ငြိမ်းချမ်းအောင် ● အနော်ရထာခေတ်ကို ပြန်ရောက်သွားတဲ့ တိုင်းပြည်


ငြိမ်းချမ်းအောင် ● အနော်ရထာခေတ်ကို ပြန်ရောက်သွားတဲ့ တိုင်းပြည်
(မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၁၆

သမီးရေ လူတချို့က တော်တော်များများလို့ ပြောရမှာပေါ့ကွယ်။ ဗမာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်နေပြီလို့ ပြောကြတယ်ကွဲ့။ တကယ်တန်း အဲဒီလိုပြောနေတဲ့သူတွေရဲ့စိတ်ဓါတ်တွေက ဘယ်လိုလည်း၊ ဘာကြောင့် ပြောကြတာလည်း ဆိုတာတော့ သမီးကြီးတဲ့တနေ့မှာ စဉ်းစားဆင်ခြင် ဆုံးဖြတ်ပြီး ကောက်ချက်ချပေါ့ သမီးရယ်။

တကယ်တန်းက အခုမှ ဗမာပြည်ဟာ အနော်ရထာတည်ထောင်တဲ့ အင်အားရှိရမယ်၊ အင်အားနည်းတဲ့ ဒေသတွေကို စစ် တိုက်ရမယ် ကျူးကျော်ရမယ်ဆိုတဲ့ လက်နက်အားကိုး၊ အာဏာကို အသုံးချပြီး လုပ်ချင်တိုင်းလုပ်နေတဲ့ ပထမနိုင်ငံတော်ကြီး ပြန်ဖြစ်နေတာပဲလို့ ဖေဖေကတော့ မြင်တာပဲ သမီးရယ်။

သမီးရယ် ခေတ်ကြီးက ပြောင်းနေပြီလေ။ တခြားဘာသာကို တိုက်ခိုက်ပြီး၊ နှိမ့်ချပြီးမှ ကိုယ်ကိုယ်ကိုးတဲ့ဘာသာ ကောင်း တယ်လို့ ၀ါဒဖြန့်ချင်တိုင်း ဖြန့်လို့ရတာမှ မဟုတ်တာ။

ဒီလိုပဲ ငါ့လူမျိုး ချမ်းသာအဆင်ပြေဖို့ တခြားလူမျိုးတွေကို သတ်ဖြတ်အနိုင်ကျင့်ပြီးမှ ကိုယ့်ဒေသ ကိုယ့်နိုင်ငံကို တည်ဆောက် လို့ ရတဲ့ခေတ်လည်း မဟုတ်တော့ဘူးလေ။

ဟိုးပဒေသရာဇ် ဘုရင်ခေတ်တွေကို အင်အားရှိတိုင်း အနိုင်ကျင့် နှိပ်စက် သတ်ဖြတ် နယ်မြေကျူးကျော်ခဲ့မိရင်တောင် အမှား တွေ ၀န်ချတောင်းပန်၊ အတတ်နိုင်ဆုံး လျှော်ကြေးတွေ၊ ပြန်လည်တည်ဆောက်ရေးတွေနဲ့ အမုန်းတရားတွေ၊ အာဃာတ တရားတွေကိုမရှိအောင်လုပ်ပြီး သွားနေတဲ့ ခေတ်ကြီးလေ သမီးရဲ့။

အမေရိကန်လည်း သူတို့ သတ်ဖြတ်အနိုင်ကျင့်ပြီး နယ်မြေချဲ့ထွင်ခဲ့တာ မှားခဲ့ကြောင်း ဒေသခံ အင်ဒီယန်းတွေကို တောင်း ပန်ကြသလို၊ ဒေသခံ အင်ဒီယန်းတွေကလည်း ခင်ဗျားတို့ကြောင့် အမေရိကန်ကြီး တိုးတက်ဖွံ့ဖြိုးလာခဲ့ကြောင်း အပြန်အ လှန်ပြောဆိုကြပြီး သမ္မတအိုဘားမားကို အင်ဒီယန်းအဖြစ် သတ်မှတ်ကြတယ်လေ။ ဒီလိုပါပဲ သမီးရယ် သြစတြေးလျှ၊ နယူး ဇီလန်မှာလည်း ဒေသခံတိုင်းရင်းသား အဘောရီဂျင်နယ်လူမျိုးတွေကို ဟိုးခေတ်ဟိုးအခါက ကျူးလွန်မှု့တွေကို တောင်းပန်၊ လူနည်းစု အခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးတွေ ဥပဒေတွေနဲ့ ပြဌာန်းပြီး အကာအကွယ်ပေးကြ၊ ပညာရေး လူမှုရေး တွေနဲ့ ဒေသဆိုင်ရာဖွံ့ဖြိုးရေးတွေ ပိုပြီးလုပ်ဆောင်ပေးကြနဲ့ မှားခဲ့တာတွေကို ကျေနပ်အောင်၊ ဒါမှမဟုတ်လည်း ကိုယ့်နိုင်ငံ သားတွေ လူမှုဘ၀ပညာရေးစီးပွားရေးတွေ မြှင့်တင်အောင် လုပ်ပေးကြပြီး ချစ်ချစ်ခင်ခင်နဲ့ တရားဥပဒေနဲ့အညီ ပြန်လည် တည်ဆောက်နေတာပဲ သမီးရယ်။

