ကိုသန်းလွင် ● ထောင်ဝင်စာ


ကိုသန်းလွင် ● ထောင်ဝင်စာ
(မိုးမခ) ဒီဇင်ဘာ ၁၄၊ ၂၀၁၆

(၁)
နေ့ရက်အတိအကျကိုတော့ ကျွန်တော်မမှတ်မိတော့ပါ၊ ၁၉၉ဝ ခုနှစ်မှာဟုပဲထင်ပါသည်။ ကျွန်တော်တို့သည် အင်းစိန် ထောင်ဗူးဝသို့ နံနက် (၈) နာရီ အချိန်အမှီအရောက်သွားကြရပါသည်။ ကျွန်တော့်သူငယ်ချင်း ကိုသန်းတင်မှာ နိုင်ငံတော် ကိုပုန်ကန်သည်ဟုဆိုကာ ထောင် ၇ နှစ်အချခံရပြီး အင်းစိန်ထောင်မှာရှိနေသည်။ နှစ်ပတ်တကြိမ် တနင်္ဂနွေနေ့မှာ ထောင် ဝင်စာတွေ့နိုင်သည်။ သူ့ကိုလာတွေ့သူများသည် မိသားစု အိမ်ထောင်စု စာရင်းဝင်ဖြစ်ရမည်။ ကျွန်တော့်နာမည်ကို သူတို့ အိမ်ထောင်စုစာရင်းထဲမှာ ထည့်ထားသောကြောင့် ကျွန်တော်ကသွားချင်သည်။ တွေ့ချင်သည်ဟုဆိုသောအခါ မိသားစု တစုလုံးက ကျေကျေနပ်နပ်ခွင့်ပြုကြပါသည်။

“မောင်လေး မင်းအလုပ်ထိခိုက်နိုင်တယ်နော်၊ အစိုးရဝန်ထမ်းက နိုင်ငံတော်ပုန်ကန်တဲ့သူနဲ့မဆက်ရဘူးတို့ ဘာတို့ ဖြစ်တတ် တယ်” ဟု သူငယ်ချင်း၏အမကြီးက သတိပေးရှာပါသည်။

(၂)
နံနက် ၈ နာရီရောက် စာရင်းပေးပြီးသည်နှင့် တွေ့ရတော့မှာဘဲဟု ထင်မိသည်။ တမနက်ခင်းသာကုန်သွားရော ခေါ်သံရောက် မလာပါ၊ ကျွန်တော်တို့သာမဟုတ် အခြားထောင်ဝင်စာတွေ့ချင်သူတွေ စုစုပေါင်းလျှင် လူကိုးဆယ်၊  တရာတော့ ကျော်ပါလိမ့် မည်။ တချို့က မတ်တပ်၊ တချို့ကဝိုင်းဖွဲ့ထိုင်လျက်၊ ကျွန်တော့်သူငယ်ချင်း၏ညီဖြစ်သူမှာ ကားပါသောကြောင့် ကျွန်တော် တို့က ကားပေါ်မှာငုတ်တုတ်ထိုင်လိုက်၊ အောက်ဆင်းလိုက် တခါတရံကားပေါ်မှာ အိပ်ကြည့်လိုက်ဖြင့် စောင့်ကြရပါသည်။

နေ့လည်တနာရီကျော် ထမင်းစားချိန်ရောက်သော် နောက်တနာရီနဲ့တော့ မခေါ်နိုင်သေး၊ ထောင်ကျနေသော အရာရှိကြီး တယောက် မိသားစုနဲ့ ထမင်းစားနေကြတယ်ဟု သတင်းကြားရသည်။

