ထွန်းဝင်းငြိမ်း ● ငြိမ်းချမ်းရေး၊ သမိုင်းတရားခံနဲ့ တရားသောစစ်

ထွန်းဝင်းငြိမ်း ● ငြိမ်းချမ်းရေး၊ သမိုင်းတရားခံနဲ့ တရားသောစစ်
(မိုးမခ) ဒီဇင်ဘာ ၂၅၊ ၂၀၁၆

● အရေးမကြီးဘူးတဲ့
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်လက်မှတ် ရေးထိုးနိုင် ဖို့အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး အလျင် အမြန်လုပ်ဆောင်ပေးဖို့တိုက်တွန်းတဲ့ အရေးကြီးအဆိုကို ဒီဇင်ဘာ ၁၇ ရက်မှာ ပြည်ထောင်စုလွှတ်တော်က ပယ်ချလိုက် တာကို သတင်းစာမျက်နှာတွေပေါ်မှာ တွေ့လိုက်ရပါတယ်။ ဒီဇင်ဘာ ၁၅ ရက်ကပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်မှာ အဲဒီအရေးကြီးအဆိုကို တင်သွင်းခဲ့တာဖြစ်ပါတယ်။ အဲဒီကိစ္စတွေကို အစိုးရအနေနဲ့ လက်ရှိလုပ်ဆောင်ဆဲ လုပ်ငန်းဖြစ်ပြီး အရေးကြီးလုပ်ငန်းလည်းမဟုတ်လို့ အရေးကြီးအဆိုအဖြစ် တင်သွင်းခွင့်မပြုဘဲ ပယ်ချခဲ့တာဖြစ်တယ်လို့ အဆိုတင်သွင်းသူ နမ့်ဆန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထူးဝင်းက ဆိုပါတယ်။

တကယ်တော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) က ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်း ချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံကို လာမယ့် ၂၀၁၇ ခုနှစ် နှစ်ဦးပိုင်းကျင်းပတော့မှာပါ။

တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေအားလုံး ပါဝင်တက်ရောက်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ တိုင်းရင်းသား လက် နက်ကိုင်အင်အားစုတွေအားလုံး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) မှာ ပါဝင်လက်မှတ်ထိုးနိုင်ဖို့အတွက် အ ဟန့်အတားဖြစ်စေတဲ့ကိစ္စရပ်တွေကို ဖြေလျှော့ပြီး အားလုံး လက်မှတ်ရေးထိုးနိုင်ဖို့ရာဆိုရင် NRPC ဥက္ကဋ္ဌ ဦးဆောင်တာ အသင့်တော်ဆုံးပါပဲ။ အဲဒီညီလာခံကိုမှီဖို့ဆိုရင် အချိန်သိပ်မရှိတော့ပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း နိုင်ငံတော်ရဲ့ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်နက်ကိုင်ပဋိပက္ခများ အမြန်ဆုံးချုပ်ငြိမ်းဖို့ တနိုင်ငံလုံးအပစ်ရပ်စာချုပ်မှာ ပါဝင် လက်မှတ်ထိုးကြပြီး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တန်းတူရည်တူ အမြန်ဆုံးပါဝင်ကြပါလို့ တိုက်တွန်းခဲ့ပါသေးတယ်။

အဲဒီလိုအခြေအနေမှာ အစိုးရအနေနဲ့ လက်ရှိလုပ်ဆောင်ဆဲလုပ်ငန်းဖြစ်ပြီး အရေးကြီးလုပ်ငန်းလည်းမဟုတ်လို့ဆိုတဲ့ မှတ် ချက်က နားမလည်နိုင်စရာပါ။ စစ်ပွဲတွေကိုအမြန်ရပ်ဖို့ ငြိမ်းချမ်းရေးရရှိဖို့ဆိုတာက ဒီနေ့ အမျိုးသားရေးတာဝန်ပါ။ ဒိထက် အရေးကြီးတာတောင် ဒီလောက်အရေးမကြီးဘူးလို့ပြောရမယ့်အခြေအနေ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးမရဘဲ တိုင်းပြည်က ဘယ်လိုမှ ဖွံ့ဖြိုးတိုးတက်မှာ မဟုတ်ပါဘူး။ ဒီလိုသာ နိုင်ငံတကာက ပေးငွေတွေ၊ ချေးငွေတွေ ဘယ်လောက်ရရ၊ စစ်သုံးစရိတ် တွေမြင့်တက်နေတာက ဒီမိုကရေစီနိုင်ငံဆိုတဲ့၊ သယံဇာတတွေ ပေါကြွယ်ဝတဲ့နိုင်ငံဆိုတဲ့အမည်နဲ့ မလိုက်ဖက်စွာဘဲ ပြည် သူတွေဗိုက်မှောက်ပြီး ကုန်းကောက်စရာမရှိတဲ့အဖြစ်တွေ ကြုံနေရဦးမှာဖြစ်ပါတယ်။

