တူမောင်ညို ● အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်း - အပိုင်း (၄)

တူမောင်ညို ● အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်း - အပိုင်း (၄)
(အောင့်သက်သက်နဲ့ ခံနေကြရပါလိမ့်အုံးမယ်)
(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၁၆

အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်း အပိုင်း (၄) နိဂုံးကို အခုလို အဆုံးသတ်ခဲ့ပါတယ်။

တကယ်တော့ အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်းဟာ စစ်အုပ်စုက စိတ်ကြိုက်ခင်းထားတဲ့ လမ်းဖြစ်ပါတယ်။ ဒီလမ်းပေါ် မှာ လျှောက်နေသမျှ စစ်အုပ်စုက ဖန်တီးထားတဲ့ အတားအဆီး၊ အနှောင့်အယှက်၊ အဖျက်အမှောင့်မျိုးစုံကို တမျိုးမ ဟုတ်တမျိုး ကြုံနေရ မှာပါ။တွေ့နေရမှာပါ။

အခုတော့ တမျိုးပြီး တမျိုး မရိုးရဘူးလို့ ပြောရမယ်ထင်ပါတယ်။ လွှတ်တော်ပြင်ပမှာကြုံရသလို လွှတ်တော်တွင်းမှာ လည်းကြုံ နေရပါတယ်။ပြည်သူ့လွှတ်တော်မှာကြုံရသလို၊ပြည်နယ်လွှတ်တော်(ရှမ်းပြည်နယ်)မှာလည်းကြုံရပါတယ်။

ဒါ့အပြင်ပြည်ပကနေလည်း လှမ်းပြီး ရန်လုပ်တာကို ကြုံနေရပါတယ်။  အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ စစ်အုပ်စုနဲ့ တ လျှောက်လုံး အင်မတန်မှ အလွမ်းသင့်လှတဲ့ (မလေးရှား) ပြည်ပနေလှမ်းပြီး ရန်လုပ်တာတောင်ကြုံတွေ့ ရင်ဆိုင်နေရပါတယ်။ အင်ဒိုနီး ရှား တောင်ပါလာနေတယ်။ ဒီဖြစ်ရပ်တွေ ဟာ ကြုံကြိုက်တိုက်ဆိုင်မှုသက်သက်တော့ မဟုတ်တန်ရာပါဘူး။

 အခုကြားရတဲ့သတင်းအရ မလေးရှားကို အလုပ်သမားစေလွှတ်မှုတွေ ဒီဇင်ဘာလ ၆ ရက်နေ့က စပြီးရပ်ဆိုင်းထားတယ်လို့ ကြားရပါတယ်။ မလေးရှားကိုရောက်နေတဲ့ မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေထဲမှာ ချင်းနဲ့ ရခိုင်တွေက အများဆုံးလို့ ဆိုပါတယ်။ ပြည်ထဲရေးဝန်ကြီးဗိုလ်ကျော်ဆွေပြောသလို ဘာလို့ ဖားကန့်သွားပြီး ကျောက်တူးမှာလည်း ကိုယ့်ရခိုင်ပြည်နယ် မှာကိုယ်နေကြပေါ့လို့ လူထုလက်တွေ့ဘဝနဲ့ အလွန်အလှမ်းကွာဝေးတဲ့ စကားမျိုးပြောလာရင် မခက်ပေဘူးလား။ မြေဇာပင် ကတော့ ပြည်သူတွေပါပဲ။

