ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မိုးကျော်ဇင် ● ပူဖောင်းများ

 မိုးကျော်ဇင် ● ပူဖောင်းများ
(မိုးမခ) ဒီဇင်ဘာ ၁၆၊ ၂၀၁၆


(၁)
"ကျွန်တော့်ဆိုင်က လက်ဖက်ရည်အရသာတမျိုးတည်းနဲ့ပဲ ဆွဲဆောင်တာဗျ.."

စကားစပ်မိလျှင်တော့ ဆိုင်ရှင်ကိုမျိုးက အဖျော်ခုံမှာ အလုပ်များနေရင်း ခပ်ရွှင်ရွှင် ပြောတတ်သည်။ ခပ်ရွှင်ရွှင်ပြောသည် ဆိုသော်လည်း သူ့လက်သုံးစကားက ဂုဏ်ယူခြင်း အဆီအနှစ်တွေဖြင့် ဝဖီးနေတတ်၏။

သူ ဂုဏ်ယူမည်ဆိုပါလျှင်လည်း ဂုဏ်ယူထိုက်သည့် အခြေအနေ။ သူ့ဆိုင်မှာ ကော်ဖီမစ်တောင်မရ။ တချို့ဆိုင်တွေလို ရေခဲ သေတ္တာထဲ ဘီယာလေးတစကတ်လောက် လျှိုထည့်ထားခြင်းလည်း မလုပ်။ သူ့လက်ဖျော် လက်ဖက်ရည်စစ်စစ်ကို သူကိုယ်တိုင် စားပွဲထိုးသူဖြစ်၏။ နေ့စဉ်ထုတ် သတင်းစာလေးတစ်စောင်နှင့် စစ်တုရင်ခုံလေးတော့ သူ့ဆိုင်မှာ ရှိသည်။

သည်မြို့ရှိ လက်ဖက်ရည်ဆိုင်တိုင်းမှာ "စကိုင်းနက်" ရှိသည်။ တချို့ဆိုင်ကြီးတွေ၌ တီဗွီ နှစ်လုံးသုံးလုံးထားကာ မျက်နှာစာ မျိုးစုံလှည့်၍ ချိတ်ဆက်ထားသည်။ ကမ္ဘာ့ဘောလုံးပွဲပေါင်းစုံနှင့် ရုပ်ရှင်ဇာတ်ကားတွေကို ကြိုက်ရာ ရွေးကြည့်ကြရုံ။ ဖောက် သည်တွေကို ဆွဲဆောင်ရန် လက်ဖက်ရည်အရသာတစ်မျိုးတည်းဖြင့် မလုံလောက်နိုင်တော့သည့်သဘော။

သို့သော်၊ ကိုမျိုးဆိုင်လေးကတော့ ရှင်းသည်။ စကိုင်းနက်မရှိ။ ရိုးရိုးတီဗွီလေးပင်မရှိ။ ယုတ်စွအဆုံး ရေဒီယိုကက်ဆက် လေးပင်မရှိ။ လက်ဖက်ရည်ဆိုင်နှင့်တူသောအချက်ဟူ၍ ခွေးခြေထိုင်ခုံနှင့် စားပွဲပုလေးများသာ ရှိသည်။ ထိုစားပွဲပုလေး များပေါ်မှ လက်ဖက်ချိုးတက်နေသည့် ဓာတ်ဗူးများကမူ သည်လက်ဖက်ရည်ဆိုင်သမ္ဘာဖြစ်၏။

