ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

စံလှကြီး ● စုပြုံတိုး ပညာရေး ဒုလ္လဘ လွန်မြောက်သောအခါ

စံလှကြီး ● စုပြုံတိုး ပညာရေး ဒုလ္လဘ လွန်မြောက်သောအခါ
(မိုးမခ) ဒီဇင်ဘာ ၂၁၊ ၂၀၁၆

ပြီးခဲ့သော ဇွန်လက ဆယ်တန်း စာမေးပွဲအောင်စာရင်းများ ထွက်ခဲ့သည်။ သူငယ်ချင်းတဦးမှာ သူ့သမီးလေး ဘာသာစုံ ဂုဏ်ထူးဖြင့် အောင်သဖြင့် facebook ပေါ် ဝမ်းသာအားရ ရေးတင်ရှာသည်။ မိဘမေတ္တာ မဟုတ်လား။ သူ့မှာ ကိုဖိုးစွံဟု ဆိုရလောက်အောင် တက္ကသိုလ် ပထမနှစ်ကပင် အိမ်ထောင်ကျခဲ့သူပေ။ အားလုံးထဲတွင် သူသာလျှင် အရွယ်ရောက်သော သားသမီးရှိပြီး ကျန်သူများမှာ သူ့လောက် သားသမီး ကြီးကြီးမားမား မရှိကြ။ သူ့လို မစွံခဲ့ကြဟု ဆိုနိုင်၏။

သူနှင့်တွေ့သောအခါ ဝမ်းသာကြောင်းပြောမိတော့ သူက သူကိုယ်တိုင် အောင်မြင်ခဲ့စဉ်ကထက် ပိုပျော်မိသည်ဟု ဆိုပြန် သည်။ တဆက်တည်း သူစိတ်ပူနေသည်ဟုလည်း ပြောလေသည်။ စိတ်ပူရခြင်း အကြောင်းမှာ ယခုနှစ်တွင် တက္ကသိုလ်ဝင် ခွင့်ကို အမှတ်စာရင်းဖြင့် မဆုံးဖြတ်ပဲ ဝင်ခွင့်စာမေးပွဲထပ်ဖြေရမလိုလို သတင်းကြားနေသောကြောင့်ပင်။ သူ့ဘက်က စဉ်း စားတော့လည်း စိတ်ပူစရာပင်။ သမီးလေး ဒီလောက်ထူးချွန်အောင်မြင်ပြီးကာမှ နောက်တဆင့်တွင် ခြေချော်လက်ချော် ဖြစ် သွားမှာ စိုးရိမ်ပေမည်ပေါ့။ (နောက်ပိုင်းကြားရသောသတင်းများအရတော့ ထိုအစီအစဉ်မဖြစ်တော့ဟု ဆိုသည်။ မဖြစ်တာ လည်း ခပ်ကောင်းကောင်းပင်။ မဟုတ်လျှင် ကျောင်းသားများ ဆယ်တန်းစာမေးပွဲဖိအားကို နှစ်ကြိမ်ခံစားရသလို ဖြစ်နေဦး မည်။)

