နေစိမ့် ● ပုဇင်းရင်ကွဲများ


နေစိမ့် ● ပုဇင်းရင်ကွဲများ
(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၁၆

စိတ်ထိန်းကြိုးက ပြေထွက်လာတဲ့မောဟ
အာရုံကိုထိုးဆိတ်မွှေနှောက်လို့
အစွဲအလန်းတို့ရဲ့ ဆုံမှတ် တပ်မက်မှုထဲ
ရမ္မက်တွေ ဖွေးဖွေးလှုပ်လို့။

မဖြစ်သေးတာတွေရှိပေမယ့်
မဖြစ်နိုင်တာတွေ ရှိနေတယ်
ကမ္ဘာကျော်တွေက
ကမ္ဘာကျော်ဓာတ်ခံနဲ့ ဥပဓိရုပ်ကို ထိန်းထားတယ်။

ဗန်ဂိုးရဲ့နေကြာပန်း ပန်းချီကားမျက်နှာကျက်မှာ
ကျန်ခဲ့တဲ့နားရွက်တဖက် ချိတ်ထားလို့မရဘူးလား
ဂေါ်ဂင်က မှော်ရုံတောထဲ ဝံပုလွေတွေ တောချောက်ခံရ
တဟီတီကျွန်းပေါ် ဒုက္ခပုံကြီးပစ်ချ
စိတ်ထန်ရုပ်ကြမ်းခေတ်ကြီးတလျှောက်လုံး
အလင်္ကာတွေ ကွယ်ထားဝှက်ထားရ။

လောကဓံကျဉ်စက် အင်ဂျင်ခုတ်မောင်းနေပုံက
ရှင်သန်မှုကို ကံကြမ္မာခွေးသွားစိတ်တွေ တရိရိကိုက်ဖြတ်နေသလို
ကမ္ဘာ့တနေရာက မထင်မရှားကဗျာဆရာတယောက်
ရောင်းမထွက်တဲ့ ကဗျာစာအုပ်တွေပုံပြီး
ဘိလပ်မြေဖျော်ချ ဂူသွင်းသင်္ဂြိုဟ်လိုက်တော့မှ
ဟိုးလေးတကျော် ဖြစ်သွားတယ်။

စကြဝဠာ အစနဲ့အဆုံးကို ဂိမ်းကစား
စတီဖင်ဟော့ကင်းက
အနုပညာအကြောင်း ဘာမှမရှင်းပြခဲ့ဘူး။ ။

နေစိမ့်