တချိန်ကတော့ သည်လက်ဖက်ရည်ဆိုင်၏ လမ်းတဖက်ခြမ်း ရုပ်ရှင်ရုံကြီးမှ အသံဗလံတွေဖြင့် တနေ့နှစ်ကြိမ် စည်ကားခဲ့ဖူး သေးသည်။ လှုပ်ရှားပုံရိပ်တွေမမြင်ရသော်လည်း ကြားရသော ဇာတ်ဝင်ခန်းစကားတွေဖြင့် အပျင်းပြေပုံဖော်ကြည့်နိုင်သေးသည်။ အခုမူ ထိုရုပ်ရှင်ရုံကြီးသည်လည်း အသုံးမဝင်တော့သည့် ဂိုထောင်ဟောင်းကြီးကဲ့သို့ အိုမင်းငြိမ်သက်နေပြီ။ ညွှတ် ကျနေသည့် ခေါင်မိုး အလျားရှည်ကြီးပေါ် နွယ်ရိုင်းတွေက အပြေးအလွှား လုတက်နေကြပြီ။ ကိုမျိုးဆိုင်လေးသည်လည်း သူ့မူလအခြေအနေအတိုင်း စကား ပြောသံ၊ ရေနွေးအိုးဆူသံတို့သာ ကျန်နေရစ်ကြ၏။

တကယ်ဆို ကိုမျိုးပြောသကဲ့သို့ သူ့ဆိုင်ဖောက်သည်များသည် သူ့လက်ဖက်ရည် အရသာ တမျိုးတည်းကြောင့် လာနေကြ သည်တော့ မဟုတ်သေး။ သူ့ဆိုင်နေရာက ရောင်းဝယ်ဖောက်ကားမှု၌ အလားအလာကောင်းသည့် ဈေးနားလမ်းဆုံ၌ ဖွင့် ထားခြင်းလည်းမဟုတ်။ တိတ်ဆိတ်သော မြို့တွင်း လမ်းတခုမှာ အခြေချထားသည့်ဆိုင်။ သို့သော် သည်လို တိတ်ဆိတ်ခြင်း ကပင် လက်ဖက်ရည်သမားတချို့အား သည်ဆိုင်ထဲရောက်အောင် ဖိတ်ခေါ်လိုက်သလို ဖြစ်သွားသည်။

"ငါတို့က လက်ဖက်ရည်ဆိုင်ကို လာသောက်တာပါကွာ.."

သူ့ဖောက်သည်တချို့ကတော့ တခါတရံ သည်စကားမျိုးကို အားမနာပါးမနာ ပြောတတ်ကြသေးသည်။

သူ့ဆိုင်လာသောက်သူတွေက လမ်းကြုံဝင်ထိုင်သူတွေ မဟုတ်။ သွားရင်းလာရင်း ခလုတ်တိုက်မိမှ စိတ်ကူးပေါက်ရာ ဝင် သောက်သူတွေမပါ။ ရုံးဝန်ထမ်းတွေ၊ စီးပွားရေးသမား တွေ၏ဆုံရပ်၊ စုရပ်မျိုးမဟုတ်။ တကြိမ်လာပြီးလျှင် နောက်နေ့ထပ်လာ ချင်သွားအောင် သည်လက်ဖက်ရည်ဆိုင်လေး၏ညှို့ငင်မှုကို ခံစားလိုက်ရသူတွေသာ ရောက်လာကြသည့် သီးသန့်ရပ်ဝန်း လေးတခုပင်။ သည်ရပ်ကွက်လမ်းကလည်း တောရကျောင်းလမ်းကလေးနှင့် ပိုတူသည်။ ကျောက်ကြမ်းလမ်း၏ဘေးနှစ် ဖက်တွင် မြက်ပင်စိမ်းစိမ်းလေးတွေ အနားကွပ်ထား၏။

ကိုမျိုး၏ သည်ဆိုင်လေးကို ရောက်လာကြသူတွေထဲ အိမ်ကမိန်းမမသိအောင် ဖေ့စ်ဘွတ်လာခိုးသုံးရင်း ကောင်မလေး တယောက်နှင့် ချက်တင်လာလာထိုင်နေသူလည်း ပါသည်။ တနေကုန် ခါးချိအောင် တတိန်တိန်တတောက်တောက်လုပ်ရင်း လက်ဖက်ရည်တခွက်လောက် အပြေးတပိုင်းလာမော့သည့် ပန်းတိမ်ဆရာအဖွဲ့လည်း လာသည်။ ဂဏန်းသင်္ချာသမားတချို့လာငြင်းခုန်ကြသည်။ ကျူရှင်ဆရာ နှစ်ယောက်သုံးယောက်အပြင် စစ်တုရင်သမားတချို့...။ ပြီးတော့ ....။

