ကမ်လူဝေး ● ဆေးရုံ (၉)


ကမ်လူဝေး ● ဆေးရုံ (၉)
(မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၁၆

ပလပ်စတစ်အိတ်ကြီးထဲမှာ
နို့နှစ်ရောင်အရည် အရည်ကြည်
သူ့အကန့်နဲ့သူ။

ရေပါတယ် အချိုဓာတ်ပါတယ်
အသားဓာတ်ပါတယ်
အဆီဓာတ်ပါတယ်
ဗီတာမင်စုံပါတယ်
တနေ့တာ လိုအပ်သမျှ အာဟာရ
သွေးကြောထဲကို ထည့်ဖို့
အိတ်ကြီးတလုံးမှာ အစုံပါတယ်။

တနေ့တာ လုပ်အားခ
သုံးထောင်လေးထောင် ရှာနေရတဲ့ တိုင်းပြည်မှာ
တနေ့စာ အာဟာရအိတ်က
ငွေသိန်းချီပြီး တန်တယ်။

လွယ်လွယ်သေမရတဲ့ ဘဝတွေ
ရှင်သန်ခြင်းရဲ့ဒုက္ခထဲမှာ
ကွဲ ကြေ နေ။ ။

ကမ်လူဝေး