ်ခဲ့တယ်။ ကရင်နီနယ်ကတော့ ဗမာ ပြည်လွတ်လပ် ရေးရပြီးမှ နှစ်ဖက်ညှိနှိုင်းဖို့ သဘောထားပေးခဲ့တယ်။ အုပ်ချုပ်ရေးမချနိုင်တဲ့ နာဂနယ်ကို ပြည်မအစိုးရက၊ ဝ နယ်ကို ရှမ်း ပြည်အစိုးရက ယာယီအုပ်ချုပ်ထားဖို့ ကော်မရှင်ကအကြံပြုခဲ့တယ်။

ဗိုလ်ချုပ်မသေခင်ကျင်းပခဲ့တဲ့ တိုင်းပြုပြည်ပြုလွှတ်တော်ကဲ့သို့ သဘောသက်ရောက်တဲ့ ဖဆပလ ပဏာမပြင်ဆင်မှုညီ လာခံမှာ ခွဲထွက်ခွင့်ကိုအတည်ပြုပေးခဲ့တယ်။ ခွဲထွက်ခွင့်ရှိတဲ့ ‘ပြည်ထောင်စုပြည်နယ်’ နဲ့ ‘ကိုယ်ပိုင်အုပ်ချုပ်ရပြည် နယ်’၊ ခွဲထွက်ခွင့်မရှိတဲ့ ‘လူမျိုးစုပြည်နယ်’ နဲ့ ‘တိုင်းရင်းသားလူနည်းစုအခွင့်အရေး’ တွေသတ်မှတ်ပြီး ပြည်နယ်သစ် များအတွက် ရော၊ ပြည်နယ်အဆင့်ပြောင်းလဲသတ်မှတ်ရေးအတွက်ပါ  လမ်းဖွင့်ပေးခဲ့တယ်။

ဒါတွေနဲ့တဆက်တစပ်တည်း နှုတ်ကတိတွေလည်း ဗိုလ်ချုပ်အောင်ဆန်းက အခိုင်အမာပေးခဲ့တယ်-

“ကချင်အမျိုးသားလူနည်းစုအပေါ် ဗမာအမျိုးသားအများစု အနိုင်မကျင့်ဖို့ လုံးဝတာဝန်ယူမည်” (၂၈-၁၁-၁၉၄၆)

“ပြည်ထောင်စုဗမာနိုင်ငံတွင် ပြည်နယ်တခုအဖြစ်ပါဝင်ပါက ကရင်နီပြည်သည် ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့်အဝ ရှိစေရ မည်၊ ကရင်နီပြည်တွင်းရေးကို ဗမာက လုံးဝဝင်ရောက်စွက်ဖက်မည်မဟုတ်၊ ကရင်နီပြည်အရေးကို ကရင်နီ ပြည်သူပြည်သား များကသာ တိုက်ရိုက်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝရှိစေရမည်”  (၂၃-၁၂-၁၉၄၆)

“တောင်တန်းလူမျိုးများသည်လည်း ဗမာကျွန်အဖြစ် မဖြစ်စေရ”  (၁၀-၂-၁၉၄၇)

“တောင်တန်းဒေသတိုင်းရင်းသားလူမျိုးများ စိုးရိမ်စရာအလျဉ်းမရှိပါနှင့်။… [ပင်လုံစာချုပ်] (Not only the letter of agreement) ဒီစာသဘောကို ကျနော်တို့သဘောတူညီလာခဲ့တာတင်မကဘဲ ကျနော်တို့မှ (The spirit of agreement) သဘောတူညီလာခဲ့တာကို၊ ပြီးတော့ဒီအတိုင်းဘဲ ဒီတိုင်းပြုပြည်ပြုလွှတ်တော်မှာ လုပ်မှာပါဘဲဆိုတာ တောင်တန်းကိုယ်စား လှယ်များကို တိတိလင်းလင်းနားလည်စေချင်ပါတယ်။ ကျနော်တို့ပေးထားသောကတိ၊ နားလည် ပြီးသားသဘောတူညီချက် များကို နယ်ချဲ့သမားလို ဖောက်ဖျက်ခြင်းမလုပ်ပါဘူး။ ဒီလိုပေးထားသောကတိ၊ နားလည် ပြီးသားသဘောတူညီချက်များကို ဖောက်ဖျက်မှာလား သံသယရှိတဲ့လူတွေဟာ ကျနော်တို့ရဲ့ Sense of honour, sense of self-respect, sense of pride ကို စော်ကားတယ်လို့ ကျနော်တို့ယူဆပါတယ်။… လက်တလုံးခြားလိမ်တဲ့နည်းနဲ့လဲ ကျနော်တို့မလုပ်ပါဘူးဆိုတာ အတိအလင်း နားလည်စေချင်ပါတယ်” (၁၆-၆-၁၉၄၇)