ပြီးတော့ ....။

(၂)
"မဟုတ်ဘူး..မဟုတ်ဘူး၊ ကျုပ်ဆိုလိုတာက ခင်ဗျားကောက်ချက်ချသလို မဟုတ်ဘူး "

အငြိမ်းစားကျောင်းဆရာက သတင်းစာလိပ်ကို ခပ်ဆဆရမ်းလျက် ခေါင်းတခါခါ လည်တခါခါ ဖြစ်နေသည်။ သတင်း ထောက်ကြီးက မျက်မှန်ကိုချွတ်ပြီး ပုဆိုးစနှင့်ပွတ်သပ်နေသည်။ ဆန်စက်ပိုင်ရှင်က သတင်းထောက်ကြီး၏ ဒူးကိုတို့ကာ ထိကာ လေသံတိုးတိုးဖြင့် ဖျောင်းဖျရန် ကြိုးစားနေပြီး ကျန်လူတွေမျက်နှာကတော့ ပြုံးစေ့စေ့အရိပ်တွေနှင့်။

အငြိမ်းစားဆရာကြီးက သတင်းစာလိပ်ဖြင့် ရေနွေးဓာတ်ဗူးကို ခပ်ဆဆရိုက်ရင်း ..။

"ကျုပ်က မီဒီယာအားလုံးကို ဆိုလိုတာမဟုတ်ဘူး၊ အထူးသဖြင့် ဒီသတင်းစာဗျာ၊ ပြုပြင်ပြောင်းလဲရေးအတွက် ပြည်သူတွေနဲ့ တလျှောက်လုံးအတူရှိခဲ့တာ ကျုပ်လက်ခံတယ်၊ အဲ..ခက်တာက အခု ဒီသတင်းခေါင်းစဉ်တပ်ထားပုံကြီးက အစိုးရကို ပြည် သူတချို့နဲ့ရန် တိုက်ပေးသလို ဖြစ်မနေဘူးလားဗျာ ..ဒါကို ပြောချင်တာပါ .."

"မီဒီယာမှာ သတင်းတခုကိုလှုပ်သွားအောင် လုပ်တဲ့အတတ်ပညာတော့ ရှိတယ်လေဗျာ၊ ဆရာပြောသလိုသာဆို ဘုန်းတော် ဘွဲ့သတင်းတွေချည်း ထည့်ရမလို ဖြစ်မနေဘူးလားဗျ .."

"အဲ့ဒီမှာ ခင်ဗျားနဲ့ကျုပ် လွဲနေတာ...အဲ့ဒီနေရာ..."

လက်ဖက်ရည်ဆိုင်ကလေး၏မနက်ခင်းသည် အငြိမ်းစားကျောင်းဆရာကြီးအသံကြောင့် လှုပ်ရှားလာသည်။ စားပွဲနှစ်လုံး ဆက်ထားရသည့် သူတို့ဝိုင်းထဲမှာ သတင်းထောက်ဘက်နှင့် ကျောင်း ဆရာကြီးဘက် အပြန်အလှန်ထောက်ခံဝေဖန်သံတွေ စီစီညံအောင် ထွက်လာ၏။ သူတို့အမူအရာတွေက လေအပြည့်မှုတ်သွင်းထားသည့် ပူဖောင်းကြီးတွေလို တင်းဖောင်း နေကြသည်။ ဆိုင်ရှင်ကိုမျိုး က အဖျော်ခုံကို ခပ်နွဲ့နွဲ့မှီရပ်၍ လက်ကလေးပိုက်ကာ နားစိုက်ငေးနေသည်။ ပန်းတိမ်ဆရာက လက်ဖက်ရည်ခွက်ထဲ ဇွန်းထည့် မွှေနေလျက်မှ လည်ပြန်ကြည့်နေ၏။ အဖျော်ခုံအောက်ခြေ မီးဖိုပေါ်မှ ရေနွေးအိုးသည် တရှူးရှူးမြည်လျက်။

