ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်စွမ်းရည် - တင်မိုးရဲ့ သစ်ရွက်ကြွေလေးပေါ်မှာရေးတဲ့ မှတ်တမ်းများ

မောင်သာနိုး၊ တင်မိုး၊ မောင်စွမ်းရည်၊ (၂၀၀၄ ခုနှစ် အမေရိကားမှ ဆုံကြစဉ်က) ဓာတ်ပုံ ရန်ဝင်း (တောင်တံခါး)

မောင်စွမ်းရည် - တင်မိုးရဲ့ သစ်ရွက်ကြွေလေးပေါ်မှာရေးတဲ့ မှတ်တမ်းများ
(မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၆

တင်မိုးရေးတဲ့ စာအုပ်ကလေးကို ဝေဖန်ရေးဖို့ စိတ်မကူးပါ။ ခုရေးမှာက တင်မိုးနဲ့ပတ်သက်ပြီး စပ်မိစပ် ရာ မှတ်မိမှတ်ရာကလေးတွေကို ရေးချင်လို့ပါ။

ကျွန်တော်က မန္တလေးတက္ကသိုလ်ကို ၁၉၅၆-၅၇ ပညာသင်နှစ်မှာ ရောက်ပါတယ်။ တင်မိုးက မန္တလေး တက္ကသိုလ်ကို ၁၉၅၇-၅၈ ပညာသင်နှစ်မှာ ရောက်ပါတယ်။ တက္ကသိုလ်က နံရံကပ်စာစောင်တစ်ခုရှေ့မှာ စာအတူဖတ်ရင်းက စာပေမိတ်ဆွေဖြစ်သွားပြီးနောက် သူဟာ ကျွန်တော့်ကို "မခွာတမ်း" လို့ ပြောရအောင် တွယ်ကပ်နေပါတော့တယ်။ သူနဲ့ ကျွန်တော် မြင်ြးံခနယ် တောကျေးလက်ဒေသက ရောက်လာသူချင်းတူပါ တယ်။ "တောသားချင်း" ပေါင်းဖက်မိတာလို့ ပြောချင်တာပါ။ မြို့ကြီးပြကြီးကို အရင်ရောက်တဲ့ တောသားကို နောက်ရောက်တဲ့ တောသားက မှီတွယ် အားကိုးတဲ့သဘောလို့ ပြောရမယ်ထင်ပါတယ်။

တကယ်တော့ သူနဲ့ကျွန်တော် စရိုက်ချင်းသိပ်တူလှတာလည်း မဟုတ်ပါဘူး။ ကျွန်တော်က မူလတန်း ကျောင်းသားဘ၀ကတည်းက သူများအိမ်၊ သူများရပ်ရွာမှာနေလာရလို့ သူများကို အားကိုးတဲ့ အလေ့အထမရှိဘဲ ကိုယ်ထူကိုယ်ထပဲ နေတတ်ပါတယ်။ သူက သူတစ်ပါးကို မှီတွယ် အားကိုးလေ့ရှိပါတယ်။ အထူးသဖြင့် စကားပြောဖက်လိုချင်တာပါ။ စကားပြောဖက်ဆိုရာမှာလည်း တစ်ယောက်နဲ့တစ်ယောက် "ဘာသာစကား" တူတာကိုလိုချင်တာပါ။ တက္ကသိုလ်မှာ တနယ်သားချင်း၊ တရပ်တည်းသားချင်း၊ တောသားချင်းလို့ ဆိုနိုင်တဲ့ ကျောင်းသားတွေ အများကြီးပါ။ အထူးသဖြင့် သူနဲ့ တူတာက "နောက်ခံစာဖတ် အတွေ့အကြုံ" ဖြစ်ပါလိမ့်မယ်။ ဒဂုန်မဂ္ဂဇင်း၊ တိုးတက်ရေးမဂ္ဂဇင်း၊ ကြီးပွားရေးမဂ္ဂဇင်း၊ သူရိယမဂ္ဂဇင်း၊ ဂျာနယ်ကျော်၊ လူထုဂျာနယ်၊ လင်းယုန်ဂျာနယ်၊ ရှုမ၀၊ သွေးသောက် စတဲ့ စာနယ်ဇင်းတွေဖတ်ခဲ့တဲ့ အတွေ့အကြုံတူပါတယ်။ ဒီလိုတူတာရှားပါတယ်။ ဒါ့ကြောင့်တစ်ယောက်နဲ့ တစ်ယောက် စာပေအတွေ့အကြုံတွေ နှီးနှောဖလှယ်ရတာ ချောမောပါတယ်။ တခါတလေ နှစ်ယောက်သား ကျားခေါင်းကိုက်ပျောက်ဆေးကြော်ငြာ ကဗျာလို ရှေးမဂ္ဇဇင်း တွေထဲက ကြော်ငြာကဗျာတွေကိုတောင် ပြိုင်တူ ရွတ်ဆိုမိလျက်သား ဖြစ်နေတတ်ပါတယ်။

