အဲလိုထူး ● ဆောင်းဦးပေါက် ရုပ်ရှင်


အဲလိုထူး ● ဆောင်းဦးပေါက် ရုပ်ရှင်
(မိုးမခ) ဒီဇင်ဘာ ၈၊ ၂၀၁၆

စိတ်မပါ လက်မပါ ဆောင်းက ခြေလှမ်းအစတော့ ရောက်ရှိလာခဲ့ပါပြီ။ မနက်မလင်းခင်အချိန်ကလေးမှာ နှင်းကို ဖြတ်ကနဲ တွေ့လိုက်ရတယ်။ လွမ်းစရာကောင်းလိုက်တာ။ အဲဒီကာလအတွင်းမှာတော့ ဆောင်းက ပီပီပြင်ပြင်ပွင့်တယ်ပြောရမှာပေါ့။ ချမ်းလည်း ချမ်းတယ်…လွမ်းလည်း လွမ်းတယ်။

ငယ်ဘဝ ဆောင်းဦးပေါက်က ဒိထက်ပိုပြီး ရင်ခုန်လှိုက်မောဖွယ်ကောင်းမလားလို့ မျှော်လင့်ခဲ့ကြတာပေါ့။ တမိုးလုံး..တနွေ လုံး၊ အပြစ်ပြောရမယ်ဆိုရင် မိုးတွင်းကာလတစ်လျှောက်က စိုတိစိုဖတ်နဲ့။ ဟော နွေရောက်ပြန်တော့လည်း ပူလိုက် အိုက် လိုက်တာ၊ လူကို ကျွတ်ကျွတ်ဆူလို့။ အေးမြခြင်းကို ဘယ်သူမမက်မောပဲ နေနိုင်ပါ့မလဲ။

ကောက်ဦးပေါ်ချိန်က ဆောင်းရာသီအစပါပဲ။ လယ်ကွက်ထဲက ရိုးပြတ်တွေကို မီးရှို့ပြီး လေးဘက်လေးတန်ကာလိုက်ရင်ပဲ ရုပ်ရှင်ရုံတရုံ ဖြစ်သွားပါပြီ။ ကျွန်တော်တို့မြို့ကလေးမှာ တနှစ်ပတ်လုံးစာတွက်မယ်ဆို ရုပ်ရှင်ရုံနှစ်ရုံရှိတယ်။ တရုံက မြို့ လယ်မှာ ထရံကာ သွပ်မိုးနဲ့ နေ့ရော ညပါ ပြတယ်။ တရုံက စောစောကပြောသလို ဆောင်းဦးပေါက်မှ ရထားလမ်းဘေး လယ်ကွက်တွေကို ရိပ်သိမ်းပြီး ရုပ်ရှင်ရုံအဖြစ် ဘဝပြောင်းလိုက်တာ။ ကွာပါတယ်။ တော်တော်ကြီး ကွာပါတယ်။ ဆောင်းရဲ့ အရသာကို အပြည့်အဝခံစားရတာကတော့ ရထားလမ်းဘေး ရုပ်ရှင်ရုံကြီးပဲ။ တည ရုပ်ရှင်လေးကားပြတယ်။ အဲဒါကို လေးကားပေါင်း မိုးအလင်းလို့ ခေါ်ဆိုကြတယ်။ ရုပ်ရှင်လက်မှတ်ခက အကွာကြီးမဟုတ်ပါဘူး။ လူကြီး ၂ ကျပ်၊ ကလေး ၁ ကျပ်။

ပထမဆုံးပြမယ့် ဆေးရောင်စုံရုပ်ရှင်ကားကြီးကတော့ မြန်မာပြည်တလွှား လူကြိုက်များလှတဲ့ ယနေ့စူပါစတား ကျော်ဟိန်းရဲ့ လွမ်းနေမယ် မမ ရုပ်ရှင်ကားကြီးပဲ ဖြစ်ပါတယ်။ ကိုကျော်ဟိန်းနဲ့အတူ တွဲဖက်ပါဝင်သရုပ်ဆောင်ထားတာကတော့ အကယ် ဒမီမင်းသမီးချော ဆွေဇင်ထိုက်၊ အကယ်ဒမီမင်းသမီးချော ချိုပြုံးတို့က အတွဲညီညီပါဝင်သရ်ုပဆောင်ထားကြပါတယ်။ စူပါ စတား ကိုကျော်ဟိန်းရဲ့ အပီအပြင် အိုက်တင်တွေကို ကြည့်ရှုခံစားကြရမယ့်အပြင် ကိုကျော်ဟိန်းရဲ့ သီချင်းပေါင်းများစွာကို လည်း စတိတ်ရှိုးသီဆိုနေတဲ့ပုံစံအတိုင်း အပြည့်အဝနားသောတပန်ဆင်ကြရမှာ ဖြစ်ပါတယ်။

ဒုတိယပြသမယ့် ဆေးရာင်စုံရုပ်ရှင်ဇာတ်ကားကတော့ သိန်းသုံးဆယ်နဲ့ လူစိမ်းတစ်သိုက်ဆိုတဲ့ အကြမ်းအရမ်း ဇာတ်ကြမ်း ကားကြီးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မင်းသားကျော်သူက ခေါင်းဆောင်ပါဝင်ထားပြီး ပင်လယ်ထဲမှာ မော်တော်ဘုတ်စီးပြီး..သေနတ်ပစ်ခန်းများကိုလည်း ရင်သတ်ရှုမောဖွယ် ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။ ဟုတ်ကဲ့ပါ ရုပ်ရှင်ချစ်မိဘပြည်သူ အပေါင်း တစ်နေ့တာ ပင်ပန်းနွမ်းနယ်သမျှကို တညတာ အပန်းတော်ပြေစေနိုင်ဖို့ ကျွန်တော်တို့ရဲ့ "ရွှေဝါခန်းမ" ရုံတော်မင်္ဂ လာကြီးဆီသို့ စောစီးစွာကြွလှမ်းခဲ့ကြပါလို့ ...