သည်ဆိုင်ထဲ သည်လိုစကားဝိုင်းက သည်မနက်မှမဟုတ်။ မိုးရွာရွာ၊ နေပူပူ မနက် ၇ နာရီ ထိုးပြီးသည်နှင့် ကိုမျိုးတယောက် စားပွဲနှစ်လုံး ပူးဆက်ပေးလိုက်ရမြဲ။ အစောဆုံး ရောက်လာတတ်သူက အငြိမ်းစားကျောင်းဆရာကြီး။ ဆိုင်ကယ်လေးတစီးနှင့် ရောက်လာတတ်သူ။ ပြီးလျှင် ဆန်စက်ပိုင်ရှင်က လမ်းလျှောက်တုတ်ကောက်လေး ထောက်ကာ ထောက်ကာနှင့်။ သတင်းထောက်ကြီးနှင့် ကျန်သုံးလေးယောက်ကတော့ ရှေ့ဆင့်နောက် ဆင့်ဆိုသလို ရောက်လာတတ်ကြသည်။ သူတို့ အဖွဲ့ရောက်လာသောအခါ ကိုမျိုးအနေဖြင့် လက်ဖက်ရည်တခွက်စီ ချပေးပြီး၊ ရေနွေးကြမ်းဓာတ်ဗူးကို အလျှင်မီအောင် အကြိမ်ကြိမ်ထည့်ပေးနိုင်ရန်သာ ရှိတော့၏။ အားလျှင်တော့ သူတို့ဝိုင်းက အသံတွေကို နားထောင်နေရုံ။

တချို့ကတော့ သူတို့ဝိုင်းကို ဝေဖန်သည်။ မျက်နှာချင်းဆိုင် ဝေဖန်သည်တော့မဟုတ်။ "အဘိုးကြီးတွေများဗျာ အသက်ကြီး လာလေ၊ အငြင်းသန်လေ" ဟု ကိုမျိုးကို တဆင့်ပြောကြသည်။ တချို့ကလည်း အချိန်တွေပိုလျှံနေသောကြောင့် လာဖြုန်းတီး နေသည်ဟု စွပ်စွဲသည်။

ကိုမျိုးလည်း တခါတရံ သည်အတွေးမျိုးလေးတွေနှင့် ပြစ်မှားဖူး၏။ သည်လူကြီး အားလုံးလိုလို အငြိမ်းစားတွေ။ ဝန်ထမ်းဘဝ အငြိမ်းစားတွေမဟုတ်လျှင်တောင် စီးပွားရေးသမား အငြိမ်းစားကြီးတွေ ဖြစ်ကြသည်။ လမ်းလျှောက်လိုက်၊ သတင်းစာဖတ် လိုက်၊ ရပ်မိရပ်ဖအမည်ခံ၍ ဟိုအသင်း သည်အဖွဲ့တွေမှာ နာယကလိုလို၊ ဥက္ကဋ္ဌလိုလိုနှင့် လူ့ဘဝ၏နောက်ဆုံးနာရီထိုးသံကို နားစွင့်နေကြချိန်။ သူတို့အသက်အရွယ် တန်းတူတွေတိုင်းလည်း သူတို့လို အခွင့်အရေးမရှိကြ။

"ကိုမျိုး ... ထုံးစံအတိုင်းဗျာ ..."

ကျူရှင်ဆရာဝိုင်းထဲ လူတယောက်ဝင်လာရင်း လှမ်းပြောသည်။ ကိုမျိုးအာရုံတွေကို စကားဝိုင်းမှ ခေတ္တထွက်စာတင်၍ အဖျော်ခုံမှာ နေရာပြန်ဝင်ယူရသည်။

"စကားဝိုင်းက အတော်တောင် စည်နေမှကိုးဗျ .."