● ချိန်ထိုးကြည့်ကြစေလို
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးစီးကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ ကျင်းပပြီးနောက်မှာ ကချင်ပြည်နယ်က ဂိဒွန်စခန်းကို တိုက်လာတာ၊ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းက မုံးကိုးကို တိုက်လာ တာ၊ အခြားစခန်းတွေကိုတိုက်လာတာ ၄ လရှိခဲ့ပါပြီ။ ဒီဇင်ဘာ ၁၇ ရက်နေ့ထုတ် အစိုးရသတင်းစာတွေမှာ ဂိဒွန်စခန်း (ပွိုင့် ၁၁၀၃) ကို ဒီဇင်ဘာလ ၁၆ရက်နေ့က သိမ်းပိုက်ရရှိတယ်ဆိုတဲ့သတင်း ဖော်ပြထားပါတယ်။ ဂိဒွန်စခန်း သိမ်းပိုက်ရရှိသွား တာဟာ ကချင်ပြည်နယ်ထဲမှာ သေနတ်သံ၊ အမြောက်သံတွေ တိတ်ဆိတ်သွားပြီး ငြိမ်းချမ်းတော့မယ့် အရိပ်နိမိတ်လို့ မဆို နိုင်ပါ။ ဂိဒွန်စခန်းကို အစိုးရစစ်တပ်က မီးကုန်ယမ်းကုန်သုံးပြီး တိုက်ယူရတာပါ။ လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတွေ ရ ယူပြီးမှသာ တက်သိမ်းနိုင်တာပါ။

ဂိဒွန်စခန်းသိမ်းရာမှာ အစိုးရစစ်တပ်က အသုံးပြုခဲ့တဲ့စစ်စရိတ် ဘယ်လောက်ကုန်ကျသွားသလဲ ဆိုတဲ့အချက်က စိတ်ဝင်စား ဖို့ ကောင်းပါတယ်။ မြန်မာ့တပ်မတော်က ဒေါ်လာသန်းပေါင်း ၇၀၀ ကျော် သုံးခဲ့ရတယ်လို့ နိုင်ငံတကာသတင်းဌာနတချို့က ခန့်မှန်းတာ တွေ့ရပါတယ်။ အထူးသဖြင့် ဂိဒွန်တိုက်ပွဲနဲ့ မုံးကိုးတိုက်ပွဲမှာ သုံးခဲ့တာပါ။ ခန့်မှန်းတွက်ချက်မှုအရ တစ်နေ့တာ စစ်အသုံးစရိတ် ဒေါ်လာ ၆ သန်း လောက် ရှိနိုင်မယ်လို့ မှန်းဆကြပါတယ်။ လေယာဉ်၊ လက်နက်ကြီး၊ ခဲယမ်း၊ လူသူအင်အား ဘယ်လောက်ကုန်ခဲ့၊ ကျဆုံးခဲ့သလဲ။ လူ့အသက်တွေကတော့ တန်ဖိုးဖြတ်လို့မရပါဘူး။ ရုပ်ဝတ္ထုဖြစ်တဲ့ စစ်အသုံးစရိတ်ကုန်ကျမှုတွေက ပြည်နယ်အဆင့် ဆေးရုံကြီးတစ်ရုံ တည်ဆောက်နိုင်တဲ့ ကုန်ကျစရိတ်လား။ အထက်တန်း ကျောင်း ၃ ကျောင်းတည်ဆောက်နိုင်တဲ့ ပမာဏလား၊ အဆင့်မီ မြစ်ကူးတံတား ၁ စင်း တည်ဆောက်နိုင်တဲ့ပမာဏလား၊ မန္တလေး၊ မြစ်ကြီးနား အဆင့်မြင့် မီးရထားလမ်းဖောက်နိုင်တဲ့ ပမာဏလား စသဖြင့် ချိန်ထိုးကြည့် ကြစေလိုပါတယ်။

