မိုက်ခဲစိန် ● ငါက ရိုဟင်ဂျာ၊ နင်က ဒါကို မမြင် … တဲ့လား


မိုက်ခဲစိန် ● ငါက ရိုဟင်ဂျာ၊ နင်က ဒါကို မမြင် … တဲ့လား
(မိုးမခ) ဒီဇင်ဘာ ၆၊ ၂၀၁၆

ငါက ဗိုလ်အောင်ဒင် သီချင်းတွေ ညံနေတုန်းမှာပဲ အမေရိကားမှာ ဒေါ်နယ်ထရန့်တယောက် စကြာဝတေးမင်း ဖြစ်တော့တာပဲ။ ဘာဆိုင်လို့တုန်း ဆိုရင် အေး … အဲဒါပဲလေ …ဘာဆိုင်လို့တုန်း လို့ ဆိုပြီးပြန် ဖြေရမှာ။ ဒေါ်နယ်ထရန့် မင်းဖြစ်တဲ့ပုံက သူ့ဖာဘာသာသူ ကျောက်ဖျာပေါ်ထိုင်ပြီး တဦးတည်း ကွက်စိတ်ဇာတ်ကနေတုန်း မင်းလောင်းရှာတဲ့ ဖုတ်သွင်းရထားကြီးက ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ဆိုက်လိုက်သလိုပဲ။ ဒါက မိုက်ခဲစိန် တဦးတည်း အမြင်ပါ။ ပြောချင်တာက “ဘာဆိုင်လို့တုန်း” ဆိုတာပဲ။ ဘာမှ မဆိုင်ဘူး ဖြစ်ချင်ရင် ဖြစ်ကို ဖြစ်လာတော့တာပါ။ ဒါပေမယ့် မဖြစ်ခင်မှာ ကမ္ဘာကြီးကို အချက်တွေ အတိတ်နမိတ်တွေ ပြတယ်။

ရုရှားမှာ ပူတင်၊ ဗြိတိန်မှာ Brexit , ဥရောပက ဒုက္ခသည်များနဲ့ အမျိုးသားရေးဝါဒီများ၊ ဖိလစ်ပိုင်က ဒူးတားတေး စတာတွေဟာ ဗိုလ်အောင်ဒင်တွေ လာနေပြီဆိုတာ အတိတ်နမိတ်ပြနေသလို ဖြစ်မနေဘူးလား။ ဒါနဲ့ ဗိုလ်အောင်ဒင်ဟာ လော်စပီကာတွေကို သိမ်းပိုက်လိုက်တယ်။ ဒါနဲ့ ဒေါ်နယ်ထရန့်ဟာ အမေရိကန်ကို သိမ်းပိုက်လိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရတို့က တပ်မတော်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ဂိုးပြတ်နဲ့ အနိုင်ယူလိုက်တဲ့ ၂၀၁၅ နှစ်ကုန်မှာ နိုင်ငံတကာက ဒီမိုကရေစီတွေ လူ့အခွင့်အရေးအဖိနှိပ်ခံတွေဟာ မျှော်လင့်ချက် ရောင်ခြည်တွေ သန်းပြီလို့ အထင်ရောက်ကုန်ကြတာကနေ ၂၀၁၆ နှစ်ကုန်မှာ အမှောင်ရိပ်ထိုးလာသလို ဖြစ်တယ်လို့ ပြောရမလိုပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အ၀ါ သြဇာအာဏာဟာ ၂၀၁၆ နိုင်ငံတကာခရီးစဉ်တွေမှာ အရှေ့ကနေ၀န်း ထွန်းသည့်သမာ ကျယ်ပြန့်တောက်ပြောင်လာချိန်မှာ အနောက်အုပ်စုကလည်း ဆန်ရှင်တွေ ရုတ်သိမ်း၊ အကူအညီတွေ တိုးပြီး ပေး၊ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့လည်း မေးခွန်းတွေ ဘာတွေ ဘာဘာညာညာ ထုတ်မနေတော့ပါဘူးလို့ ဆိုလာကြချိန်မှာ အောက်တိုဘာကစပြီး ဇာတ်လမ်းတွေက စလာကြတော့တာမဟုတ်လား။

