မောင်ကို ● ဒီမိုကရေစီဆိုတာ နှလုံးသားကြီးမြတ်သူတွေနဲ့သာ ထိုက်တန်တယ်

 မောင်ကို ● ဒီမိုကရေစီဆိုတာ နှလုံးသားကြီးမြတ်သူတွေနဲ့သာ ထိုက်တန်တယ်
(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၁၆

ပြန်ကြားရေးဝန်ကြီးဌာနကလုပ်တဲ့ ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲနဲ့ စာအုပ်ဈေးရောင်းပွဲ နောက်ဆုံးနေ့ လည်းဖြစ်လို့ လိုချင်တဲ့စာအုပ်လေးတွေဝယ်ရင်း ရောက်ဖြစ်ခဲ့တယ်။ ဒီနေ့ နောက်ဆုံးပိတ်ဖတ်ကြားမည့် ဆရာထွန်းဇော်ဌေး (ဦးဌေးလွင်) နဲ့ နေ့လည်လောက်ဆုံဖြစ်ရင်း စကားစမြည်ပြောဖြစ်ခဲ့တယ်။ သူဖတ်ရမဲ့ မြန်မာ့မြေယာနိုင်ငံရေး စာတမ်းအား ဖတ်ရန် အချိန်မရောက်မီ လက်ဖက်ရည်ဆိုင်ထိုင်ရင်း သူ့မိတ်ဆွေအချို့ဖြစ်တဲ့ ဆရာနောင်ကျော် (ဦးဌေးသိန်း) ဆရာသိန်းသန်းဦးနဲ့ ဒေါက်တာရန်မျိုးသိန်းတို့စာတမ်းတွေ ဖတ်ကြားခွင့်မရခဲ့တဲ့အပေါ် စိတ်မသက်မသာဖြစ်ရတယ်ဆိုတဲ့အကြောင်းနဲ့ ဒီလိုဖြစ်စဉ်မျိုး မဖြစ်ထိုက်တာတော့ ဒီကနေ့ စာတမ်းဖတ်တဲ့အခါ ထည့်ပြောချင်တယ်ဆိုသဖြင့် ဆရာဖတ်မည့်ပွဲအား တက် ရောက်နားထောင်ဖြစ်ခဲ့တယ်။ ဆရာထွန်းဇော်ဌေး၏ သူ့စာတမ်း မဖတ်မှီ ပဏမစကား နိဒါန် စခဲ့တဲ့ စကားလေးကို ပြန်လည် မျှဝေပါရစေ ....

ကျွန်တော်နဲ့အတူ ဖတ်ကြားကြမယ့် မိတ်ဆွေတွေရဲ့စာတမ်းအချို့ဟာ ပါမလာတော့တဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော်တို့ဟာ နိုင်ငံတော်အတွက် တစိတ်တပိုင်း အထောက်အကူပြုလိုစိတ်ကိုအခြေခံပြီး တင်ပြလိုခြင်းသာဖြစ်တယ်။ယုံကြည်ရာ အယူအဆတွေဟာ တူညီချင်မှ တူညီကြပါလိမ့်မယ်။ နိုင်ငံအပေါ်မှာထားတဲ့ စေတနာကတော့ မပိုရင်သာနေမယ် မလျော့ခဲ့ကြပါဘူး။ ဒီနေရာမှာ ၁၉၈၅ ခုနှစ်က အဖြစ်အပျက်တခုအကြောင်း အနည်းငယ်ပြောချင်ပါတယ်။ ၈၃ ၈၄ ၈၅ အ ထိ သခင်ဟောင်းတွေတွေ့ဆုံပြီး နှစ်စဉ် လွတ်လပ်ရေးအထိမ်းအမှတ်မိတ်ဆုံစားပွဲ ကျင်းပကြပါတယ်။ အဲ့ဒီပွဲမှာ ဗိုလ်သခင် ဆရာခေါ် သခင်တင်ဦးက ....