ဒီလိုစစ်သုံးစရိတ်တွေ ဘယ်လောက်ရှိမလဲဆိုတာ သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်တွေမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက အများပြည်သူ သိရှိနိုင်အောင် စဉ်း စားချိန်ဆနိုင်ဖို့ မေးခွန်းထုတ်သင့်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေအနေနဲ့လည်း လေးလေးစားစား လာရောက်ဖြေဆိုစေချင်ပါတယ်။

● နှစ်ဖက် အပစ်ရပ်ဖို့
ပြည်ထောင်စုလွှတ်တော်က အတည်မပြုခဲ့ဘဲ မှတ်တမ်းသာတင်ခဲ့တဲ့ အဆိုက ရှမ်းပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး “ရှမ်းပြည်နယ်မြောက်ပိုင်း ရှိ KIA ၊ TNLA ၊ MNDAA နှင့် AA လက်နက်ကိုင်အဖွဲ့တွေရဲ့ ဆောင်ရွက်ချက်များကို ရှုတ်ချကြောင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်းအဆို” ကို ဒီဇင်ဘာ ၇ ရက်မှာ ရှမ်းပြည်နယ်လွှတ်တော် က အတည်ပြုခဲ့တာကို တွေ့ရပါတယ်။

NCA လက်မှတ်ရေးထိုးခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) နဲ့ လုပ်ငန်းအဖွဲ့ (PPWT/CT) တို့ရဲ့ ဒီဇင်ဘာ ၁၀ ရက်မှ ၁၁ ရက်အထိ ပြုလုပ်ခဲ့တဲ့ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးမှာ လက်ရှိနိုင်ငံရေး၊ စစ်ရေးအခြေအနေတွေ ဆွေးနွေးခဲ့ပြီး သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကြေညာချက်မှာ မည်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ခေါင်းဆောင်ကိုမဆို အကြမ်းဖက်အဖွဲ့ အစည်းနှင့် လူပုဂ္ဂိုလ်အဖြစ်သတ်မှတ်ရန် ဆောင်ရွက်နေမှုများသည် လက်ရှိကြိုးပမ်းဆောင်ရွက်နေသည့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နေမှုများကို ထိခိုက်စေနိုင်တဲ့အတွက် ဆန့်ကျင်ကန့်ကွက်ကြောင်း ဖော်ပြထားပါတယ်။

အခုလို အကြမ်းဖက်သမားလို့ သတ်မှတ်တာ၊ တရားသောစစ် ဆင်နွဲတာ ဆိုတာတွေက ကိုယ့်အဖွဲ့အစည်းကို ပြန်ပြီး စိတ် ဓါတ်ရေးရာ မြှင့်တင်အားပေးတာ ဝါဒဖြန့်နေတာဖြစ်သလို၊ အာဏာရှိသူရဲ့ နိုင်ငံရေးအမြတ်ထုတ်မှုတခုအဖြစ် ရှုမြင်နေကြ တာလည်း ရှိပါတယ်။ စေ့စပ်ဆွေးနွေးရေးလုပ်နေတဲ့ကာလမှာ နှစ်ဖက်အပစ်အခတ် မရပ်စဲနိုင်တာရဲ့ အကျိုးဆက်တွေအဖြစ် ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ တကယ်တော့ အင်အားကြီးသူ အာဏာအမြင့်ဆုံးကိုင်စွဲထားသူက သဘောထားကြီးစွာနဲ့ တဖက်သတ်အပစ်အခတ်ရပ်စဲကြောင်း အရင်ကြေညာရမှာပါ။ အနိမ့်ဆုံးအားဖြင့် နှစ်ဖက်စလုံး စိတ်အနှောက်အယှက် မရှိဘဲနဲ့ စေ့စပ်ဆွေးနွေးရေးကို အောင်မြင်အောင် ကြိုးစားနိုင်ဖို့အတွက် နှစ်ဖက် အပစ်အခတ်ရပ်စဲထားဖို့ လိုအပ်ပါတယ်။

