ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်စွမ်းရည် ● တင်မိုး မပျော်တဲ့နေရာ


မောင်စွမ်းရည် ● တင်မိုး မပျော်တဲ့နေရာ
(မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂၀၁၆

'တင်မိုးပျော်တဲ့အိမ်'အကြောင်းကို ကျွန်တော်ရေးဖူးပါပြီ။ ခုရေးမှာက တင်မိုးမပျော်တဲ့နေရာအကြောင်း ဖြစ်ပါတယ်။ နေရာ ကတော့ ဘယ်သူမှအပျော်သွားချင်တဲ့နေရာ မဟုတ်ပါဘူး။ ဒါပေမဲ့လူရယ်လို့ဖြစ်လာရင် တစ်နေ့မဟုတ် တစ်နေ့ ရောက်နိုင် တဲ့၊ ရောက်တတ်တဲ့နေရာမျိုးပါ။ တခြားမဟုတ်ပါဘူး၊ ဆေးရုံပါ။

တင်မိုးပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် ဆေးရုံဆိုတာ သွားချင်တဲ့နေရာမျိုးမဟုတ်ပါဘူး။ ဆေးရုံဆိုတာ ဖျားမှ၊ နာမှရောက် ရ မယ့်နေရာမျိုး မဟုတ်လား။ ဘယ်သူသွားချင်ပါ့မလဲ။ ဟုတ်ကဲ့-ဒါကိုအဆန်းလုပ်ပြောနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ တင်မိုးက  သူများထက်ပိုပါတယ်။ ဆေးရုံကိုဘာအကြောင်းနဲ့မှ မသွားချင်တာ။ ဆေးရုံကိုကြည့်ကို မကြည့်ချင်တာ။

ကျွန်တော် သူ့အကြောင်းခုလိုစပြီးသိရတာက ကျွန်တော်တို့ကတွေ ကားမှောက်ကြတုန်းကပါ။ ကားမှောက်ရာမှာ သူရယ်၊ မောင်သိန်းနိုင်(ဂုဏ်ထူးသိန်းနိုင်)ရယ်၊ ကျွန်တော်ရယ် သူငယ်ချင်းသုံးယောက်လုံးပါသွား ခဲ့ပါတယ်။ သွားတာက မေမြို့ကိုသွားတာပါ။ မန္တလေးတက္ကသိုလ် မြန်မာစာဂုဏ်ထူးတန်းကျောင်းသားတွေနဲ့ ဆရာတွေအပန်းဖြေရင်း လေ့လာရေး ခရီးသွားကြတာပါ။ ရန်ကုန်က ဆရာဇော်ဂျီနဲ့ ဆရာမင်းသုဝဏ်တို့လဲပါကြ ပါတယ်။ ဆရာတို့ကလဲ ဂုဏ်ထူးတန်းကျောင်း သားတွေကို စာမေးပွဲစစ်ရာမှာ လာကူကြတာပါ။ ၁၉၅၈-၅၉ ဆိုတော့ မန္တလေးတက္ကသိုလ်က ရန်ကုန်တက္ကသိုလ်ရဲ့ လက် အောက်ကလွတ်ပြီး သီးခြားတက္ကသိုလ်ဖြစ်ခါစ ကာလမှာ ဂုဏ်ထူးတန်းတို့၊ မဟာတန်းဝိဇ္ဇာတန်းတို့ကို ကိုယ့်တက္ကသိုလ်နဲ့ ကိုယ်သီးခြားစစ်ခွင့်ရစကာလပေါ့။ စာမေးပွဲစစ်ပြီးတော့ ရန်ကုန်ကလာပြီးကူညီကြရတဲ့ ဆရာကြီးတွေကို အပန်းဖြေခရီး အဖြစ် မေမြို့ကိုလိုက်ပို့တာပါ။ တင်မိုးနဲ့မောင်သိန်းနိုင်က မြန်မာစာဂုဏ်ထူးတန်းသားတွေအဖြစ်နဲ့ လိုက်ပါကြရတာပါ။ ကျွန်တော်က သူတို့နဲ့အတွဲမို့ 'ခွဲလို့မရရင်၊ လိုက်ချင်လိုက်ခဲ့' ဆိုပြီး ခရီးစီစဉ်သူကထိက ဦးမောင်မောင်တင်က လိုက်ခွင့်ပြု လို့ လိုက်လာခဲ့သူပါ။ ကားမှောက်တော့ မောင်သိန်းနိုင်က ပေါင်ကျိုးသွားလို့ ဆေးရုံတက်ရပါတယ်။ ဆေးရုံကို ကျွန်တော် ချည်းပဲတစ်လလောက် သွားစောင့်ပေးရပါတယ်။ တင်မိုးကိုတစ်ရက်ပဲစောင့်ခိုင်တာမှာ လူနာကပဲသူ့ကိုပြန် စောင့်ပေးခဲ့ရလို့ 'နောက်ထပ်သူ့ကိုမလာပါစေနဲ့တော့' လို့ လူနာကမေတ္တာရပ်ခံပါတယ်။ ဖြစ်ပုံက သူအိမ်သာသွားချင်ရင်လဲ လိုက်ပို့ဖို့ လူရှာ ပေးရသတဲ့။ သူမအိပ်မခြင်း လူနာလဲမအိပ်ရဘူးတဲ့။ သူအိပ်ချင်တော့လဲ လူနာရဲ့ ခြင်ထောင်ထဲကို ဦးခေါင်းလျှိုပြီး အိပ်သတဲ့၊ ရှူးပေါက်ခြင်ရင်လဲ လူနာရဲ့ခွက်နဲ့ပဲပေါက်သတဲ့၊ လူနာကုတင်တွေပေါ်မှာ လူနာတွေလဲလျောင်းနေကြတာကို လုံးဝမကြည့် ရဲလို့ လှည့်မကြည့်ဘူး။ အဲဒီလိုဆေးရုံကိုတစ်ခါရောက် ပြီး နောက်ဘယ်တော့မှဆေးရုံကို မသွားတော့တာပါ။

