ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

လှကျော်ဇော ● ဒေါ်သန်းစိန်ကြီးများ သိရင်


လှကျော်ဇော ● ဒေါ်သန်းစိန်ကြီးများ သိရင်
(မိုးမခ) ဒီဇင်ဘာ ၁၅၊ ၂၀၁၆

မေမေက ကျမတို့ရှိရာ (ပါတီဌာနချုပ်) ပန်ဆန်းကို ၁၉၈၀ ခုနှစ် အောက်တိုဘာလထဲမှာ ရောက်ရှိလာပါတယ်။ မေမေ ရောက်လာချိန်ဟာ ပါတီတွင်းအတွေးအခေါ် အရှုပ်အထွေးများ စပေါ်ပေါက်နေတာနဲ့ တန်းတိုးပါတော့တယ်။

ပါတီက အရှေ့မြောက်စစ်ဒေသကို စတင်ထူထောင်တဲ့ ၁၉၆၈ ခုနှစ်က ဗမာပြည်တွင်းဝင်လာကြတဲ့ ပါတီတပ်များမှာ ထိပ် ဆုံး ဦးဆောင်သူများသာ ဗမာလူမျိုးတွေ ဖြစ်ကြပါတယ်။ ဒီရဲဘော်ကြီးတွေဟာ ၁၉၅၀ ခုနှစ်များက တရုတ်ပြည် မာ့က်စ်လီ နင်ဝါဒ တက္ကသိုလ်များမှာ သဘောတရားရေးပညာလေ့လာဖို့ စေလွှတ်ခြင်းခံရသူများပါ။ ၁၉၅၅ ခုနှစ် ဘန်ဒေါင်းအစည်း အဝေးက ချမှတ်လိုက်တဲ့ မူ ၅ ချက်နဲ့ ခြေချုပ်မိပြီး တရုတ်ပြည်မှာ သောင်တင်နေသူများပါ။ ကျန်အများတကာ့ အများစု ကြီးကတော့ ရဲဘော်နော်ဆိုင်း (ဗိုလ်နော်ဆိုင်း) (၁၉၅၁-၅၂ က ဖဆပလအစိုးရက လိုက်တိုက်လို့ တရုတ်ပြည်ထဲဝင်ပြေးလာ တဲ့ လူမျိုးစုတပ်များခေါင်းဆောင်)  ဦးစီးတဲ့ ကရင်၊ ကချင်ရဲဘော်များ၊ ၁၉၆၇ ခုနှစ် ဗိုလ်နေဝင်းဖန်တီးခဲ့တဲ့ တရုတ် -ဗမာ အရေးအခင်းအတွင်း၊ တရုတ်ပြည် ပြန်ပြေး လာတဲ့ပင်လယ်ရပ်ခြား တရုတ်အမျိုးသားများ (ဗမာပြည်ပေါက်များဖြစ်ပြီး တ ရုတ်လို ဟွာချောင်လို့ ခေါ်ပါတယ်)၊ တရုတ်ပြည် ယဉ်ကျေးမှုတော်လှန်ရေးအတွင်း တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့တဲ့ တပ်နီ ရဲဘော်များ၊ တရုတ်ဗမာနယ်စပ် အဲဒီဒေသများအတွင်း အစော ပိုင်းကတည်းက ရှိနေခဲ့တဲ့ လယ်သမား ပြောက်ကျားသူပုန်အုပ်စုလေးများ(ဥပမာ -ဝ၊ ကိုးကန့်၊ အခါ၊ ရှမ်း)စတဲ့ လူမျိုးပေါင်းစုံ ပါဝင်ခဲ့ကြပါတယ်။ အဲဒီလူမျိုးပေါင်းစုံ (အားလုံးနီးပါး လူမျိုးစုတွေ) တပ်ကြီးနဲ့ ကျမတို့ရဲ့ အရှေ့မြောက်စစ်ဒေသကြီးကို တည်ဆောက်ခဲ့ကြတာပါ။ သူတို့ရဲ့အသက်သွေးချွေး၊ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ရက်ရက်ရောရော စွန့်လွှတ်စွန့်စားပြီး တည်ဆောက်ခဲ့ကြပါတယ်။ ဗမာပြည်တော်လှန် ရေးကြီးရဲ့ အချိုးအကွေ့ တကွက်မှာ ပြုခဲ့ကြတဲ့ သူတို့ရဲ့ကောင်းမှုပြုချက်တွေကို ဗမာ ပြည်သူတရပ်လုံးက အမြဲသတိရ ကျေးဇူးတင်၊ ဂုဏ်ပြုနေကြမှာပါပဲ။