မြန်မာနိုင်ငံက ကျောင်းသားများအတွက် ဆယ်တန်းစာမေးပွဲဖိအားမှာ အကြီးဆုံးပင်။ ယင်းဖိအားကို ဆယ်တန်းစာမေးပွဲ ဖြေဆိုခဲ့ဖူးသော ကျောင်းသား ကျောင်းသူအားလုံး ကြုံဖူးခဲ့ကြသည်သာ။ မှတ်မိပါသေးသည်။ ကိုယ်တိုင် ဆယ်တန်း ကျောင်းသားဘဝက အတန်းတက်တက်ချင်း ပထမနေ့တွင် ဆရာတိုင်းလိုလိုက ဆုံးမစကား ပြောကြသည်။ ဆရာ အားလုံး နီးပါးက ဆယ်တန်းစာမေးပွဲသည် ဘဝအတွက်အရေးကြီးသဖြင့် မမေ့မလျော့ ကြိုးစားဖို့လိုကြောင်း၊ တမှတ်သည် တဘဝပင် ဖြစ်ကြောင်း၊ ဆရာတို့လည်း တပည့်တို့ကို အလွန် အားထားကြောင်း ပြောကြသည်။ အတန်းပိုင်ဆရာဆိုလျှင် "အေး အခုတော့ ဆရာရှေ့မှာ မင်းတို့သူငယ်ချင်းတွေရဲ့ ဘဝတွေဟာ အတူတူပေါ့။ ဒါပေမယ့် ဆယ်တန်းအောင်ပြီးတာနဲ့ တ ယောက်နဲ့ တယောက် ကွာခြားသွားပြီ။ ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်ဗိုလ်ဆိုပြီး ဘဝတွေ အမျိုးမျိုးကွဲသွားလိမ့်မယ်" ဟုပင် ပြောခဲ့သည်။ ထိုစကားကြောင့် ကိုယ်တိုင်တော့ အတော်တုန်လှုပ်သွားမိပါသည်။ တခြား ကျောင်းသားများလည်း တယောက် မျက်နှာတယောက် အပြန်အလှန် ကြည့်ကြသည်ကို တွေ့လိုက်ရပါသည်။ အချင်းချင်း ပြိုင်ဘက်ဟူသော သဘောထားမျိုး မသိမသာ ဝင်သွားခဲ့ပါပြီ။ ကိုယ့်ဘဝကို ပြောင်းသွားစေမည့်အရာဆိုတော့ ဘယ်သူ စိတ်မလှုပ်ရှားပဲနေပါ့မလဲ။ ဆရာတွေ ပြောတာလည်း မှားသည်ဟု မဆိုနိုင်ပါ။ အခြေအနေတွေက အဲဒီအတိုင်း တကယ်ဖြစ်နေခဲ့သည်ပဲ။

ဆရာ ဆရာမများ အနေနှင့်လည်း ကိုယ့်အခန်းကို အထူးအားထားနေခဲ့တာ အမှန်ပင်။ ကျွန်တော်တို့ကျောင်း၏ စနစ်အရ ဤတန်းခွဲတွင်ရှိသော ကျောင်းသားများမှာ ပညာရည်အကောင်းဆုံးဟုယူဆရသော ကျောင်းသားများကို စုထားခြင်းဖြစ် သည်။ ဆရာတွေကိုယ်တိုင်လည်း လက်ရှိ ချန်ပီယံအသင်းကို နည်းပြရသော နည်းပြအဖွဲ့လို ဖိအားတွေဝင်နေခဲ့သည်ဟု ထင်ပါသည်။ ယခင်နှစ်ကတင်ထားခဲ့သော အောင်မြင်မှုစံချိန်ကို ဆက်ထိန်းနိုင်ပါ့မလား ကျော်လွန်နိုင်မည်လား စသော ဖိ အားတွေ ဖြစ်ပါလိမ့်မည်။

