လှကျော်ဇော ● ပင်စင်စား ဖေဖေ


လှကျော်ဇော ● ပင်စင်စား ဖေဖေ
(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၁၆

အောက်တိုဘာ (၉) ရက် မိုးမခကွန်ယက်မှာ ဖော်ပြထားတဲ့ ဆရာဂါမဏိရဲ့“နိုင်ငံရေးစစ်သည်နဲ့ စစ်ပင်စင်” ဆိုတဲ့ဆောင်း ပါးမှာ ဖေဖေ ပင်စင်မရဘူးလို့ ရေးထားတာတွေ့ရပါတယ်။

ဖေဖေ ပင်စင်ရပါတယ်။ ၁၉၅၇ ဖေဖေ အသက် (၃၈) နှစ်မှာ စစ်တပ်က အတင်းအငြိမ်းစားပေးတာခံရပါတယ်။ (forced to retire) ပါ။ ၁၉၅၄-၅၅-၅၆ ခုနှစ်များအတွင်း ကဗမာပြည်မှာ လွတ်လပ်ရေးရပြီးနောက် ပထမဆုံးပေါ်ပေါက်ခဲ့တဲ့ (အခုထိ လည်း တခါတည်းပဲဖြစ်ခဲ့ရတဲ့) နိုင်ငံခြားတပ်များရဲ့ကျူးကျော်မှုဖြစ်တဲ့ တရုတ်ဖြူကျူးကျော်မှုကို ဗမာ့တပ်မတော်က တွန်း လှန်တိုက်ရာမှာ စစ်ဦးစီးမှူးကြီးဖြစ်တဲ့ဖေဖေဟာ တပြည်လုံးအတိုင်းအတာအရသာမက ကမ္ဘာကပါအသိအမှတ်ပြုလာရသူ  ဖြစ်လာပါတော့တယ်။

ဒီတင် ဖဆပလဆိုရှယ်လစ်ဂိုဏ်းက ဖေဖေ့ကို စည်းရုံးပါတော့တယ်။ မရတဲ့အခါ (သူတို့သြဇာမကိုက်နိုင်တော့) တပ်ကဖယ် ရှားဖို့ စီစဉ်ပါတော့တယ်။   ဗိုလ်အောင်ကြီးအမှူးပြုတဲ့ တပ်တွင်းဆိုရှယ်လစ်အုပ်စုရဲ့ပထမအစီအစဉ်က ဖေဖေကို (ဗမာပြည် ကွန်မြူနစ်ပါတီနဲ့ အဆက်အသွယ်ရှိကြောင်း) သက်သေခံအပြည့်အစုံရတဲ့အထိ စောင့်ဖမ်း အပြစ်ဒဏ်ကြီးကြီးချ၊ ပြီးမှယခင် တိုင်းပြည်တာဝန်တွေကိုထမ်းဆောင်လာတဲ့ကျေးဇူးတွေကို ထောက်ထားတာ (ဆိုတဲ့နာမည်ကောင်းယူပြီး) လွတ်ငြိမ်းခွင့် ပေး၊ တပ်ကထုတ်ပစ်…ဆိုတဲ့အစီအစဉ်ပါ။