ကျွန်တော်ကား အခုလိုကိစ္စကို အချိန်အတိုတိုအတွင်း တွေ့နိုင်အောင် တာဝန်ရှိသူတွေက ဘာလို့စီစဉ်မပေးကြသလဲ ဟူ သောမေးခွန်းကိုသာ အကြိမ်ကြိမ်မေးနေမိသည်။ ကျွန်တော်သည် တခြားလုပ်စရာရှိတာတွေအားလုံးကို ပစ်ထားခဲ့ပြီး လာ ခဲ့ရခြင်းဖြစ်ပါသည်။ မြန်မြန်ပြန်နိုင်လျှင် ပိုကောင်းသည်။ အလဟဿအချိန်တွေကို ဖြုန်းတီးပစ်ရသည်မှာ မဖြစ်သင့်လှပါ။

ကျွန်တော့်သူငယ်ချင်းမှာ ဘယ်လိုပုဒ်မ၊ ပြစ်ချက်များနှင့် ထောင်ချခံနေရသည်ဟု ကျွန်တော်သေချာမသိပါ၊ ကျွန်တော် နိုင်ငံခြားမှာရှိစဉ် အဝေးရောက် ပြည်ပြေးအစိုးရဖွဲ့စည်းတာနှင့်ပတ်သက်ပြီး ထောင်ကျသွားတာဟုသာ သိသည်။ ထောင် ခုနှစ်နှစ်ဆိုတော့ အပြည့်နေရမည်ဟုကား ကျွန်တော်တို့ မယုံကြည်ပါ၊ အနှေးနှင့်အမြန် လွတ်ရဖို့ကို သူတို့အဖေအပါအဝင် မိသားစုအားလုံးက ဝိုင်းပြီးကြိုးစားနေကြပါသည်။

တကယ်တွေ့မဲ့တွေ့ရတော့ ညနေ ၄ နာရီကျော်နေပါပြီ၊ အခန်းကကျင်းရသည့်အထဲမှာ လူတွေကပြည့်သိပ်နေသည်။ သံဇ ကာ ၂ ထပ်တားထားသည့်နောက်မှာ သူငယ်ချင်းကို တွေ့ရသည်။ မျက်နှာကား ညှိုးခြင်းမရှိ၊ ညီဖြစ်သူက “ကိုကို နေရာခြင်း လဲမလား” ဟု ပြုံးပြုံးကြီးမေးနေသည်။ ကျွန်တော်ကား ဘာစကားမှ အေးအေးဆေးဆေးမပြောနိုင်၊ အကျယ်ကြီးအော် ပြောနေကြရသည်။ စိတ်ထဲကမကောင်း။

(၃)
ကိုသန်းတင်သည် ကျောင်းသားဘဝကတည်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်ပါသည်။ စက်မှုတက္ကသိုလ် လမ်းစဉ် လူငယ်အဖွဲ့တွင်ပါသည်။ ကျောင်းမှာ အခမ်းအနားလုပ်စရာရှိတိုင်း ဦးဆောင်စီစဉ်သူ နေရာမှာ တွေ့နေရ သည်။ လမ်းစဉ်ပါတီ ဥက္ကဌကြီးက လွှတ်လိုက်သော ဗိုလ်မှူးကြီးလှဟန်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို စက်မှုတက္ကသိုလ်ကျောင်းသား ၃၃ ဦးက လက်ရှိအခြေအနေများကို ရဲရဲဝံ့ဝံ့တင်ပြကြသည်ဆိုတုန်းကလည်း သူသည် တဦးအပါအဝင် ဖြစ်ခဲ့သည်။

မှိုင်းရာပြည့် အရေးအခင်းကို ဦးဆောင်သည့် ကျောင်းသား ၃ ဦးမှာ သူ့မိတ်ဆွေတွေချည်းဖြစ်သည်။ ဦးသန့် အရေးအခင်း တုန်းကလည်း စက်မှုတက္ကသိုလ်ကသွားကြဖို့ စီစဉ်သူတွေထဲမှာပါခဲ့သည်။ သူကိုယ်တိုင် အင်းစိန်ဘက်ကလာသော အမှတ် ၈ ဘတ် (စ) ကားကြီးတွေကိုတားကာ ကျောင်းသားတွေ စီးသွားကြဘို့လုပ်နေတာကို မြင်ဘူးသည်။ ဦးသန့်၏ဂူကို ကျောင်း သားတွေ ပုံစံဆွဲ အုတ်သယ်၊ အုပ်စီပြီး ဆောက်နေကြတော့လည်း လုပ်အားပေးတွေထဲမှာ သူ့ကို မြင်ခဲ့ဘူးသည်။