ထိုစာသင်နှစ် တနှစ်လုံးမှာ ကျောင်းသားဘဝတလျှောက်တွင် ဖိအားအများဆုံးဖြင့် ကျော်ဖြတ်ခဲ့ရသောနှစ်ပင်။ မမေ့မလျော့ သော သတိဖြင့်လည်း နေခဲ့ရလေသည်။ သူငယ်ချင်း အချင်းချင်းလည်း ပြိုင်ဘက်လို သဘောထားကာ အမှတ်ချင်း ပြိုင်ရန် ကြိုးစားခဲ့ကြသည်။ ထိုစဉ်က သူငယ်ချင်းတဦးမှာ အတန်းထဲတွင် စာရေးသူကို အထူးစိတ်ဒုက္ခပေး၏။ သူ အနှောင့်အယှက် ပေးပုံမှာ စာထဲတွင် စိတ်မဝင်စားနိုင်အောင် လုပ်ခြင်းမျိုး ဖြစ်သည်။ သချာင်္တွက်နေသည်ဖြစ်စေ ဇီဝဗေဒ ပုံဆွဲနေသည်ဖြစ်စေ သူရောက်လာတတ်ပြီး နောက်ပြောင်သလိုဖြင့် စာအုပ်ဆွဲလုခြင်း၊ ဒီနှစ်မှာ ကျောင်းရဲ့ဂုဏ်ကိုဆောင်မယ့် ကျောင်းသားကြီးကို လေးစားပါတယ် ဆိုပြီး စပ်ဖြဲဖြဲ လုပ်ခြင်းကဲ့သို့သောအမှုများကို ကြိုးစားပမ်းစားပြုရှာသည်။ စိတ်ဆိုးရမည်လည်း အခက်။ စိတ်ဆိုးလျှင် အသေးအဖွဲဖြင့် စိတ်ဆိုးတတ်သည့် မရင့်ကျက်သူ ဖြစ်မည်။ စိတ်မဆိုးရအောင်လည်း သူထိုသို့ နှောင့်ယှက် တိုင်း အာရုံစူးစိုက်မှု လျော့သွားတတ်ပြန်သည်။ တိုက်ဆိုင်သည်မှာ ဆယ်တန်းအောင်ပြီး အမှတ်စာရင်းအရ တက္ကသိုလ် ခွဲပြန်တော့လည်း ထိုသူငယ်ချင်းနှင့် အတူပင် တက္ကသိုလ်တခုတည်းသို့ ရောက်သွားခဲ့ပြန်သည်။ တက္ကသိုလ်တက်စဉ်တွင် တမြို့နယ်တည်း တကျောင်းတည်းထွက် ဖြစ်သော်လည်း သူ့ကို ခင်ခင်မင်မင် မရှိ အခြား သူငယ်ချင်းများနှင့်သာ တတွဲတွဲ ရှိခဲ့သည်။ ဟိုတုန်းက မကျေနပ်ခဲ့သည့် စိတ်အခံကြောင့်လော မပြောတတ်ပါ။

ဤကဲ့သို့သောအဖြစ်မျိုးကို တခြား ကျောင်းသား ကျောင်းသူများလည်း အနည်းနှင့်အများ ကြုံဖူးကြမည် ထင်ပါသည်။ တမှတ်သည် တဘဝဟူ၍ ခံယူ ကြိုးစားရာမှ အချင်းချင်း ပြိုင်ဘက်သဖွယ် ဖြစ်ခဲ့ရခြင်းပင်။ ယခုကဲ့သို့ ပွင့်လင်းလာသော ခေတ်တွင် အမှတ်နှင့်ဆုံးဖြတ်သောစနစ်ကို ဝေဖန်မှုများ ရှိလာသည်။ ဆယ်တန်းအောင်မှတ်ဖြင့် ဆုံးဖြတ်မည့်အစား ဝင်ခွင့် စာမေးပွဲတရပ် ထပ်မံဖြေဆိုခိုင်းသော် ကောင်းမည်လား၊ ဝင်ခွင့်စာမေးပွဲတွင် ဉာဏ်စမ်းမေးခွန်းများ မေးရသော် ကောင်းမည် လား စသောအဆိုပြုချက်များလည်း ကြားလာရသည်။ ကိုယ်ပိုင်အယူအဆအရတော့ ဝင်ခွင့်စာမေးပွဲဆိုပြီး ထပ်လုပ်လည်း ထူးမည် မထင်ပါ။ ဝင်ခွင့်စာမေးပွဲအတွက် သင်တန်းတွေ ကျူရှင်တွေတက်ရခြင်းသာ ပိုလာစရာ ရှိပါသည်။ အကြောင်းမှာ စာမေးပွဲကြောင့် ဖိအားများရခြင်းမဟုတ်ပဲ မြန်မာပြည်ရှိ တက္ကသိုလ်များ၏ ဂုဏ်အဆင့်အတန်းမတူသလို ဖြစ်နေခြင်းကြောင့် ပင်။

