ဆောင်းယွန်းလ ● နှစ်သုံးဆယ်နီးပါး ဘဝမှာ

 ဆောင်းယွန်းလ ● နှစ်သုံးဆယ်နီးပါး ဘဝမှာ
(မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၁၆

ပန်းပျိုးသူ ပန်းမခူးရလို့ဆိုတဲ့
ပန်းဥယျာဉ်မှူး ဘဝနဲ့
သစ်ခုတ်သမား ပန်းပုထုခွင့်မရှိတဲ့ ဘဝမှာ
နှစ်သုံးဆယ်နီးပါးကြာခဲ့တယ်။

မြက်ခင်းပေါ်မနင်းရဆိုလို့
လမ်းဘေးလမ်းလျှောက်သူ ဘဝနဲ့
ညကြီးမိုးချုပ် လမ်းမထွက်ရဆိုလို့
နေ့လယ်ခင်း ငုတ်တုပ်ထိုင်သူ ဘဝမှာ
နှစ်သုံးဆယ်နီးပါးကြာခဲ့တယ်။

အရိပ်လိုရင် နေပူမှာစောင့်ရမယ်ဆိုလို့
အနီအောက်ရောင်ခြည်နဲ့
ခရမ်းလွန်ရောင်ခြည်တွေအောက်မှာ
ကိုယ့်အရိပ်တွေ ကိုယ့်ဆီပြန်အလာကိုစောင့်ရင်း
နှစ်သုံးဆယ်နီးပါးကြာခဲ့တယ်။

အရိပ်ကိုရှာရင်း
ကိုယ်တိုင် အရိပ်ဖြစ်နေခဲ့ရလို့
အရိပ်ကို ဖျာလိုခင်းအိပ်သူက အိပ်သွား
အရိပ်ကို ဆင်နင်းသလိုနင်းသူက နင်းသွား
အရိပ်ထဲ ရေခပ်ဆင်းသူက ဆင်းသွား
အရိပ်ပေါ် လက်ဖက်ရည်ဆိုင်လိုထိုင်သူက ထိုင်သွား
အရိပ်ပေါ် ဂုံးကျော်တံတားလိုဖြတ်သူက ဖြတ်သွားကြတာ
နှစသုံးဆယ်နီးပါးကြာခဲ့တယ်။

ဒီလိုပါပဲ နှစ်သုံးဆယ်နီးပါးမှာ
ပျော်စရာတွေ ကိုယ့်ဆီဆိုက်ဆိုက်လာမလားလို့
ဘုရားတက်ဖူးရင်
အကုသိုလ်မြှားဦးတွေက တရားဦးလိုကြွေတယ်။

ဒီလိုပါပဲ မျှော်တိုင်းမနီးတဲ့ ရွှေပြည်ကြီးအတွက်
ရွှေပြည်အေးတရားတွေ မနာချင်လို့
မချစ်မနှစ်သက်တဲ့ စစ်ကို
ခါးသက်သက်နှုတ်ခမ်းတွေနဲ့ အောင့်နမ်းနေခဲ့ရတာ
နှစ်သုံးဆယ်နီးပါးကြာခဲ့တယ်။

ဆောင်းယွန်းလ
(ဒီဇင်ဘာ ၁၆ရက်၊ ၂၀၁၆)