ဒါပေမဲ့ အဲသလောက်အချိန်မစောင့်နိုင်ဖြစ်ရတာက ၁၉၅၆ ခုနှစ် မင်္ဂလာဒုံမှာကျင်းပတဲ့ တပ်မှူးကြီးများညီလာခံမှာ ဖေဖေ့ ကို ဒုကာကွယ်ရေးဦးစီးချုပ်ပေးဖို့ တပ်မှူးအများ အပြားကတောင်းဆိုလာကြတော့ ဖေဖေ့ကိုရတဲ့အမှုနဲ့ ကဗျာကရာ အငြိမ်း စားပေးလိုက်ရပါတယ်။  တကယ်တော့ ဗိုလ်အောင်ကြီးတို့က ဖေဖေ့ကို တပ်က အပြတ်ထုတ် ချင်တာ။ ဗိုလ်နေ၀င်းက-ဒီလို တော့မလုပ်ပါနဲ့ကွာ။ ပင်စင်လေးဘာလေးပေးပါလို့ပြေ ရတယ်..လို့ ဗိုလ်နေ၀င်းကိုယ်တိုင် သခင်တင်မြနဲ့ ကိုကိုမောင်ကြီးကို ပြောဖူးတယ်ဆိုပြီး သခင်တင်မြ ဆောင်းပါးတစောင်မှာရေးတာ တွေ့ဖူးပါတယ်။   ဗိုလ်နေ၀င်းက ဖေဖေ့ကိုဆက်ဆံရာမှာ တော်ပျော့ပျောင်းတယ်လို့ ပြောလို့ရပါတယ်။ သူက သူ့စီမံကိန်းနဲ့သူ ရှိပြီးသား။ ဗိုလ်အောင်ကြီးတို့ ဆိုရှယ်လစ်အုပ်စုကိုလည်း သူကမယုံ။ အားကိုးလို့မရမှန်းလည်း သိ။ ဒါ့ကြောင့် တိုင်းပြည်အတွက်အရေးကြုံလာရင် ဖေဖေ့ကိုပဲခေါ်ရ (အင်းစိန်တိုက်ပွဲ-တရုတ်ဖြူကျူးကျော်မှု စသဖြင့်)။ ဒါတွေကို ဗိုလ်နေ၀င်းက ထည့်စဉ်းစားဟန်ရှိ။ ဒါ့အပြင် ၁၉၆၀ ခုနှစ်ရွေးကောက်ပွဲမှာ တည်မြဲဖဆပလ (ဆိုရှယ်လစ်) အပြတ်အသတ်ရှုံးတော့ ဗိုလ်နေ၀င်းဟာ သူ့ကိုပခုံးနဲ့ထမ်းတင်ပေးခဲ့တဲ့ သူနဲ့လည်း ဝါအရ မတိမ်းမယိမ်းဖြစ်တဲ့ တပ်တွင်းဆိုရှယ်လစ်အုပ်ကို အပြတ်ချေမှုန် လိုက်ပြီးနောက် တပ်တွင်း မျိုးဆက်တဆက်ကို မွေးမြူပျိုး ထောင်ပါတယ်။ အဲဒီအုပ်ဟာ ဖေဖေနဲ့အတူတူ တိုက်ပွဲများတိုက်လာကြတဲ့သူများပါ။ (ဥပမာ- မဆလခေတ်ဝန်ကြီးချုပ် ဦး ထွန်းတင်၊ ဗိုလ်ချုပ်သန်းတင်)။ ဒါ့ကြောင့် ဒီလူတွေရှေ့မှာ ဗိုလ်နေ၀င်းက မျိုးချစ်ပြည်ချစ်ပုဂ္ဂိုလ်ကြီးပုံ ဖမ်းနေရချိန်ပါ။

ဖေဖေတပ်ကထွက်ရတော့ ဖေဖေနဲ့အတူ တွဲတိုက်လာဘူးတဲ့ တပ်မှူးအများအပြား စိတ်ထိခိုက်ကြပါတယ်။ ဒါကို ဗိုလ်နေ၀င်း က သိပါတယ်။ ဖေဖေကို တပ်ကထုတ်ပစ်တာ သူမဟုတ်။ တရားခံအဖြစ် ဗိုလ်အောင်ကြီးတို့အုပ်အပါ် ပုံချထားပါတယ်။ ဗိုလ်အောင်ကြီးအနေနဲ့လည်း ပုဂ္ဂိုလ်ရေးအရ ( ဖေဖေတပ်ထဲရှိနေသရွေ့သူသိပ်ဖြစ်ချင်တဲ့ ဒုကာကွယ်ရေးဦးစီးချုပ်မဖြစ်နိုင်လို့) ဖေဖေ့ကို မကြည်လင်ဆိုတာကိုလည်း တပ်ထဲမှာ သိနေကြတာပါ။