တက္ကသိုလ်ရောက်စမှာ တဂိုးရဲ့ စာအုပ်များနဲ့ အင်္ဂလိပ်ခေတ်စမ်းကဗျာ ဆရာများဖြစ်ကြတဲ့ ဘိုင်ရွန်၊ ရှယ်လီ၊ ကိတ်စ်တို့ ကဗျာများကို အတူဖတ်ကြပါတယ်။ သူတို့ရဲ့ အတ္ထုပ္ပတ္တိများနဲ့ ဗင်းဆင်ဗင်ဂိုးတို့၊ ဂေါ်ဂင်တို့ ခေတ်ပြိုင် မော်ဒန်ပန်းချီဆရာများရဲ့ အတ္ထုပ္ပတ္တိများကိုလည်း အတူဖတ်ကြပါတယ်။ တစ်ခါတစ်ရံ စာတအုပ်တည်းကို တအိပ်ရာတည်းမှာ၊ ခေါင်းအုံးတလုံးကိုအတူ အုံးရင်း ဖတ်ကြပါတယ်။ ဒီလို တစ်အိပ်ရာတည်းမှာ အတူအိပ်ပြီး ဖတ်နိုင်ဖို့ရာ အိမ်တစ်လုံးရှာပြီး အတူငှားပြီး နေကြပါတယ်။ အလကားနေရတဲ့ အမျိုးတွေအိမ်ကို စွန့်ပြီး အခန်းငှားနေကြတာပါ။ အိမ်လေးရဲ့ နာမည်ကိုတောင် သူပဲပေးတာထင်ပါရဲ့။ "တမာရိပ်သာ" တဲ့။ ထမင်းစားတော့ ကျွန်တာ့်က ကျွန်တော့်အစ်မအိမ်မှာ သွားစားတာပါ။ အစ်မအိမ်က တခေါ်လောက်ပဲ ဝေးပါ တယ်။ သူလည်း လိုက်လာတော့ အစ်မက သူ့ကိုပါ ကျွေးပါတယ်။ နောက်ဆုံးတော့ အားနာလိုတဲ့ သူပါ လခပေး စားလိုက်ပါတော့တယ်။

တနေ့တော့ ကျွန်တော်က Patience Strong ရေးတဲ့ "Quiet Corner" ဆိုတဲ့စာအုပ်ငယ်ကလေး တ အုပ်ကို ၀ယ်လာပါတယ်။ အရွယ်က သေးသေးပါးပါးကလေးပါ။ တဂိုးကဗျာစာအုပ်ကလေးတွေနဲ့ ခပ်ဆင်ဆင် ပါပဲ။ စာကလည်း တဂိုးရဲ့ စာညွန့် (စကားပြေကဗျာ) တွေနဲ့ ဆင်သလိုလိုပဲ။ နောင်အခါ ဖတ်ကြည့်တော့မှ ဘာသာရေးဆန်တာ တွေ့ရပါတယ်။ စာရေးဆရာကလည်း ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးဆို- ထင်ပါရဲ့။ နောက်ထပ်ပြီးတော့လည်း "ပေးရှင့်စထရောင်း" နဲ့ စာအုပ်ကလေးတွေ တွေ့ရင် ၀ယ်လာကြတာပါပဲ။ စာအုပ်က ၁၂ ပုဒ်ပါတဲ့ ၁၂ ရာသီဖွဲ့လို့ ထင်ပါတယ်။ ကျွန်တော်မှတ်မိသလောက်ကတော့ "ပေးရှင့်စထရောင်း" ရဲ့ စာအုပ် ကလေးတစ်အုပ်ကို နမူနာယူပြီး "ပိတောက်မှ သရဖီသို့" ဆိုတဲ့ စာအုပ်ကလေးကို ရေးခဲ့တာပါပဲ။ အဲဒီစာအုပ် ကလေးမှာရေးထားတာက ကဗျာမဟုတ်ပါဘူး။ အဲဒီခေတ်က ခေါ်လေ့ရှိတဲ့ "စာညွန့်" ပုံစံပါပဲ။ နောက်တော့ အင်္ဂလိပ်စကားလုံးကို ဘာသာပြန်ပြီး "စကားပြေကဗျာ" လို့ ခေါ်လာတဲ့ စာပေပုံစံမျိုးပါပဲ။ "ပိတောက်မှ သရဖီ သို့" (တန်ခူးလမှ တပေါင်းလသို့) ဆိုတဲ့ စာအုပ်ကေလးမှာ ဆယ့်နှစ်ရာသီဘွဲ့ဖြစ်လို့ ဆယ့်နှစ်ပုဒ်ပဲ ပါရှိခဲ့ပါတယ်။ အမှာစာကို သူကိုယ်တိုင် ရေးခဲ့ပေမယ့် ဘယ်တုန်းကရေးခဲ့တယ်ဆိုတာ ရက်စွဲမပါရှိပေ။