ကိုသန်းတင်သည် စကားပြောကောင်း၊ ယဉ်ကျေးပြီး စိတ်ရှည်သူတဦးဖြစ်သည်။ ကျွန်တော်တို့ ကျောင်းသားဘဝမှာတုန်းက ဆိုရှယ်လစ်စနစ်သည် ပေါ်ပြူလာမဖြစ်တော့ပါ၊ အိန္ဒိယနိုင်ငံတွင်လည်း နေရူး၏ ဆိုရှယ်လစ်ဝါဒများဖြင့် အစိုးရက စက်မှု နိုင်ငံထူထောင်ဘို့ ကြိုးစားနေတာတွေလည်း မအောင်မြင်ခဲ့ပါ၊ ဆိုဗီယက်ယူနီယံနိုင်ငံတွင် ကွန်မြူနစ်ခေါင်းဆောင်ကြီးများ တန်ခိုးထွားပြီး ဒေသအတွင်း အင်အားသုံး ဗိုလ်ကျနေတာတွေလည်း မြင်နေရပါသည်။

ထိုကဲ့သို့ အမြင်မလှသည့် စီမံကိန်း စီးပွားရေးစနစ်၊ ကွန်မြူနစ်အယူအဆမကောင်းပုံကို ကျွန်တော်ကပြောတိုင်း သူက ထိုစနစ်ဖက်မှ ခုခံပြောဆိုတက်လေသည်။ ကျွန်တော်တို့သည် ဖီလိုဆိုဖီသဘောကိုသာ ငြင်းခုန်ကြခြင်းဖြစ်ပါ၏၊၊ သူသည် ဝါဒသဘောတရားအရ ရှုံးသူဖြစ်ပါလျက် အကျိုးတွေအကြောင်းတွေနှင့် ခုခံကာကွယ်ပြောဆိုတက်လေသည်။ စကားအရာ မှာ သူကိုမယှဉ်နိုင်သောကျွန်တော့်ကို ပြုံးပြုံးကြီး စကားနိုင်လုနေသည်။

ကျောင်းပြီးချိန်တွင် သူသည် ရေနံကော်ပိုရေးရှင်းမှာ အရာရှိ ခဏအလုပ်ဝင်လိုက်သေးသည်။ ရေနံအလုပ်နှင့် နယ်သို့ သွားရသောအခါ သူ့အလုပ်တွေရှိရာ  ရန်ကုန်နှင့် ခွဲခွာဖို့ ဖြစ်လာသည် ကျွန်တော်တို့ ထင်သည့်အတိုင်း နယ်မှာကြာကြာမနေပါ၊ အလုပ်မှ နုတ်ထွက်သွားသည်။ သူသည် နိုင်ငံရေးကို မျက်ခြေမပြတ်။

သူ့အိမ်ရောက်တိုင်း ကျောင်းသားအရွယ်လူငယ်လေးတွေနှင့် ဆွေးနွေးတိုင်ပင်နေတာကို အမြဲတွေ့ရသည်။ အစိုးရမသိ အောင်လုပ်ရသော လျှို့ဝှက်လုပ်ငန်းများကို သူပါဝင်ပတ်သက်နေခြင်းမှာ သေချာပါသည်။ အသေးစိတ်ကိုတော့ ကျွန်တော် တို့မသိ၊ ကျွန်တော်တို့က သတင်းထဲမှာပါတာလောက်ကိုပဲသိသည်။ မသိတာရှိ၍ မေးလိုက်တိုင်း နောက်ကွယ်မှ သတင်း တွေကို ရှင်းပြလေ့ရှိသည်။