အကျယ်ချဲ့၍ဆိုရသော် ကျွန်တော်တို့ခေတ်က ဆယ်တန်းကျောင်းသားတိုင်းလိုလို အတက်ချင်ဆုံး တက္ကသိုလ်နှစ်ခုမှာ ဆေးတက္ကသိုလ်နှင့် စက်မှုတက္ကသိုလ်တို့ ဖြစ်ပါသည်။ ထိုတက္ကသိုလ်နှစ်ခုမှာ ၁၉၆၂ အလွန်မှစပြီး မြန်မာ့ပညာရေးတွင် ရေပန်း အစားဆုံး ဖြစ်ခဲ့သည်။ နှစ်စဉ် ကျောင်းသားများ၏ အိပ်မက်လည်း ဖြစ်သည်။ ထိုစဉ်က အခုခေတ်လို ရေကြောင်းပညာ တက္ကသိုလ်တွေ၊ နိုင်ငံခြားမှလာဖွင့်သောကျောင်းတွေ မပေါ်သေးပေ။ ထိုတက္ကသိုလ်များသို့တက်ခွင့်ရဖို့မှာလည်း အမှတ် အလွန်ကောင်းမှ ရမည်။ ဆေးတက္ကသိုလ်ဆိုလျှင် ရန်ကုန်တိုင်း၏ ဆင်ခြေဖုံးမြို့များပင်လျှင် နှစ်စဉ်ဝင်ခွင့်ရသူအရေ အ တွက်ကို လက်ချိုးရေနိုင်သည်။ အချို့နှစ်များတွင် လက်ဆယ်ချောင်း မပြည့်တာတောင် ရှိသည်။ ဝေးလံသီခေါင်သော နယ် စပ်ဒေသများရှိ မြို့နယ်များဆိုလျှင် အနှစ် ၂၀ လောက်ကြာမှ ဆေးကျောင်းသားတယောက် ပေါ်ထွန်းတာတောင် ရှိသည်ဟု ဆိုသည်။

လူ့ဘဝသည် အလွန်ရခဲလှသဖြင့် "မနုဿတ ဘာဝ ဒုလ္လဘ" ဟု ဆိုကြသည်။ ရဟန်း ဘဝသည်လည်း အလွန် ရခဲလှသဖြင့် "ပဗ္ဗဇိတ ဘာဝ ဒုလ္လဘ" ဟု အဆိုရှိသည်။ ထို့အတူ ကိုယ့်ခေတ်က ကျောင်းသားများ အတွက်လည်း "ဆေးကျောင်းသား ဘာဝ ဒုလ္လဘ" "စက်မှုကျောင်းသားဘာဝ ဒုလ္လဘ" ဟု ဆိုနိုင်သည်။ ကျောင်းသားပေါင်းများစွာထဲမှ ရှားရှားပါးပါး ခဲရာခက် ဆစ် တက်ခွင့်ရသူများ ဖြစ်သည်ကိုး။