ကိုမျိုးလက်ဖက်ရည်သွားချပေးတော့ နောက်ရောက်လာသည့် ကျူရှင်ဆရာက ပြုံးစစလုပ်ရင်း ပြောသည်။ သည်လိုလူ တွေလည်း ရှိနေသေးသည်။ တချို့ကတော့ သည်စကားဝိုင်းရှိတတ်ချိန်ကိုမှန်းပြီး လာထိုင်တတ်သူတွေတောင် ရှိ၏။ " နား ညည်းတာတော့ အမှန်ပဲဗျ၊ အဲ -နားထောင်လို့တော့ ကောင်းတယ် " ဟု တိတ်တဆိတ် သြဘာပေးသူတွေပင် ရှိ၏။

သည်ဝိုင်းတော်သား အားလုံးလိုလိုက သည်မြို့အတိုင်းအတာအရ ဖြတ်သန်းမှုကိုယ်စီ ရှိကြပြီးသူတွေ။ သည်တော့ လက်ရှိ အဖြစ်အပျက်တွေကို သုံးသပ်ဝေဖန်ကြပုံတွေ၊ အတိတ်ပေတံတွေနှင့် နှိုင်း ယှဉ်တိုင်းတာပုံတွေက အယူအဆတူသည်ဖြစ်စေ ၊ ကွဲပြားသည်ဖြစ်စေ တန်ဖိုးတစုံတရာတော့ ရှိနေတတ်မြဲ။

ကိုမျိုးအဖျော်ခုံလေးမှာ ခပ်နွဲ့နွဲ့လေးပြန်မှီရပ်မိတော့ စကားဝိုင်းက ခေါင်းစဉ်ပြောင်းသွားနှင့်ပြီ။

"ဒါက ဒါက ပညာရေးစနစ်နဲ့ ဆိုင်တယ်ဗျ၊ ကျောင်းနေရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရမည် ဘာညာဆိုပြီး ဆိုင်းဘုတ်တွေ နေရာတကာ လိုက်ထောင်နေလို့မှ မပြီးတာ၊ ပညာရေးအသုံးစရိတ် ဘယ်နှစ်ရာခိုင်နှုန်းရှိလဲ၊ ပေါ်လစီနဲ့ချည်း မပြီးသေး ဘူးလေ"

သည်အကြောင်းအရာကို အစရှည်ရှည် ဆွဲထုတ်နေသူက နိုင်ငံရေးသမားလူထွက်ကြီး။ တရံရောအခါက ပါတီကြီးတခုမှာ နေရာရခဲ့သူ။ နောက်ပိုင်းခေတ် သူတို့ပါတီကို အသွင်ပြောင်းအမည်ပြောင်းအထိလိုက်ပါလာခဲ့ပြီး လွန်ခဲ့သည့်ရွေးကောက် ပွဲမှာပင် အမတ်လောင်းအဖြစ် ဝင်ပြိုင်ခဲ့သေးသည်။ သူက စကားအစဆွဲထုတ်ပြီးသည်နှင့် ရေနွေးဓာတ်ဗူးဖွင့်ရင်း တခြားသူ တွေကို အကဲခတ်နေစဉ် ပွဲတိုင်းကျော် ကျောင်းဆရာဟောင်းကြီးက ကြိုးဝိုင်းထဲ ခုန်ဝင်လိုက်၏။

"ဟ ခင်ဗျားနှယ်ဘယ့်နှယ် ပညာရေးစနစ်ကိုပဲ ပုံချလို့ရမလား၊ ပြဿနာရဲ့ရင်းမြစ်ကို မြင်အောင် ကြည့်စမ်းပါဗျ၊ ဒါဟာ စီးပွားရေးပေါ်လည်း မူတည်နေတယ်ဆိုတာ ထင်ရှားပါတယ်ဗျာ၊ စဉ်း စားကြည့်ဗျာ ..."