၁၉၉ဝပြည့် ရွေးကောက်ပွဲကျင်းပချိန်မှာ ကျွန်တော်တို့က မျှော်လင့်ခဲ့ကြသည့်တိုင် NLD ပါတီ၏ ကိုယ်စားလှယ်စားရင်းတွင် သူမပါလာတော့ပါ။ မျက်နှာထားတည်ကြည်ပြီး စကားကိုရှင်းရှင်းလင်းလင်းပြောတက်သော ကျွန်တော့်သူငယ်ချင်းကို အနာ ဂတ်မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်မည့်လူဟု ကျွန်တော်တို့ မျှော်လင့်ခဲ့ကြပါသည်။ တရုတ်ပြည်မှာတော့ မစ္စတာချူအင် လိုင်းပေါ့ မြန်မာပြည်မှာ ကျွန်တော်တို့မြင်ဖူးသော ခေါင်းဆောင်များနှင့်နှိုင်းယှဉ်ရလျှင်တော့ သခင်မြတို့လို ခေါင်းဆောင် ကြီးတွေ ဖြစ်လာမှာဘဲဟု မျှော်လင့်ခဲ့ကြပါသည်။

ကိုသန်းတင်အဖို့ ချူအင်လိုင်းနှင့်မတူခဲ့သည်ကတော့ အာဏာရပါတီခေါင်းဆောင်ပိုင်းနှင့် အဆင်မပြေခဲ့ခြင်းသာဖြစ်ပါ သည်။ သို့သော် သူသည် အားလျော့ဟန်မရှိ NLD ကို တက်နိုင်သမျှအကူအညီပေးနေခဲ့သည်ဟုသာ သိခဲ့သည်။

ကျွန်တော်နိုင်ငံခြားရောက်နေတော့ Noam Chomsky စာအုပ်မျာ၊ ဖူးကူးရားမားစာအုပ်များ၊ Foreign Affairs စာအုပ် တွေ ကို ဝယ်ပို့ပေးရပါသည်။ ဟိုတုံးကစာအုပ်ရှားသောခေတ်မှာ အထောက်အကူဖြစ်ပါတယ်ဟု ခဏ ခဏ ပြောဘူးသည်။

(၄)
သင်္ကြန်မဏ္ဍပ်မှာ ဗုံးပေါက်ကွဲတာနှင့်ပတ်သက်၍ ယခင်ကနိုင်ငံရေး နာမည်သမိုင်းရှိခဲ့သူအတော်များများကို ခေါ်ယူစစ်ဆေးခဲ့ ပါသည်။ အပြစ်ရှိတာမရှိတာက အရေးမကြီး၊ သူတို့နှင့်အဆင်ပြေအောင်ဖြေသူတွေကို ပြန်လွှတ်၍၊ သူတို့မကြိုက်တာ ပြော မိလျှင် ထိုသူကိုပြန်မလွှတ်တော့၊ ခေါ်ထားတော့သည်။

ပဌမထောင်ကျစဉ်က ကိုသန်းတင်မှာ နှလုံးရောဂါ ပါလာခဲ့သည်။ သူသည် စိတ်ပျက်ဝမ်းနည်းဟန် ရှိ၏။ ထောင်အကြောင်းကို မပြောတော့ပါ။ ထောင်တွင်းအတွေ့အကြုံနှင့်ပတ်သက်၍ စာအုပ်တွေဝယ်ပို့မိလျှင် “ကျွန်တော်က ဇတ်ကွက်ဇတ်လမ်းကို မကြိုက်ဘူးဗျာ” ဆိုပြီး ငြင်းပယ်တက်သည်။ သူသည် ထောင်ထဲကို ပြန်မသွားလိုတော့ပေ၊ အချုပ်ထဲမှာ လူအုပ်ထဲမှာ တ ဖက်စောင်းပြီး အိပ်ခဲ့ရသောညများကို ထပ်ပြီးမကြုံ လိုတော့ပေ။