သမီးရယ် နိုင်ငံတခုကို တည်ဆောက်မယ်ဆိုရင် ကောင်းတာတွေပဲ နမူနာယူသင့်တာပေါ့၊ ဆိုးတာတွေကို မလုပ်မိအောင် ပညာပေးရမှာပေါ့။

သမီးရယ် ဘာသာရေးဆိုတာ တကယ်မွန်မြတ်တဲ့ ကိစ္စပါ။ ဘုရားတွေ ဟောခဲ့တဲ့အထဲမှာ လူသားချင်း ချစ်ခင်ကြင်နာကြဖို့၊ အမျိုးအဆွေတွေကို ကူညီကြဖို့၊ မေတ္တာရားတွေ၊ သည်းခံခြင်းတရားတွေနဲ့ တရားတွေကို ကျင့်ကြံလိုက်နာကြဖို့ပဲ မှာခဲ့ တာလေ။

သမီးရယ် ဘုရားတွေကောင်းတိုင်း ဘုရားသားတော် နာမည်ခံတွေ၊ သာသနာပြုပုဂ္ဂိုလ်တွေက ကောင်းနိုင်ပါ့မလား။ လူတိုင်း တောင် မကောင်းသေးတာ၊ ဘုရားသားတော် နာမည်ခံတိုင်း ကောင်းတယ်ပြောဖို့တော့ ဖေဖေ့မှာ ပါးစပ်ပါမလာဘူး။

သမီးရယ် တကယ်က လူနဲ့ တိရိစ္ဆာန်ကြားမှာ ပါးပါးလေးလေးခွဲထားတာ ခြေလေးချောင်း၊ ခြေနှစ်ချောင်းမဟုတ်ဘူး သမီးရဲ့။ အသိဉာဏ်ပညာပါပဲ သမီးရယ်။

သင်္ကန်းကိုးကွယ်တာ လူကို ကိုးကွယ်တာ မဟုတ်ဘူးလို့ တော်တော်များများက ပြောကြတော့ ဘုရားရှင် လက်ထက်မှာတောင် သင်္ကန်းပါတ် လူလိမ်တွေ ရှိခဲ့တယ်။ ကုရ်အာန်ကျမ်းကို လိုက်နာကျင့်သုံးတာဟာ မော်လ၀ီတွေပြောတိုင်း ယုံရရမှာမှ မ ဟုတ်တာ။ ဒီလိုပါပဲ ခရစ္စယာန်ဘုန်းကြီးတွေ ကလေးတွေကို လိင်ပိုင်းဆိုင်ရာစော်ကားတာတွေ တရားဥပဒေနဲ့ ဖေါ် ထုတ်တာ သမီးတွေ့မှာပေါ့။

သမီးရေ တကယ်တော့ သမိုင်းကြောင်းကိုပြန်ကြည့်ရင် ဗမာပြည်မှာ ကိုးကွယ်မှုဆိုတာက အတင်းအကြပ်ကြီးနဲ့ ဘုရင်အ မိန့်နဲ့ ရောက်လာတာကွဲ့။ သူ့ခေတ် သူ့အခါက အနော်ရထာဆိုတဲ့ ဘုရင်က လက်နက်အားကိုးနဲ့ အိမ်နီးချင်းဒေသတွေကို ကျူးကျော်တိုက်ခိုက်တယ်၊ သူ့အာဏာအတွက် အသုံးချလို့ရမယ်ထင်တဲ့ ကိုးကွယ်ယုံကြည်မှု့ကို ယူဆောင်လာတယ်။ ဘုရင်ရဲ့ အထက်မှာ မင်းဆရာရှိတယ်ဆိုပြီး အပြလုပ်တယ်။ သူနဲ့မတည့်တဲ့ အရည်းကြီးတွေကို လူယုတ်မာအဖြစ် သတ်မှတ် တယ်။ ဒါပါပဲ သမီးရယ်။