အခုလို အပစ်ရပ်ရေးကို ဦးတည်နေရတာက မကျသင့်တဲ့သွေး၊ မသေသင့်တဲ့ တပ်မှူး၊ တပ်သားတွေကို သွေးမြေ မကျစေ ချင်တာ၊ မလိုလားအပ်ဘဲ အသက်မသေစေချင်လို့ပါပဲ။ ဗမာပြည်သမိုင်းမှာ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲတွေ အကြိမ်ကြိမ် လုပ်ခဲ့ဖူးပါတယ်။ အကြိမ်ကြိမ် ပျက်ခဲ့ဖူးပါတယ်။ တကယ်က နှစ်ဖက်စေ့စပ်ဆွေးနွေးတယ်ဆိုတာဟာ နှစ်ဖက်စလုံးက မဖြစ်သင့်ဘူး ဆိုတဲ့ အရာတွေကို စေ့စပ်ဆွေးနွေး နေတဲ့ ကာလမှာ ယာယီအပြန်အလှန် အသိအမှတ်ပြုထားရတာဖြစ်ပါတယ်။ မြန်မာ့တပ်မတော်က အပစ်ရပ်ရေးအစား အပြုတ်တိုက်ရေး ဆောင်ရွက်နေချိန်မှာ အစိုးရနဲ့ အပစ်ရပ်လက်မှတ် မထိုးသေးတဲ့ တပ်ဖွဲ့တွေရဲ့ ယူအန်အက်ဖ်စီခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ရယ်ကောင်စီက တိုက်ပွဲတွေရပ်ပြီး နိုင်ငံရေး နည်းနဲ့ ဖြေရှင်းဖို့ လိုလားနေတာကို တွေ့နေရပါတယ်။

အစိုးရအဆက်ဆက်ဟာ အပစ်အခတ်ရပ်စဲလိုက်ရတယ်ဆိုရင် လက်နက်ကိုင်တော်လှန်ရေးသမားတွေရဲ့ တပ်နဲ့ နေရာ တည်ရှိမှုတွေကို အသိအမှတ်ပြုရာရောက်နေတဲ့အတွက် အပစ်အခတ်ရပ်စဲရေးမလုပ်တာလည်း ဖြစ်နိုင်ပါတယ်။ ဆွေးနွေးပွဲ တွေ မအောင်မြင်ရတာက အုပ်ချုပ်သူအစိုးရတွေရဲ့ သဘောထား မမှန်လို့ပါဘဲ။ အစိုးရအဆက်ဆက်ဟာ ဆွေးနွေးပွဲတွေကို ညီညွတ်ရေးဖြိုခွဲဖို့၊ နိုင်ငံရေးကစားဖို့၊ အမြတ်ထုတ်ဖို့၊ ပြည်သူလူထုကို အာရုံပြောင်း လှည့်စားဖို့လောက်သာ အသုံးချခဲ့ကြတာ ဖြစ်ပါတယ်။

● တရားသောစစ်ဆိုတာ
မြန်မာ့တပ်မတော်နဲ့ တရားသောစစ် အောင်မြင်စေကြောင်းထောက်ခံပွဲကို ရန်ကုန်မြို့မြို့တော်ခန်းမရှေ့မှာ ဒီဇင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့တဲ့ သတင်းကိုလည်းတွေ့ရပါတယ်။ လူမှုစာမျက်နှာတွေအပေါ်မှာတော့ အတော်တူးတူးခါးခါး ဖြစ်ခဲ့တဲ့ သတင်းလို့ဆိုရမှာပါ။