ထိုသို့ခေါ်ပြီး မေးမြန်းခြင်းကို ရှောင်ရှားရန်အတွက် ယိုးဒယားသို့ သူထွက်သွားရလေသည်။ လမ်းခရီးမှာ ဘာမှ မကြာလိုက်၊ မဲဆောက်ကိုရောက်တော့ ကျွန်တော်ဖုန်းပြောလိုက်ရပါသေးသည်။

ယိုဒယားမှာနေရင်း ပတ်စပို့ စာအုပ် လုပ်ယူနိုင်ခဲ့သည်။ နိုင်ငံပေါင်းစုံသို့ ခရီးသွားလာနိုင်ခဲ့သည်။ တိုင်းပြည် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေအများအပြားနှင့်တွေ့သည်။ ဘန်ကောက်သတင်းထောက်ကလပ်မှာ တက်ကြွစွာ ဆွေးနွေးသူတယောက်ဖြစ် လာခဲ့သည်။ သူသည် ယိုးဒယားနိုင်ငံမှာနေရင်း မြန်မာနိုင်ငံအရေးကျွမ်းကျင်သူတယောက်ဖြစ်လာခဲ့သည်။ ဒေသတွင်း နိုင် ငံများ ဥရောပနိုင်ငံများတွင်လုပ်သမျှ မြန်မာ့ဒီမိုကရေစီအရေး ဆွေးနွေးပွဲများတွင် တက်ကြွစွာ ပါဝင်ဆွေးနွေးနိုင်သူ တဦးဖြစ် လာခဲ့သည်။

၂ဝဝ၄ ခုနှစ် ထောက်လှန်ရေးတပ်ဖွဲ့ကို ဖျက်သိမ်းပြီးချိန်တွင် မြန်မာနိုင်ငံသို့သူပြန်သွားခဲ့ပါသည်။ သူနှင့်မတွေ့ တော့သော ကြောင့် အသေးစိတ်ကိုတော့ ကျွန်တော် မပြောနိုင်တော့ပါ။ ထောင်မှလွတ်လာသော နိုင်ငံရေးလှုပ်ရှားသူ အတော်များများနှင့် ဆက်သွယ်အလုပ်လုပ်နေသည်ကို အကြမ်းဖျဉ်းသိရပါသည်။ အများအားဖြင့် အလုပ်အကိုင် မယ်မယ်ရရမရှိသော ထိုနိုင်ငံ ရေးလှုတ်ယှားတက်ကြွသူများမှာ စားဝတ်နေရေး အဆင်မပြေကြပါ။ သူကထောက်ပံ့ရသော မိတ်ဆွေတွေ အများကြီးရှိခဲ့ပါ သည်။

(၅)
ကျွန်တော်စိတ်အပျက်ရဆုံးအချိန်မှာ ကိုသန်းတင်တယောက် တက်လာသောအစိုးရအသစ်နှင့် ဘယ်လိုမှ မပတ်သက်လာခဲ့ ခြင်းဖြစ်ပါသည်။ အစိုးရအသစ်က အနည်းဆုံး ရာချီ၊ ထောင်ချီ၍ ခန့်အပ်ရန် ရာထူးနေရာများ ရှိပါလိမ့်မည်။ ကိုသန်းတင်ကို ဘယ်သူမျှခေါ်ပြီးမသုံးကြတော့ပေ။

အစိုးရသစ် ရက်၁ဝဝ ပြည့်သည့်တိုင် အစိုးရရုံးများ၏ ဖွဲ့စည်းပုံ အလုပ်လုပ်ပုံမှာ ပြည်သူများအတွက် ခက်ခဲမြဲ ခက်ခဲနေသည်။ စည်ပင်သာယာဌာနကြီးမှာ သူတို့တံဆိပ်တွင် မြန်မာပြည်ပုံပါသဖြင့် တနိုင်ငံလုံးကို သူတို့ပိုင်ဆိုင်သလိုပြုမူနေကြသည်။ ကားတွေကြပ်သိပ်နေရသည့်အထဲတွင် ဒဏ်ရိုက် လိုင်စင်သိမ်း ကားတွေဆွဲ ဖြင့် အကြီးအကျယ် အသံတွေထွက်နေကြသည်။ တိုင်းပြည်စီးပွားရေးက ဦးမော့လာဟန်မရှိ၊ တိုးတက်မှုနှုန်းမှာ အနှုတ်လက္ခဏာ ပြနေသည်။ နိုင်ငံခြားရင်းနှီးမြှုတ်နှံလိုသူ မျာှးာ စနစ်ကြီးကောင်းလာနိုး စောင့်နေကြရဟန်ရှိသည်။