၁၉၇၂ ခုနှစ် အဲဒီလို နယ်စပ်ဒေသဖွင့်လှစ်ပြီးမှသာ ဗမာရဲဘော်တွေ ဖြိုးဖြိုးဖြောက်ဖြောက် စတင်ရောက်ရှိလာပြီး ၁၉၇၄- ၇၅-၇၆ အရေးတော်ပုံများအပြီးမှာတော့  အတော်အတန် ရောက်လာကြပါတော့တယ်။

အရှေ့မြောက်စစ်ဒေသ တည်ထောင်ရာမှာ နိုင်ငံတကာ့အကူအညီ အများအပြားရခဲ့ပါတယ်။ အဲဒီအကူအညီတွေကြောင့် ရော၊ ဗမာပြည်တွင်း နိုင်ငံရေးလှုပ်ရှားမှု အရှိန်ပြင်းထန်လို့ရော၊ ပဲခူးရိုးမကျအပြီး ဗဟိုကော်မတီအသစ်ကို ထူထောင်လိုက် နိုင်တာကြောင့်ရော၊ အင်ဒိုချိုင်းနားပြည်သူတွေရဲ့ တော်လှန်ရေးအောင်ပွဲ အရှိန်အဟုန်ကလည်း ကောင်းနေတော့၊ အဲဒီ ကာလ တော်လှန်ရေးအခြေအနေဟာ တစုံတရာ ကောင်းမွန်နေပြီး တပါတီလုံး တက်ကြွလှုပ်ရှားနေကြပါတယ်။

၁၉၇၈ ခုနှစ်မှာ တရုတ်ပြည်က နိုင်ငံရေးပေါ်လစီတွေ စတင် ပြောင်းပါတယ်။ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ပေါ်လစီ ချမှတ် လာပါတယ်။ တရုတ်ပြည်ကလည်း ကမBာ့ကုလသမဂ္ဂမှာ ရိုးရိုးအဖွဲ့ဝင်တောင်မက ကြီး ၅ ကြီးထဲပါသွားပါပြီ။ ဒီမှာတင် နိုင်ငံ တကာက ကွန်မြူနစ်လှုပ်ရှားမှုနဲ့ တော်လှန်ရေးတွေကို ပေးနေတဲ့ အကူအညီများကို စတင်လျှော့ချလာပါတော့တယ်။ တခြားနိုင်ငံ တော်လှန်ရေးထဲ ပါဝင်နေတဲ့ သူတို့နိုင်ငံသားတွေကိုလည်း စတင်ပြန်လည်ခေါ်ယူနေပါပြီ။

ကျမတို့ ပါတီထဲက ဟွာချောင်များ၊ တရုတ်ပြည်ယဉ်ကျေးမှုတော်လှန်ရေးအတွင်း ပေါ်ထွက်ခဲ့တဲ့ လက်ဝဲကူညီရေး၊ တပ်နီ လူငယ်များစတဲ့ တရုတ်အမျိုးသားများ ပြည်တော်ပြန်သွားကြပါတယ်။ အများစုကြီးဟာ ကျမတို့ပါတီအပေါ် သံယောဇဉ်ကြီး မားကြတုန်းပါ။ ဘာအကူအညီလိုလို စိတ်အားထက်သန်စွာ ပေးမြဲပါ။ ပါတီထဲက ထွက်သွားကြစဉ်ကလည်း အပ်တိုတချောင်း တောင်မယူဘဲ လက်ချည်းဗလာနဲ့ ထွက်သွားခဲ့ကြတာပါ။ တရုတ်ပြည်ပြန်ရောက်တော့လည်း သူတို့ခမျာ အစကပြန်စပြီး ဘဝကို ရုန်းကန်ရပါတယ်။