ရိုဟင်ဂျာ ကိစ္စဟာ နှစ် နိုင်ငံ နယ်စပ်က လူမျိုးစုတွေ လူမျိုးရေးတွေရဲ့ ပြသနာဖြစ်တယ်။ ဒါကို အလေးအနက်ထားပြီး ကိုင်တွယ်ရမယ်ဆိုတာကို ဒေါ်စုနဲ့ အစိုးရဘက်က တောက်လျောက် အသိအမှတ်ပြု ပြောဆိုနေခဲ့ကြပြီးသားပါ။ ရိုဟင်ဂျာဆိုတဲ့ အမည်ကိုတောင် အရင်အစိုးရပေါ်လစီအတိုင်း ဒေါ်စုကိုယ်တိုင်က အတည်ပြုပြောဆိုခြင်း မရှိပါဘူး။ နယ်စပ်ဒေသမှာ ရောက်ရှိနေထိုင်နေတဲ့ ဘင်္ဂလီလူမျိုးတွေလို့သာ ပြောဆိုပါတယ်။ သို့သော်လည်း ဒေါ်စုရဲ့ နိုင်ငံတကာခရီးစဉ် အောင်မြင်မှုတွေနောက်၊ လူ့အခွင့်အရေးကိစ္စတွေကို နိုင်ငံတကာအစိုးရတွေနဲ့ ကုလသမဂ္ဂကိုယ်တိုင်က နားလည်မှု ရယူပေးထားတဲ့နောက်မှာ မြန်မာအစိုးရရဲ့ လုံခြုံရေးရဲတပ်စခန်းတွေကို အကြမ်းဖက်တိုက်ခိုက် ခံရမှု ဖြစ်စဉ်တွေ ဖြစ်ပွားလာတော့တာပါပဲ။ သည်မှာတင် “အကြမ်းဖက်ရိုဟင်ဂျာ”ဆိုတဲ့ အသုံးအနှုန်းကို အကြမ်းဖက်အဖွဲ့ကိုယ်တိုင်ကကော အကြမ်းဖက်ခံလိုက်ရတဲ့ မြန်မာအစိုးရကိုယ်တိုင်ကကော သုံးစွဲကြရပြီး နိုင်ငံရေးစာမျက်နှာကို လှန်လိုက်ရပါတယ်။

“အကြမ်းဖက်ရိုဟင်ဂျာ” ဆိုပြီး ဖြစ်ပွားလာတဲ့ အရေးအခင်းမှာ နောက်ကွယ်က အားပေးထောက်ခံနေသူတွေဟာ နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ အဆက်အစပ်ရှိနေတယ်။ လှုပ်ရှားနေတယ်။ ဆက်လက်ပြီး ရှေ့တိုးလာနေတယ် ။ အစိုးရတွေကော လူမှုအသိုင်းအ၀န်းကကော ၀ိုင်းဝန်း ကာကွယ် နှိမ်နှင်းရမယ်ဆိုတဲ့ အသံဟာ ရက်သတ္တပတ်လောက်ပဲ ခံပါတယ်။ နောက်ပိုင်းမှာ အနောက်မီဒီယာ၊ အနောက်အစိုးရနဲ့ အနောက်လူ့အခွင့်အရေးအဖွဲ့တွေသာမက အချို့သော မွတ်ဆလင်အဖွဲ့အစည်းတွေကိုယ်တိုင်က အတည်မပြုနိုင်တဲ့ မခိုင်လုံတဲ့ သတင်းတွေ လုပ်ကြံသတင်းတွေ ၀ါဒဖြန့်ချိရေးတွေနောက် ကောက်ကောက်ပါအောင် လိုက်ကုန်ကြပြီးတဲ့နောက် “အကြမ်းဖက်ခံရိုဟင်ဂျာ” အရေးအခင်းအဖြစ် ပုံသွင်း ထုတ်ဖော်ခြင်း ခံလိုက်ရတော့တာပါပဲ။

