တူမောင်ညို ● တိုင်းရင်းသားတွေအကြား အမုန်းစကားတွေ မဖြန့်နဲ့ မြဝတီသတင်းစာ


တူမောင်ညို ● တိုင်းရင်းသားတွေအကြား အမုန်းစကားတွေ မဖြန့်နဲ့ မြဝတီသတင်းစာ
(မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၁၆

(KIO/KIA) ကို အပြုတ်ချေမှုန်းပစ်ဖို့ “ မြဝတီသတင်းစာ” ကနေ အာဘော်ဖန်တီးတဲ့ ဆောင်းပါးတစ်ပုဒ် ဖော်ပြထားပါ တယ်။

၂၀၁၆ ခု၊ ဒီဇင်ဘာလ ၇ ရက်နေ့ သတင်းစာမှာဖော်ပြထားပါတယ်။ ဆောင်းပါးအမည်နဲ့ ဆောင်းပါးရှင်က အခုဖြစ်ပါတယ်။
“ကချင်ပြည်နယ်မှ ကချင်သားစစ်စစ်တို့၏ ရင်ဖွင့်သံများ”  - (ဟံသာဝတီ ဦးအုန်းကြိုင်)

ဒီဆောင်းပါးရဲ့အာဘော်က ပြည်သူ့လွှတ်တော်မှာ (မိတ္တီလာမဲဆန္ဒနယ်မှ) ဒေါက်တာမောင်သင်း(ကြံ့ဖွံ့ပါတီ) နဲ့  ရှမ်းပြည်နယ် လွှတ်တော်တွေမှာ [လားရှိုးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)]မှ ဦးအောင်သူတို့ တင်သွင်းတဲ့ အဆိုတွေ၊ ဒီအဆိုတွေကို ထောက်ခံဆွေးနွေး ကြတဲ့သူတွေရဲ့ သဘောထားရပ်တည်ချက်တွေနဲ့လည်းပဲ တစိတ်ထဲတဝမ်းထဲ၊ တကြိတ်ထဲ၊ တဉာဏ်ထဲ၊ တထပ်ထဲ၊ တဆက်ထဲ ပဲဖြစ်ပါ နေတာတွေ့ရပါတယ်။ ကြိုတင်စည်းဝါးကိုက်ထားကြတာဖြစ်လိမ့်မယ်လို့ ယူဆရင်လည်း ရနိုင်ပါတယ်။

ဆောင်းပါးထဲမှာ (KIO/KIA) ကို အပြင်းထန်ဆုံး၊ အရင့်သီးဆုံး စကားလုံးတွေ သုံးပြီး ပုတ်ခတ်ဆဲရေးထားပါတယ်။ သိသာ အောင် စကားလုံးတချို့၊ စာပိုဒ်တချို့ကို ကွက်ပြီး ဖော်ပြပါ့မယ်။

“ ကေအိုင်အေဆိုတာ စစ်သွေးကြွအဖွဲ့ တစ်ခုပဲဖြစ်တယ်” (ဆောင်းပါး အစကို ဒီစာပိုဒ်နဲ့ ဖွင့်ထားတာပါ)
“ကေအိုင်အေဆိုတာ လိုင်ဇာမှာနေတဲ့ လက်နက်ကိုင်အစုအဖွဲ့တစ်ခုမျှသာဖြစ်တယ် ”
“တပ်မတော်အစိုးရနဲ့ ငြိမ်းချမ်းရေးမလုပ်ခင်ကာလက ကေအိုင်အေထဲမှာ ဂျိန်းဖော့လူမျိုးကြီးဝါဒအစွဲတွေနဲ့ အချင်းချင်း လုပ် ကြံကြ၊ သတ်ဖြတ်ကြ၊ နေရာလုကြ၊ ခွဲထွက်ကြနဲ့ အကျင့်စာရိတ္တပိုင်းမှာလည်း လူမှုရေးဖောက်ပြန်တဲ့ ခေါင်းဆောင်တွေကြီးစိုး ဖူးတယ်”