ကျွန်တော်မျှော်လင့်မထားသောတရက်တွင် စင်ကာပူသို့ ကိုသန်းတင်ရောက်ရှိလာပါသည်။ တနင်္လာနေ့ တနေ့ ဟုတော့ မှတ်မိသည်။

သူတို့သည် ယခင်အစိုးရဟောင်းလက်ထက်မှာကတည်းက အစိုးရက အတည်ပြုပေးရန်ရှိသော ပရောဂျက်တခုရှိခဲ့သည်။ ထိုပရောဂျက်ကို အစိုးရအသစ်၏ ထိပ်ပိုင်းတာဝန်ရှိသူများက အတည်ပြုချပေးရမည်။ သူ့ကို လာမည့် ၃ ရက်တော့ ဘယ်မှ မသွားပါနဲ့၊ လူကြီးက အချိန်ပေးနိုင်သော အားလပ်ရက်တွင်ခေါ်ပါမည်ဟုဆိုသည်။ ထိုသို့ စောင့်ရသည်မှာ သုံးကြိမ်အထိ ဖြစ်လာသောအခါ သူမစောင့်နိုင်တော့၊ အရေးကြီးကိစ္စတခုဖြင့် စင်ကာပူသို့ ထွက်လာခဲ့သည်။ ထိုအချိန်မှ ခေါ်စာကရောက် လာသည် ဗုဒ္ဓဟူးနေ့ ၁ဝ နာရီတွင် တွေ့ရမည်တဲ့။

သူသည် လေယာဉ်လက်မှတ်ဝယ်၍ ချက်ချင်းပြန်သွားရပါသည်။ သူနောက်တကြိမ်ပြန်ရောက်လာသောအခါ သူတို့ပရော ဂျက်ကိစ္စကို မေးကြည့်ရသည်။

“ခေါင်းဆောင်ကြီးက ချိန်းထားတဲ့နေရာမှာ ရောက်လာတယ်၊ သူကတော့ လိုအပ်တာတွေမေးပြီး ဆက်လုပ်ကြပါလို့ မှာသွား တယ်၊ သူလည်းပြန်ရော တိုက်ပုံဝတ်ကလေးတွေနဲ့ဆက်ပြီး အသေးစိတ်တွေ ပြောကြရတယ်”
“ကျွန်တော်အသက် ၆၅ နှစ်ရှိပြီ၊ ကျွန်တော်တို့ကိစ္စကို ရှင်းလင်းအောင် ရှင်းပြ ပြောကြရတာပေါ့၊ သူတို့က လက်ကာပြီး အန် ကယ်ကြီး မဆိုင်တာတွေမပြောပါနဲ့တဲ့၊ ကျွန်တော်က စကားဖြတ်ရတာပေါ့၊ အဲဗျာ..သူတို့ အလှည့်လည်းရောက်ရော သူတို့ ထောင်ထဲမှာ ၁၃ နှစ်နေခဲ့ရကြောင်း၊ တိုင်းပြည်ကို ဘယ်လောက်ချစ်ကြောင်းပေါ့ဗျာ ဒါတွေနားထောင်ပြီး ပြန်ခဲ့ရတယ်” ဟုဆိုသည်။