တကယ်တော့ အနှီပညာရေး ဒုလ္လဘတရားသည် မကောင်း။ ကျောင်းသားများအတွက်လည်း အလွန် ဖိအား ကြီးမားသည်။ ပြီးတော့ တိုင်းပြည်၏ အတော်ဆုံးဟုဆိုနိုင်သော ကျောင်းသားများ ပညာရပ်နယ်ပယ်တခု နှစ်ခုတည်းတွင် စုပုံနေသည် ဆို လျှင် တခုခုတော့မှားနေပြီဟု ထင်ပါသည်။ ကျောင်းသားတွေ အတွက်လည်း မကောင်း။ လူတော်တယောက် ဖြစ်သော်လည်း ဆေးပညာသည် သူစွမ်းဆောင်နိုင်ဆုံးနယ် ဖြစ်ချင်မှ ဖြစ်မည်။ စက်မှုပညာသည် သူ့အစွမ်းကို အကုန်ထုတ်ပြနိုင်သော နယ် ပယ် ဖြစ်ကောင်းမှ ဖြစ်မည်။ သမိုင်း၊ ဘာသာဗေဒ၊ ဒဿနိကဗေဒ၊ နိုင်ငံရေးသိပ္ပံ၊ ဥပဒေ စသည်တို့တွင် ထူးချွန်ထက်မြက်သူ ဖြစ်ချင် ဖြစ်နိုင်သည်။ တိုင်းပြည်တိုးတက်ရန်အတွက် ပညာရပ်နယ်ပယ်အသီးသီးတွင် လူတော်များ ညီမျှစွာ ပျံ့နှံ့ရောက်ရှိ ရန် လိုပေသည်။

ဒါဆိုလျှင် ကျောင်းသားတွေကို အမှတ်နဲ့ မဆုံးဖြတ်ပဲ ကိုယ်တက်ချင်ရာ တက်ခွင့်ပေးလိုက်ပါဆိုတော့လည်း မဖြစ်နိုင်ပြန်။ လွန်ခဲ့သော အနှစ် ၂၀ ကျော်လောက်က ဆိုလျှင် တနိုင်ငံလုံးက ကျောင်းသားတွေက ဆေးကျောင်းပဲ တက်ချင်သည်ဟု ဖြေလိမ့်မည်။ အခုဆိုလျှင်တော့ ဘယ်တက္ကသိုလ်မှာ စုပြုံနေမလဲ မဆိုနိုင်။ ကျောင်းသားဘက်က ကြည့်တော့လည်း ဘယ် သူမှ ရှေ့တက်လမ်းမရှိဟုထင်ရသော ပညာရပ်များကို သင်ချင်ကြမည်မဟုတ်။ ရှေ့တက်လမ်းဆိုရာတွင် အလုပ်အကိုင် အခွင့်အလမ်းသာမက  နိုင်ငံရပ်ခြားသို့ ပညာဆက်လက်သင်ကြားနိုင်ခွင့်ရှိခြင်း၊ အဆင့်မီဆရာများ သင်ကြားနေခြင်း၊ ဂုဏ် သိက္ခာမြင့်မားသောတက္ကသိုလ်ဖြစ်ခြင်း စသည်တို့လည်း ပါဝင်ပါလိမ့်မည်။