ဗမာ့ရာဇ၀င်တွေ သမိုင်းတွေမှာ ဘယ်ဘုရင်၊ ဘယ်မင်းကမှ မင်းဆရာ ဘုန်းကြီးတွေရဲ့ အမိန့်ကို နာခံလို့လည်း။ မင်းဆရာ ဘုန်းကြီးတွေသာ ဘုရင်တွေအကြိုက် တရားတွေ ဟောပေးခဲ့တာလေ။ ဘယ်ဘုန်းကြီးက မိန့်လို့ စစ်မတိုက်ဘူး၊ တိုင်းပြည် ကို မကျူးကျော်ဘူး၊ သူများသားသမီးကို မဖျက်ဆီးဘူး၊ တော်မကောက်ဘူးဆိုတဲ့ ဘုရင်ရှိလို့လဲ။ အနည်းဆုံးတော့ တောင် နန်းစံ၊ မြောက်နန်းစံ မယားကြီး မယားငယ် ကိုယ်လုပ်မောင်းတော်တွေ အများကြီးယူထားတဲ့ ဘုရင်တွေချည်းပါပဲ သမီး ရယ်။

အခုတော့ ဗမာပြည်ကို ဒီမိုကရစီလမ်းကြောင်းပေါ် ရောက်နေပြီတဲ့။

မဟုတ်က ဟုတ်ကတွေ ပြောနေကြတာပါ သမီးရယ်။

အခုမှ ဗမာပြည်ဟာ အနော်ရထာအုပ်ချုပ်တဲ့ ခေတ်ကို ပြန်ရောက်တာ။ အင်အားနည်းတဲ့ လူမျိုးစုတွေက အာဏာရှိတဲ့ စစ်တပ် ဒါမှမဟုတ် အစိုးရသစ်နဲ့ ပေါင်းကို ပေါင်းရမယ် အနေအထား၊ စစ်တပ်နဲ့ အစိုးရသစ်ကို ဝေဖန်လို့ တောင် မရဘူး။ စစ် တပ်နဲ့ အစိုးရသစ်ကို ဝေဖန်ရင် လူမသေတောင် အဲဒီလူဟာ တိုင်းပြည်သစ္စာဖောက်၊ ဖျက်လိုဖျက်ဆီးလုပ်တဲ့သူလို့ အပြောခံရတဲ့ခေတ်။

ဘာသာရေးဆိုရင်လည်း ဗုဒ္ဓဘာသာ မဟုတ်ရင် အကုန်လုံးက အယူမှားပြီး မိစ္ဆာဒိဠိလို့ အပြောခံရတဲ့ခေတ်။ ဒီလိုပဲ တိုင်းရင်း သားတွေ၊ လူနည်းစုတွေကို မတရားဖိနှိပ်ဆက်ဆံ ခံနေရတဲ့ ခေတ်။ ဒီကြားထဲ ပြည်သူလူထုဘက်က ရပ်တည်ရင် အစိုးရက နှိပ်ကွပ်မယ်၊ ဒီလူတွေက နတ်တွေ ပြန်ဖြစ်သလို သူရဲကောင်းတွေ ဖြစ်လာတဲ့ ခေတ်။

ပဒေသာရာဇ် ခေတ်လိုပဲ နန်းကျဘုရင် သမီးကို မိဖုရားမြှောက်ပြီး တိုင်းပြည်ကြီးကို အေးချမ်းသာယာစွာ အုပ်ချုပ်နေကြောင်း ဘုရင်ကို သတ်ပြီး ဘုရင် ဖြစ်လာတဲ့သူတွေက ပြနေတဲ့ ခေတ်ကြီး။

သမီးရေ ပညာကို ကြိုးစားသင်ပါကွယ်၊ ခေတ်ကြီးက လိမ်နိုင်မှ အာဏာရတဲ့ ခေတ်၊ လူကြိုက်များတဲ့ ခေတ်။ ပြည်သူလူထု တရပ်လုံးက သူရဲကောင်းကို ကိုးကွယ်နေပြီ ဆိုကတည်းက အဲဒီနိုင်ငံမှာ လူနဲ့ တိရိစ္ဆာန်ကို စည်းခြားထားတဲ့ အသိတရားနဲ့ ဆင်ခြင်တွေးတောနိုင်တဲ့ ပညာ ရှားပါးသွားပြီဆိုတာကို သိရမှာပေါ့။

သမီးရေ မှတ်ထားနော် ဗမာပြည်က ဒီမိုကရေစီ ဆိုတာထက် အနော်ရထာခေတ်ကို ပြန်ရောက်သွားပြီ။