ဒါပေမဲ့ ဘယ်အဖွဲ့အစည်းမှာမဆို အနုတ်လက္ခဏာဆောင်သူအချို့ အနည်းစုလည်း ရှိပါတယ်။ “ပြည်တော်ပြန်ရေး” လှိုင်း ထကတည်းက အတွေးအခေါ်မှား (ဥပမာ-‘ရိုးသားသူသာ နစ်နာတယ်’ ဆိုတဲ့ အယူအဆမျိုး) တွေလွှင့်ပြီး အိမ်အပြန် အိတ် အပြည့်ပါရေး ကြိုးစားသူများကလည်း သူတို့ ဒီလိုအိမ်ပြန်တာ တရားကြောင်း၊ ရနိုင်သမျှအခွင့်အရေးယူရမှာဖြစ်ကြောင်း စတဲ့ အတွေးအခေါ် အယူအဆအမျိုးမျိုးနဲ့ ပါတီတွင်း အတွေးအခေါ် ရှုပ်ထွေးအောင် လုပ်ကြပါတယ်။

အဲသလို ပါတီတွင်းပြဿနာတွေ စုပုံကျနေပြီး ပုံစံတွေစတင်ပျက်လာတဲ့အချိန်မှာ မေမေရောက်လာတာပါ။ မေမေက အဲသ လို မတော်မတရားပြောတာတွေ၊ လုပ်တာတွေတွေ့ရင်တော့ သူက ဒိုးခနဲဒေါက်ခနဲ ပြောချတတ်ပါတယ်။ ဗဟိုရုံးနေထိုင်စား သောက်ရေး စခန်းထုအစည်းအဝေးတွေမှာ သူက အမြင်မတော်တာတွေ ထည့်ပြောတတ်ပါတယ်။ ဥပမာ-ခြင် ထောင် မရှိဘူးလို့တင်ပြလာသူကို အရင်ခြင်ထောင်အဟောင်း ပြန်အပ်မှ အသစ်ထုတ်ပေးသင့်တယ်ဆိုတာမျိုးလိုပေါ့။ သူက သူ ဖြတ်သန်းခဲ့တဲ့ စစ်တပ်က အင်္ဂလိပ်စည်းကမ်းတွေနဲ့ (အဲဒီကာလက) စနစ်တကျလုပ်ခဲ့တာတွေကို သူမြင်သမျှ ပြန်မိတ်ဆက် ပေးတာပါ။ တချို့က ပြည်တော်ပြန်ခရီး သယ်နိုင်သမျှ သယ်ဖို့လုပ်နေတာပါ။ ဒီအခါ သူ့ပြောဆိုချက်တွေအပေါ် မကြည်မလင် ဖြစ်လာ ကြပါတယ်။

သူကလည်း “အားလုံး မသိကြလို့သာပေါ့အေ။ သိများသိလို့ကတော့ ဘယ်ကောင်းနိုင်မှာတုန်း” လို့ ကျမတို့ကို မကြာခဏ ခနဲ့တဲ့တဲ့ ပြောတတ်ပါတယ်။

ဒါကြောင့် ဗဟိုခေါင်းဆောင်ရဲဘော်ကြီးများက တချို့ကိစ္စတွေပေါ်ရင် “မင်းတို့အမေကြီး မသိစေနဲ့နော်” တို့၊ “အမယ်လေး ဒေါ်သန်းစိန်ကြီးများသိရင် ဘာပြောမလဲ မသိဘူး” တို့ ပြောလာကြတာ ထုံးစံလို ဖြစ်လာပါတယ်။ မေမေပြောတာတွေကလည်း အမှန်တွေဖြစ်တော့ ဘယ်သူမှလည်း ပြန်မချေပနိုင်ဘဲ မေမေပြောသမျှတွေကို ဖေဖေကအစ အားလုံး ပြုံးဖြဲဖြဲနဲ့ ခေါင်းငုံ့ ခံနေရပါတယ်။

မေမေက ပါတီတွင်းမှာနေစဉ် တွေ့ရတဲ့ အနိဋ္ဌာရုံတွေကို အဲသလို ရယ်သလို မောသလိုနဲ့ ဝေဖန်ပြောဆိုခဲ့ပေမယ့် ပါတီရဲ ကောင်းကွက်နဲ့ ပါတီအပေါ် ကျေးဇူးတင်စကားကိုလည်း ဆိုခဲ့ပါသေးတယ်။ ဒီအကြောင်းကိုလည်း ထည့်သွင်းဖော်ပြ ပြောဆိုမှသာလျှင် မေမေဟာ ဘာမဆို ဘက်စုံကြည့်မြင်တတ်သူတဦးဖြစ်ပြီး ပါတီကို ကောင်းစေချင်လွန်းလို့၊ တော်လှန်ရေး အောင်မြင်စေချင်လွန်းလို့ ဒီလိုဝေဖန်ရေးတွေ ပေးသွားတာဖြစ်တယ်ဆိုတာ သိနိုင်မှာပါ။

