ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ကိုဂျေ ● ဒါ တို့ချစ်တဲ့ တင်မိုး

ကိုဂျေ ● ဒါ တို့ချစ်တဲ့ တင်မိုး
(မိုးမခ) ဒီဇင်ဘာ ၃၀၊ ၂၀၁၆

အားရပါးရ ရယ်မောတဲ့အခါမှာ မျက်ဝတ်တွေ ထွက်လာတတ်တယ်။ အစားစားတဲ့အခါ စားကြွင်းစားကျန်တချို့က ပါး စပ်ပေါက် အဖျားနှစ်ဖက်မှာ တင်ကျန်တတ်တယ်။ ဆီးသွားတဲ့အခါ ရေအိမ်ခွက်အပြင်မှာ ပေကျံကုန်တတ်တယ်။ ရေချိုးပါလို့ မပြောရင် ရေမချိုးဘူး။ သူများအိပ်ချိန် သန်းခေါင်းသန်းနွဲ နိုးလာပြီး လေအေးစက်အခန်းထဲ ဆေးလိပ်ထိုင်သောက်ရင် သောက်တယ်။ အိပ်နေသူကိုပါနှိုးပြီး သီချင်းဆိုခိုင်းရင် ဆိုခိုင်းတယ်။ အလုပ်လုပ်နေတဲ့သူကို အလုပ်မလုပ်တော့နဲ့ ရပ်ထား လို့ ပြောတတ်တယ်။ အဲဒါ ကျနော် သိပ်ချစ်ရတဲ့ ကဗျာဆရာကြီ တင်မိုး (ဦးဘဂျမ်း) ပေါ့။

ဆရာ့မျက်ဝတ်တွေကို လက်ကိုင်ပုဝါနဲ့ သန့်ရှင်းပေးခွင့်ရခဲ့တယ်။ ပါးစပ်မှာ တင်ကျန်တဲ့ စားကြွင်းစားကျန်တွေကို စက္ကူစ တွေနဲ့ ဖယ်ရှားပေးခဲ့တယ်။ ပေးကျံကျန်ခဲ့တဲ့ အိမ်သာခွက်အပြင်က ဆီးတွေကို သန့်ရှင်းရေး လုပ်ပေးခွင့်ရခဲ့တယ်။ ရေချိုး မယ် ဆရာဆိုပြီး ဆရာ့အင်္ကျီကို အတင်းချွတ်၊ ရေချိုးခန်းထဲ အတင်းဆွဲခေါ်၊ ကြမ်းပြင်မှာ ထိုင်ခိုင်းပြီး ရေချိုး ခေါင်းလျှော်လုပ်ပေးခွင့်ရခဲ့တယ်။ ဆရာ့ ရေဆိုပုဆိုးတွေကို လျှော်ဖွတ်ပေးခဲ့တယ်။ နှလုံးခွဲထားတာ လပိုင်းပဲ ရှိသေးပေမယ့် ဆရာ သိပ်ကြိုက်တဲ့ ဆေးလိပ်ကို အခန်းထဲမှာပဲ သောက်ခွင့်ပေးခဲ့တယ်။ ဆရာက ကျနော့်ကို ဘယ်အချိန် အိပ်ယာနိုးနိုး ကျနော် ထထိုင်တယ်။ ဆရာပြောတဲ့စကားတွေကို ကျနော် နားထောင်တယ်။ ကဗျာရွတ်ဆို ရွတ်တယ်။ သီချင်းဆို ဆိုရင်လည်း ဆိုတယ်။ ဆရာနဲ့ အတူရှိနေတဲ့ အချိန် အလုပ်မလုပ်ဘဲ ဆရာ့နောက် တကောက်ကောက် လိုက်ခဲ့တယ်။ ဆရာ အမေရိကန် နိုင်ငံကို ပြန်တော့ ဘန်ကောက်မြို့က အခန်းလေးထဲမှာ ကျနော် ငိုကျန်ခဲ့ရတယ်။ လွမ်းတယ် ဆရာ..။