တရားသောစစ်ဆိုတာ မကျသင့်တဲ့သွေး၊ မသေသင့်တဲ့သူတွေကို သွေးမြေမကျစေတာ၊ မလိုလားအပ်ဘဲ အသက်မ သေစေ တာ၊ တဦးတယောက်၊ အဖွဲ့အစည်းတခု အကျိုးအတွက်မဟုတ်ဘဲ တမျိုးသားလုံးအကျိုးစီးပွားအတွက် ဆင်နွဲရတဲ့ တိုက် ပွဲတွေကို ခေါ်ဝေါ်သုံးနှုံးတာ ဖြစ်ပါတယ်။ ကိုယ့်ပြည်သူ ကိုယ့်တိုင်းရင်းသားတွေချင်း ဖြစ်နေတဲ့ပြည်တွင်းစစ်ကို အပြုတ်တိုက် ချေမှုန်းနေရတာကို တရားသောစစ်လို့ ခေါ်ဆိုတာ အလွန်မသင့်တော်တဲ့ အသုံးအနှုံးတခုလို့ မြင်ပါတယ်။ ကိုယ့်တိုင်းရင်းသားတွေအချင်းချင်း စစ်ခင်းနေတာကို သွေးထိုးလှုံ့ဆော်သူတွေက စစ်ပွဲတွေဖန်တီးပြီး အကျိုးစီးပွားရှာနေကြတာကို ဘယ် အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်ကလုပ်တာဖြစ်ဖြစ် လက်မခံဘူးဆိုတဲ့ အမြင်တွေလည်း ထွက်ပေါ်လာကြပါတယ်။

ပြည်တွင်းစစ်ပွဲကို ထောက်ခံတာဟာ ငြိမ်းချမ်းရေးကိုဆန့်ကျင်တာပါပဲ။ စစ်အာဏာရှင်ကို ထောက်ခံတာပါပဲ။ ဒီမိုကရေစီ ဖေါ်ဆောင်ရေးကို အနှောက်အယှက်ပေးတာ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့အကျိုးစီးပွားကို ပျက်စီးအောင် ဆောင်ရွက်တာ လည်း ဖြစ်ပါတယ်။ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေရဲ့အကျိုးစီးပွားကို အကာအကွယ်ပေးနေတာဖြစ်တယ်လို့ သတ်မှတ်နိုင် ပါတယ်။ နောက်တခုက စစ်အာဏာရှင်စနစ်ကို အကာအကွယ်ပေးထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို ရေရှည်တည်တံ့ခိုင်မာေ အာင် ပြုလုပ်ပေးတာလည်းဖြစ်ပါတယ်။ ပြည်တွင်းစစ်ကို ထောက်ခံသူတွေဟာ နောင်သမိုင်းတရားခံတွေအဖြစ် မှတ်တမ်း ဝင်သွားကြမှာ ဖြစ်ပါတယ် ။

● နိုင်ငံတော်ကျရှုံးခြင်း
လက်ရှိအနေအထားက နိုင်ငံမှာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အစရှိတဲ့ အထွေထွေအကျပ်အတည်းဆိုက်ရောက်နေတဲ့ ကာလဖြစ်ပါတယ်။ ဒီကြားထဲ ပြည်တွင်းစစ်မီးတောက်တွေက တိုင်းရင်းသားပြည်သူလူထုရဲ့ဘဝတွေကို လောင်မြိုက်ခံ နေ ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံတော်ကျရှုံးခြင်း (state failure) ကို လေ့လာကြတဲ့ ပညာရှင်တွေရဲ့အမြင်ကတော့ နိုင်ငံတော်ကိုတာဝန်ယူထားရတဲ့ အစိုးရတရပ်ဟာ ပြည်သူလူထုအတွက် ပံ့ပိုးပေးရမယ့် လုပ်ငန်းတာဝန်တွေကို မထမ်း ဆောင်နိုင်တဲ့အခါ နိုင်ငံတော်အားနည်းခြင်းနဲ့ ကျရှုံးခြင်းတွေ ဖြစ်ပွားတတ်ပါတယ်။ ဒီလိုအားနည်းခြင်းနဲ့ ကျရှုံးခြင်း ဖြစ် လာတဲ့လက္ခဏာရပ်တွေကတော့ စီးပွားရေးတည်ငြိမ်မှုမရှိခြင်း၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အား နည်း ခြင်း၊ ရာဇ၀တ်မှုနှင့် အကြမ်းဖက်မှုများထူပြောခြင်း စတာတွေပဲ ဖြစ်ပါတယ်။ ဒီလက္ခဏာရပ်တွေရှိနေတဲ့ နိုင်ငံတွေမှာ အစိုးရရဲ့ ဖိနှိပ်မှုယန္တရားကပါ ပေါင်းစပ်လာတဲ့အခါ လက်နက်ကိုင်ပဋိပက္ခတွေ ပေါ်ထွက်လာတတ်ပါတယ်လို့ ဆိုပါတယ်။

