မြတ်လှိုင်း ● အမှားတခုကို အဖြေရှာခြင်း



မြတ်လှိုင်း ● အမှားတခုကို အဖြေရှာခြင်း
(မိုးမခ) ဒီဇင်ဘာ ၁၊ ၂၀၁၆

ငါ အနိုင်လိုချင်လို့
အရှုံးပေးခဲ့တာပါ။

တကယ်တော့
လူကလူကိုငတ်နေတဲ့အခါ
စကားလုံးတွေနဲ့မျှားခဲ့တယ်
ဘဝဟာအရပ်တိုသလောက်
နေစောင်းတဲ့အခါ အရိပ်ဟာ ရှည်လျားခဲ့တယ်။

ကော်ဖီတစ်ခွက်ဇိမ်ခံသောက်ရင်း
လောကကြီးကို အရသာခံကြည့်ဖူးပါတယ်
စီးကရက်တလိပ်ကုန်သွားတဲ့အခါ
အတွေးတွေအရသာပျက်ကုန်တယ်
ငါကနောက်ကျောပေးပြီး
ခေတ်ရဲ့တံခါးပေါက်ထဲဝင်ခဲ့တယ်။

သတိကြီးကြီးနဲ့ ခြေလှမ်းခဲ့ပေမယ့်
ခြေတလှမ်းကျွံကျွံသွားခဲ့တယ်
အဲဒီ့နောက်ဆုံးတွေ အကြိမ်ကြိမ်ပါပဲ
အရှုံးကိုလက်ခံလိုက်ရတဲ့အခါ
ကွက်လပ်တခုတော့ ကျန်နေခဲ့တယ်။     ။

မြတ်လှိုင်း