သခင်မြ (ဗိုလ်ချုပ်နဲ့အတူ လုပ်ကြံခံရတဲ့ ဖဆပလထိပ်တန်းခေါင်းဆောင်) ကလည်း ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေ သိုက် ကို တိုင်းပြုပြည်ပြုလွှတ်တော်ထဲမှာ ကတိပေးခဲ့တယ်-

“ရှမ်း၊ ကချင်၊ ချင်း တောင်ပေါ်တိုင်းရင်းသားများဟာ လူမျိုးငယ်ဆိုပြီး ဖိနှိပ်စော်ကားလုပ်တာ မဖြစ်စေရပါဘူး”  (၁၃-၆-၁၉၄၇)

ဒါပေမဲ့…
ဗိုလ်ချုပ်လုပ်ကြံခံရပြီးနောက်လုပ်တဲ့ တိုင်းပြုပြည်ပြုလွှတ်တော်မှာတော့ ပဏာမပြင်ဆင်မှုညီလာခံ ဆုံးဖြတ်ချက် တွေကို ဆင်ခြေဆင်လက်အမျိုးမျိုးနဲ့ ဖြုတ်ပစ် ပယ်ပစ်ပြီး မလိမ့်တပတ်လုပ်လိုက်ကြတယ်။ ဘယ်လိုဘဲဖြစ်ဖြစ်၊ ပူးပေါင်းရေးဘက် ရပ်တည်ခဲ့ကြတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ ပင်လုံကိုသစ္စာရှိရှိနဲ့ ဆက်လက်ရပ်တည် ခဲ့ကြတယ်။ ဗမာပြည်မ ခေါင်းဆောင်တွေလဲ သူတို့လို ပင်လုံသစ္စာတည်လိမ့်မယ်လို့ မျှော်လင့်ချက်ထား စိတ်ကူးယဉ်နေခဲ့တယ်။

ဒီလိုနဲ့ ၁၉၄၈ ခု လွတ်လပ်ရေး ဒီဘက်ပိုင်း ဆယ်စုနှစ်တခု ဖြတ်သန်းပြီးနောက်မှာ ပကတိလက်တွေ့ဘဝရဲ့ ရိုက်ပုတ်မှု ကြောင့် စိတ်ကူးယဉ်အိပ်မက်ကနိုးထလာခဲ့ကြတယ်။ ဦးထွန်းမြင့်စကားအတိုင်းပြောရရင် ပြည်နယ်များ မျောက်လောင်းဖြစ် သွားခဲ့တာကို သဘောပေါက်လာကြတယ်။ ဒီတော့ ၁၉၄၇-၄၈-၄၉ ကာလတုံးက ပင်လုံကိုသစ္စာရှိခဲ့သူတွေဟာ ၁၉၆၀-၆၁-၆၂ ခုနှစ်တွေမှာ ပင်လုံသစ္စာကို မူလအတိုင်းထပ်တည်ဖို့ ကြိုးပမ်းခဲ့ကြတယ်။

ပင်လုံညီလာခံမှာ ကိုယ်တိုင်မပါခဲ့ပေမဲ့ လွတ်လပ်ရေးခေတ် ဖဆပလအစိုးရထဲမှာ ကချင်ပြည်နယ်ဝန်ကြီးဖြစ်ခဲ့တဲ့ ရဝမ်မျိုး နွယ်စုဝင် ကချင်ခေါင်းဆောင် ဇန်ထားဆင်ဟာ KIA မပေါ်ခင် ၁၉၅၈ ခုကတည်းက “ဒီမိုကရေစီပြောင်းပြန်” ဆိုတဲ့စာအုပ် ထုတ်ပြီး စစ်မှန်တဲ့ဖက်ဒရယ်စနစ်ကို ပြောခဲ့၊ ထောက်ခံအားပေးခဲ့တယ်။ (ရဝမ်လူမျိုးစုတွေဟာ ပြည်မနဲ့ ပူးပေါင်းရေးကို အမြဲလိုလားတယ်၊ KIA နဲ့ ဖက်ဒရယ်ဝါဒကို အမြဲဆန့်ကျင်တယ်လို့ စစ်အာဏာရှင်ဘက်သားတွေက ထိုးခွဲနေခဲ့တာဖြစ်တယ်။)