ဖေဖေနာမည်နဲ့လည်း မြေကွက် (၂) ကွက် ပေးထားပါသေးတယ်။ နတ်မောက်လမ်းသွယ်ထဲကတကွက်ကတော့ အစောကြီး ထဲကရောင်းပြီးခဲ့ပြီး ချင်းချောင်းခြံထဲကမြေကွက်ကတော့ တ၀က်ခွဲရောင်းခဲ့ပြီး ကျန်တဝက်ကတော့ န၀တခေတ်မှာ အစိုးရ က ပြန်သိမ်းသွားပါတယ်။

ဒါ့ကြောင့် ဖေဖေပင်စင်ယူပြီး စမ်းချောင်းဆီဆုံလမ်းက မြေစိုက်တလိုင်းအိမ်လေးမှာနေနေရတာကို မြင်ရတဲ့လူတွေက စိတ် မကောင်းဖြစ်ကြပါတယ်။ ဗိုလ်နေ၀င်းကိုလည်း သွားပြန်ပြောကြပုံရပါတယ်။ ဗိုလ်နေဝင်းကလည်း ဖေဖေကိုဝယ်ယူဖို့ အ ကြိမ်ကြိမ် လုပ်ခဲ့ပုံရပါတယ်။
ဖေဖေသူ့စာအုပ်ထဲမှာ ရေးထားတာလေးကြည့်ပါ။ ကျွန်တော့်ကိုလည်း လွတ်လပ်ရေးမော်ကွန်းဝင်လာယူရန် ဖိတ်စာတခါ ရဖူးပါသည်။ ကျွန်တော် တက်မယူခဲ့ပါ။

တခါလည်း ဗိုလ်နေ၀င်းက ကျွန်တော်တို့ ဂျပန်ပြည် စစ်ပညာသင်စဉ်က ဆရာတကာဟာရှီကို ဖိတ်ခေါ်ပြီး ဂျပန်ပြန်အားလုံးနှင့် စုဝေးတွေ့ဆုံပွဲတပွဲလုပ်ရန် စီစဉ်ပါသည်။ ကျွန်တော်ကိုလာဖိတ်သူမှာ ထိုစဉ်က ထောက်လှမ်းရေးတာဝန်ခံ ဗိုလ်ချစ်ခင် ဖြစ်ပါသည်။ ကျွန်တော်က ဖိတ်စာကိုလက်ခံထားလိုက်ပြီး ထမင်းစားပွဲသို့ သွားမတက်ခဲ့ပါ။ ကျွန်တော် မတက်ရောက်သဖြင့် တကာဟာရှီက (ထိုအချိန်က စီးပွားရေးသမားဖြစ်နေပါပြီ။) ကျွန်တော့်အတွက် လက်ဆောင်အချို့ပေးထားခဲ့သဖြင့် ထို လက်ဆောင်များကိုလာပေးရင်း ဗိုလ်ချစ်ခင်ကပြောပြသည်မှာ ထိုနေ့က ဧည့်သည်များစုံလင်သောအခါ သူဗိုလ်နေဝင်းကို အိမ်ပေါ်တက်ခေါ်ကြောင်း ဗိုလ်နေဝင်းက ဗိုလ်ကျော်ဇောရောလာသလားဟု သူ့ကိုမေးကြောင်း၊ သူကမလာကြောင်းပြော တော့ ဗိုလ်နေဝင်းကစိတ်ဆိုးပြီး သူက ဘယ်သူ့အားကိုးနဲ့ဒီလောက် မိုက်နေရတာတုန်းဟုဆိုကြောင်း ပြောပြပါသည်။ တ ဆက်တည်း ဗိုလ်ချစ်ခင်ကဆက်ပြောသည်မှာ ဗိုလ်ချုပ်အပေါ် (ကျွန်တော့်ကိုဆိုလို) ဗိုလ်ချုပ်ကြီးက (ဗိုလ်နေ၀င်းကိုဆိုလို) သံယောဇဉ်မပြတ်ရှာပါဘူး။ နောင် သူဖိတ်ရင် ဗိုလ်ချုပ်လာဖြစ်အောင်လာပါဟုလည်း ပြောသွားခဲ့ဖူးပါသည်။