"သစ်ရွက်ကြွေလေးပေါ်မှာ ရေးတဲ့ မှတ်တမ်းများ" မှာ ပထမဆုံးတစ်အုပ်ကို ၂၁-၇-၉၈ က ရေးခဲ့ပါ တယ်။ နောက်နေ့မှာတော့ တနေ့တည်း သုံးပုဒ်ရေးထားတာ တွေ့ဖူးပါတယ်။ နောက်တနေ့မှာလည်း တနေ့တည်း သုံးပုဒ်ရေးခဲ့ပြီး တရက်နားပါတယ်။ ဇူလိုင် ၂၅ မှာနားပြီး ၂၆ ရက်နေ့မှာ ၂ပုဒ်၊ ဇူလိုင် ၂၇ ရက်နေ့မှာ ၄ပုဒ်၊ ၂၈ ရက်နေ့မှာ တပုဒ်တည်း။ ၂၉ တရက်နားပြီး ၃၀ ရက်နေ့မှာတော့ ၄ပုဒ်တောင် ရေးပြန်ပါ တယ်။ ၃၁ ရက်နေ့မှာလည်း ၄ပုဒ်ရေးပြန်တယ်။ ဒီလိုပဲ တနေ့ တပုဒ်၊ ၂ပုဒ်၊ ၃ပုဒ်၊ ၄ပုဒ် စသည်ရေးနေရာက သြဂုတ် ၁၂ ရက်စွဲနဲ့ ၅ ပုဒ်ရေးထားတာတွေ့ရပါတယ်။ ကြားမှာ သြဂုတ် ၁၁ ရက်စွဲနဲ့ ၂ပုဒ် ညပ်ပါနေပါတယ်။ စီစဉ်သူက လွဲဟန်ရှိပါတယ်။ ဒီလိုနဲ့ ဇူလိုင် ၂၀ ရက်ကနေ စက်တင်ဘာလကုန်လောက်ထိ ပုဒ်ရေ ၅၅ ပုဒ် ရေးခဲ့ပါတယ်။ အဲဒီစာတွေ ရေးတုန်းက သူပြည်တွင်းမှာပဲ ရှိပါသေးတယ်။ သူပြည်ပ (ဘယ်လ်ဂျီယမ်) ကို ထွက်လာတာက ၁၉၉၉ ခုနှစ်ပါ။ ဒီစာအုပ်ကလေးကို ပြည်တွင်းမှာ မထုတ်ဖြစ်ခဲ့လို့ ပြည်ပမှာ ထုတ်ဖို့ စီစဉ်ခဲ့ ဟန်ရှိပါတယ်။ သူ့ထုံးစံအတိုင်း ရောက်လေရာအရပ်က စာမူတောင်း၍ သူနဲ့အမြဲပါတဲ့ လွယ်အိတ်ထဲကနေ လက်ရေးစာအုပ် တအုပ် နှစ်အုပ် အစရှိသဖြင့် ရှိသမျှ လက်ရေးမူ စာအုပ်များကို စက်နဲ့ ကူးယူခိုင်းပါတယ်။ "သစ်ရွက်ကြွေ" စာမူကိုလည်း တိုကျိုက မိုးသောက်ကြယ်စာစောင်ကို တအုပ်လုံးပေးခဲ့လို့ သူတို့ကလည်း သူတို့စာစောင်မှာ လစဉ်တလတပုဒ်ကျ ဖော်ပြနေပါတယ်။ ၂၀၁၂ ဇူလိုင်လအထိ ဖော်ပြနေတာ တွေ့ရပါတယ်။

