ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

တူမောင်ညို ● မသာတော်ရာပြည့်အိုးထဲက “ခါတော်မီ အမျိုးသားရေး” ဘောင်ဘင်ခတ်မှု

တူမောင်ညို ● မသာတော်ရာပြည့်အိုးထဲက “ခါတော်မီ အမျိုး သားရေး” ဘောင်ဘင်ခတ်မှု
(မိုးမခ) ဒီဇင်ဘာ ၁၉၊ ၂၀၁၆

သမိုင်းပါမောက္ခကြီး ဆရာဒေါက်တာသန်းထွန်းရဲ့“သမိုင်းသင်တာ မအ,အောင်”  ဆိုတဲ့ ပြောဆိုချက်ကို အများကအလေးထား ကိုးကားလေ့ရှိကြပါတယ်။ အမှန်ပါပဲ သမိုင်းသင်တာ၊ သမိုင်းလေ့လာတာဟာ မအဖို့အပြင် မမေ့ကြဖို့လည်း လိုပါတယ်။  ဒါ့အပြင် မျိုးဆက်ဟောင်းတွေက သမိုင်းအတွေ့အကြုံနဲ့သင်ခန်းစာတွေကို နောင်မျိုးဆက်သစ်တွေထံ မှန်မှန်ကန်ကန်လက်ဆင့်ကမ်းဖို့လည်း လိုအပ်ပါတယ်။ မျိုးဆက်သစ်များကလည်း မျိုးဆက်ဟောင်းများရဲ့ သမိုင်းအတွေ့အကြုံနဲ့သင်ခန်းစာ တွေကို လေးနက်တဲ့အသိနဲ့ လေ့လာနာယူဖို့လိုအပ်ပါတယ်။

ဒီလိုလက်ဆင့်ကမ်းတယ်ဆိုတဲ့နေရာမှာအချက်အလက်အရတိကျမှန်ကန်ဖို့လိုသလိုသမိုင်းအမြင်ရလည်းမှန်ကန်ဖို့ သိပ်အရေး ကြီးပါတယ်။ ကိုယ်လိုချင်တဲ့ အချက်အလက်လောက်ကိုသာ ဆွဲထုတ်ပြီး ကိုယ်လိုချင်တဲ့ သမိုင်းအမြင်လောက်သာ ကွက်ပြီး လက်ဆင့် ကမ်းနေမယ်ဆိုရင်လည်း ဆန္ဒစွဲသမိုင်းအမြင်ကိုသာ လက်ဆင့်ကမ်းနေတာဖြစ်ပါလိမ့်မယ်။

သမိုင်းအချက်အလက်နဲ့သမိုင်းအမြင်မှာ အဓိကဘက်ဟာ သမိုင်းအမြင်ပဲ။

သမိုင်းကို ဘယ်အမြင်နဲ့ကြည့်မလဲ၊ ဝေဖန်သုံးသပ်မလဲ။ ပြောဆိုမလဲ၊ ရေးမလဲဆိုတာက အခရာပဲ။ အဆုံးအဖြတ်ကျတဲ့ အ ချက်ဖြစ်ပါတယ်။ ပြည်သူလူထုသာ သမိုင်းကိုဖန်တီးတဲ့တွန်းအားဖြစ်တယ်ဆိုတဲ့ အမြင်ကိုစွဲကိုင်စိုက်ထူထားမှသာ မှန်ကန် တဲ့သမိုင်း အမြင်ကြည်ကြည်လင်လင် ရရှိနိုင်မှာဖြစ်ပါတယ်။

ဒီအမြင်နဲ့ ဒီကနေ့ခေတ်အထိ လူသားသမိုင်းဖြစ်ပေါ်တိုးတက်မှု ဖြစ်စဉ်ကို ကြည့်လိုက်ရင် “သမိုင်းဆိုတာ ကုန်ထုတ်လုပ်ရေး တိုက်ပွဲ - သိပ္ပံညာစမ်းသပ်မှုတိုက်ပွဲ - လူတန်းစားတိုက်ပွဲသာဖြစ်တယ်” ဆိုတဲ့အချက်ကို ရှင်းရှင်းပြတ်ပြတ်မြင်နိုင်မှာဖြစ် တယ်။