ဒီလို ပဋိပက္ခတွေ ဖြစ်ပွားရာက စစ်ပြေးဒုက္ခသည်များ များပြားလာခြင်း၊ ရေရှည်အစာရေစာ ပြတ်လပ်မှု ဖြစ်ခြင်း၊ စီးပွားရေး အဆောက်အအုံ ပြိုလဲခြင်း၊ ပြည်သူအများ သေကြေပျက်စီးခြင်း၊ ရောဂါဘယဆိုးများ တိုးပွားခြင်း စတာတွေပါ ထပ်ဆင့်ဖြစ် ပွားလာတတ်ပါတယ်။ အဆိုပါအခြေအနေမှာ သက်ဆိုင်ရာ အစိုးရတွေက ဖိနှိပ်မှုယန္တရားကို ရပ်တန့်ပြီး၊ နိုင်ငံတော်ကို ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုလုပ်ဆောင်မှုမရှိရင် နိုင်ငံတော်ဟာ ကျရှုံးသော နိုင်ငံများ အဆင့်ကို ရောက်သွားရာက၊ ပြိုလဲသောနိုင်ငံများအဆင့်အထိ ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့ လုပ်ကိုင် ဆောင်ရွက်နိုင်မှုစွမ်းရည်နဲ့ နိုင်ငံတော်ကျရှုံးမှုဟာ တိုက်ရိုက်ဆက်စပ်မှုရှိတယ်လို့ ဆိုနိုင်ပါတယ်။

အစိုးရအုပ်ချုပ်ရေးယန္တရားဟာ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို ပံ့ပိုးနိုင်ခြင်းမရှိတော့တဲ့အခါ၊ တိုင်းပြည်တွင်းမှာ ဆင်း ရဲနွမ်းပါးမှု၊ ကျေးလက်ဒေသမှ အမြောက်အမြားစွန့်ခွာမှု၊ သဘာဝပတ်ဝန်းကျင် ပျက်ယွင်းမှု၊ စီးပွားရေး အခွင့် အလမ်း တန်းတူညီမျှ မရှိမှုတွေ ဖြစ်ပွားလာပြီး၊ လူထုက နိုင်ငံတော်ကို အယုံအကြည် ကင်းမဲ့လာပါတယ်။ ဒီအခါမှာ နိုင်ငံတော်ဖြစ် တည်မှုကို အသိအမှတ်ပြုမှု ကျဆင်းလာပြီး၊ နိုင်ငံတော် ကျရှုံးခြင်း ဖြစ်ပွားစေနိုင်ကြောင်း ထောက်ပြရေးသားခဲ့ကြပါတယ်။
အစိုးရဟာ နိုင်ငံသူ၊ နိုင်ငံသားရဲ့ လိုအပ်ချက်တွေကို ပံ့ပိုးပေးခြင်း မရှိရုံသာမက၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးကိုပါ ခြိမ်းချောက်လာတယ်လို့ လူထုက ယူဆလာတဲ့အချိန်မှာ အစိုးရနဲ့ ပြည်သူလူထုရဲ့ဆက်နွယ်မှုကို ထိခိုက်စေ ပြီး လက်နက်ကိုင်ပုန်ကန်မှု ဖြစ်ပွားတတ်ပါတယ်။ လူမျိုးစုတခုကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ အရေးပေးခြင်းဟာလဲ အခြား လူမျိုးစုတွေရဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေကို ဖြစ်ပွားစေတတ်ပါတယ်။