"သစ်ရွက်ကလေး"ကို တကယ်တမ်း ပထမအကြိမ် ပုံနှိပ်ထုတ်ဝေဖြစ်တာက ၂၀၁၂ မေလမှာ ဖြစ်ပါ တယ်။ ၁၄ နှစ်လောက်ကြာမှာ ဒီစာအုပ်လေးထွက်ဖြစ်ပါတယ်။ ဗမာပြည်တွင်းမှာပဲ စီစဉ်ထုတ်ဝေတာပါ။ အမှာစာကို သူနဲ့ "မတည့်အတူနေ သူငယ်ချင်း" ဖြစ်ခဲ့တဲ့ ဇော်ဇော်အောင်က "မျက်ဖြေစကား" နဲ့ တကွ ရေးပေးထားပါတယ်။ ခုအခါ ပွင့်ပွင့်လင်းလင်း ပြောလို့ရပြီ ထင်ပါတယ်။ ဒါ့ကြောင့် အတိတ်က "မရားမ၀င်"နိုင်ငံရေးရာဇ၀င်မှာ ကျွန်တော်တို့ သူငယ်ချင်းတွေ ပါဝင် ပတ်သက်ခဲ့ပုံတချို့ကို ပြောပြချင်ပါတယ်။ တင်မိုးက ရေစကြိုအလံနီကွန်မြူနစ်နယ်မြေက လာသူပါ။ ကျွန်တော်က မြင်းခြံနယ် အလံနီဌာနချုပ် ကျေးရွာတွေက လာသူပါ။ ဇော်ဇော်အောင်က မုံရွာ အလံနီကွန်မြူနစ်နယ်မြေက လာသူများမို့ တက္ကသိုလ်ကို အရင်ဆုံးရောက်နှင့်တဲ့ ဇော်ဇော်အောင်ကပဲ ကျွန်တော်တို့နှစ်ဦးကို လှိုက်လှဲစွာ "အလံနီဖြင့်" ကြိုဆိုခဲ့ရှာပါတယ်။ ဒါပေမဲ့ စာပေ၀ါသနာကြီးတဲ့ ကျွန်တော်တို့က စာပေအရ လေးစားသူ မောင်သာနိုး၊ မောင်မိုးသူတို့တတွေနဲ့ တွဲခဲ့ပြီး ဇော်ဇော်အောင်နဲ့ ခပ်ခွာခွာနေခဲ့စဉ်မှာ ဇော်ဇော်အောင်က ရန်ကုန်ကို ပြောင်းသွာခဲ့ပါတယ်။

ဇော်ဇော်အောင်က စာပေဗီဇကောင်းသူတစ်ဦးဖြစ်ပေမယ့် အလံနီစွဲကြီးပြီး "လေကြီးမိုးကြီး" စကားလုံး တွေ သုံးလေ့ရှိပါတယ်။ (ဒီနေ့အထိ) ကျွန်တော်တို့က အဲဒါမျိုးတွေမကြိုက်ပါဘူး။ ဇော်ဇော်အောင်နဲ့ တအိပ်ရာ ထဲမှာ (မောင်မိုးသူနဲ့ရော) အတူ အိပ်ခဲ့ပေမယ့် သူပြောသလိုပါပဲ။ နိုင်ငံရေး "လက်ဝဲဂိုဏ်းဂဏ" အာဃာတတွေ ကြောင့် "ချစ်လျက်နဲ့ဝေး" ဆိုသလို ဖြစ်ခဲ့ရပါတယ်။ ခုသူက လက်ဝဲဂိုဏ်းဂဏ အာဃာတတွေ "သမိုင်း" က ဖယ်ရှားခဲ့ပြီလို့ ကြွေးကြော်လိုက်တော့ (ဟုတ်မှန်ပါစေ) ၀မ်းသာရပါတယ်။ ဘာပဲဖြစ်ဖြစ် ရန်ကုန်မျာ တင်မိုးနဲ့ အရင်းနှီးဆုံးဖြစ်ကြတဲ့ မောင်သာနိုးနဲ့ မောင်မိုးသူတို့က မရေးဘဲ "နီးလျက်နဲ့ဝေး" ခဲ့သူ ဇော်ဇော်အောင်က ရေးလိုက်တာဟာ စာပေအသိုင်းအ၀ိုင်းမှာ ထူးခြားကောင်းမှ ထူးခြားပေမယ့် မန်းတက္ကသိုလ်ကျောင်းနေဖက်များကြားမှာ တော့ ထူးခြားမှုတခုဖြစ်ခဲ့ပါပြီ။ ဒီနှစ် ၂၀၁၂ ဇော်ဇော်အောင် ၇၅ နှစ်မြောက်မွေးနေ့ကျင်းပတဲ့နှစ်မှာ မောင်မိုးသူ၊ မောင်စွမ်းရည်၊ ကသာဝင်းကြွယ်၊ ကြည်အောင် (ရှိသေးရင်)၊ ညွန့်အေးအင်းဝ (ရှိသေးရင်)၊ မွေးနေ့ပွဲ (မွေးနှစ်လွဲ)၊ အတူ ကျင်းပချင်လိုက်တာ ... လို့။ မွေးနှစ်တူကြတယ်လေ။

