လင်းသက်ငြိမ် ● ကြိုးကြိုးစားစားပါးစပ်


လင်းသက်ငြိမ် ● ကြိုးကြိုးစားစားပါးစပ်
(မိုးမခ) ဒီဇင်ဘာ ၁၆၊ ၂၀၁၆

အဖွင့်အပိတ်များလွန်းတော့ ပတ္တာတွေကိုချောင်လို့
အစာစားမလား စကားများမလား
ဂီတလည်း ပွင့်တယ်
အာသီသတွေလည်း လွင့်တယ်
ပါးစပ်က လိုတမျိုး မလိုတမျိုး
ပါးစပ် ချိုလိုက် ချဉ်လိုက်
မင်္ဂလာပါလည်း ထွက်ကျတတ်သလို
ဆဲရေးသံတွေနဲ့လည်း ပစ်ပေါက်တတ်
မျက်လုံးက စိတ်ရဲ့ပြတင်းပေါက်တဲ့ မျက်မှန်တွေထွက်လာတယ်
ပါးစပ်က စကားလုံးရေတံခွန်လား
ပါးစပ်က ဖုံးကွယ်လို့မရတဲ့ချောက်ကမ်းပါးလား
ကိုယ့်​ကိုယ်​ကို သလွန်းတဲ့ပါးစပ်
သူများကို တွန်ထိုးတဲ့ပါးစပ်
တရားဟောတဲ့ ပါးစပ်
မတရားပြောတဲ့ ပါးစပ်
အထာနပ်နေတဲ့ ပါးစပ်
အစာငတ်နေတဲ့ ပါးစပ်
သိမ်ငယ်နေတဲ့ ပါးစပ်
လိမ်လည်နေတဲ့ ပါးစပ်
ရွှေအကြောင်းပြောတဲ့ပါးစပ်
သေကြောင်းပြောတဲ့ပါးစပ်
သတင်းတွေနဲ့ပါးစပ်
အတင်းတွေနဲ့ပါးစပ်
ပါးစပ်ဟာတနေကုန်မရပ်မနား
အံ့သြလိုက် ရယ်မောလိုက်
တေးညည်းလိုက် ဘေးတီးလိုက်
ပါးစပ်ရဲ့လှုပ်ရှားမှုအမျိုးမျိုးက သိုင်းကျမ်းထက်ထူပါလိမ့်မယ်
ပါးစပ်တွေဟာ တနေကုန် မရပ်မနား
ညအိပ်တာတောင် ယောင်ယောင်ပြီးဟဟလာ
ပါးစပ်ဟာ ကြိုးကြိုးစားစား
အသစ်တပ်မရတော့လည်း
အဟောင်းကိုပဲ တိုက်ချွတ်ဆေးကြောပြီး
အသစ်တဖန် နိုးထလာတဲ့ပါးစပ်တွေ ။

လင်းသက်ငြိမ်
၁၀၊ ၁၂၊ ၂၀၁၆