လူတဦးချင်းနဲ့ လူအုပ်စုတွေကို လူတချို့က ဆွဲဆောင်စည်းရုံးပြီး၊ အခြားအုပ်စုဝင်များကို မုန်းတီးလာအောင်၊ ကြောက်ရွံ့လာ အောင် ပြုလုပ်တာတွေ ရှိတတ်ပါတယ်။ အဲဒီကနေတဆင့် အကြမ်းဖက်တိုက်ခိုက်မှုများ၊ လူမျိုးတုန်း သတ်ဖြတ်မှုများကို ဦးတည် သွားစေနိုင်ပါတယ်။ အဲဒီလို ပဋိပက္ခတွေဖြစ်ပွားနေတဲ့နိုင်ငံတွေမှာ မင်းမဲ့စရိုက်ဆန်ဆန် ပြုကျင့်မှုတွေ ပေါ်ပေါက် လာတတ်ပါတယ်။ ဒီလိုပေါ်ပေါက်လာရင် အုပ်စုဖွဲ့ရန်ပြုမှုတွေ ပေါ်ထွက်လာပြီး၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားလာ တတ်ပါသတဲ့။

● လူမျိုးပေါင်းစုံ သွေးစည်းရေး
အလွန်သတိထားရမယ့် အချက်တစ်ချက် ရှိပါတယ်။ အဲဒါကတော့ တိုင်းရင်းသားတွေအကြားမှာ အထူးသဖြင့် တိုင်းရင်းသား လူမျိုး တစ်မျိုးထဲမှာ၊ တိုင်းရင်းသားလူမျိုး တစ်မျိုးနဲ့ တစ်မျိုးအကြားမှာ ရှိနေတတ်တဲ့ ပဋိပက္ခတွေကို အုပ်စိုးသူတွေက အသုံးချပြီး သပ်လျှိုသွေးခွဲ ဖဲ့ထုတ်သွားတတ်လေ့ရှိတဲ့ အန္တရာယ်ပါပဲ။ ဒီအန္တရာယ်ဟာ ခေတ်အဆက်ဆက် မရှောင်လွဲနိုင် ကြုံခဲ့ကြရတဲ့ သွေးထွက်သံယိုမှုတွေနဲ့ ပြိုကွဲမှုတွေပဲ ဖြစ်ပါတယ်။

အုပ်စိုးသူတွေက ဒီလိုပြိုကွဲအောင် တဖက်က အတွင်းကြိတ် ပြင်ဆင်မှုရှိရှိ လုပ်ကြံဖန်တီးပြီး အခြားတဖက်မှာတော့ ဒီလို ပြိုကွဲမှု၊ ခွဲထွက်မှုတွေကို သတင်းစာ၊ စာစောင်တွေမှာ ရေးသားဝါဒဖြန့်ချိပြီး ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်လေ့ရှိပါတယ်။

ဒါကြောင့် စစ်အုပ်စုဟာ လူမျိုးကြီးဝါဒ၊ ဘာသာကြီးဝါဒကို တွင်တွင်သုံးပြီး ဗမာတိုင်းရင်းသားနဲ့ အခြားတိုင်းရင်းသား လူမျိုး တွေကို သွေးခွဲဖိနှိပ် ထားတာပါ။ တစ်ပြိုင်နက်မှာလည်း တိုင်းရင်းသားလူမျိုးတမျိုးထဲမှာ၊ တိုင်းရင်းသားလူမျိုးတမျိုးနဲ့ တမျိုး အကြားမှာ သပ်လျှိုသွေးခွဲပြီး စစ်အုပ်စု အာဏာတည်မြဲရေးအတွက် အလုပ်အကျွေးပြုမယ့်သူတွေကို မွေးမြူ၊ မျှားခေါ်၊ ဖဲ့ထုတ်ယူလေ့ရှိတယ် ဆိုတဲ့အချက်ကို အမြဲမပြတ်သတိရှိကြ ဖို့ပါပဲ။ အလေးထား ဆောင်ရွက်စေချင်တာကတော့ အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူတွေ သွေးစည်းညီညွတ်ရေးပဲ ဖြစ်ပါတယ်။

ထွန်းဝင်းငြိမ်း
၁၉၊ ၁၂၊ ၂၀၁၆

ကိုးကား
၁။ ဒီဇင်ဘာ ၁၅ ရက်ထုတ် Daily Eleven News
၂။ ဒီဇင်ဘာ ၁၇ ရက်ထုတ် Daily Eleven News
၃။ ဒီဇင်ဘာ ၁၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ
၎။ ဒေါ်ခင်မမမျိုးရဲ့ နိုင်ငံတော်ကျရှုံးခြင်း (state failure)