၁၉၄၇ ပင်လုံညီလာခံတုံးက ဗိုလ်ချုပ်အောင်ဆန်းကိုထောက်ခံပြီး ပြည်မနဲ့ပူးပေါင်းရေး ရပ်တည်ခဲ့ကြတဲ့အထဲက ဦးတင်ဧ၊ ဦးထွန်းဖေ၊ ခွန်ထီး၊ ဦးထွန်းမြင့်လေး၊ ဦးကြာပု၊ ဦးမြမင်း၊ ဦးကျော်စိန် တို့ဟာ မူလပင်လုံကိုသစ္စာရှိတဲ့ အနေနဲ့ ၁၉၆၁ တောင်ကြီး ဖက်ဒရယ်မူရေးဆွဲချမှတ်ရာမှာ ရှေ့တန်းကပါဝင်ခဲ့ကြတယ်။ ပဒေသရာဇ်စော်ဘွားတွေကို ပြင်းပြင်းထန်ထန်ဆန့် ကျင်ပြီး ပင်လုံစာချုပ်ချုပ်ဖို့ အင်မတန်တက်ကြွခဲ့တဲ့ ဦးထွန်းမြင့်ဟာ ၁၉၅၂ ခုကတည်းက ကူမင်တန်အကြောင်းပြချက်နဲ့ ပြည်မအစိုးရက ရှမ်းပြည်စစ်အုပ်ချုပ်ရေးချတာကို ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့တာဖြစ်တယ်၊ နိုင်ငံရေးစွက်ဖက်မှုကြီးလို့ စွပ်စွဲ ရှုတ်ချခဲ့တယ်။

၁၉၆၁ ခု ဇွန်လ တောင်ကြီးညီလာခံရဲ့ ဖက်ဒရယ်မူစာတမ်းဟာ ဦးတင်ဧ (ရှမ်းပြည်) လက်ရာလို့ ပြောရင်ရနိုင်တယ်။ ဦးတင် ဧ ရန်ကုန်မှာ မြန်မာစာဘာသာပြန်စာတည်းမှူးလုပ်နေချိန်ဆိုတော့ ပြည်တွင်းပြည်ပ စာအုပ်စာတမ်းအချက် အလက် ကောင်းကောင်းရှာဖွေပေးနိုင်ခဲ့ပြီး ဦးထွန်းမြင့်လက်ထဲထည့်ပေးခဲ့လို့ ဦးထွန်းမြင့်က သတင်းစာမှာ “ပြည်ထောင်စုအတွင်းမှ တန်းတူသောရှမ်းပြည်” အခန်းဆက်ဆောင်းပါးရှည်ကြီး တင်နိုင်ခဲ့တယ်။ ဦးထွန်းမြင့်က ဖက်ဒရယ် မင်းသားဆိုရင် ဦးတင် ဧက ဒါရိုက်တာ/ဇာတ်ညွှန်းလို့ ပြောနိုင်တယ်။ ဦးတင်ဧဟာ တောင်ကြီးညီလာခံတက်ဖို့ နာမည်စာရင်းပါပြီး ခုံနေရာတောင် ကပ်ပြီးသားဖြစ်ပေမဲ့ ဌာနဆိုင်ရာဝန်ထမ်းဖြစ်နေတော့ အစိုးရဆီခွင့်တင်တာ ညစ်ထားခံရပြီး ခွင့်မရလို့ မတက်လိုက်ရ တာဖြစ်တယ်။