ဆရာကြီးက ရေနွေးကြမ်းတခွက်ကို မော့နေစဉ် သူ့စကားကို တခြားသူဖြတ်မဝင်စေရန် လက်ကာပြထားလိုက်သေးသည်။ ပြီးတော့ လည်ချောင်းတချက် ခပ်ပြင်းပြင်းရှင်းလိုက်ရင်း ...။

"စီးပွားရေးသာကောင်းနေမယ်ဆို ဘယ်မိဘက သားသမီးငယ်ငယ်လေးတွေ အလုပ်ထွက်လုပ်ခိုင်းမလဲ၊ ဘယ်ကလေး ကရော အမှိုက်ပုံတကာ တက်ဖွချင်မှာလဲ၊ ဒါ စဉ်းစားစရာနော်၊ ကျုပ်အခြေခံကျကျ တွေးကြည့်တာပါ ၊ ဘယ့်နှယ့်လဲ ဟေ့လူ လုပ်စမ်းပါဦးဗျ၊ ခင်ဗျားတို့ ဥပဒေသမားတွေ အမြင် ...."

ကျောင်းဆရာလက်ဟောင်းကြီးက ကွမ်းတမြုံ့မြုံ့နှင့် နားထောင်သမားသက်သက်လုပ်နေ သည့် ရှေ့နေကြီးကို ကြိုးဝိုင်းထဲမှ စိန်ခေါ်သည်။ ရှေ့နေကြီးက ကွမ်းတံတွေးတချက်ထွေးလိုက်ပြီး အသင့်တော်ဆုံးစကားလုံးတွေကို ပါးစပ်တပြင်ပြင် ချိန်ဆ နေသည်။

"ဒါက ရုတ်တရတ်ကြည့်ရင်တော့ ဥပဒေနဲ့အနေသာကြီးလိုလိုပေါ့ဗျာ၊ အဲ ပြန်တွေးကြည့်ရင် ဒါဟာ ဥပဒေထိန်းကျောင်းမှုနဲ့ သွယ်ဝိုက်ပတ်သက်နေပြန်ရော .."

ဥပဒေသမားကြီးက စကားအမျှင်ကို ဥပဒေလမ်းကြောင်းထဲ ဆွဲယူသွားသည်။ လိုရာ ဆွဲပြောသည်ဟု ဆန်စက်ပိုင်ရှင်က ကန့်ကွက်သည်ကို နိုင်ငံရေးသမားဟောင်းကြီးက ထောက်ခံသည်။ သတင်းထောက်ကြီးက သဘာဝကျသည်ဟု ရှေ့နေကြီး ကို ထောက်ခံပြီး ကျောင်းဆရာကြီးကတော့ ရှေ့နေကြီး၏ဟာကွက်ကို ချောင်းရင်း အသင့်ဝင်လုံးရန် ပြင်ဆင်ထား၏။ ထုံးစံအတိုင်း ထောက်ခံသူ၊ ကန့်ကွက်သူတွေနှင့် စကားဝိုင်းက ပွက်ပွက်ညံသွားပြန်သည်။ သည်လိုနှင့် စကားလမ်းကြောင်းက ဥပဒေမဏ္ဍိုင်ကြီးဆီ လုံးဝဦးတည် သွားပြန်၏။

သည်စကားဝိုင်းထုံးစံက သည်လိုပင် လမ်းကြောင်းများစွာ ဖြာထွက်သွားတတ်သည်။ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ အနုပညာ စသည့် ခေါင်းစဉ်ပေါင်းစုံသွားတတ်မြဲ။

နေရောင်ခပ်ကျဲကျဲသည် ဆိုင်တံစက်မြိတ်အောက်က ငုံ့လျှိုးဝင်လာ၏။ တခါတရံ ဖြတ်မောင်း သွားသော ဆိုင်ကယ်စက်သံတချို့က သူတို့စကားဝိုင်းထဲ ဝေါခနဲ ဖြတ်တိုက်သွားသည်။

ထိုအခိုက် ဆန်စက်ပိုင်ရှင်အိတ်ကပ်ထဲမှ ဖုန်းသံမြည်လာသည်။

"ဟဲလို ..ဟေ ..ဟဲလို ကြားတယ် ပြော .."