အကြမ်းဖက်ရိုဟင်ဂျာမှသည် အကြမ်းဖက်ခံရိုဟင်ဂျာ အရေးအခင်းအဖြစ်ဆီသို့ ရွေ့ရတဲ့ အဖြစ်ဟာ အမေရိကားက ၂၀၁၆ ရွေးကောက်ပွဲမှာ လုပ်ကြံသတင်းတွေ လှုံ့ဆော်ဖန်တီးထားတဲ့ သွေးထိုးမှု ကောလဟာလတွေ လှိုင်းစီးပြီး လက်ယာစွန်းတွေ စင်ပေါ်တက်လာကြတာနဲ့ အလားသဏ္ဍန် ဆင်တူတယ်လို့ ဆိုချင်ပါတယ်။ တဖက်ကပြန်ကြည့်ရင်လည်း ဆီးရီးယားဒုက္ခသည်တွေကြားထဲက စိမ့်ဝင်နေတဲ့ ဘာသာရေးအစွန်းရောက်တွေရဲ့ အကြမ်းဖက်မှုတွေကို ခံစားနေရာတဲ့ ဥရောပလူမှုအသိုင်းအ၀ိုင်းဟာ အကာအကွယ်မဲ့ဖြစ်နေရတယ်လို့ ခံစားကြရပြီး အမျိုးသားရေးဝါဒီတွေကသာလျင် သူတို့ကို နိုင်ငံတကာအကြမ်းဖက်ကျုးကျော်မှုတွေက တွန်းလှန်ပေးလိမ့်မယ်လို့ သဘောထားတွေ အသံတွေ ထွက်ပေါ်လာကြတာမျိုးတွေကို ပမာဆောင်ကြည့်နိုင်ပါတယ်။ အကြမ်းဖက်ရိုဟင်ဂျာတွေရဲ့ အန္တရာယ်ဆိုတာထက် အကြမ်းဖက်ခံ ရိုဟင်ဂျာတွေရဲ့ ဒုက္ခကို ကယ်တင်ကြဖို့အရေးဟာ ရှေ့တန်းကို တိုးဝှေ့ ရောက်လာတဲ့အခါ မတူညီသောဘာသာရေးတွေ လူမျိုးရေးတွေကြားထဲက အက်ကြောင်းဟာ ပိုပြီး ကွဲအက်လာပါတော့တယ်။

အကြမ်းဖက်ရိုဟင်ဂျာဆိုတာထက် အကြမ်းဖက်ခံရိုဟင်ဂျာတွေအတွက် ဆိုတာ ဘယ်လောက်ထိ တာသွားသလဲဆိုတော့ ခုပဲ မလေးရှားမှာ မူဆလင်သာသာဝင်အချို့က မခံမရနိုင်ဖြစ်ပြီး ဆန္ဒပြကုန်ကြပါတယ်။ မလေးရှားဝန်ကြီးချုပ်ကိုယ်တိုင်ကလည်း အကြမ်းဖက်ခံ ရိုဟင်ဂျာတွေဘက်က ၀င်ရောက် ဆန္ဒပြပြီး မဲဆွယ် စည်းရုံးမယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ တပတ်က အိုဟိုင်းအိုးတက္ကသိုလ်မှာ ဆိုမာလီသား မူဆလင်ကျောင်းသားဟာ အဖိနှိပ်ခံ ဘာသာတူတွေအတွက် (မြန်မာနိုင်ငံက အကြမ်းဖက်ခံ ရိုဟင်ဂျာတွေအတွက်) မခံမရပ်နိုင်ဖြစ်ပြီး ကျောင်းဝင်းထဲမှာ ဒါးကိုင်ပြီး အကြမ်းဖက်ပါတော့တယ်။ အဲသည်ဆိုမာလီကျောင်းသားငယ်ကို ရဲက ပစ်သတ်လိုက်တော့ အိုင်းဇစ် အမည်ခံ နိုင်ငံတကာအကြမ်းဖက်အဖွဲ့က ဒါ သူတို့လက်ချက်ပါလို့ ဂုဏ်ဝင်ယူလိုက်ပါတယ်။ အကြမ်းဖက်ရိုဟင်ဂျာအရေးအခင်းမှာ တပ်မတော်က ရွာတွေကို မီးလောင်တိုက်သွင်းတယ်၊ လူမျိုးတုန်း သတ်ဖြတ်တယ်၊ မိန်းမတွေကို အဓမ္မကျင့်ပါတယ်ဆိုပြီး စွပ်စွဲမှုတွေ လှုံဆော်မှုတွေ တောမီးများလို ပြန့်ကုန်လို့ မြန်မာအစိုးရသာမက ယူအန်တွေ ဘာတွေကိုယ်တိုင် ဆင်းပြီး ရှင်းလင်းရပါတယ်။ ဖြေရှင်းယူရပါတယ်။ နောက်ဆုံးတော့ တွေ့ရတာက အကြမ်းဖက် ရိုဟင်ဂျာတို့ အကြမ်းဖက်ခံ ရိုဟင်ဂျာတို့ ဆိုတာထက် (နောက်ကွယ်) (ရှေ့ရောက်) အုပ်စုကြီးများ အစုအဖွဲ့ကြီးများရဲ့ အသုံးချခံဖြစ်နေတာ ဓားစာခံဘင်္ဂလီတွေပါ။ အဲသည်လို ဆိုချင်လိုက်ပါတော့တယ်။ ဓားစာခံရိုဟင်ဂျာလို့ ခေါ်ချင်လည်း ခေါ်ကြပါလို့။