စစ်တပ် “ဟီးရိုး” လုပ်နိုင်ဖို့၊  ပြည်တွင်းမှာ အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ကြံဇာတ်ကားရုံတင်ဖို့ ဆိုတဲ့ အမြင်တိုတိုလောက်နဲ့ ပြင်ပက အစွန်းရောက်လှုပ်ရှားမှုတွေ၊ အစွန်းရောက်သမားတွေကို ပြည်တွင်းကို မိုက်မိုက်ကန်းကန်း မဖိတ်ခေါ်သင့်ပါဘူး။ ဒါဟာ မီးနဲ့ ကစားတာဖြစ်ပါတယ်။ ကျောက်တုန်းကိုမပြီး ကိုယ့်ခြေမပေါ်ပြန်ပြီးပစ်ချတဲ့ မိုက်မဲတဲ့လုပ်ရပ်မျိုးလည်းဖြစ်ပါတယ်။ ကိုယ့်တပည့်သားမြေးတွေမှာ ဒီလိုမဖြစ်ညစ်ကျယ် လုပ်တတ်ကိုင်တတ်တဲ့ဇရှိတာတွေကို သိထားတဲ့ သူတွေအနေနဲ့ လည်း အချိန်မီခေါ်ပြီး ဖြောင့်ဖြတားမြစ် စေသင့်ပါတယ်။ ဒီလုပ်ရပ်တွေက “မစားရတဲ့အမဲသဲနဲ့ပက်မယ်” ဆိုတဲ့ သိမ်ဖျင်း ယုတ်ညံ့တဲ့ စိတ်ဓာတ်ကနေ တိုက်ရိုက်ပေါက်ဖွားလာတဲ့ လုပ်ရပ်မျိုးတွေလို့ ပဲမြင်ပါတယ်။

စစ်တပ်နဲ့ စစ်အုပ်စု “ဟီးရိုး” လုပ်ခဲ့တဲ့ ၁၉၆၂ ကနေ ယနေ့အထိ ကာလကိုပြန်ကြည့်လိုက်ပါ တိုင်းပြည်နဲ့ ပြည်သူတွေဟာ “ဇီးရိုး”ဘဝရောက်ရုံတင်မကတော့ဘဲ။ အနုတ်သုညဘဝအထိ ဆိုက်ရောက်ခဲ့ရပါပြီ။ စစ်အုပ်စုနဲ့ စစ်တပ် ဟီးရိုးလုပ်နေတာ တွေတော့ တော်ပါတော့။ ရပ်တန်းက ရပ်ပါတော့။ ပြည်သူတွေဟီးရိုး လုပ်ဖို့ အချိန်တန်နေပါပြီ။

ဒုတိယဗိုလ်မှူးကြီးမျိုးခိုင်ရဲ့ ပြည်သူ့လွှတ်တော်ဆွေးနွေးချက်တွေထဲမှာ KIA ၊ TNLA ၊ MNDAA ၊ AA အဖွဲ့တွေရဲ့ တိုက်ခိုက် မှု တွေကြောင့် နယ်စပ်ကုန်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ ထိခိုက်ခဲ့ရပြီး၊ မူဆယ်ကုန်သွယ်ရေး စခန်းကနေ ယခင်နှစ် က ဒေါ်လာ ၅၃၇၇ ဒသမ ၈၇ သန်းရရှိခဲ့ပြီး၊ ယခုနှစ်အောက်တိုဘာမှာတော့ ၂၈၈၆ ဒသမ ၄၈၀ သန်း သာရရှိခဲ့တယ်ဆိုပြီး တဖက်သတ် အပြစ်ဖို့ထားတာတွေ့ရပါတယ်။

မျှမျှတတဖြစ်အောင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ စစ်တပ်က နေ့စဉ်တိုက်ခိုက်အသုံးပြုနေတဲ့  တိုက်လေယာဉ်၊ ရ ဟတ်ယာဉ်၊ မော်တော်ယာဉ်တွေ၊ စစ်လက်နက်ခဲယမ်းတွေရဲ့ ကုန်ကျစရိတ်တွေကိုလည်း တွက်ချက်ပြသင့်တယ် မဟုတ် လား။ ၁၉၆၂ ကနေ စတွက်ရင်ဘယ်လောက်များမလဲစဉ်းစားကြည့်ပါ။

တကယ်တော့“ပြည်တွင်းစစ်”ဆိုတာ စစ်အုပ်စုအဖို့ စားလို့ မကုန်နိုင်တဲ့ “ဆီးသီးဗန်းကြီး” ပဲမဟုတ်ပါလား။