ဆူညံနေသောစကားဝိုင်းထဲမှထပြီး ဆိုင်တံစက်မြိတ်နားအထိ ဖုန်းသွားပြော၏။
"..........   .............       ............ "
"............   .............   ............. "

ဖုန်းပြောပြီး ပြန်ဝင်လာတော့ ဝိုင်းထဲက အကြည့်တွေ သူ့ဆီရောက်လာသည်။

"အိမ်ပြန်မှ ဖြစ်ဦးမယ်ဗျို့၊ ဧည့်သည်ရောက်နေတယ်တဲ့ ..မောင်မျိုးရေ ရှင်းမယ်ဟေ့"

ဆန်စက်ပိုင်ရှင်က ပြန်စကားပြောတော့ သတင်းထောက်ကြီးကလည်း ခါးဆန့်သည်။ ကျောင်း ဆရာဟောင်းကြီးက ဆိုင် ကယ်သော့ကို ခါးမှဆွဲဖြုတ်ရင်း "ကျုပ်လည်း ပြန်မှ" ဟုပြောရင်း ထသည်။ ဤသို့ဖြင့် ကျန်လူတွေလည်း အကြောင်းပြ ချက်မျိုးစုံဖြင့် လက်ဖက်ရည်စားပွဲမှ ကုန်းထလိုက်ကြသည်။ ကျောင်းဆရာဟောင်းကြီး၏ဆိုင်ကယ်နောက်မှ သတင်း ထောက်ကြီးက လမ်းကြုံ လိုက်သွားပြီး ဆန်စက်ပိုင်ရှင်က သူ့လမ်းလျှောက်တုတ်ကို ထောက်ကာထောက်ကာ ထွက်သွား သည်။ ကျန်လူတွေလည်း ....။
        
(၃)
လက်ဖက်ရည်ဆိုင်လေးသည် ပိတ်လိုက်သော ရုပ်မြင်သံကြားစက်တစ်လုံးကဲ့သို့ ပြန်လည် တိတ်ဆိတ်သွား၏။ စစ်တုရင် သမားတွေဝိုင်းမှ နယ်ရုပ်လေးတွေ နေရာချသံသာ တစ်ခါတရံမှ ထွက်လာသည်။ ကိုမျိုးက စောစောက အဘိုးကြီးတွေ ထိုင်သွားသည့် စားပွဲ တွေကို နေရာပြန်ချ၊ အဝတ်ဖြင့် သုတ်၊ ပန်းကန်တွေ သိမ်းဆည်း။

နောက်တစ်နေ့မနက်ရောက်လျှင် ကိုမျိုးသည် စားပွဲနှစ်လုံးကို ပြန်လည်ပူးဆက်ပေးရလိမ့်ဦးမည်။ ရေနွေးဓာတ်ဗူးတွေ တဗူး ပြီးတဗူး လဲလှယ်ပေးရလိမ့်ဦးမည်။ အကြောင်းမှာ နောက်တနေ့ မနက်ရောက်သည်နှင့် လေအပြည့်မှုတ်သွင်းထားသည့် ပေါက်ကွဲလုလု ပူဖောင်းကြီးတွေ ထပ်မံရောက်လာကြလိမ့်ဦးမည်ဖြစ်၏။     

သို့သော် ထိုပူဖောင်းကြီးများသည် မည်သည့်အခါမှပေါက်ကွဲသွားကြလိမ့်မည်မဟုတ်ပေ။      

မိုးကျော်ဇင်