ဇော်မြင့်ခေါ် ဇော်ဇော်အောင် ၇၅ နှစ်မွေးနေ့ပွဲမှာ ဒင်းက အလယ်ကထိုင်၊ ညာဘက်က မောင်မိုးသူ (စိန်မြင့်)၊ ဘယ်ဘက်က ဆရာမကြီး ဒေါ်ခင်မေရီတို့ ခြံရံပြီး ထိုင်နေတဲ့ ဓာတ်ပုံသတင်းကို တွေ့လိုက်မိတော့ နှစ်ပေါင်း ၅၀ ကျော် ၆၀ နီးပါးကာလကြာရှည်ခဲ့တဲ့ အတိတ်သမိုင်းကို တွေးရင်းငေးနေမိတာ အကြာကြီးပါ။ မျက်မှန်ညိုကြီးနဲ့ ဒုတ်ကောက်ကြီးနဲ့ ဇော်မြင့်ကို လည်ပင်းဖက်ပြီး "ငါ" ကိုင်ဆဲချင်လိုက်ပါဘိ။

အဲဒီကောင်ဟာ ကျွန်တော့်ရဲ့ ဇာတိကျေးရွာကလေးကို ကျွန်တော်နဲ့အတူ လိုက်ဖူးပါတယ်။

နယူးယောက်ကို မင်းနဲ့ မိုးသူ လာလည်ပါ။ ငါက ခေါ်ခွင့်မရှိပေမယ့် မိုးသူသားက ခေါ်နိုင်ပါတယ်။ ငယ်စဉ်က ငါတို့ချီပိုးခဲ့တဲ့ "အာဂျလာ"ခေါ် "ပန်းသီး" ဆိုတဲ့ ကောင်လေးဟာ ဆန်ဖရန်စစ္စကိုမှာ တအိုးတအိမ် ထူထောင်နေလေရဲ့။ တရုတ်အဘိုးကြီးမောင်မိုးသူဟာ အမေရိကန်လူမည်းနဲ့တူတဲ့ ပန်းသီးရဲ့ အဖေဆိုတာ ကျိန်ပြောတောင် ယုံကြမယ်မထင်ပါ။

လာချင်ရင် လာပါ။ "ဒါပေမဲ့ မင်တို့အချစ်တော် ဘဂျမ်း (တင်မိုး) ကိုတော့ ဓာတ်ပုံတွေနဲ့ အသံတွေပဲ တွေ့ရ မှာပါ။" အိမ်ခြံဝင်းထဲမှာ သစ်ရွက်ကြွေတွေ လေတလွင့်လွင့်နဲ့ပါပဲ။ သူတို့အဖေ မှတ်တမ်းရေးဖို့ထင်ပါရဲ့။ သူ့သားသားသမီးတွေက အမှိုက်မလှဲကြပါ။ အဲဒီသစ်ရွက်ကြွေတွေပေါ်မှာ ကဗျာတွေ ရေးပါလေ့ အဖေကြီး။

မောင်စွမ်းရည်
၂၀၁၂ ဇူလိုင် ၄ (မိုးစံဖတ်ပြီးရင် ကလျာမဂ္ဂဇင်းကိုပို့ပါ)