ပြည်သူ့လွှတ်တော်မှာ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနဲ့ ကာချုပ်ရဲ့ စစ်ဗိုလ်အမတ် ၂ ဦး စုစုပေါင်း ၄ ဦး ဆွေး နွေးကြတာပါ။ အဆင့်အရေပြောရင် ဒုတိယဗိုလ်ချုပ်ကြီးနှစ်ဦး၊ ဗိုလ်မှူးကြီးတစ်ဦးနဲ့ ဒုတိယဗိုလ်မှူးကြီး တစ်ဦးတို့က အချက်အလက်ကိုယ်စီနဲ့ ကြံ့ဖွံ့ပါတီ အမတ် (မိတ္တီလာမဲဆန္ဒနယ်) ဒေါက်တာမောင်သင်းရဲ့အဆိုကို အားတက်သရောထောက်ခံဆွေးနွေးသွားကြတာပါ။ တကယ်တော့ နယ်စပ်ရေးရာဝန်ကြီးလည်း ပါဝင်ဆွေးနွေးသင့်တာပါ။ ဘာလို့ ဝင်မဆွေးနွေး သလဲတော့မသိဘူး။

အဓိကဆွေးနွေးချက်ကတော့ KIA ၊ TNLA ၊ MNDAA ၊ AA တို့ကို လွှတ်တော်ကနေ အကြမ်းဖက်အုပ်စုများ အဖြစ် ကြေညာ ပေးဖို့ တောင်းဆိုတာဖြစ်ပါတယ်။ ဗိုလ်မှူးကြီး သန်းအောင်ရဲ့ဆွေးနွေးချက်ထဲမှာတော့ “ UNFC ဥက္ကဋ္ဌ အင်ဘန်လ၊ KIA မှ ဂန်ရှောင်၊ TNLA မှ မိုင်းအိုက်ဖုန်း (ခ) တာ့အိုက်ဘုန်း၊ MNDAA မှ ဖုန်ကြားရှင်နှင့်ဖုန်တာရွှင်၊ AA မှ ထွန်းမြတ်နိုင် အကြမ်း ဖက်ဥပဒေအရ အရေးယူရန်/ အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် လွှတ်တော်မှကြေညာပေးရန်” နာမည်နဲ့ တကွထုတ်ဖော် တောင်းဆို သွားတာတွေ့ရပါတယ်။

ဒီလိုတောင်းဆိုတာဟာ ဒီချုပ်ပါတီအစိုးရသဘောထားမဟုတ်ဘူးလို့ ယူဆပါတယ်။ ဘာလို့လည်း ဆိုတော့ လွှတ်တော်ထဲမှာ ဆွေးနွေးတဲ့ စစ်ဗိုလ် ၄ ဦးစလုံးဟာ ကာချုပ်တိုက်ရိုက်ခန့်ထားသူတွေဖြစ်နေလို့ပါပဲ။ ဒါကြောင့် ဒီသဘောထားဟာ စစ်တပ်သဘောထား၊ ကာချုပ်သဘောထားလို့ မှတ်ယူရမှာပါ။ ဒီလိုကြေညာပေးဖို့ အမည်နဲ့တကွထုတ်ဖော်ထားတာဆိုတော့ လက်ရှိဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို စစ်တပ်ဘက်ကတဖက်သတ်ရပ်စဲလိုက်ပြီဆိုတဲ့ သဘောသက်ရောက် သွားတယ်လို့လည်း ယူဆရမှာပါ။ စစ်တပ်နဲ့ကာချုပ်က သဘောမတူဘဲ ဆွေးနွေးမှုတွေ ပြန်စဖို့ဖြစ်နိုင်ပါ့မလား။ စစ်တပ် ကိုယ်စားလှယ်မပါဘဲ အစိုးရကိုယ်စားလှယ် သက်သက်နဲ့ ချည်း ဆွေးနွေးလို့ ဖြစ်နိုင်ပါ့မလား။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ဦးဝင်းမြင့်ရဲ့ ပြည်သူ့လွှတ်တော်ကတော့ ဒီအဆိုကို မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ (၁၄၁)မဲ၊ ကန့်ကွက်မဲ (၂၄၄) မဲ၊ ကြားနေမဲ (၇) မဲနဲ့ “မှတ်တမ်းတင်” အဆင့်အဖြစ်သာဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာ ပြည်သူတွေက ရွေးချယ်လိုက်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ဒီအဆိုနဲ့ ဒီဆွေးနွေးချက်တွေကို သဘောမတူဘူး။ လက်မခံဘူး ဆိုတာကို ထုတ်ဖော်ပြသလိုက်တာလို့ မြင်ပါတယ်။ ထောက်ခံမဲ (၁၄၁) မဲထဲမှာ ကာချုပ်ရဲ့စစ်ဗိုလ်အမတ် (၁၁၀) နဲ့ ကြံ့ဖွံ့ပါ တီ၊ တစညပါတီနဲ့ အခြားနောက်လိုက် နောက်ပါ ပါတီတွေက လွှတ်တော်အမတ်တွေပါဝင်နေမယ်ဆိုတာ တွက်ချက်ကြည့် ရင်သိနိုင်ပါတယ်။

လားရှိုးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) မှဦးအောင်သူတင်သွင်းတဲ့ “ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်၊ ကွတ်ခိုင်ဒေသများတွင် ဖြစ်ပွားနေသည့် KIA ၊ TNLA၊ MNDAA လက်နက်ကိုင်သောင်းကျန်းသူများ၏ အပြစ်မဲ့ပြည်သူလူထု အပေါ်ဆောင်ရွက်ကြသည့် ဆောင် ရွက်ချက်များအပေါ် ပြစ်တင်ရှုတ်ချကြောင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းများအဖြစ်သတ်မှတ်ကြောင်း”အရေးကြီးအဆိုကို ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်(၁၁၅) ဦးက မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်မဲ (၄၅) မဲ၊ ထောက်ခံမဲ (၆၃) မဲ၊ ကြားနေ မဲ(၇) မဲနဲ့  ရှမ်းပြည်နယ် လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

ရှမ်းပြည်နယ်လွှတ်တော်မှာ စစ်ဗိုလ်အမတ်က (၃၄) ဦး၊ ကြံ့ဖွံ့ပါတီက (၂၄)ဦးဖြစ်ပါတယ်။ (SNLD) ပါတီ (ကျားခေါင်း) က (၂၄) ဦး၊ ဒီချုပ်ပါတီက (၂၁) ဦးပဲရှိတာပါ။

အခုပြဿနာက အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးသတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်တဲ့သတင်းကြေညာချက်မှာ ပါဝင်တဲ့ အ သုံးအနှုန်းမှာပါ ကွိုင်တတ်နေပုံပါပဲ။ “လက်နက်ကိုင်” လို့ သုံးမလား/ “သောင်းကျန်းသူ” လို့ သုံးမလား။ “သောင်းကျန်းသူ”လို့ သုံးပြီးမှ ပြန်ပြီး ပြင်ဆင်တယ်လို့လည်း ဆိုပါတယ်။ ဒါတွေဟာ တကယ်တော့သိပ်ထူးဆန်းလှတာ မဟုတ်ပါဘူး။

ဒီချုပ်ပါတီကို တချိန်ကဆိုရင် စစ်အုပ်စုနဲ့စစ်အစိုးရက “ ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီ - NLD” လို့ သတင်းစာ၊ ရေဒ၏ယိုနဲ့ ရုပ်သံတွေကနေ ကာရံနဘေတွေနဲ့ နေ့စဉ် ရေးသားဖော်ပြထုတ်လွှင့်ခဲ့ကြတာပါ။