သမိုင်းကို ဧကရာဇ်ဘုရင်တွေ၊ စစ်ဗိုလ်ချုပ်တွေသာ ဖန်တီးတယ်ဆိုတဲ့ သမိုင်းအမြင်ဟာ ပြန်မလာစတမ်းနိဂုံးချုပ်သွားခဲ့ပါ ပြီ။ ဘယ်တော့မှ နိဂုံးမချုပ်ဘဲ၊ ထာဝစဉ်သစ်လွင်နေမယ့် သမိုင်းစာမျက်နှာတွေကို မျိုးဆက်တဆက်ပြီးတဆက် ခမ်းနားကြီး ကျယ်စွာ ဆက်လက်ဖွင့်လှစ်နေအုံးမယ့်သမိုင်းအမြင်ကတော့ “လူထုသာ သမိုင်းဖန်တီးသူဖြစ်တယ်” ဆိုတဲ့ သမိုင်းအမြင်ပဲ ဖြစ်ပါတယ်။

ဒီလိုသမိုင်းအမြင်ကိုကိုင်စွဲပြီးသမိုင်းကို လေ့လာကြည့်မြင်ကြရလိမ့်မယ်၊ ဝေဖန်ဆန်းစစ်ရလိမ့်မယ်၊ အကဲဖြတ်ကြရပါလိမ့် မယ်။

အုပ်စိုးသူတွေဟာ သမိုင်းအချက်အလက်တွေကိုသာ ကပြောင်းကပြန်ဖြစ်အောင် အခိုက်အတန့်အားဖြင့်၊ ယာယီအားဖြင့် လုပ်နိုင်ကောင်း လုပ်နိုင်ပါလိမ့်မယ်။ လူထုသာသမိုင်းဖန်တီးသူဖြစ်တယ်ဆိုတဲ့ သမိုင်းအမြင်ကိုတော့ ကပြောင်းကပြန်ဖြစ် အောင်လုပ်နိုင်မှာ မဟုတ်ပါဘူး။ ပိရမစ်ကိုပဲဖြစ်စေ၊ မဟာတံတိုင်းကြီးကိုပဲဖြစ်စေ၊ ဒီကနေ့ခေတ် စက်မှုကုန်ထုတ်ပစ္စည်းတွေ ကိုပဲဖြစ်စေ  လက်တွေ့တီထွင် ခဲ့၊ ဖန်တီးတည်ဆောက်ခဲ့ကြသူတွေဟာ အလုပ်လုပ်တဲ့ လုပ်သားပြည်သူတွေပဲဖြစ်ပါတယ်။

● သီပေါမင်းကွယ်လွန်ခြင်း နှစ်တစ်ရာပြည့်ကိစ္စ
အသုံးအနှုန်းက “နတ်ပြည်စံသက် နှစ်တစ်ရာပြည့်” လို့ ရေးတယ်။

ဒါနဲ့ပတ်သက်ပြီး စစ်တပ်ပိုင်မြဝတီသတင်းစာ (၁၉-၁၂-၂၀၁၆) အယ်ဒီတာ့အာဘော်မှာ သမိုင်းအချက်အလက်အရ လွဲမှား နေတာနဲ့ သမိုင်းအမြင်အရ လိုရာဆွဲဖော်ပြသုံးသပ်ထားတဲ့ “အလေးအနက်ထားရမည့် သမိုင်းသင်ခန်းစာ” ဆိုတဲ့အချက်တွေ ပါဝင်နေတာ တွေ့ရပါတယ်။ အချက်အလက်အရလွဲမှားနေတယ်ဆိုတာ တကယ်တော့ သာမန်ကိစ္စလေးပါ။ ဒီလောက်တော့မှန်အောင်ရေးသင့်တာပါ။
မြဝတီသတင်းစာမှာ ဖော်ပြထားတဲ့အတိုင်း လိုသလောက်ပဲ ကောက်နုတ်ဖော်ပြပါ့မယ်။