အစည်းအဝေးအပြီး သုံးလသာ ကြာသော်လည်း ကိစ္စက လိပ်ခဲတင်းလင်း၊ အဖြေမထွက်၊ ဘာမှ ဆက်လုပ်၍မရသေးပါ၊ သူ အစည်းအဝေးသွားရပြီဆို၍ ဂုဏ်ပြုညစာကျွေးလိုက်ကြသောမိတ်ဆွေတွေကို အားနာစရာတွေ ဖြစ်ကုန်ရသည်ဟုဆိုသည်။

ကျွန်တော်သည် ကိုသန်းတင်က တိုက်ပုံဝတ်ကလေးတွေဟု ရည်ညွှန်းပြောဆိုသွားသော အစိုးရ၏  တာဝန်ရှိပုဂ္ဂိုလ်ကလေး များနေရာတွင် သူ့ကိုတွေ့မြင်လိုခြင်းဖြစ်ပါသည်။ မွန်ရည်သော အတွေ့အကြုံတွေ အများကြီးရှိခဲ့ပြီဖြစ်သော အင်ဂျင်နီယာ တဖြစ်လဲ ကျွန်တော့်သူငယ်ချင်းမှာ ခေတ်ကို အမှီမလိုက်နိုင်ဘဲ ဝိုင်းပယ်ခံနေရပါသည်။

တိုင်းပြည်အတွက် အနစ်နာခံ၊ ထောင်ကျ ဘဝပျက်သုန်းခံပြီး အလုပ်လုပ်ခဲ့ကြသော ကိုသန်းတင်လိုပုဂ္ဂိုလ်တွေ ဘယ်နှစ်ဦးရှိမည်ကိုကျွန်တော်မသိ၊ “ဘုရားပြီးရင် ငြမ်းဖျက်ကြတာပေါ့ဗျာ” ဆိုသော ဝေဖန်သံတွေကို အမြဲကြားနေရသည်။ ကိုသန်း တင်နှင့်အတူ သူနှင့် အတူတူ နိုင်ငံရေးလုပ်ဖေါ်ကိုင်ဘက် လူငယ်ကလေးပေါင်းများစွာတို့မှာ သူတို့လုပ်အားတွေကို နိုင်ငံ အတွက် အသုံးပြုမခံရသလိုဖြစ်နေပါသည်။

စင်ကာပူမှာ မြန်မာတို့အရေး တက်တက်ကြွကြွ လှုပ်ရှားပါဝင်သူတွေနှင့် တွေ့သောအခါမှာလည်း မြန်မာပြည်အပြန်မှာ အံ ဝင်ခွင်ကျမဖြစ်ရပဲ ဘေးရောက်နေသူတွေလို ခံစားရကြောင်းတွေ ကြားကြရပါသည်။ အားလုံးက ဒီမိုကရေစီ အစိုးရသစ်ကို အောင်မြင်စေချင်ကြပါသည်။ သို့ပါသော်လည်း အင်နှင့်အားနှင့်လုပ်ရမည့်အချိန်မှာ ပါဝင်ဆင်နွှဲခွင့် မရဖြစ်နေကြဟန်တူ သည်။

(၆)
ကိုသန်းတင် အခုလုပ်နေသောအလုပ်တွေမှာ နိုင်ငံရေးနှင့်ပတ်သက်သည်ဟု ကျွန်တော်မထင်ပါ၊ စီးပွားရေး (သို့) တည် ဆောက်ရေးလုပ်ငန်းတွေသာဖြစ်ကြပါသည်။ သို့ပါသော်လည်း ကိုသန်းတင်သာ နောက်တကြိမ်ထောင်ကျခဲ့ပါလျှင် ကျွန် တော်သည် သူ့ကို ထောင်ဝင်စာသွားတွေ့နိုင်တော့မည်မဟုတ်ပေ။ အကြောင်းမှာ သူတို့အိမ်ထောင်စုစာရင်းမှ ကျွန်တော်နာ မည်ကို ပယ်နုတ်ပြီးဖြစ်သောကြောင့်ပင် ဖြစ်ပါသည်။

ကိုသန်းလွင်