ခင်ဗျားတို့ မိသားစုနေဖို့ အကောင်းဆုံး နေရာ တွေ့ထားတယ်။ ဧရာဝတီနဲ့တူတဲ့ မြစ်ရှိတယ်။ မြစ်ကမ်းနှဖူးမှာ လက်ဖက် ရည်ဆိုင်ရှိတယ်။ မြန်မာဘုန်းကြီးကျောင်းရှိတယ်။ နွေအခါဆို ကျနော် ခင်ဗျားတို့နဲ့ လာနေမယ်။ စနိုးကျရင် ချိုသင်းဆီ ပြန်နေမယ်။ ဘယ်ကိုမှ မသွားနဲ့ အဲဒီကိုပဲ တန်းသွားလို့ အမေရိကားလာဖို့ ပြင်ဆင်နေတဲ့ ကျနော်တို့ မိသားစုကို ဆရာဂျမ်းက ဖုန်းဆက်ပြောတယ်။ ဟုတ်ကဲ့ဆရာ ဆရာပြောတဲ့နေရာ ကျနော်သွားမယ်။ စိတ်ချ။

၂ဝဝ၇ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ။ ဘန်ကောက်က ဆရာနေခဲ့တဲ့ အခန်းလေးထဲမှာ ကျနော်တို့် မိသားစု ထမင်းစား နေတယ်။ “အကို ဆရာဂျမ်း အခုပဲဆုံးသွားပြီ” လို့ ချင်းမိုင်မှာနေတဲ့ မေငြိမ်းက ဖုန်းဆက်လာတယ်။ ရင်ထဲမှာ ပူလောင် သွားတယ်။ ထမင်း ဆက်မစားနိုင်တော့ဘူး။ ဘာလုပ်ရမှန်းမသိဘူး။ အရူးတယောက်လို ငိုချလိုက်တယ်။ ဘေဘီနဲ့ ကလေး တွေက ကျနော့်ကို ငေးနေတယ်။ ဘာဖြစ်တာလဲလို့ မေးတယ်။ ဘဘ ကဗျာဆရာကြီး အခုပဲ ဆုံးသွားပြီလို့ သူတို့ကို ပြော လိုက်တယ်။ သူတို့ မျက်နှာလေးတွေ အားငယ်သွားတယ်။

ဆရာထောင်က ထွက်လာပြီး ရက်ပိုင်းအတွင်းမှာပဲ ကျနော့်ဆီကို ရောက်လာတယ်။ အိမ်ဘေးက လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြတယ်။ ဆရာက ကဗျာလိုလို စာလိုလို စာတမ်းရှည်ကြီးတွေ တပုဒ်ပြီးတပုဒ် ရွတ်ပြတယ်။ အဲဒါ ဘာတွေလဲဆရာလို့ မေးတော့။ ထောင်ထဲမှာ စိတ်ကူးနဲ့ ရေးခဲ့တဲ့ အက်ဆေးတွေလို့ ဆရာက ပြောတယ်။ ကျနော်ထုတ်မယ်ဆရာလို့ ပြောလိုက်တယ်။ ဗလာစာအုပ် ၂ အုပ်နဲ့ တခါသုံး ဘောလ်ပင် တချို့ပေးလိုက်တယ်။ တပတ်လောက်ကြာတော့ “ရွက်ကြွေ လေးပေါ်မှာ ရေးတဲ့မှတ်တမ်း” ဆိုတဲ့ အက်ဆေး လက်ရေးစာမူ ကျနော့်လက်ထဲရောက်လာတယ်။ ဆရာ့လက်ရေးဝိုင်းဝိုင်း သန့်သန့်နဲ့ ရေးထားတဲ့ ထောင်ထဲက စာစုတွေကို ထုတ်ဖို့ ကျိုးစားခဲ့တယ်။ စစ်အစိုးရက ခွင့်ပြုချက်မပေးခဲ့ဘူး။ ဒီအကြောင်းတွေ ဆရာ တပည့် နှစ်ယောက် မကြာခဏ ပြောဖြစ်တယ်။