- “၁၈၈၅ ခုနှစ်တွင် ဗြိတိသျှတို့က မြန်မာဘုရင် သီပေါမင်းတရားကြီးနှင့် မိဖုရားခေါင်ကြီး စုဖုရားလတ်၊ ညီမတော် စုဖုရား ကလေးနှင့်သမီးတော်လေးပါးတို့အား ဖမ်းဆီးခေါ်ဆောင်သွားပြီး ရတနာဂီရိမြို့တွင် အကျဉ်းချထိန်းသိမ်းထားစဉ် သီပေါမင်း ကံတော်ကုန်သည်” တဲ့။

- သီပေါနဲ့စုဖုရားကို ဗြိတိသျှနယ်ချဲ့သမားကဖမ်းသွားတော့ သမီးတော်နှစ်ယောက်ပဲပါသွားတာပါ။ သမီးတော်လေးပါး မ ဟုတ်ပါဘူး။ ပထမသမီးတော်နဲ့ ဒုတိယသမီးတော်ပဲပါသွားတာပါ။ ကျန်နှစ်ယောက်က အိန္ဒိယရောက်မှာ မွေးတာပါ။

- ပထမသမီးတော် ထိပ်စုမြတ်ဖုရားကြီး (၁၈၈၂-၁၉၄၇)
၁၈၈၂ မှာမွေးပါတယ်။ ပါတော်မူတော့ ၃ နှစ်သမီး။ ၁၉၄၇ ခုနှစ်၊ ရတနာဂီရိမှာ ကွယ်လွန်တယ်။

- ဒုတိယသမီးတော် ထိပ်စုမြတ်ဖုရားလတ် (၁၈၈၄ - ၁၉၅၆)
၁၈၈၄ မှာမွေးပါတယ်။ ပါတော်မူတော့ အခါလည်သမီးပေါ့။ ၁၉၅၆ မှာ ကွယ်လွန်တယ်။

- တတိယသမီးတော် ထိပ်စုမြတ်ဖုရား (၁၈၈၆ မတ် ၇ - ၁၉၆၂)
၁၈၈၆ ခုနှစ်၊ မတ်လ ၇ ရက်နေ့မှာ အိန္ဒိယနိုင်ငံ၊ မဒရပ်မြို့မှာမွေးဖွားပါတယ်။  ၁၉၆၂ ဇူလိုင်လ ၂၁ ရက် မေမြို့ (ယခုပြင်ဦး လွင်) မှာ ကွယ်လွန်ပါတယ်။ 


- စတုတ္တသမီးတော် အရှင်ထိပ်စုမြတ်ဖုရားကလေး (၁၈၈၇ - ၁၉၃၅)
၁၈၈၇ ခုနှစ်၊ ဧပြီ ၂၇ ရက်မှာ ၊ အိန္ဒိယနိုင်ငံ၊ ရတနာဂီရိ၌ မွေး - ၁၉၃၅ ခုတွင် မော်လမြိုင်မြို့မှာ ကွယ်လွန်ပါတယ်။

ဒါကြောင့် “သမီးတော်လေးပါးတို့အား ဖမ်းဆီးခေါ်ဆောင်သွား” တယ်ဆိုတာ အချက်အလက်အရလွဲနေပါတယ်။ ထားတော့။
မြဝတီသတင်းစာအယ်ဒီတာ့အာဘော်က လိုရာဆွဲပြီးသုံးသပ်ဖော်ပြထားတဲ့   “အလေးအနက်ထားရမည့် သမိုင်းသင်ခန်းစာ” ဆိုတဲ့ ကိစ္စတွေကို ပြောကြပါစို့။ မြဝတီကဖော်ပြထားတဲ့ အတိုင်းကောက်နုတ်ဖော်ပြလိုက်ပါတယ်။