၁၉၄၇ ခု ပင်လုံညီလာခံတုံးက ဗမာပြည်မနဲ့ပူးပေါင်းရေး ဆုံးဖြတ်ခဲ့သူတွေဖြစ်တဲ့ ကချင်ခေါင်းဆောင် ဒူးဝါးခွန်ဖုန်း၊ ဒူးဝါး ဇော်ရစ်နဲ့ ဒူးဝါးဇော်လွန်းတို့ဟာ ၁၉၆၁ ခုမှာ မူလပင်လုံကို သစ္စာရှိရှိ ဆက်လက်ဆုပ်ကိုင်ပြီး ဖက်ဒရယ်မူကို ထောက်ခံခဲ့တယ်။ ၁၉၄၉ ခုတုံးက ပင်လုံသစ္စာကြောင့် ရန်ကုန်အစိုးရကိုကယ်တင်ခဲ့တဲ့ ကပ္ပတိန်မန်းတုံးနုံးဟာလဲ တောင်ကြီးညီလာခံမှာ ဖက်ဒရယ်မူကို ခိုင်ခိုင်မာမာထောက်ခံခဲ့သလို၊ ကရင်နီပြည်နဲ့ပြည်မ ပူးပေါင်းရေးကို အမာခံရပ်တည်ခဲ့လို့ ကရင်နီပြည်သား အချင်းချင်း အပြန်အလှန်သတ်တဲ့ဖြတ်တဲ့အဆင့်ထိရောက်စေခဲ့တဲ့ စောဝဏ္ဏ၊ စောငယ်ဒူး၊ စောလဝီ၊ ဦးစိန်တို့ဟာလဲ ဖက်ဒရယ်မူကို ပြတ်ပြတ်သားသားထောက်ခံလာကြတယ်။

ဒါ့အပြင် ပင်လုံမှာမပါခဲ့တဲ့ ရခိုင်တိုင်းရင်းသားထဲက ဗုံပေါက်သာကျော်၊ ဦးသာထွန်းနဲ့ မောင်ဦးကျော်၊ ကရင်တိုင်းရင်း သားထဲက ဒေါက်တာစောလှထွန်း၊ စောဘရင်နဲ့ စောသင်းစိန်၊ မွန်တိုင်းရင်းသားထဲက မွန်ဖိုးချို၊ နိုင်ငွေသိန်းနဲ့ နိုင်ဘစော၊ အင်းသားတိုင်းရင်းသားထဲက ဦးစိုးမောင်၊ ဦးလွန်း၊ ဦးချစ်ဦး၊ ပအိုဝ်းတိုင်းရင်းသားထဲက ဦးလှဖေ၊ ဦးဖြူနဲ့ ဦးကျော်စိန်တို့ဟာလဲ ဖက်ဒရယ်မူ (ခေါ်) တောင်ကြီးမူကို လှိုက်လှိုက်လှဲလှဲထောက်ခံခဲ့ကြတယ်။ ရခိုင်ခေါင်းဆောင် ဗုံပေါက်သာကျော်၊ မွန်ခေါင်း ဆောင် နိုင်ငွေသိန်း၊ ပအိုဝ်းခေါင်းဆောင် ဦးလှဖေတို့ဟာ လက်နက်ကိုင်တော်လှန်ရေး လုပ်နေရာက ၁၉၅၈ ခုမှာ လက်နက် နဲ့ ဒီမိုကရေစီလဲရေးအစီအစဉ်အောက် လက်နက်ချခဲ့သူတွေဖြစ်ပေမဲ့ ဖက်ဒရယ်မူကို တက်တက်ကြွကြွထောက်ခံ ပါဝင်ခဲ့ကြတာဖြစ်တယ်။ ဒေါက်တာစောလှထွန်းနဲ့ မွန်ဖိုးချိုတို့ကတော့ ကရင်နဲ့မွန် လက်နက်ကိုင်တော်လှန်ရေးတွေကို စက တည်းကဆန့်ကျင်ခဲ့ပြီး ပြည်မနဲ့ပူးပေါင်းရေးကို ရပ်တည်ခဲ့သူတွေဖြစ်ပေမဲ့ ဗမာပြည်လွတ်လပ်ရေးရတာလဲ ဆယ်နှစ်ကျော် ကြာလာ၊ တိုင်းရင်းသားအခွင့်အရေးကလဲ ကင်းမဲ့နေဆဲဖြစ်တော့ ဖက်ဒရယ်မူကို တောင်းဆိုတဲ့ထဲပါလာတယ်။