လွတ်လပ်ရေးမရခင်အချိန်နှင့် လွတ်လပ်ရေးခေတ်ဦးကာလများတွင် ဆေးပညာသည် မြန်မာကျောင်းသားများအတွက် ခေတ်မစား။ တက်ရောက်သူ ရှားသည်။ စစ်ကြိုခေတ်နှင့် လွတ်လပ်ရေးခေတ်ဦးက ရုပ်ရှင်ဟောင်းများ ပြန်ကြည့်လျှင်ပင် ဆရာဝန်ကြီးလာပြီဟူသောအခန်းတွင် ပန်ချာပီခေါင်းပေါင်းနှင့် အိန္ဒိယအမျိုးသားကြီးကို တွေ့ရလိမ့်မည်။ ရန်ကုန်မြို့တွင် အိန္ဒိယ အမျိုးသားဆရာဝန်များ ကြီးစိုးခဲ့ဖူးသည်။ ထိုစဉ်က အတော်ဆုံးသော မြန်မာကျောင်းသားများသည် ဘီအေဘွဲ့ပေး သော အထူးပြုဘာသာရပ်များကို ရွေးတက်ကြသည်။ "ကိုဘီအေ မြို့အုပ်လောင်းက အုပ်ပေါင်းပေါင်းလို့ တုတ်တချောင်းနဲ့ လမ်းကိုလျှောက်တယ်....ခေါင်းပေါင်းစ ရှည်လွန်း ရှည်လွန်းတယ်" ဆိုသော သီချင်းများ ခေတ်စားခဲ့သည်။ သီချင်းထဲက အတိုင်းလည်း ညနေစောင်းလျှင် ကိုဘီအေက ခေါင်းပေါင်းကြီး ပေါင်းပြီး လမ်းလျှောက်ထွက်လာလျှင် ဖီးလိမ်းပြင်ဆင်ထား သော အပျိုချောများက လူလုံးထွက်ပြကြသည်ဟု ဆိုသည်။ အပျို့မိခင်များကလည်း မကန့်ကွက်ဟု ဆိုသည်။ အသက် ၂၀ ကျော်ခန့်သာ ရှိမည် ဖြစ်သော လူငယ်လေးက ခေါင်းပေါင်းကြီးပေါင်းကာ တုတ်ကောက်ကြီးဖြင့် လမ်းလျှောက်လာပုံကို မြင် ယောင်ကြည့်နိုင်သည်။ ကျွန်တော်တို့ခေတ်က ခေတ်အစားဆုံး အမ်စီမောင်မောင်သည် ကိုဘီအေလောက် ရေပန်းမစား တာ သေချာပါသည်။ ရေပန်းစားပေမည်ပေါ့။ သူတို့ခေတ်က အင်္ဂလိပ် ဗျူရိုကရေစီစနစ်အရ ဘီအေဘွဲ့ရသူများသည် မြို့ ပိုင် နယ်ပိုင် ဖြစ်လာဖို့များသည်။ သူတို့ခေတ်က မြို့ပိုင်ဆိုတာ ဘုရားထူးပြီး တုန်နေအောင်ကြောက်ရသူများ ဖြစ်သည်။ ဒီ တော့ လေးနှစ်လောက်တက်ပြီး ကိုဘီအေက အလုပ်ကောင်း အကိုင်ကောင်းနှင့် ဖြစ်နေချိန်တွင် အမ်စီမောင်မောင်မှာ ဖားခွဲ ငါးခွဲ သွေးသံတရဲရဲနှင့် ၇ နှစ်လောက် ရုန်းကန်ရဦးမည်။ ဒီတော့ ကိုဘီအေက ပိုအရေးသာခဲ့သည်။ သို့သော် ကျွန်တော် တို့ခေတ်ကျပြန်တော့ ဘီအေဆိုတာ အမှတ်နည်းတဲ့ လူညံ့တွေတက်တာဟူ၍ အမ်စီမောင်မောင်တွေ စက်မှုမောင်မောင် တွေက အထင်သေးကြပြန်သည်။ ခေတ်အခြေအနေပေါ်လိုက်ပြီး လူတွေ၏စိတ်နေသဘောထားတွေ ပြောင်းသွားခြင်းသာ။

အမှန်တော့ တိုင်းပြည်တိုးတက်ရေးအတွက် အမ်စီမောင်မောင် လိုအပ်သလို ကိုဘီအေ ကိုစက်မှု ကိုဒဿန စသည်ဖြင့် နယ်ပယ် အသီးသီးတွင် လူတော်များလိုအပ်ပါသည်။ ထိုသို့ လူတော်များ နေရာအသီးသီးသို့ရောက်လာအောင် သူတို့ အ တွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးရမည်။ ဂုဏ်သိက္ခာကြီးသော တက္ကသိုလ်များဖြစ်အောင် တည်ထောင်ပေး ရမည်။ သို့ဆိုလျှင် ကျောင်းသားအားလုံး တက္ကသိုလ် တခု နှစ်ခုတည်းတွင် စုပြုံတိုးနေခြင်းများ ဖြစ်မလာနိုင်တော့။ ထိုအချိန် တွင် အမှတ်နဲ့ခွဲသောစနစ်မှာ သူ့အလိုလိုပင် ပျောက်သွားရပေမည်။ သို့သော် ထိုသို့ တက္ကသိုလ်များကို အဆင့်အတန်း တူ အောင် ဖန်တီးနိုင်ဖို့ကလည်း အချိန်ယူရဦးမည် မလွဲပါ။