- “မင်းမိဖုရားအရှင်နှစ်ပါးတို့ကို ကြက်ကလေး ငှက်ကလေးဖမ်းသလို နယ်ချဲ့တို့က အလွယ်တကူဖမ်းခေါ်သွားနိုင်သည် မှာ ပြည်တွင်းအင်အားစုများစည်းလုံးညီညွတ်မှုလျော့နည်းနေခြင်းနှင့်စနစ်တကျလေ့ကျင့်ထားသော ခေတ်မီတပ်မတော် မရှိခြင်းတို့ကြောင့်ဖြစ်ကြောင်းသမိုင်းသင်ခန်းစာယူကာ နောက်တစ်ကြိမ်လွတ်လပ်ရေးပြန်လည် မဆုံးရှုံးစေရေး တိုင်းရင်းသား ပြည်သူအားလုံးတို့က အလေးထားကြပါရန် မြဝတီကတိုက်တွန်း နှိုးဆော်လိုက်ရပါသည်” တဲ့။

အချက်က ၂ ချက်ထဲပါ။

- ပြည်တွင်းအင်အားစုများ စည်းလုံးညီညွတ်မှုလျော့နည်းနေခြင်း
- စနစ်တကျလေ့ကျင့်ထားသော ခေတ်မီတပ်မတော် မရှိခြင်း

တချက်ချင်းလေ့လာကြည့်ကြပါစို့
ပြည်တွင်းအင်အားစုများ စည်းလုံးညီညွတ်မှုလျော့နည်းနေခြင်း 
“တတိယစစ်ပွဲ” လို့သာရေးကြတာပါ တကယ်တော့ အင်္ဂလိပ်နယ်ချဲ့သမားက စစ်တံခွန်လွှင့်ပြီး ဧရာဝတီကြောင်းကနေ အေးအေးဆေးဆေး ချီတက်သိမ်းပိုက်သွားတာပါ။ ဒါကလည်း ပဒေသရာဇ်စနစ်ဟာ ကမ္ဘာ့ဘယ်နေရာမှာမဆို အရင်ရှင်စနစ် ကို အရှုံးပေးသွားကြရတဲ့အတိုင်း အရှုံးပေးသွားရခြင်းသာဖြစ်ပါတယ်။ ခေတ်စနစ်အရ ပိုမိုတိုးတက်တဲ့ အရင်းရှင်စနစ် (နယ် ချဲ့စနစ်ကို တက်လှမ်းနေပြီ ဖြစ်တဲ့အရင်းရှင်စနစ်)ကို ပဒေသရာဇ်စနစ်က ဒူးထောက်ရတာပါပဲ။ တကယ်တော့ ၁၈၂၄ မှာ တကြိမ်၊ ၁၈၅၃ မှာတကြိမ် ဗမာပြည်ကို အင်္ဂလိပ်တို့ သိမ်းယူခဲ့ကြပြီဖြစ်ပါတယ်။ ပဒေသရာဇ်ဗမာပြည်ဟာ ပဒေသရာဇ်အ မှောင်တိုက်ထဲမှာ အိပ်မောကျနေခဲ့တာပါ။ ဒါကို အင်္ဂလိပ်ကိုလိုနီနယ်ချဲ့သမားက အတင်းလှုပ်နှိုးသွားတာပါပဲ။ ပဒေသရာဇ် စနစ်ကို နယ်ချဲ့သမားက ပလ္လင်ပေါ်က ဆွဲချသွားတာပါ။

ပြည်တွင်းအင်အားစုများ စည်းလုံးညီညွတ်မှုလျှော့နည်းနေတယ်ဆိုတာ ဘုရင့်နန်းတော်ထဲက ထီးမွေနန်းမွေလုတာတွေကို ပြောချင်တာပဲ ထင်ပါတယ်။

ဒီနေရာမှာ အချုပ်တန်းဆရာဖေရေးတဲ့ဆိုတဲ့ “မြန်မာတွေစည်းကမ်းဖောက်လို့ ထီးနန်းပျောက်ပြီ၊ ညစ်ပလီလူမျိုး၊ မိပစ်လို့ ဖရှောင်သွေသည်၊ ဂွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး” ဆိုတဲ့ ပြည်သူတရပ်လုံးကို အပြစ်ပုံချဆဲရေးထားတဲ့ တေးထပ်မျိုး ကို ရွံပါတယ်။