၁၉၈၉ ပါတီတွင်း ဖရိုဖရဲဖြစ်သွားပြီးနောက် ၁၉၉၀ ခုနှစ်မှာ ကျမတို့မိသားစု တရုတ်ပြည်ကို ရောက်ရှိလာပါတယ်။ ကျမတို့ နေထိုင်ရတဲ့ဌာနရဲ့စာကြည့်တိုက်မှာင်္မေ Far Eastern Economic Review (အရှေ့ဖျား စီးပွားရေးဂျာနယ်) စာအုပ်အ ဟောင်းတွေ ရှိပါတယ်။ အဲဒါတွေကို ကျမတို့က ယူယူကြည့်ကြပါတယ်။ တနေ့တော့ ၁၉၈၃ ခုနှစ်က လုပ်ကြံသတ်ဖြတ် ခံလိုက်ရတဲ့ ဖိလစ်ပိုင်အတိုက်အခံခေါင်းဆောင် အကွီနိုရဲ့ ရုပ်အလောင်းပုံပါလာတဲ့ မျက်နှာဖုံးနဲ့စာအုပ်ကို မေမေက ယူ ကြည့်ပြီး၊ “ဒါကတော့ ပါတီကို ကျေးဇူးတင်ရမှာပါ၊ ဖေဖေပင်စင်ယူပြီးကတည်းက တနေ့ တနေ့ ဖေဖေကို ဒီလိုမျိုးတွေ့ ရနိုင်တယ်ဆိုပြီး အမြဲစိတ်တပူပူ၊ တပန်ပန် ဖြစ်နေရတာ၊ ပါတီထဲရောက်မှ တော်လှန်ရေးထဲရောက်မှ စိတ်အေးရတော့တာ” လို့ ဆိုပါတယ်။

သြော် ... ဒါကြောင့်ပဲ မေမေဟာ ပါတီထဲမှာ ဒီလောက်အစားဆင်းရဲ၊ အနေဆင်းရဲနေရပေမယ့် ပျော်ပျော်ရွှင်ရွင်ကြီး ဖြတ် ကျော်နိုင်ခဲ့တာကိုးလို့ ကျမသဘောပေါက်မိပါတော့တယ်။

‘ဒေါ်သန်းစိန်ကြီးများသိရင်’ ဆိုပြီး တလန့်လန့် တထိတ်ထိတ်ဖြစ်ခဲ့ရတဲ့ ရဲဘော်ကြီးများကိုလည်း ဒီအကြောင်း ကျမပြောပြ ချင် လိုက်တာလေ။

လှကျော်ဇော
အောက်တိုဘာ (၄) ရက်၊ ၂၀၁၃။


နောက်ဆက်တွဲ
အထက်ပါဆောင်းပါးလေးဟာ ၂၀၁၃ မေမေအသက် ၉၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် နေရီရီစာပေကထုတ်ဝေပေးခဲ့တဲ့—အလွမ်းစာပန်းခြင်းလေး စာအုပ်ထဲကဖြစ်ပါတယ်။ ဆောင်းပါးလေးကို ဖတ်မိ သဘောကျသူများက သတင်းကွန်ယက်တွေမှာ တင်ကြ။ မျှဝေကြ။ လုပ်ကြပါတယ်။ ကျမတို့နဲ့ ပန်ဆန်းဘဝတလျှောက် အတူနေခဲ့ဘူတဲ့ ရဲ့ဘော်တယောက်ဖတ်မိပြီး အခုလို လှမ်းပြောလာပါတယ်။

ဆောင်းပါးဆက်ရေးဖြစ်ရင် ထည့်ရေးရမယ့် အကြောင်းအရာတရပ်ပြောပြမယ် ...လို့ဆိုပြီး ပြောပြတာကတော့ ...