ဒီလိုအချက်အလက်တွေနဲ့အစချီထားတဲ့ ဆောင်းပါးကို “ဟံသာဝတီ - ဦးအုန်းကြိုင်” ဆိုသူက မြစ်ကြီးနားမြို့မှာ နေထိုင်တဲ့ သူ့ မိတ်ဆွေ “ဘရန်နူး” က ယခုရက်ပိုင်းအတွင်း ရေးပို့လာတာလို့လည်း ဆိုထားပါတယ်။ ကချင်သားစစ်စစ်ဆိုတာ ဘရန်နူး ဆိုတဲ့နာမည်ကို ရည်ညွန်းပုံပါပဲ။ “သယံဇာတခိုးထုတ်တယ်၊ လူသစ်စု၊ ဆက်ကြေးကောက်၊ ဗုံးခွဲ၊ မိုင်းထောင်၊ ခေါင်းဆောင် တွေ ပြည်ပမှာ ဇိမ်ခံ တယ်” စသဖြင့် သယ်လာပြီးမှ  သူလိုချင်တဲ့ အာဘော်ကို အခုလို ဒဲ့ဒိုးရေးချလိုက်ပါတယ်။

“လူလိုပြောမရတဲ့ ကေအိုင်အေကို ကျွန်တော်တို့ကချင်တွေနဲ့ပေါင်းပြီး ခုခံစစ်ကနေ တိုက်စစ်ကိုပြောင်းပစ်ပါလို့ ကျွန်တော်တို့ တောင်းဆိုပါတယ်”တဲ့။ “ကေအိုင်အေကို တော်လှန်ဖို့ စလိုက်ကြပါစို့” ဆိုတာတောင်ပါသေးတယ်။ (မြဝတီက “တော်လှန် ရေး” လှုံ့ဆော်သလား)

တကယ်တော့ ပြည်တွင်းစစ်ကို သွေးရိုးသားရိုး မလိုလားတာမှန်ရင် စစ်ရေးလှုပ်ရှားမှုမှန်သမျှ/ပစ်ခတ်တိုက်ခိုက်မှုမှန်သမျှ ချက်ချင်းရပ်ဆိုင်းဖို့ ပြည်သူလူထုနဲ့အတူဆန္ဒပြကြရမှာပါ။ လွှတ်တော်ကိုယ်စားလှယ်တွေဆီကို သက်ဆိုင်ရာမဲဆန္ဒနယ်က မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ စာရေးသားတောင်းဆိုတာတွေ လုပ်ကြရမှာပါ။ “ဘရန်နူး” (ကချင်စစ်စစ်)ကရေးလာတဲ့ “စာ” ဆိုတဲ့ ဇာတ်လမ်းလေးနဲ့ “တိုက်စစ်ပြောင်းပစ်ပါ” ဆိုပြီး နာဠာဂီရိဆင်ကို အရက်တိုက်တဲ့ အချိုးမျိုးကတော့ မလုပ်သင့်၊ မလုပ်အပ်ပါဘူး။ မလုပ်ကောင်းပါ ဘူး။

လူမျိုးတစ်မျိုးထဲမှာ ဘာသာရေးလူမျိုးရေးသွေးခွဲရန်တိုက်ပေးတာ၊ လူမျိုးတစ်မျိုး၊ အခြားလူမျိုးတစ်မျိုးအကြားမှာ ဘာသာ ရေး အရ၊ လူမျိုးအရေးအရ သပ်ရှို ရန်တိုက်ပေးတာမျိုးတွေ၊ သွေးထိုးလှုံ့ဆော်ပေးတာတွေ မလုပ်သင့်ပါဘူး။ မဖော်ပြသင့် ပါဘူး။ မဖြန့်ချိသင့် ပါဘူး။

ဆောင်းပါးရေးသူအမည်ကလည်း “ဟံသာဝတီ - ဦးအုန်းကြိုင်” ဆိုတော့  (NLD) ဦးအုန်းကြိုင် (အောင်ဝင့်) နဲ့ ထင်မှတ် ရိုး မှား ဖွယ်ရာပါ။ ဒါကလည်း တမင်ကို ဒီလိုဖြစ်အောင်ရည်ရွယ်လေသလား။

“မြဝတီသတင်းစာ” အယ်ဒီတာ့အာဘော်ကနေ  လူမျိုးရေးသွေးခွဲ ရန်တိုက်ပေးတဲ့ အာဘော်တွေ ရေးသားဖော်ပြနေတာကို  သတိထားမိပါတယ်။ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့က အယ်ဒီတာ့အာဘော်မှာလည်း (ဟိုပင်မြို့နယ်၊ နန့်ရင်းကျေးရွာ သူ) မနန်းခမ်းရဲ့သား (ဒေါ်ဒေါင်းမြေး) ကို ကေအိုင်အေဖမ်းသွားတာကို ဇာတ်လမ်းတစ်ပုဒ်လို ရေးထားပါတယ်။