“ထီးသုဉ်း နန်းသုန်း၊ မြို့သုဉ်း သုည သုံးသုဝနှင့် သုညခေတ်ဝယ်၊ သေသော်မှတည့် သြော်ကောင်း၏” ဆိုတဲ့ အရှုံးပေးရေး သံဝေဂကိုလည်း ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်။
စနစ်တကျလေ့ကျင့်ထားသော ခေတ်မီတပ်မတော် မရှိခြင်း
မြဝတီရဲ့ “အလေးအနက်ထားရမည့် သမိုင်းသင်ခန်းစာ” နဲ့ မနေ့က (၁၈ ဒီဇင်ဘာ) ရန်ကုန်မှာလုပ်သွားတဲ့ “မြန်မာ့တပ်မတော် နှင့် တရားသောစစ်အောင်မြင်စေကြောင်း ထောက်ခံပွဲ” က လက်ကိုင်ပိုစတာတွေပေါ်က ကြွေးကြော်သံတွေက တထပ်ထဲတ သဘောထဲ ကိုက်ညီနေပါပေါ့လား။ “စစ်တပ် သရဏံဂစ္ဆာမိ”။ “စစ်အုပ်စုမှတပါး ကိုးကွယ်ရာမရှိ”

ဒုတိယသမ္မတနဲ့ ကာချုပ်တို့က ရတနာဂီရိမှာ သီပေါဂူကို ရှိခိုးပြီး “အမျိုးသားရေး” ကို ထုတ်ဖော်တယ်။ မြဝတီသတင်းစာက အာဘော်ရေးပြီးဝါဒဖြန့်တယ်။ ဗိုလ်လှဆွေတို့ ဒေါ်ခင်ဝိုင်းကြည်တို့က ပိုစတာတွေကိုင်ပြီး လမ်းပေါ်ထွက်ဆန္ဒပြကြတယ်။

ကြံ့ဖွံ့ပါတီနဲ့တစည ဦးစီးတဲ့ ၁၃ ပါတီကြေညာချက်၊ ပြည်သူ့လွှတ်တော်၊ ရှမ်းပြည်နယ်လွှတ်တော်ထဲက “အကြမ်းဖက်အဖွဲ့များ အဖြစ်သတ်မှတ်ပေးရေး” အဆို။ သီတဂူဆရာတော်ရဲ့ “ကျီးကန်းနာဂျစ်ပုံပမာ တရားတော်” တို့ဟာ တဆင်ထဲတကွက်ထဲ ဖြစ်နေတာကို သတိပြုမိပါတယ်။

အသားလိုလို့ အရိုးတောင်းထားတဲ့ သုံးသပ်ချက်ဖြစ်ပါတယ်။ လိုရာဆွဲပြီး သုံးသပ်ထားတာဖြစ်ပါတယ်။ အဓိကပြောချင်တာက “တပ်မတော်” မရှိလို့မဖြစ်ဘူးဆိုတဲ့အချက်ကိုတင်ချင်လို့သာ ဒီလိုလိုရာဆွဲသုံးသပ်ထားတာပါ။ ဒီလိုလိုရာဆွဲသုံးသပ်တဲ့ အချက်ကပဲ “သီပေါဘုရင်ကွယ်လွန်ခြင်းရာပြည့်” ဘာကြောင့်လုပ်တယ်ဆိုတဲ့အချက်ကို ဖော်ပြနေပါတယ်။

လွတ်လပ်ရေးကြိုပမ်းမှုမှာ ဦးဆောင်ခဲ့ကြတဲ့ တိုင်းပြည်ချစ်ပြည်ချစ်ပုဂ္ဂိုလ်ကြီးများရဲ့မင်္ဂလာရှိတဲ့ “မွေးနေ့ရာပြည့်ပွဲ” အထိမ်း အမှတ်တွေပြုလုပ်နေတာကို မျက်နှာလွှဲခဲပစ်လုပ်ပြီး၊ ကြက်ကလေးငှက်ကလေးသဖွယ် ဖမ်းဆီးခံသွားရရှာတဲ့ ပဒေ သရာဇ်ဘုရင်တစ်ပါးရဲ့ “မသာရာပြည့်” ကိုပွဲလုပ်ပြီး ဂုဏ်ခံနေကြတာဖြင့် အံ့သြကုန်နိုင်ဖွယ်ရာပါပဲ။

