ရဲရင့်သက်ဇွဲ ● ဗန်ဒါရွက် ကြွေရွက်ညိုများ

ရဲရင့်သက်ဇွဲ ● ဗန်ဒါရွက် ကြွေရွက်ညိုများ
(မိုးမခ) ဒီဇင်ဘာ ၃၁၊ ၂၀၁၆

လူတွေ အသွားအပြန်လုပ်ကြတဲ့
ပလက်ဖောင်းပေါ်ကနေ
မိတ်ဆွေတချို့ကို အပြုံးနဲ့ နှုတ်ဆက်လိုက်တယ်..
ကိုခင်ဝမ်းရဲ့ တေးသံတစ
အာရုံမှာငြိတွယ်
သက်ပြင်းတရှိုက် လေအတိုက်မှာ
ဝေ့ဝဲ ကျလာ
ဗန်ဒါရွက်ညို ရွက်ကြွေများ ......

ပလက်ဖောင်းပေါ်မှာ ရပ်နေတဲ့
ငါ့ ခြေအစုံကို ရွေ့လျားသွားစေဘို့
ငါ့ရဲ့စိတ်ကို
ဘယ်လိုအရာကမှ
သွေးဆောင်ဖျားယောင်းလို့ မရခဲ့ဘူး
ဗန်ဒါရွက်ညိုကြွေများ
တဖြုတ်ဖြုတ်ကြွေကျ
ဗန်ဒါရွက်ညိုများ
ငါ့မိတ်ဆွေတွေရဲ့ မျက်နှာတွေဖြစ်အသွားမှာ
ငါ့ကိုရစ်ပတ်တုတ်နှောင်တဲ့တေးသွား
ပတ်ဝန်းကျင်ပေါ်တင်နေတဲ့အကြွေးများ
ဗန်ဒါရွက်ညိုရွက်ကြွေများ.......

ဗန်ဒါရွက်ညိုများ
လောကဓံကို အံတု
ကျောချဘို့ တနေရာ....
ဗန်ဒါရွက်ညိုများ
အစာအိမ်ရဲ့အလိုကိုမလိုက်
ယုံကြည်ရာကိုဦးခိုက်
စိုက်လိုက်မတ်တပ် ရွက်တိုက်သွားကြတဲ့
ကျနော်တို့ရဲ့ နောင်တော် အမတော်များ
ဗန်ဒါရွက်ကြွေရွက်ညိုများ
ကျနော်တို့အတွက် ခွန်အား
မဟာအင်အား
ဗန်ဒါရွက်ကြွေရွက်ညိုများ.....

စိတ်ရဲ့အလျဉ် ဖြစ်စဉ်က
အခိုက်အတန့်လေးပါ
ငါရပ်နေတဲ့ ပလက်ဖောင်းပေါ်မှာ
ဗန်ဒါရွက်ကြွေရွက်ညိုများ
ငါ့ပတ်ဝန်းကျင်ကို လွမ်းမိတယ် တေးသွား
ငါ့နှလုံးသားကိုစူးစိုက်
ဗန်ဒါရွက်ကြွေရွက်ညိုများ ......။

(အကိုခင်အောင်အေးရေးချင်တဲ့ ကဗျာခေါင်းစဉ်အား ခံစားရေးဖွဲ့ပါသည်။)

ရဲရင့်သက်ဇွဲ
၂၇ ၁၂ ၂၀၁၆