“တတိယမြောက်ပြသပေးမယ့်ရုပ်ရှင်ကားကြီးကတော့ မီလာရှီကာ စိုင်းဗေဒါဆိုတဲ့ အကယ်ဒမီဇာတ်ကားကြီးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မင်းသားချောနေအောင်က ပါဝင်သရုပ်ဆောင်ထားပါတယ်။ တောတွင်းသေနတ်ပစ်ခန်းတွေနဲ့အတူ ရင် သတ်ရှုမောဖွယ် ဇာတ်ဝင်ခန်းတွေကိုလည်း ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။ နောက်ဆုံးပိတ် လေးကားမြောက်ပြသပေး မယ့်ဇာတ်ကားကတော့ မင်းသမီးချော စံရှားတင်ရဲ့အလှတွေကို တဝကြီးခံစားကြရမယ့် ရွှေလူဝံနဲ့ ကျွန်ညိုရှင် ဇာတ်ကားကြီး ပဲဖြစ်ပါတယ်။ မင်းသားချော စိုးရွှေပါဝင်သရုပ်ဆောင်ထားပြီး လူဝံကြီးတစ်ကောင်ရဲ့ မေတ္တာတရားကြီးမားပုံကိ ရင်နင့်အောင် ခံစားကြရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ရုပ်ရှင်ချစ်ပရိသတ်ကြီးများအနေနဲ့ စောစီးစွာကြွလှမ်းခဲ့ကြပါလို့ မိတ်မှန်သမျှကို ဖိတ် မန္တ္တကပြုလိုက်ရပါတယ်ခင်ဗျား…”

စက်ဘီးနောက်ကျောပေါ်အသံချဲ့စက်တင်ပြီး လမ်းတကာလိုက်ပြီး ကြော်ငြာမောင်းခတ်တာ၊ တစ်ခါတစ်ရံ တရောင်တည်းနဲ့ နှစ်ရောင်ဟန်ဆောင်ထားတဲ့ ကြော်ငြာစာရွက်ဖြတ်ပိုင်းကလေးတွေဝေပေးတယ်။ ကလေးတွေ မိန်းမတွေက…လိုက်လုကြ ပေါ့။ ပြီးရင် ထရံမှာထုတ်ချောင်းနဲ့ထိုးပြီး ကပ်ထားတာ။ သူတို့ကြိုက်တဲ့ မင်းသား မင်းသမီးပုံပါရင် အရပ်သူ အရပ်သားတွေက လည်း ဟုန်းဟုန်းထ စိတ်ဝင်စားကြတယ်။ ညနေစောင်းရုံလောက်နဲ့ ရေမိုးချိုး လူစုပြီး ရုပ်ရှင်ရုံကို ချီတက်ကြဖို့ ဟန်ပြင်နေ ပါတော့တယ်။ အနွေးထည်ယူခဲ့၊ ဦးထုပ်ဆောင်းခဲ့..။

ရုပ်ရှင်ရုံအဝင်ဝမှာ မင်းသားကျော်ဟိန်းက ရေဘင်မျက်မှန်တပ်ပြီး ဂိုက်ပေးကြမ်းနေတယ်။ နေအောင်က ကောင်းဘွိုင်ဦး ထုပ်ဆောင်းပြီး သေနတ်ကြီးကိုင်ထားတယ်။ မင်းသမီးချော ဆွေဇင်ထိုက်လည်း ခန္ဓာကိုယ်အလှပေါ်အောင် မတ်တပ်ရပ်ပြ ထားတယ်။ မင်းစမီးစံရှားတင်က တောတွင်းသူလိုလို ဘာလိုလိုနဲ့။ မီးချောင်းအလင်းရောင်နဲ့ထိုးပြထားတဲ့ပိုစတာကြီးတွေရဲ့ အောက်က ရုပ်ရှင်လက်မှတ်ကလေးတွေကိုင်ပြီးဝင်သွားကြတယ်။ ဦးတဲ့လူ..ရှေ့ဆုံးကနေရာရမှာ၊ အောက်မှာ ကျူဖျာ တွေ ခင်းထားတယ်။ အပေါ်ကိုမော့ကြည့်လိုက်တော့ ကြယ်မြင် လမြင် ကောင်းကင်ဟင်းလင်းကြီး။ နှင်းအဆင့် မရောက်သေး တဲ့မြူတွေလိုလို မှိုင်းမှုံနေတယ်။ ဆောင်းရဲ့အငွေ့အသက်အစစ်ပါပဲ။ ရုံထဲက လျှပ်စစ်မီးတွေမှိတ်ချလိုက်ပြီး ရုပ်ရှင်ပြစက် ကအလင်းတန်းကြီးထွက်လာပါပြီ။ အဲဒီလိုပဲ..ဆောင်းရဲ့အနှစ်သာရဖြစ်တဲ့ ရာသီဥတုကလည်း အေးစိမ့်ချမ်းမြလို့။ ဆောင်း ဦးပေါက်ရုပ်ရှင်က တကယ်ကြည့်လို့ကောင်းတယ်။

အဲလိုထူး