အဲဒီဖြစ်ရပ်က အာဘော်ပါအချက်အလက်တွေအရ ဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆ လောက်က ဖြစ်ပါလိမ့်မယ်။  တကယ်တော့ အဲဒီအာဘော်ဟာ ကေအိုင်အေနဲ့ ရှမ်းနီ (တိုင်းလိုင်)ကို သွေးအေးအေးနဲ့ ရန်တိုက်ပေးထားတဲ့ အယ်ဒီတာ့အာဘော်ဖြစ်ပါ တယ်။

တပ်မတော်ကပိုင်ဆိုင်ချုပ်ကိုင်ထားတဲ့သတင်းစာတစ်စောင်ဟာ တိုင်းရင်းသားအချင်းချင်း သွေးခွဲရန်တိုက်ပေးရာ၊ သွေးထိုး လှုံ့ဆော်ပေးရာ စင်မြင့်တစ်ခု (သို့မဟုတ်) နားကလောစရာ လော်စပီကာတစ်ခု လုံးဝ မဖြစ်သင့်ပါဘူး။ အကယ်၍ ပြင်ပ ဆောင်းပါးရှင် တွေကပဲအခုလို လူမျိုးတမျိုးနဲ့တမျိုး၊ ဘာသာတစ်ခုနဲ့တစ်ခု သွေးထိုးလှုံ့ဆော်ရန်တိုက်ပေးတဲ့ အသုံးအနှုန်း အရေး အသားတွေပါရှိလာခဲ့ မယ်ဆိုရင်တောင်မှ တပ်မတော်ပိုင် သတင်းစာတစ်စောင်အနေနဲ့ “ပြည်ထောင်စု မပြိုကွဲရေး - ဒို့အရေး။ တိုင်းရင်းသားစည်းလုံး ညီညွတ် မှုမပြိုကွဲရေး - ဒိုအရေး” လို့ဆိုတဲ့ ကြွေးကြော်သံတွေ အတွက် လိုအပ်သလို တည်းဖြတ်ကြရမှာပါ။

အခုတော့ တပ်မတော်ပိုင်သတင်းစာကနေ သွေးခွဲရန်တိုက်ပေးတဲ့ အာဘော်တွေ/ ဆောင်းပါးတွေ ရေးသားဖော်ပြဖြန့်ချိနေပါ တယ်။

ဒီလို အာဘော်တွေ/ဆောင်းပါးတွေဟာ   “တပ်မတော်” ရဲ့ သဘောထားကို အမှန်ကို ထင်ဟပ်နေပါသလား။

အယ်ဒီတာတွေ၊ ဆောင်းပါးရှင်ပါးရှင်တွေရဲ့ ကိုယ်ပိုင်အယူအဆတွေပဲ လား။ ဒါမှမဟုတ် တပ်မတော်က တာဝန်ပေးထားတဲ့ လခစားအယ်ဒီတာတွေ၊ လခစားဆောင်းပါးရှင်တွေက တပ်မတော်ရဲ့သဘောထားအညီ တသွေးထဲ၊ တသံထဲ လက်စွမ်းပြ ရေးသားချက်တွေများလား။ ဒါမှမဟုတ် နှစ်ခုစလုံးများလား။

လောကနီတိဆုံးမစာမှာ “ဦးချိုရှိသောသတ္တဝါကို အတောင်ငါးဆယ် အဝေးမှ ရှောင်ရာ၏။ မြင်းကိုကား အတောင်တစ်ရာ အဝေးမှ ရှောင်ရာ၏။ အစွယ်ရှိသောဆင်ကိုမူ အတောင်တစ်ထောင် အဝေးမှရှောင်ရာ၏။ လူမိုက်ကိုမူ အရပ်ကို စွန့်သဖြင့် ရှောင်ရာ၏” လို့ ဆိုပါတယ်။

 အပြစ်မဲ့တိုင်းရင်းသားပြည်သူတွေအဖို့မှာတော့ “ အစိုးရစစ်တပ်လာပြီဟေ့”ဆိုတဲ့ “အသံ” ကြားရင်  အိမ်နီးချင်းနိုင်ငံပိုင်နက် တွေထဲအထိ အသက်ဘေး၊အရှက်ဘေးကနေ လွတ်မြောက်အောင် ပြေးဝင်ခိုလှုံကြရတာကလည်း တကယ့်အဖြစ်မှန်တွေ ထဲက တကယ့် ဖြစ်ရပ်မှန်တစ်ခုဖြစ်ပါတယ်။

ညွန်း

- မြဝတီသတင်းစာ၊ အယ်ဒီတာ့အာဘော် (၁-၁၂-၂၀၁၆)
- မြဝတီသတင်းစာ (၇-၁၂-၂၀၁၆)