တင်မိုး၊ မောင်သိန်းနိုင်နဲ့ မောင်စွမ်းရည်ဆိုတာ တက္ကသိုလ်မှာအတွဲဆုံး သူငယ်ချင်းတွေပါ။ မောင်စွမ်း ရည်နေတဲ့နေရာ လိုက်နေတယ်။ မောင်စွမ်းရည်စားတဲ့နေရာ လိုက်စားကြတယ်။ တက္ကသိုလ်မှာ သူတို့နှစ် ယောက်က မြန်မာစာဂုဏ်ထူးတန်း ကျောင်းသားတွေပါ။ မောင်စွမ်းရည်က ဘူမိဗေဒကျောင်းသားပါ။ ဘာသာတွဲမတူကြတော့ သုံးယောက်လုံးအတူတက်ရတဲ့ အင်္ဂလိပ်စာနဲ့မယူမနေရ ပင်ရင်းမြန်မာစာမှာတောင် အတူမတက်ကြတော့ပါ။ ကလောင်ရှင်အသင်းကိစ္စ၊ ကျောင်းသား ညီညွတ်ရေး၊ တပ်ဦးအဖွဲ့ကိစ္စတွေနဲ့ ကျောင်းသား သမဂ္ဂရုံးခန်းမှာပဲ အချိန်ကုန်ကြတာများပါတယ်။ ကျောင်းတက်တာထက် လူထုသတင်းစာတိုက်တို့၊ တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းရိုက်တဲ့ တက်နေလင်းပုံနှိပ်တိုက်တို့ကို သွားနေကြတာများပါတယ်။ သွားအတူ၊ စားအတူနဲ့ကား အတူမှောက်ကြပါတယ်။ မောင်သိန်းနိုင်ဆေးရုံတက်နေတာကို လုံးဝလှည့်မကြည့်တော့ပါ။

မောင်စွမ်းရည်က ရောဂါထူပါတယ်။ ဆီးလမ်းကြောင်းကျောက်တည်တဲ့ရောဂါ၊ ဆီးအိမ်၊ ကျောက်ကပ်တို့မှာ ကျောက်တည် တဲ့ရောဂါ၊ ဆီးကြိတ်ယောင်တဲ့ရောဂါ စသဖြင့် ဆေးရုံမကြာခဏတက်ရပါတယ်။ ကျောက် ကပ်ဆေးရုံမှာရော၊ ဆေးရုံကြီးမှာ ရော ခဏခဏတက်ရပါတယ်။ တင်မိုးရော၊ မောင်သိန်းနိုင်ရော တစ်ယောက်မှ မလာကြပါ။ ကြောက်လို့တဲ့။ ဆရာဒဂုန်တာရာ၊ ဆရာဗန်းမော်တင်အောင်တို့ လာမေးကြပါတယ်။ သူတို့မလာပါ။ အိမ်ကိုလဲမလာ၊ ဆေးရုံကိုလဲမလာ၊ ဆရာဗန်းမော် တင်အောင် ဆေးရုံတက်ရလို့သေဆုံးလို့သာသွားပါတယ်။ သူတို့မလာကြပါ။ လူနာဆေးရုံမို့မလာရဲကြတာတဲ့။ အဲ-သားဖွား ဆေးရုံကိုတော့ ကြောက်စရာမကောင်းလို့တဲ့ သွားကြသတဲ့။ ထားပါတော့။

အမေရိကားကိုရောက်လာတော့ မောင်စွမ်းရည်နဲ့ တင်မိုးတို့က (သမီးရောက်မလာခင်) အတူနေကြပါတယ်။