အခုသည်တခေါက်ကျတော့မှပဲ ရိုဟင်ဂျာအမည်ဟာ ပေါက်သွားတယ်လို့ ရိုဟင်ဂျာလူမျိုးစုအရေး အဆိုပါဘာသာတူတို့အရေးကို စဉ်ဆက်တစိုက် လှုံဆော် လုပ်ကိုင်နေကြသူ အဖွဲ့အစည်းများ ဟင်းချ နိုင်ကြရတယ်လို့ ဆိုနိုင်ပါတယ်။ တလျောက်လုံး သူတို့တွေ အော်ဟစ်တောင်းဆိုလာတာ ရိုဟင်ဂျာပါ။ မြန်မာ ဘင်္ဂလားနယ်စပ်ဒေသက ဘင်္ဂလီလူမျိုးများအရေး မဟုတ်ခဲ့ပါ။ ဟိုမှာကြည့်လည်း ဗိုလ်အောင်ဒင်၊ ဒီမှာကြည့်လည်း ဗိုလ်အောင်ဒင် ဆိုသလို ရိုဟင်ဂျာတွေလည်း အကြမ်းဖက်အဖွဲ့အမည်ကို ပြောင်ပြောင်တင်းတင်း ယူလိုက်တော့မှပဲ နိုင်ငံတကာက လက်ခံကြ၊ မြန်မာအစိုးရကိုယ်တိုင်ကလည်း အကြမ်းဖက်ရိုဟင်ဂျာတွေလို့ နာမ၀ိသေသနပြု လက်ခံကြလေသလား မသိပါ။ သို့သော်လည်း အကြမ်းဖက် ရိုဟင်ဂျာဆိုတာထက် အကြမ်းဖက်ခံ ရိုဟင်ဂျာဆိုတာအဖြစ် ပြောင်းလဲပြီး ဆက်လက် တောင်းဆိုကြ ဝေဖန် ထောက်ပြနေကြပြီ ဆိုကြပါစို့။

ပြောချင်လဲ ပြောစရာပါ။ ရိုဟင်ဂျာအမည်နဲ့ အဖွဲ့အစည်းတွေဟာ နယ်စပ်ဒေသက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြရာမှာ  မြန်မာပြည်အရေးမှာ တိုင်းရင်းသားတွေအရေး ရှေ့တန်းရောက်လာသလို ရိုဟင်ဂျာအရေး ရှေ့တန်းရောက်လာဖို့ လက်တွဲလုပ်ကြဖို့ ကြိုးပမ်းခဲ့ကြတာ ဆွေးနွေးကြတာ အကြိမ်ကြိမ်အခါခါလို့ ဆိုကြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက လက်ခံခဲ့ကြသလား၊ မဟာမိတ်ဖွဲ့ခဲ့ကြသလားဆိုတာကတော့ ကာယကံရှင်တွေ ကိုယ်တိုင်မှ သိပါလိမ့်မယ်။ မိုက်ခဲစိန်တို့ ကြားဖူးတာကတော့ ၉၀ခုနှစ်များ တချိန်က DAB အစည်းအဝေးတခုမှာ ရိုဟင်ဂျာအဖွဲ့အစည်းကြီးတခုကို မဟာမိတ်စာရင်း လက်တွဲစာရင်းထဲ ထည့်ဖို့ ဆွေးနွေးကြတဲ့အခါ တိုင်းရင်းသားအရေးကို အခြေခံတဲ့ မဟာမိတ်တွေမို့ ဘာသာရေးတွေ နိုင်ငံရေးအယူဝါဒတွေကို လက်မခံဆိုတဲ့ အခြေခံစည်းမျဉ်းတခုကြောင့် သူတို့ကို လက်ခံသင့်မသင့်ကို ကျောင်းသားတွေဘက်က မေးခွန်းထုတ်ခဲ့ဖူးပါသတဲ့။ နောက်တော့ ဘာဆက်ဖြစ်သလဲ ဆက်စုံစမ်းတော်မူကြပါရန်။