ခင်ဗျားတို့က တင်မိုးကို အရမ်းကိုးကွယ်တာကိုဗျ၊ ကိုယ်သောက်မယ့်ရေတော့ ကိုယ်ဘာသာကိုယ် ခပ်သောက်သင့် တာပေါ့လို့ လူငယ်တဦးက ကျနော့်ကို ပြောခဲ့တယ်။ အဲဒီလူငယ်ကို ကြည့်ပြီး ကျနော် သနားသွားတယ်။ တင်မိုးဆိုတာ…၁၉၅၇ ခုနှစ်မှာ ၁ဝတန်း စာမေးပွဲကို မြန်မာစာဂုဏ်ထူးနဲ့ အောင်ခဲ့သူဖြစ်တယ်။ တင်မိုး တက္ကသိုလ် ဆက်မတက်ဘဲနေမှာစိုးလို့  ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနပါမောက္ခရဲ့ ညွှန်ကြားချက်ကြောင့် မန္တလေးတက္ကသိုလ် မြန်မာစာပါမောက္ခက တင်မိုးရှိတဲ့ ရွာကို အကြောင်းကြားပြီး မန္တလေးတက္ကသိုလ် မြန်မာစာဌာနမှာ ပညာသင်ဖို့ ခေါ်ယူခဲ့ရတဲ့အထိ မြန်မာစာထူးချွန်ခဲ့တဲ့ ကျောင်းသားဆိုတာ သူတို့ မသိရှာဘူး။ မြန်မာ့သမိုင်းမှာ တင်မိုးတယောက်ပဲ ရှိတယ်။  ၁၉၈၈  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ တတ်သိပညာရှင်များ အဖွဲ့မှာ ပါဝင်ခဲ့တယ်။ ထောင်ကျတယ်။ ၁၉၉၅ ထောင်ကထွက်ထွက်ချင်း ဆရာပြောတဲ့ စကားက။ ဒေါ်စု (ဒေါ်အောင်ဆန်းစုကြည်) က ငရဲသွားမယ်ဆိုတောင် လိုက်ကြမယ်။ ဒီလို ခေါင်းဆောင်မျိုး ဘယ်တော့မှ မပေါ်တော့ ဘူးလို့ လူငယ်တွေကို ပြောခဲ့သူ။

ပြည်ပမှာ ရှိစဉ် အချိန်ကလည်း တို့တိုင်းပြည် ဒီမိုကရေစီရရင် ဒေါင်းအလံလွှင့်ပြီး ပြည်တော်ဝင်ကြမယ် လို့ မကြာမကြာ ပြောခဲ့တဲ့ ဆရာ။ ဒီလိုနဲ့ ဆရာ့ အရိုးပြာအိုးလေးခင်ဗျာ ခေတ်အပြောင်းကို စောင့်ရင်း အမေရိကန်နိုင်ငံမှာ သောင်တင် နေခဲ့ရှာတယ်။ အခုတော့ ဆရာ သိပ်ချစ်တဲ့ မြန်မာနိုင်ငံကို ဆရာပြန်ခွင့်ရခဲ့ပြီ။ ဆရာပြန်ရောက်သွားခဲ့ပြီပေါ့…။ ဆရာရေ…တင်မိုးကို ဘယ်သူမှ သတ်လို့မရပါဘူး။ တင်မိုး ဘယ်တော့မှ မသေဘူးဆိုတာ ကျနော်တို့ အားလုံး ယုံနေတယ် ဆရာ။ ဒီနေ့ ဒီအချိန်မှာလည်း အရိုးသားဆုံး အပြုံးတွေကို အားရပါရ ဆက်ပြုံးနေမယ့် ဆရာ့ကို မြင်ယောင်ရင်း ဦးခိုက်လိုက်ပါတယ်ဆရာ။