ဗိုလ်နေ၀င်းကလည်း ဘယ်သူ့ကိုမဆို နှစ်ဘက်မျက်နှာ လုပ်တတ်သူဖြစ်ပါသည်။ (ဦးနု၏ တာတေစနေသားတွင် ၁၉၆၂ ခုနှစ်စစ်တပ်က အာဏာသိမ်းစဉ် သူအဖမ်းခံနေရစဉ်မှာတောင် ဦးနုက ဗိုလ်နေ၀င်းပါဟန်မရှိဟုထင်ကြောင်းရေးထားတာကိုကြည့်ပါ။ ဦးနုကို သူ ဘယ်လောက်အယုံသွင်းထားလဲမသိပါ။)

ကျွန်တော် ၁၉၅၇ ခုနှစ် စစ်တပ်ကထွက်ခါနီး စစ်ရုံးချုပ်၌ ကျွန်တော်ဗိုလ်နေ၀င်းကိုသွားနုတ်ဆက်စဉ် ဗိုလ်နေဝင်းက …အေးဗျာ၊ အပြင်ရောက်ပြီးရင် ကျွန်တော့်ဆီ အေးအေးဆေးဆေး လာတွေ့လှည့်ပါဦးဟု မှာလွှတ်ပါသည်။ ထို့ပြင် အတွင်း ၀န်ရုံး၌ အလုပ်လုပ်နေသော ကျွန်တော့်ဦးလေးကိုလည်း ကြားပွဲစားတဦးက ချဉ်းကပ်ပြီး ဗိုလ်ကျော်ဇောနာမည်နှင့် ပဲခူးရိုးမ က သစ်ကန်ထရိုက်လျှောက်ပါ… ရရပါစေ့မယ်ဟု လာပြောဖူးပါသည်။ ထို့ပြင် ကျွန်တော်တို့ တပ်မှူးကြီးများအတွက် ပေး ထားသည့်မြေကွက်များတွင် အိမ်ဆောက်မည်ဆိုက လိုအပ်သည့်အိမ်ဆောက်ပစ္စည်းများ အစိုးရဈေးနှုန်းနှင့် ထုတ်ပေးမည် ဟု ကျွန်တော်နှင့်အတော်ရင်းနှီးသည့် ဗိုလ်မှူးကြီးမြ၀င်းက ကျွန်တော့်ဇနီးကို လာပြောပါသည်။ ထိုစရိတ်ကိုလည်း မိမိက စိုက်စရာမလို ငှားရမ်းမည့် သံရုံးများကို သုံးနှစ်စာ လေးနှစ်စာဌားရမ်းစရိတ် စာချုပ်ချုပ်ကြိုယူပြီး ဆောက်ရုံသာ ဖြစ်သည်။ ထိုကြွေးသုံး လေးနှစ်နှင့်ကျေသွားပါက မိမိအိမ်ပိုင်တလုံးရပြီး အိမ်ငှားစရိတ်ဆက်စားရန်သာ ဖြစ်ပါတော့သည်။ ဤနည်းဖြင့် တပ်မှူးကြီးများ အိမ်တလုံးကနေ နှစ်လုံး သုံးလုံးဆောက်နိုင်ကြသည်။ တပ်မှူးကြီးများအား ဗိုလ်နေ၀င်းက ပြည်သူ့ဘဏ္ဍာ ငွေသုံးပြီး ၀ယ်ယူသည့်နည်းများဖြစ်ပါသည်။ ထို နည်းဖြင့် စစ်တပ်မှထွက်ရသည့် တပ်မှူးများကိုငြိမ်အောင် သူလုပ်ထားနိုင်ခဲ့ ပါသည်။