၁၉၈၉ ခုနှစ် ကျမတို့တတွေ ပန်ဆန်းကထွက်ခွာလာရပြီးနောက် ဗမာပြည်တွင်း ပြန်ဝင်ရေးအတွက်ကြိုးစားကြမယ့် အုပ်တ အုပ် (လူငယ်ပိုင်း) က ကန်ပိုင်တီးဆိုတဲ့အရပ်မှာ စစ်ရေးလေ့ကျင့်ခန်းတွေလုပ်နေရချိန်မှာ ဗဟိုကခေါင်းဆောင်လူကြီးပိုင်း တွေက ပန်ဝါဆိုတဲ့အရပ်ကိုရောက်သွားပါတယ်။ ကျမတို့ မောင်နှမတတွေက ကန်ပိုင်တီးပါသွားပြီး ဖေဖေနဲ့ မေမေက ပန်ဝါ ပါသွားပါတယ်။ ပန်ဝါမှဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ပါ။

၈ လေးလုံးအရေးအခင်းအပြီး လက်နက်ကိုင်တော်လှန်ရေးလုပ်မယ်ဆိုပြီး ရောက်လာတဲ့ အနယ်အနယ်အရပ်ရပ်က ရဲဘော် များကို စုစည်းပြီး ပန်ဝါမှာ ပြည်ချစ်တပ်မတော်ဖွဲ့ဖို့ လုံးပန်းနေကြချိန်ပါ။ ဖေဖေဆီကို နေ့စဉ်လိုလို ရဲဘော်စိုးသိမ်း (ဗဟိုကော်မီတီ - ကွယ်လွန်) က လာလည်ရင်း နိုင်ငံရေးအကြောင်းအရာတွေ ရှေးဟောင်းနှောင်းဖြစ်တွေ၊ ပြောတတ်၊ ဆွေးနွေးတတ်သတဲ့။ အနီးအနား ဖြတ်သွားဖြတ်လာ ရဲဘော် (အဟောင်းတွေရော၊ အသစ်တွေရော) များက ဝင်နားထောင်၊ မသိတာ မရှင်းတာတွေမေးမြန်းနဲ့ တခါတရံ အတော်စည်းကားဆိုပဲ။

အဲသလိုစကားဝိုင်းမှာ တနေ့တော့ ဖေဖေကစပြီး “ကိုစိုးသိမ်းရေ၊ အခုပုံကြည့်ရတာတော့ သူတို့လူမျိုးစုတတွေတောင်းနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကတော့ ပေးကြရမယ်ထင်တယ်”လို့ ပြောသတဲ့။

ဦးစိုးသိမ်းက ဖေဖေကိုပြန်ဆွေးနွေးဖို့ ပါးစပ်ပြင်နေစဉ်မှာပဲ အခန်းအလယ်က မီးဖိုဘေးထိုင်မီးလှုံနေတဲ့ မေမေက “အောင် မယ် အောင်မယ် ကိုယ်တောင်နေစရာမရှိဘဲ၊ သူများပေးလို့ ကုပ်ကပ်နေနေရတဲ့ ဘဝရောက်နေရတာများမေ့နေ့ကြရော့ သလား။ သူများ ဟိုဟာပေးမယ်၊ ဘာမယ်နဲ့၊ ပြောဘဲပြောတတ်ပလေတယ်” ဝင်ပြောလိုက်တယ်တဲ့။

ဦးစိုးသိမ်းခမျာ ဘာမှဆက်မပြောနိုင်တော့ဘဲ “ကဲ ... ကဲ .. ဒေါ်သန်းစိန်ကြီးဝင်ပြောလိုက်မှပဲ ပြတ်သွားတော့တယ်၊ ဦးတင် ရေ (ဖေဖေ တောတွင်းနာမည်) နောက်နေ့ မှပဲ ဆက်ဆွေးနွေးကြရအောင်” ဆိုပြီး ရီရီမောမောနဲ့ ထပြန်သွားသတဲ့။

မှတ်ချက်။ ။ ၁၅၊ ၁၂၊ ၂၀၁၆ မှာ ကျရောက်တဲ့ မေမေ့အသက် (၉၅) နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် တင်လိုက်ပါတယ်။

ပုံစာ။ ၁၉၈၅ ခုနှစ်က ပန်ဆန်းမှာတွေ့ရတဲ့ ဖေဖေနဲ့ မေမေ။