မေးလိုက်အုံးမယ်။

“မှိုင်းရာပြည့်” ကို လက်ရှိစစ်အုပ်စုရဲ့ မိဘအရင်းတွေဖြစ်တဲ့ ဗိုလ်နေဝင်းနဲ့ (မဆလ) ပါတီက ဘယ်လိုသဘောထားပြီး ဘာ တွေ လုပ်ခဲ့ကြသလဲ။

ကိုယ့်တွက်ကိန်းနဲ့ကိုယ်တွက်ပြီး သီပေါအလွမ်းသယ်တာမှာ မဆီမဆိုင်ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ဆွဲထည့်ထားသေး တယ်။ ဆရာကြီးရဲ့နယ်ချဲ့ဆန့်ကျင်ရေးအမြင်၊ အယူအဆနဲ့ လက်တွေ့လုပ်ဆောင်ချက်တွေဟာ သူတို့လုပ်ရပ်တွေနဲ့ နှိုင်း အပ်၊ ယှဉ်စရာကို မရှိပါဘူး။ (မိုးကြိုးနဲ့ အီးသံလို ခရီးမှန်ကွာလွန်းလို့လေး)

 တကယ်တော့ (မဆလ)(နဝတ-နအဖ) စစ်အုပ်စုရဲ့“နယ်ချဲ့ဆန့်ကျင်ရေး”ဆိုတာ သူတို့ အုပ်စိုးမှုကိုဆန့်ကျင်လို့၊ ဖိအားပေး လို့သာရန်လုပ်တဲ့ “ယာယီနိုင်ငံခြားမုန်းတီးရေး” သက်သက်မျှသာဖြစ်ပါတယ်။ သူတို့အုပ်စိုးမှုကို အသိအမှတ်ပြုသွားပြီဆိုရင် သူတို့ရဲ့ ခါတော်မီ ကြွေးကြော်သံတွေကို သူတို့ဘာသာသူတို့ ရုတ်သိမ်းသွားတာပါပဲ။

ဆရာကြီးမှိုင်းကိုလည်းသူတို့ကလွတ်လပ်ရေးရတဲ့အထိပဲ လက်ခံတယ်ဆိုတဲ့ သဘောပေါ်အောင်ရေးထားပါတယ်။

“ဆရာကြီးရေးဖွဲ့ခဲ့သော ကဗျာများသည် ပျော်ရရုံ၊ လွမ်းရရုံ၊ ကာရန်အလှအပ သက်သက်မဟုတ်ဘဲ မြန်မာနိုင်ငံသားများ အတွက် လွတ်လပ်ရေးရသည်အထိ ကျေးဇူးပြုခြင်းဖြစ်သည်” တဲ့  (သဘောကတော့ လွတ်လပ်ရေးရပြီးတဲ့နောက် ကျေးဇူး မပြုဘူးလို့ ဆိုလိုချင်တဲ့သဘောပေါ့)

ဆရာကြီးသခင်ကိုယ်တော်မှိုင်းကိုင်စွဲတဲ့ ပြည်တွင်းငြိမ်းချမ်းရေးသဘောထားနဲ့မူဝါဒရဲ့အနှစ်သာရက ပြည်သူလူထုဘက်က အစဉ်ရပ်တည်ပြီး တန်းတူရည်တူ ညှိနှိုင်းဆွေးနွေးကြဖို့ဖြစ်တယ်။ စစ်အုပ်စု အသေကိုင်စွဲထားတဲ့မူက အပြုတ်တိုက်ရေးဖြစ် တယ်။ ဒီတော့ ပြဒါးတလမ်း သံတလမ်းဖြစ်နေပါတယ်။