၁၉၆၁-၆၂ မှာ ဖက်ဒရယ်မူကိုဆန့်ကျင်ကန့်ကွက်တဲ့ တိုင်းရင်းသားလက်တဆုပ်စာကတော့ KNU လက်နက်ချ အေစိုးမြင့်၊ ကချင် ဆမားဒူးဝါးဆင်ဝါးနောင်၊ ချင်း ဇာရဲလျန်နဲ့ ရှမ်း ဦးထွန်းအေး (နမ့်ခမ်း) လောက်ဘဲရှိခဲ့တယ်။ ဒါ့ကြောင့်လဲ နောက်ပိုင်း မှာ စစ်အုပ်စုရဲ့သူကောင်းပြုမှုကို ခံခဲ့ကြရတယ်။ တနည်းအားဖြင့် ပင်လုံသစ္စာကို ဖောက်ဖျက် ခဲ့ကြတဲ့သမိုင်းဝင်သွားတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမာခံရဲဘော်ရဲဘက်ဖြစ်ခဲ့သူ အင်းသားတိုင်းရင်းသားလဲဖြစ်တဲ့ ဦးတင်ဧ (ရှမ်းပြည်) က “ယခု အခါ တွင် နိုင်ငံရေးခေါင်းဆောင်လုပ်နေသူများသည် ယခင် တကသခေါင်းဆောင်ဘဝကသဘောထားမျိုး၊ တို့ဗမာ အစည်းအရုံး ခေါင်းဆောင်ဘဝက သဘောထားမျိုးမှသွေဖီသွားကြပြီ။ ပင်လုံစာချုပ်ချုပ်စဉ်က ပြည်နယ်များအပေါ် ထားရှိသောကတိများ၊ စိတ်ဓာတ်များကိုဖောက်ဖျက်သွားကြပြီဟု ယူဆနေကြလေသည်။ ရှမ်းပြည်သည် ပြည်နယ် တနယ်ရသင့်ရထိုက်သော အခွင့်အရေးများ ဆုံးရှုံးနေပြီ။ ဤအခြေအနေအတိုင်းသာ ဆက်သွားပါက မည်သည့်အခါမျှ လူမွှေးလူတောင်ပေါက်ကာ ဖွံ့ ဖြိုးတိုးတက်နိုင်လိမ့်မည်မဟုတ်ဟု ယူဆနေကြတော့ချေပြီ။ ထိုကြောင့် ရှမ်းပြည်ရှိ အစိတ်အပိုင်းအသီးသီးတွင် မကျေနပ် မှုများ၊ ဝမ်းနည်းစိတ်ပျက်မှုများ ပေါ်ပေါက်လျက်ရှိပေသည်။ အချို့မခံမရပ်နိုင် တော့သောအစိတ်အပိုင်းကမူ လက်နက်ဖြင့် တိုက်ခိုက်ယူမှရတော့မည်ဟုပင် သဘောပေါက်ကာ တော်လှန်တိုက် ခိုက်စပြုလျက်ရှိပေပြီ” လို့ ၁၉၆၁ ခု ဇန်နဝါရီလမှာ ပင်လုံသစ္စာနဲ့ သုံးသပ်ရတဲ့အထိ ဖြစ်သွားပါတယ်။

ဒါတွေကိုကြည့်ရင် ပင်လုံစာချုပ်ကို တက်တက်ကြွကြွပါဝင်လက်မှတ်ထိုးခဲ့သူတွေ၊ ဗိုလ်ချုပ်အောင်ဆန်းကို ရင်ထဲ အသည်း ထဲက ထောက်ခံခဲ့သူတွေဟာ ဘာ့ကြောင့် ဖက်ဒရယ်မူ (ခေါ်) ရှမ်းမူ (ခေါ်) တောင်ကြီးမူဖက်ဒရယ်စနစ်ကို တက်တက် ကြွကြွထောက်ခံ တောင်းဆိုသူတွေ ဖြစ်လာသလဲ၊ ဖက်ဒရယ်စနစ်ရပ်ခံသူတွေဟာ လူမျိုးရေးအမြင်ကျဉ်း မြောင်းသူတွေလား၊ ထိုက်သင့်တဲ့တိုင်းရင်းသားအခွင့်အရေးလိုလားသူတွေလား၊ ဘယ်သူတွေက ပင်လုံကို အမှန်တကယ်သစ္စာရှိပြီး ဘယ်သူ တွေက ပင်လုံကို သစ္စာဖောက်သလဲ၊ စဉ်းစားသာကြည့်ကြပါတော့။

ဂါမဏိ