မျိုးတေဇာမောင် ● ကားလ်မာက်စ် ရှင့်ကို ကျွန်မ လုံးဝခွင့်မလွှတ်ဘူး


မျိုးတေဇာမောင် ● ကားလ်မာက်စ် ရှင့်ကို ကျွန်မ လုံးဝခွင့်မလွှတ်ဘူး
(မိုးမခ) ဒီဇင်ဘာ ၈၊ ၂၀၁၆

အတွေးပွားစရာ ကဗျာတိုလေးတစ်ပုဒ်ပါ။ Poetry International Web မှာဖတ်လိုက်ရတယ်။ ကဗျာကို သရုပ်ဖေါ် ဗွီဒီယိုဖိုင် ပါတင်ထားတာကြည့်ဖူးပေမယ့် အခု ရှာမတွေ့တော့ပါ။အီဂျစ်ကဗျာဆရာမ Iman Mersal ရဲ့ကဗျာပါ။ Iman Mersal ကို ၁၉၆၆ အီဂျစ်နိုင်ငံမြောက်ပိုင်း မြစ်ဝကျွန်းပေါ်မှာ မွေးဖွားပါတယ်။ အာရပ်ကဗျာလောကရဲ့ ကျော်ကြားတဲ့ကဗျာဆရာမ တစ်ယောက်ပါပဲ။ အိမ်ထောင်ရှင်မ ကလေးနှစ်ယောက်မိခင်ပါ။ ကနေဒါနိုင်ငံ The University of Alberta မှာ အာရပ်ဘာ သာစကား လက်ထောက်ပါမောက္ခလည်းဖြစ်ပါတယ်။ ကဗျာစာအုပ်ပေါင်း ၅ အုပ်ထုတ်ဝေပြီးပါပြီ။ အခုမိတ်ဆက်ပေးမယ့် ကဗျာတိုလေးကတော့ Respecting Marx တဲ့။

မာ့က်စ်ကို လေးစားကြည်ညိုခြင်း

အတွင်းခံဘောင်းဘီတွေ ချိတ်ဆွဲထားတဲ့
အလင်းရောင်တောက်ပ စတိုးဆိုင်ရှေ့ရပ်ရင်း
ကျွန်မ မာ့က်စ်အကြောင်းတွေးတာ
ရပ်လို့မရဘူး။

ကျွန်မက ခင်မင်သူတွေနဲ့ မျှဝေခဲတဲ့
တစ်ခုတည်းသောအကြောင်းအရာဟာ
မာ့က်စ်ကို လေးစားကြည်ညိုကြောင်းပဲ
ကျွန်မခန္ဓာကိုယ်ထဲဖွက်ထားတဲ့ ဝါဂွမ်းရုပ်တွေကို
ဒီဂရီ အမျိုးမျိုးကနေကုတ်ဖဲ့ဖို့
သူတို့ကို ကျွန်မခွင့်ပြုခဲ့တယ်။

မာ့က်စ်
ကားလ်မာ့က်စ်
ရှင့်ကို ကျွန်မဘယ်တော့မှ ခွင့်မလွှတ်ဘူး။

Iman Mersal ရဲ့ Respecting Marx ကို ဘာသာပြန်တယ်။

မျိုးတေဇာမောင်

ပုံ အီဂျစ်ကဗျာဆရာမ Iman Mersal