နောက်တချက် ပြောစရာကတော့ အမေရိကားနဲ့ ကနေဒါမှာလည်း ရိုဟင်ဂျာအရေးက အလွန်စွာပါတယ်။ မြန်မာ့ဒီမိုကရေစီအရေးဟာ ဦးသိန်းစိန်နွေဦးကြောင့် ဥတုရာသီ သာသာယာယာဖြစ်လာချိန်မှာ နိုင်ငံရေး လူမှုရေး ဘာအရေး ညာအရေး အဖွဲ့အစည်း အစုအဖွဲ့များ အလွန်အကြပ်ရိုက်ချိန်မှာ ရိုဟင်ဂျာအရေးကတော့ ပန်းပန်လျက်ပဲ ဆိုရမှာပါ။ ဆိုတော့ အဖွဲ့အစည်းတွေရဲ့ မြန်မာ့ဒီမိုကရေစီအရေး နည်းဗျုဟာ မဟာဗျူဟာ ချည်းကပ်မှု အပြောင်းအလဲမှာ ရိုဟင်ဂျာအရေးဆိုတာ ကိုင်စွဲသင့်တဲ့အရာလို့ မြန်မာ့အရေး ပူပန်လှုံဆော်သူကြီးအချို့က ဆုံးဖြတ်ချက်ချကုန်ကြလို့ သူတို့အဖွဲ့အစည်းတွေအတွင်းက မြန်မာတိုင်းရင်းသား တက်ကြွသူတွေကိုယ်တိုင် (သဘောထားချင်း မတူနိုင်လို့) တာဝန်ကနေ နောက်ဆုတ်ပေးရတာတွေ ရှိခဲ့ဖူးပါတယ်။

သည်တော့ အကြမ်းဖက်တွေ အကြမ်းဖက်ခံတွေ လို့ ဘယ်လိုပြောပြော သုံးနှုံးကြပါစေ၊ တကယ်တမ်းမှာကတော့ အောက်ဆုံးအခြေခံလူတန်းစားဟာ လက်တွေ့မှာ ဒါးစာခံများ အသုံးချခံများ သက်သက်ဖြစ်နေတယ်လို့ ဆိုချင်တာပါ။ ဥပမာဆောင်ရသည် ရှိသော် … အနီးဆုံး တိုင်းရင်းသားလူမှုအဖွဲ့အစည်းဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများနဲ့ သာဓက ဆောင်ပါမယ်။ ဘင်္ဂလီအရေးအခင်းမှာ ရခိုင်ပြည်နယ်နဲ့ ရခိုင်ဒေသခံတွေဟာ အနီးကပ် ခံစားသိရှိရသူတွေ ဖြစ်ပါတယ်။ ရခိုင်တွေကိုလည်း အကြမ်းဖက်ရခိုင်တွေ၊ အကြမ်းဖက်ခံ ရခိုင်တွေအဖြစ် အစိုးရ၊ အဖွဲ့အစည်း၊ မီဒီယာနဲ့ နိုင်ငံရေုးုအုပ်စုတွေက လွန်ဆွဲခဲ့ကြတာပါ။ အခုလည်း လွန်ဆွဲနေကြဆဲပါ။ ဒေသခံရခိုင်တွေဟာ ဘက်လိုက်သူတွေရဲ့ မျက်စိအောက်မှာ အကြမ်းဖက်တွေဖြစ်လိုက်၊ အကြမ်းဖက်ခံတွေ ဖြစ်လိုက်နဲ့ အသုံးတော်ခံနေကြရပါတယ်။