စစ်တပ်နဲ့ စစ်အုပ်စုက သဘောထား မှန်တာမှမဟုတ်တာ။ သူတို့အကျိုးရှိနေရင် “ဖထီး” လို့ လျှာဖျားပေါ်ကခေါ်ပြီး မလိုလားတော့ဘူးဆိုရင်တော့လည်းစစ်တပ်ရဲ့ စိတ်ရင်းမှန် သဘောထားအမှန်အတိုင်း “ငမြ”လို့ ခေါ်တာပဲမဟုတ်လား။ ဒါ့အ ပြင် (DSA) ကျောင်းတို့၊ စစ်သမိုင်း ပြတိုက်တို့ခေါ်ပြီး ပြချင်လည်း ပြတတ်တာပဲ။ ကျေနပ်တဲ့အခါ “ဦးဖုန်ကြားရှင်” လို့ ခေါ်ပြီး မကျေနပ်တော့လည်း “ဖုန်ကြားရှင်” လို့ ခေါ်တာပဲလေ။ “ဘိန်းဘုရင်ခွန်ဆာ” လို့ စိတ်ဆိုးတဲ့ ခေါ်တဲ့အခါ ခေါ်လေ့ ရှိပြီး ကျေနပ်တဲ့အခါတော့လည်း “ဦးခွန်ဆာကြီး”လို့ ခေါ်တာပဲ။ သိပ်ကျေနပ်တဲ့အခါ “ ငြိမ်းချမ်းရေးအကျိုးတော် ဆောင် ဦးလောစစ်ဟန်” လို့တောင် ခေါ်သေးတာပဲလေ။ “နိုင်ငံ့ဂုဏ်ရည်ဆု” တို့၊ “သရေစည်သူ” “ဇေယျကျော်ထင်”တို့ စတဲ့ ဘွဲ့ထူး ဂုဏ်ထူးတွေများ ပေးထားသေးသလား မသိပါဘူး။

ဒီနေရာမှာ “ခွန်ဆာ” အကြွင်းမဲ့လက်နက်ချတဲ့ကိစ္စနဲံ့ ပတ်သက်ပြီး (ရလလဖ) ဥက္ကဋ္ဌ ကွယ်လွန်သူ စောတာကလယ် ပြောဖူး တဲ့ မှတ်ချက်ကို သတိရမိတယ်။ ကြားဖူးသလို ပြန်ရေးပြပါ့မယ်။ “ ခွန်ဆာနဲ့ စစ်အစိုးရက အရင်က တိတ်တိတ်ပုန်းလင်မယားပဲ။ အခု လူသိရှင်ကြားဖြစ်သွားတာ၊ ဘာမှမဆန်းပါဘူး” တဲ့။

ဒီလှိုင်းဂျာနယ် (အတွဲ ၅၊ အမှတ် ၄၇)ထဲ ပါတဲ့ သူ့ဆောင်းပါး ( လေနဲ့ဝမ်းနဲ့ ကွဲစေလို) ထဲမှာတော့ ဦးဝင်းထိန်က  “ ကျွန်တော် တို့ သဘောမတူခဲ့သော်လည်း အောင့်သက်သက်နဲ့လက်ခံခဲ့ရတဲ့ ၂၀၀၈ခုနှစ်၊ဖွဲ့စည်းပုံအခြေခံဥပဒေအရ” လို့ ရေးထားတာ ဖတ်ပါတယ်။

၂၀၀၈ အခြေခံဥပဒေတည်မြဲနေသမျှ၊ စစ်အုပ်စုရှိနေသမျှတော့ အောင့်သက်သက်နဲ့ ခံနေကြရပါလိမ့်အုံးမယ်။ အတိုင်ပင်ခံ လျှောက်သောလမ်းမှာ တမင်လုပ်ကြံဖန်တီးထားတဲ့ အတားအဆီး၊ အနှောင့်အယှက်၊ အဖျက်အမှောင့်တွေများလှပါတယ်။

ဆက်ပါအုံးမယ်။