ကျွန်တော် ဘာတခုမှလက်ခံခြင်းမရှိဘဲ ရသည့်ပင်စင်လေးနှင့်ပင် လောက်ငအောင်နေပါသည်။ ရရှိထားသည့်မြေကွက်ကို တော့ ကျွန်တော့်တပ်ထဲမှာနေစဉ်ကတည်းကပင် ကျွန်တော်ငွေပေးပြီး ဂရန်ထွက်အောင်လုပ်ထားခြင်း ဖြစ်ပါသည်။ထိုမြေကွက်များကိုဖဲ့ဖဲ့ရောင်းပြီး အိမ်စရိတ်ဖြည့်ရပါသည်။ (ကိုယ်တိုင်ရေးအတ္ထုပွတ္တိပေါင်းချုပ်၊ ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့-ဗိုလ် မှူးချုပ်ဟောင်းကျော်ဇော။ ဖြိုးမောက်သာစာပေ။ နှာ …၂၇၁-၂၇၂) ဖေဖေက သူ့ဘဝကို မလွတ်မြောက်သေးတဲ့ ဗမာပြည် သူတွေနဲ့ တထပ်တည်း ထားခဲ့ဟန်ရှိပါတယ်။ အလွန်သတိကြီးစွာ နေထိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ပြည်သူ့ဘက်တော် သား ကြီးအဖြစ် ရာသက်ပန်နေသွားနိုင်တာဖြစ်မှာ။ ကျွန်မဒီဆောင်းပါးကိုမရေးခင် ဆရာဂါမဏိကို ဖေဖေ့ ပင်စင်ကိစ္စလေး နည်း နည်းရှင်းပါရစေလို့ ခွင့်တောင်းခဲ့ပါတယ်။

ရေးပြန်တော့လည်း မလွှဲမရှောင်သာ ကွယ်လွန်ပြီးသူများအကြောင်း နာမည်ဖော် ရေးရပြန်ပါတယ်။ မနှစ်သက်လှပေမဲ့ စစ် အာဏာရှင်စနစ်ဟာ ဘယ်သူ့ကိုမှ (တသက်လုံး) ကောင်းကျိုးမပြုဘူးဆိုတာကို သင်ခန်းစာယူစေချင်တဲ့ စေတနာနဲ့ ရေးရပါ တယ်။

စစ်အာဏာရှင်စနစ်ရဲ့ခေါင်းကိုင်ဖခင်ကြီးတောင် ဘယ်လိုဇာတ်သိမ်းသွားရတယ်ဆိုတာ အားလုံးမြင်တွေ့ကြရပြီပဲ။ အထူး သဖြင့် အခုလိုဗမာပြည်ကြီး လမ်းဆုံလမ်းခွရောက်နေချိန်မှာ (ဒီမိုကရေစီစနစ်ဖော်ဆောင်မလား။ စစ်အာဏာရှင်စနစ်ဖက် တွယ်ထားမလား) ပိုင်းဖြတ်ချက် ခိုင်ခိုင်မာမာမချနိုင်သေးသူများအတွက် သတိပေးချင်တာလည်းပါပါတယ်။

အခွင့်ကောင်းများကို အချိန်မီဆုပ်ကိုင်နိုင်ကြပါစေ။ ဗမာပြည်သူလူထုကြီးတရပ်လုံးကတော့ သူတို့လျှောက်ရမဲ့လမ်းအပေါ် ပြတ်သားပြီး ဖြစ်ပါတယ်။ ဘယ်အရာကမှ တားဆီးနိုင်မှာမဟုတ်တော့ပါဘူး။
                             

လှကျော်ဇော
၁၊ ၁၂၊ ၂၀၁၆။

မှတ်ချက်။ ။ ဖေဖေ့ ၉၇ နှစ်ပြည့်မွေးနေ့ (၃-၁၂-၂၀၀၆) အထိမ်းအမှတ်အဖြစ် ရေးဖွဲ့ပါတယ်။