သည်လိုမျိုး သတင်းတွေ သွေးဆောင်ဖြားယောင်းမှုတွေ လုပ်ကြံဖန်တီးထားတဲ့ သတင်းတွေအောက်မှာ ရခိုင်တွေကိုယ်တိုင်ကလည်း (ဘင်္ဂလီတွေကို မုန်းသလိုမျိုး ဒေါ်စုကိုပါ တူးတူးခါးခါး မုန်းတီးနေတယ်၊ အလိုမရှိဘူး၊ ဆန့်ကျင်တယ်) ဆိုပြီး ဖြစ်နေပါတော့တယ် မဟုတ်ပါလား။ ဘင်္ဂလီဖြစ်ဖြစ် ရိုဟင်ဂျာဖြစ်ဖြစ် အဆိုပါဒေသရောက်နေတဲ့ လူမျိုးစု လူမှုအဖွဲ့အစည်းဟာ တရားဥပဒေ တရားမျှတသော ပြဌာန်းချက်များနဲ့ အညီ ရင်ဆိုင်ကြရမယ့်အစား အမုန်းပွား၊ သံယယတွေပွားနေကြရပါတယ်။ ဒေါ်စုဟာ နိုင်ငံတကာခရီးစဉ်ထွက်တိုင်း မီဒီယာတွေ အဖွဲ့အစည်းတွေ နိုင်ငံရေးအုပ်စုတွေက ရိုဟင်ဂျာအရေးနဲ့ “ကျွေး” တာကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး မြန်မာနိုင်ငံသားအရေး မြန်မာပြည်အရေးကို အဖြေပေးနေခဲ့ရရှာတာပါ။ သည်တော့ “ကျွေး”တာကို မစားလို့ ဟိုဘက်ကလည်း မကြိုက်၊ ဒီဘက်ကလည်း ဒေါ်စုဟာ နုလွန်းတယ်ဆိုပြီး ရခိုင်တွေကလည်း အထူးသဖြင့် မကြိုက်ကြပြန်ပါ။ မော်ဂင်ဖရီးမှန်းမသိ ကိုဖီအာနမ်မှန်းမသိဘဲ လူပြိန်းတွေဟာ ကန့်ကွက်ဆန္ဒပြ ရှုံ့ချနေကြသလိုမျိုး အကြမ်းဖက်တွေလား အကြမ်းဖက်ခံတွေလား ဒါးစာခံတွေလား ဘာမှန်း ညာမှန်းမသိ အားလုံးစုံပေါင်းအပြစ်ပုံချတဲ့ပြီးတော့ ဒေါ်စုကိုလည်း လူမျိုးတုံးသတ်ဖြတ်သူ ဟစ်တလာနဲ့ တတန်းတည်း ထားဖို့ ကြိုးစားနေကြပြန်ပါတယ်။

အမေရိကားမှာတောင် လုပ်ကြံသတင်းတွေနောက် ကောက်ကောက်ပါအောင်လိုက်ပြီး သွေးထိုးလှုံဆော်မှုတွေအောက် နားယောင်ကြရလို့ ဗိုလ်အောင်ဒင်တောင် ဘုရင်ဖြစ်နိုင်တဲ့ ခေတ်ကြီးမှာ ရိုဟင်ဂျာအရေး အခုလို မီးတောက်ပြနေတာ “ဘာဆိုင်လို့တုန်း” မမေးကြည့်ပါနဲ့။ သေချာ ထ ကြည့်ကြစေလိုပါတယ်ခင်ဗျ။