"တိုင်းပြည်စီးပွားရေးနဲ့ နိုင်ငံရေးအခြေနေက သိပ်ကိုဆိုးဝါးနေပြီ။ ဘာပဲဖြစ်ဖြစ် လွတ်လပ်ရေးကိုယူပေးခဲ့တာ တို့သခင် တွေပဲ။ ဦးနေဝင်းလည်း သခင်တယောက်ပဲ။ ဒီတော့ တိုင်းပြည်အခြေနေကို ဗိုလ်နေဝင်းဆီစာရေးတင်ပြဖို့ တို့တွေမှာ တာ ဝန်ရှိနေပြီ" လို့ပြောပြီး စာတင်ခဲ့တယ်။ နောက်မကြာမှီမှာပဲ သခင်တင်ဦးအပါအဝင် သခင်စိန်ဦး ပန်းတနော်ဦးကြီးမြင့်တို့ (၁၀-က) နဲ့ အထိန်းသိမ်းခံရတယ်။ သခင်စိန်ဦးကတော့ ထောင်ထဲမှာပဲ အသက်ပေးလှူခဲ့ရတယ်။ ၄ တိုက် အတိုမှာ ဆုံး သွားတာပါ။ ဒါတွေက လူမသိ သူမသိ ဖြစ်ခဲ့တဲ့ဖြစ်ရပ်တွေပေါ့။

ဒီမှာ ကျွန်တော်ပြောချင်တာက နိုင်ငံရေးသမားအတွက် တာဝန်ဆိုတာ ကိုယ့်ဖာသာကိုယ် ပြဌာန်းတာ ကိုယ့်စေတနာ ကိုယ့် နှလုံးသားကို မလိမ်မညာ စောင့်ထိန်းတာ။ ဒီလမ်းကိုသွားရင် အကွေ့အကောက် ညှောင့်တွေရှိမှန်း သိသိကြီးနဲ့ကို ပေးဆပ် ခဲ့ကြတာ။ အများပြည်သူအတွက်အကျိုးရှိမယ်ဆိုရင် အန္တရာယ်ဖြစ်မှန်းသိလည်း အဲ့ဒီလမ်းကို လျှောက်မှာပဲ။ အမှန်တရားကို နိုင်ငံသားကောင်းတယောက်ပီပီ တင်ပြရဲတာဟာ နိုင်ငံရေးသမားရဲ့ဂုဏ်ရည်တခုအဖြစ် သခင်တင်ဦးတို့လို သခင်တွေက ကျွန်တော်တို့ကို သင်ကြားပေးခဲ့တာပဲ။ အဲ့ဒီစိတ်နဲ့ ကျနော်တို့ ဒီစာတမ်းဖတ်ပွဲအတွက် ပြင်ဆင်ခဲ့ကြတာပါ။

တကယ်တော့ အယူအဆတွေ မတူကွဲပြားခြင်းဟာ ပါတီစုံဒီမိုကရေစီရဲ့ အလှတရားတခုဖြစ်တယ်။ ပန်းတိုင်းပွင့်နေတဲ့ အ ရောင်အသွေးစုံပန်းဥယျာဉ်ဟာ မတူကွဲပြားမှုကို လက်ခံရဲတဲ့ နှလုံးသားကြီးမြတ်သူတွေနဲ့သာ ထိုက်တန်တယ်လို့ ကျနော်ဆို ပါမယ်။ မတူကွဲပြားမှုဟာ ကြောက်စရာမဟုတ်ဘူး။ မတူညီတဲ့ အယူဝါဒတွေ အားပြိုင်နေခြင်းဟာ ကမ္ဘာကြီးရဲ့ အကြမ်းဖတ်မှု တွေကိုတောင် လျော့ချနိုင်တယ်။ ပြောလိုတာက နောက်ပိုင်းမှာ ဘာကိုပဲ ရွေးချယ် ရွေးချယ် ဘာကိုပဲလုပ်လုပ် အယူဝါဒ မတူညီမှုတွေအပေါ်မှာ တန်ဘိုးထားဆွေနွေးငြင်းခုံခွင့်ပေးခြင်းဟာ မင်္ဂလာတရားနဲ့ညီပါကြောင်း အကြံပြုလိုက်ပါတယ်။

သူ့ဖေ့ဘုတ်ခ်က ကူးယူဖော်ပါသည်။



(မိုးမခအယ်ဒီတာ မှတ်ချက် - ဖြည့်စွက်လိုသည်မှာ စာတမ်းဖတ်ပွဲ နိဂုံးချုပ်အစီအစဉ်အရ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်က ပြောကြားတဲ့ မိန့်ခွန်းမှာ ...  ဖိတ်ကြားထားခဲ့တဲ့ စာတမ်းအချို့ တင်ဆက်ခွင့် မရတာနဲ့ ပတ်သက်ပြီး မိမိတို့ဘက်က စနစ်တကျ ဖြေရှင်းပေးဖို့ အဆင့် ချို့ယွင်းချက် ရှိခဲ့တာကြောင့် အခုဒီနေရာကနေ စာတမ်းရှင်များကို တောင်းပန်ပါတယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ် ခင်ဗျား)