သမီးရောက်လာပြန်တော့လဲ ဟိုမြို့၊ ဒီမြို့တွေမှာ စာပေဟောပြောပွဲတွေ အကြောင်းပြပြီး ဆုံကြရတာပေါ့လေ။ တစ်ခါလော့ ဆန်ဖရန်ဆစ္စကိုမှာ အောင်ဗလ၊ တင်မိုး၊ မောင်စွမ်းရည်တို့သုံးဦး ဆုံကြပါတယ်။ အင်မတန်ရေကြောက်တဲ့တင်မိုးဟာ ရေမ ချိုးရတာကြာပြီဆိုပြီး ရေချိုးပါတယ်။ မောင်ရစ်ကရေချိုးခန်းလိုက်ပို့ပါတယ်။ အ၀တ်လဲလှယ်ပေးပါတယ်။ ရေချိုးတုန်း ဆေး လိပ်နဲ့ ခဏခွဲရတာကိုပဲ ဆရာတင်မိုးက စိတ်ဆိုးတော်မူပါတယ်။ အ၀တ်လဲတာကြာလို့ဆိုပြီးတော့လဲ စိတ်တိုနေပါတယ်။ အင်္ကျီလက်ရှည်၊ လက်တိုရွေးနေလို့ ကြာရပါမို့လားလို့ မောင်ရစ်ကိုလဲ စိတ်တိုနေတယ်။ ဒါနဲ့ရေချိုးပြီးစ၊ ဆောင်းရာသီမှာ အင်္ကျီလက်တိုဝတ်မိပြီး အအေးပတ်သွားပုံရပါတယ်။ ချမ်းတယ်ဆိုပြီး ဆေးလိပ်သောက်ရင်းက လဲကျသွားလို့ ဆေးရုံပို့လိုက်ရ ပါတယ်။

တစ်သက်မှာ ဒီတစ်ခါပဲ ဆေးရုံတက်ရဖူးသတဲ့၊ ဆေးရုံပေါ်မှာပိုက်တွေ၊ ကြိုးတွေတန်းလန်းနဲ့ပေါ့။ သူ ဆေးရုံတက်ရတော့ လော့စ်အိန်ဂျဲလိစ်မှာနေတဲ့ သူ့သမီးမိုးချိုသင်းကို လှမ်းခေါ်ရတော့တာပေါ့။ သမီးက လေယာဉ်ပျံနဲ့ချက်ချင်းလိုက်လာပါတယ်။ သမီးရောက်လာတော့ နေကောင်းနေပါပြီ။ အပြင်ဧည့်ခန်းကိုသွားချင်တယ်ဆိုတော့ ဆရာဝန်ကသွားခွင့်ပြုပါတယ်။ အပြင်ဧည့်ခန်းမှာ သမီးနဲ့ဆုံပါတယ်။ ချက်ချင်းဆေးလိပ်ရှာသောက်ပါတယ်။ ကျွန်တော်ကရှာမပေးပါ။ ၀ါသနာတူသူတွေက ကိုယ်ချင်းစာပြီး ပါရမီဖြည့်ပေးကြတယ်။ ဆေးလိပ်မသောက်ရတဲ့လူနာခန်းကို မပြန်ဘဲအကြာကြီးနေပါတယ်။

'ထောင်ထဲမှာ ဆေးလိပ်သောက်ရတာ လွတ်လပ်ရဲ့လား'လို့ ကျွန်တော်ကမေးကြည့်ပါတယ်။ ထောင်ထဲမှာ ဘယ်နေရာမဆို၊ ဘယ်အချိန်မဆို၊ သောက်လို့ရတယ်။ "သိပ်ကောင်းတယ်၊ သိပ်ကောင်းတယ်' လို့ဆိုတဲ့ စကားကိုကြားရတော့ ကျွန်တော် အံ့သြမိပါတယ်။ ဒါနဲ့ ကောက်မေးလိုက်မိတယ်။

'ဆေးရုံနဲ့ထောင် ဘယ်ဟာကကောင်းသလဲ' ဆိုတော့ 'ထောင်' တဲ့။ ချက်ချင်းဖြေတယ်။
ထောင်နဲ့ဆေးရုံ ရွေးပါဆိုရင် ဘာကိုရွေးမလဲလို့ထပ်မေးတယ်။ ချက်ခြင်းဖြေတာပဲ။
'ထောင်' တဲ့။

ဆေးရုံမှာ လွတ်လွတ်လပ်လပ်နေရတယ်။ သား၊ သမီးတွေနဲ့လဲတွေ့ရတယ်။ သူငယ်ချင်းတွေလဲ ဘယ် သူနဲ့မဆိုတွေ့နိုင်တယ်။ ဆေးရုံကမကောင်းဘူးလားလို့ ထပ်မေးတယ်။ မကောင်းဘူး။ 'ထောင်' ပဲကောင်းသတဲ့။
ဆေးရုံမှာမပျော်ဘူး၊ စိတ်ညစ်သတဲ့။ ထောင်မှာပဲပျော်သတဲ့ အရပ်တို့။ အဲဒါ တင်မိုးအစစ်ပါပဲ။

မောင်စွမ်းရည်