(ဒေါ်စုဟာ ဂျပန်သွားလိုက်တာ ဒေါ်လာတွေ အများကြီး ရလာတယ်။ အဲဒါတွေ အားလုံး ရိုဟင်ဂျာတွေအတွက် သုံးပစ်မှာ) ဆိုပြီး လုပ်ကြံသတင်းနောက်မှာ လူပြိန်းတွေဟာ လိုက်ခ်တွေ အများကြီးနဲ့ ကောက်ကောက်ပါအောင် လိုက်နေကြပါတယ်။ ယခင်အစိုးရနဲ့ ယခင်ရခိုင်လွှတ်တော်ဟာ ရခိုင်ပြည်နယ်အတွက် အစွမ်းကုန် မျိုးချစ်ပြခဲ့တယ်ဆိုပြီး အထင်တွေ ရောက်၊ ကောက်ချက်တွေ ပေးနေချိန်မှာ မေးသင့်တဲ့ မေးခွန်းက ယခင်အစိုးရသက်တမ်းမှာ ရခိုင်ပြည်နယ်က အစိုးရနဲ့ လွှတ်တော်က ပြည်နယ်ဖွံ့ဖြိုးရေးဘတ်ဂျက်တွေ ဘယ်လိုဖြစ်သွားသလဲ၊ ဘယ်လို သုံးစွဲခဲ့လို့လဲ ဆိုတဲ့ မေးခွန်းပါ။ အချို့ပြည်နယ်တွေက အစိုးရတွေ လွှတ်တော်တွေက ပြည်နယ်ဘတ်ဂျက်တွေကို အသုံးမချဘဲ ဘဏ်ထဲမှာအပ် အတိုးကို ထုတ်၊ ပြီးတော့ ဘာမှ မလုပ်ဖြစ်ဘူးဆိုပြီးတော့ ပြည်ထောင်စုကို ပြန်အပ်လိုက်တယ်ဆိုတာမျိုး ကြားမိကြပါသလား။ ပြည်နယ်ဘတ်ဂျက်ကို မစီမံတတ်တာနဲ့ ဗဟိုပြည်ထောင်စုက အစိုးရ၀န်ကြီးဌာနတွေကို အပ်လိုက်မိတာ အဆိုပါဝန်ကြီးဌာနတွေက စီမံကိန်းတွေ အကောင်အထည်မဖော်ဖြစ်ဘဲ ဘဏ်တိုးစား၊ တခြားမှာ လှည့်ထားကြပြီးနောက် သက်တမ်းကုန်တော့မှ စီမံကိန်းမဆောင်ရွက်ဖြစ်၍ ပြည်နယ်ကို ပြန်အပ်လိုက်သည်ဆိုတဲ့ သတင်းတွေကော မကြားလိုက်ကြဘူးလား မသိပါ။ နိုင်ငံရေးအုပ်စုတွေ ခရိုနီကြီးတွေရဲ့ လှည့်ဖြားမှုတွေရဲ့ ဒါးစာခံတွေဟာ ပြည်သူတွေပါ။ တိုင်းရင်းသားတွေ ကိုယ်တိုင်ပါ။ ဒါကိုလည်း မျက်စိမမှောက်ဖို့ လိုလိမ့်မယ် ထင်ပါတယ်။

ရိုဟင်ဂျာအမည်ခံ အဖွဲ့အစည်းတွေ အသိုင်းအ၀ိုင်းတွေဟာ အကြမ်းဖက်တွေ အကြမ်းဖက်ခံတွေဆိုပြီး လှုပ်လှုပ်ရှားရှားဖြစ်နေကြချိန်မှာ တခါတည်း သတိချပ်ကြရမှာကာ အကျိုးစီးပွားပေါင်းမျိုးစုံ ရောယှက်ပါဝင်နေတဲ့ ပြည်တွင်းစစ်မီးကြီးဖြစ်ပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံဆိုတဲ့ ခြေလှမ်းအဖြစ် ပြောင်းလှည့်ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ အဖြေရှာကြဖို့ အသံပြုလိုက်ချိန်မှာပဲ  ပြည်တွင်းစစ်မီးကြီးဟာ လောင်စာတွေ တိုးမြှင့်ပြီး ပိုမို တောက်လောင်လာလေသလားပါ။ အဲသည်မှာလည်း အကြမ်းဖက် တိုင်းရင်းသားတွေ ၊ အကြမ်းဖက်ခံ တိုင်းရင်းသားတွေ ဆိုတာထက်၊ အကြမ်းဖက် တပ်မတော်၊ အကြမ်းဖက်ခံ တပ်မတော်ဆိုတာထက် ဒါးစာခံတိုင်းရင်းသားတွေ၊ ဒါးစာခံတပ်မတော်သားတွေလို့ ဆိုကြပြီး စစ်ပွဲတွေ ရပ်နိုင်ကြမယ်၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို ဦးတည်ကြမယ်ဆိုရင် ကောင်းမွန်သင့်တော်မယ် မဟုတ်ပေဘူးလားဗျာ။

သည်လိုမျိုးတော့ မဟုတ်ဘူးဟေ့။ တို့ကတော့ ရန်ကို ရန်ချင်း တုန့်နှင်းရမယ်၊ သွေးထိုးလှုံဆော်မှု လုပ်ကြံမှုတွေနောက်ကို ကောက်ကောက်ပါအောင် လိုက်ကြရမယ် ဆိုလို့ကတော့ ဗိုလ်အောင်ဒင်သီချင်းလေးကို ဒီလို ပြင်ဆိုပြီး ယိုးဒယားက က နေရုံသာ ရှိတော့တာပေါ့ခင်ဗျား။

“အို ဘာတဲ့ …
ငါက ရိုဟင်ဂျာ
နင်က ဒါကို မမြင်
ငါ့အသည်းကို ခလုတ်တိုက်သွားတယ်
မင်းလေးရယ် သိပ်မိုက်တယ် …”