ယခုအချိန်တွင် နိုင်ငံတော်တာဝန်ရှိသူများက အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားနိုင်ရေးကို ဦးစားပေးလာသည်ကို တွေ့ရသည်။ ကောင်းသောအစီအစဉ် ဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံတွင် နှစ်ပေါင်း ၄၀ ကျော်ခန့် တက္ကသိုလ် ပညာသင် ကြားရေးစနစ် ပျက်သလောက် ဖြစ်သွားခဲ့ပါသည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင်မူ အဆိုးဆုံး ဖြစ်ပါသည်။ ယခု နိုင်ငံတော် တာဝန်ရှိသူများက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများဝင်လာအောင် တတ်နိုင်သမျှ ကြိုးစားနေကြသည်။ ရင်နှီးမြှုပ်နှံမှုများ ဝင်လာ လျှင် ကိုယ့်နိုင်ငံသားများ အလုပ်အကိုင်ရရေးအတွက် ဥပဒေများလည်း ရေးဆွဲရဦးမည်။ သို့သော် ကိုယ့်နိုင်ငံသားအရွယ် ရောက်သူများက ပညာရေးခေတ်ပျက်နှင့် တိုးခဲ့ကြသည်။ အခုမှ ပြန်သင်ရအောင်ကလည်း အသက်တွေကကြီးကုန်ပြီ။ ပြီး တော့ တက္ကသိုလ်ပညာမှာ ရေရှည်သင်ရသော ပညာမျိုး ဖြစ်သည်။ အသက်မွေးဝမ်းကျောင်း ပညာကျတော့ အချိန်တိုတိုနှင့် အကျိုးကျေးဇူး ပေါ်ထွန်းလာနိုင်သည်။ အလုပ်လုပ်ရင်းလည်း သင်လျှင် ဖြစ်နိုင်သည်။ ထို့ကြောင့် အသက်မွေးဝမ်းကျောင်း ပညာများကို ဦးစားပေးရတာ ဖြစ်မည်ဟု တွေးမိပါသည်။ တာဝန်ရှိသူများတွင်မူ အသေးစိတ် အစီအမံများပင် ရှိနိုင်ပါသည်။ နိုင်ငံတကာ အဆင့်မီ အသက်မွေးဝမ်းကျောင်းမှု ပညာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေး၊ အလုပ်လုပ်ရင်းနှင့် ကျောင်းတက် နိုင်ရေး၊ နိုင်ငံတကာအဆင့်မီ အသိအမှတ်ပြု စာမေးပွဲများဖြေဆိုနိုင်ရေး စသော ရှေ့အစီအစဉ်များလည်း ရှိမည်ဟု ထင် ပါသည်။

ဆိုရသော် နောင်လာမည့် မျိုးဆက် တခေတ်တွင်မူ တက္ကသိုလ် တခု နှစ်ခုတည်းတွင် ကျောင်းသားများ စုပြုံတိုးနေသော ပညာရေး ဒုလ္လဘမှ လွန်မြောက်၍ ပညာရပ်နယ်ပယ်အသီးသီးတွင် လူတော်များ အချိုးညီစွာ ပျံ့နှံ့ရောက်ရှိမှသာ တိုင်းပြည် တိုးတက်ရေးအတွက် ဟန်ချက်ညီ ပညာရေးဖြစ်လာမည်ကို ယုံကြည်မျှော်လင့်လျှက်။

(ဒီဇင်ဘာ ၁၉ ရက်နေ့ ၂၀၁၆ ထုတ် ဒီလှိုင်းဂျာနယ် အတွဲ (၅) အမှတ် (၄၉) တွင် ပုံနှိပ် ဖော်ပြခဲ့သောဆောင်းပါး ဖြစ်ပါသည်။)