လင်းမြတ်အိမ် ● လွယ်အိတ်လေး


လင်းမြတ်အိမ် ● လွယ်အိတ်လေး
(မိုးမခ) ဒီဇင်ဘာ ၂၅၊ ၂၀၁၆

အဲဒီနေ့က
တဒိုင်းဒိုင်းသေနတ်သံတွေကြား
အလန့်တကြားပြေးလာခဲ့ရတယ်
ကျနော့်ကိုယ်ပေါ်ကလွယ်အိတ်လေး
စာသင်ခန်းနံရံပေါ် ချိတ်လျက်ပေါ့
ဝပ်နေရတဲ့ကျင်းထဲကနေ
လွယ်အိတ်လေးကိုသတိရမိတယ်
တဖက်နဲ့တဖက်အသံတွေကြား
သူများကြောက်လန့်နေမလားလို့
ဗုံးခိုကျင်းထဲကနေ တမ်းတနေမိတယ်
နေ့စဉ်အတူရှိခဲ့တဲ့ အချိန်လေးထဲ
သူ့ကိုယ်ပေါ်ကနေ
စာအုပ်တွေထွက်လာတယ်
စာအုပ်တွေထဲကနေ
ဒါတို့ပြည်
ဒါတို့မြေလို့ အသံတွေထွက်ထွက်လာခဲ့တဲ့
လွယ်အိတ်လေးပေါ့
ခုတော့
အပြစ်မရှိတဲ့ ကျနော့်လွယ်အိတ်လေးလေ
ကျောင်းနံရံက သံချိတ်လေး
တယောက်တည်းကြောက်လန့်နေရှာမှာပဲ
ပြည်ထောင်စု
ပြည်ထောင်စုနဲ့ ကျနော်တို့
ပြေးပြေးနေရတဲ့တိုင်းပြည်လေးထဲမှာ
သူလေ
လွယ်အိတ်လေးလေ အပြစ်မရှိဘဲ
ကျည်ဆံရာတွေနဲ့
တိတ်ဆိတ်နေမှာပဲလို့ တွေးရင်း
ကျနော်လည်းကြောက်လန့်တကြား
မဲမဲမှောင်ကျင်းလေးထဲ
ခေါင်းငုံနေမိတယ် ။  ။

လင်းမြတ်အိမ်