ဒါကြောင့် သီပေါဘုရင်ရဲ့မသာရာပြည့်ပွဲကို ကြွက်သေတစ်ခုအသုံးချသလို  စစ်အုပ်စုက ခါတော်မီအသုံးချခဲ့တာသာ ဖြစ်ပြီး၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကိုလည်း သူတို့အကျိုးအတွက်လိုတဲ့အချက်လောက်ကွက်ယူပြီး မြဝတီသတင်းစာ အယ်ဒီ တာ့အာဘော် အသုံးချခဲ့တာထင်ရှားပါတယ်။

နိဂုံးချုပ်လိုက်တော့ ဘယ်ပဒေသရာဇ်ဘုရင်စနစ်မှာ စနစ်တကျလေ့ကျင့်ထားတဲ့ ခေတ်မီတပ်မတော်ရှိလို့လဲ။ အခုခေတ် ဗမာပြည်မှာရော “ခေတ်မီတပ်မတော်” ရှိနေပြီလား။ ဒိတ်လွန်တွေ၊ တပတ်ရစ်တွေ အောက်ဈေးနဲ့ဝယ်တပ်ဆင်ပြီး “ခေတ်မီ တပ်မတော်” လို့ ကြွားဝါနေတာလား။ အိမ်နီးချင်း (လောနိုင်ငံမှအပ) နဲ့ ဒေသတွင်းနိုင်ငံတွေကတော့ ဟားတိုက် ရယ် မောနေကြပါလိမ့်မယ်။ ပြည်တွင်းစစ်ကို စစ်ရှိန်မြင့်ဖို့ ခေတ်မီတပ်မတော် လိုအပ်ပါသလား။

“နယ်ချဲ့ဆန့်ကျင်ရေး” သို့မဟုတ် “လွတ်လပ်ရေး” ဆိုတာ ရိုးရိုးရှင်းရှင်းကလေးပြောရရင်  အမှီခိုကင်းမှုပဲ။ အမှီခို ဘယ် လောက် ကင်းသလဲ၊ ကင်းသလောက် လွတ်လပ်ရေးရဲ့ဘောင်က ကျယ်ပြန့်မှာပဲ။ သူတပါးက တနည်းနည်းနဲ့ စိုးမိုးနေမယ်။ သူတပါးကို တနည်း နည်းနဲ့ မှီခိုနေရတယ်၊ လက်ဖြန့်တောင်းနေရတယ် ဆိုရင် မလွတ်လပ်တော့ဘူး။ အမှီခိုကင်းတယ်ဆိုတာ တနည်းအားဖြင့် မိမိကိုယ်ပိုင်စွမ်းအားကို အစွမ်းကုန်ဖော်ထုတ်နိုင်တာနဲ့ ဒီလိုဖော်ထုတ်နိုင်စွမ်းရှိတာကို ထုတ်ဖော်ပြသတာ လည်းဖြစ်တယ်။

ဒီလိုဖော်ထုတ်နိုင်ဖို့ဆိုရင်ပထမဆုံးအချက်က  ပြည်တွင်းစစ်ကို ချက်ချင်းနဲ့အမြန်ဆုံးရပ်စဲပစ်ရလိမ့်မယ်။

အခုတော့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု ဘာပဲလုပ်လုပ် ပြည်ပနိုင်ငံပေါင်းစုံ အကူအညီ၊ ပံ့ပိုးမှု၊ မစမှုဆိုတာတွေကို နာမည်လှလှမျိုးစုံတတ်ပြီးရယူနေကြရတာပဲ မဟုတ်လား။

စစ်အုပ်စုရဲ့ “ခါတော်မီအမျိုးသားရေး” အတွက် တရုတ် အကူအညီလိုတယ်၊ ဂျပန် အထောက်အပံ့လိုတယ်၊ နော်ဝေက မစဖို့ လိုပါတယ်။ စစ်အုပ်စုရဲ့ “စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ” ကိုထုတ်ပိုးဖို့ အမေစုရဲ့ “ပဝါစ”  လည်း လိုပါတယ်လေ။

ညွှန်း
- တောင်သမန်ရွေအင်းက လေညင်းဆော်တော့ - မြသန်းတင့်
- မြဝတီသတင်းစာအယ်ဒီတာ့အာဘော် (၁၈ - ၁၂ -၂၀၁၆)