ညီတင့် ● ကျနော်နဲ့ မန္တလေးတက္ကသိုလ်သတင်းစဉ်

ညီတင့် ● ကျနော်နဲ့ မန္တလေးတက္ကသိုလ်သတင်းစဉ်
(မိုးမခ) ဒီဇင်ဘာ ၁၅၊ ၂၀၁၆

မန္တလေးမှာ အဲဒီအချိန်က လူကြိုက်များ နာမည်ကြီးသတင်းစာ ၂ စောင်က ဂဠုန်နီနဲ့ စာရေးဆရာများသမဂ္ဂကထုတ်တဲ့ ရှစ်လေးလုံး သတင်းစာနှစ်စောင်ပါ။

၈ ရက် ၈ လ အစပိုင်းမှာ မန္တလေးမြို့ဆန္ဒပြလူထုအနေနဲ့ စနစ်ကျမှု စုစည်းမှုမရှိသေးပါ။ သုံးလေးရက်နေတော့မှ ရပ်ကွက် အသီးသီး သပိတ်စခန်းတွေ သမဂ္ဂတွေ စစ်ကြောင်းတွေ ပေါ်လာပါတယ်။ သပိတ်ကော်မီတီရယ်လို့ စုဖွဲ့မိလာတယ်။ မန္တ လေးတက္ကသိုလ်အနေနဲ့လည်း မိန်းထဲမှာ ဆရာဆရာမသမဂ္ဂ ဘွဲ့ရကျောင်းသားများသမဂ္ဂ ကျောင်းသားသမဂ္ဂရယ်လို့ ပေါ် လာပါတယ်။ ကျောင်းသားသမဂ္ဂက လဖုန်းထဲမှလည်း တဖွဲ့ရှိနေတယ်။ တက္ကသိုလ်စစ်ကြောင်းရယ်လို့ ဆန္ဒပြချီတက်ကြပါ တယ်။

သိပ်မကြာခင် အရေးတော်ပုံသတင်းစာဆိုပြီးထွက်လာပါတယ်။ ဥတ္တရလွင်ပြင်က ကိုသန်းဌေး (သင့်နော်) ထုတ်တာပါ။ တော်တော်စီးပွားရေးအကွက်မြင်တဲ့ တရုတ်ပါလားလို့ အောက်မေ့မိတယ်။ ဗကသအတွက် စာရွက်စာတမ်းဖိုး ရန်ပုံငွေလိုလို့ မောင်မှိုင်းလွင်နဲ့ပေါင်းပြီး သတင်းစာထုတ်ကြောင်း နောင်မှသိရပါတယ်။ သူများသတင်းစာထုတ်တော့ သမဂ္ဂအသီးသီး သတင်းစာထုတ်ဖို့ စိုင်းပြင်းကြတယ်။ ရူပဗေဒဆရာ ကိုကျော်စိုး (တောခို) က ဂဠုန်နီသတင်းစာ ထုတ်ရအောင် ကျနော့်ကို ခေါ်ပါတယ်။ ကိုကျော်စိုးက ကျနော့်ကို ညီတယောက်လိုလည်း ချစ်တယ်။ သူခိုင်းရင်လည်း အမြဲမငြင်းမဆန်လုပ်ပေးတတ်တာကြောင့် ကျနော့် ၏အားကိုးနဲ့သတင်းစာ လုပ်ပေးမယ်ဆိုပြီး အာမခံလာတာပါ။ ကျနော့်မှာ သူ့ကိုမပြောပြနိုင်တဲ့လျှို့ဝှက်အလုပ်ကလေးတွေရှိတာကြောင့် အသည်းအသန်ငြင်းရပါတယ်။ ကျနော်တို့လုပ်မပေးနိုင်တာကြောင့် ဂဠုန်နီသတင်းစာဟာ ကိုစစ်ငြိမ်းအေးလက်ထဲ ရောက်သွားပါတယ်။ ဒီဇိုင်းဆရာ ပန်းချီဆရာတဦးလုပ်တဲ့ သတင်းစာဖြစ်လို့ အပြင်အဆင် ကောင်း ဓာတ်ပုံတွေဝေဝေဆာဆာနဲ့ သတင်းအစုံအလင်ပါ အလွန်ကောင်းတဲ့သတင်းစာတစောင် ဖြစ်လာတယ်။ မန္တလေးမှာ အဲဒီ အချိန်က လူကြိုက်များ နာမည်ကြီးသတင်းစာ ၂ စောင်က ဂဠုန်နီနဲ့ စာရေးဆရာများသမဂ္ဂကထုတ်တဲ့ ရှစ်လေးလုံး သတင်း စာနှစ်စောင်ပါ။



မန္တလေးတက္ကသိုလ်ကလည်း သတင်းစာတစောင်ထုတ်မယ်ဆိုပြီး ဆရာတွေ စည်းဝေးဆုံးဖြတ်ကြတယ်။ သတင်းစာလုပ်မယ် ဆိုတော့မြန်မာစာဆရာတွေကိုတာဝန်ပေးတယ်။ အောင်ကျော်မိုးနဲ့ထွန်းအေးက တာဝန်ယူလာကြတယ်။ သူတို့နှစ်ယောက် ပေါင်းမိတော့ ကျနော်ငြင်းလို့မရတော့ပါ။ နေ့တနေကုန် အလုပ်လုပ်၊ ညအချိန်မနားပဲသူတို့ကို ကူညီရပါတယ်။ သတင်းစာ ဖြစ်မြောက်ရေးမှာ ကိုကိုဦး ပထဝီနဲ့ မြန်မာစာ ကိုစိန်ဝင်း ပါပါတယ်။ မြန်မာစာကိုစိန်ဝင်းက သင်္ချိုင်းကုန်းစိန်ဝင်းပါ။ မြန်မာ စာမှာ ဆရာစိန်ဝင်းနှစ်ယောက် ရှိတယ်။ ရေဆင်းကပြောင်းလာသူကို ရေဆင်းစိန်ဝင်း။ မနော်ရမန်သင်္ချိုင်းနားနေတဲ့စိန်ဝင်းကို သင်္ချိုင်းကုန်း စိန်ဝင်းလို့ ခေါ်ကြပါတယ်။ ဖြန့်ချိရေးတာဝန်ခံက ပထဝီဆရာ ဂျပန်ကြီးပါ။ သူ့နာမည်ရင်းမမှတ်မိတော့ပါ။
ကျနော်တို့ကိုအင်းဝဆောင်အရှေ့ဖက်ကပ်လျက် သင်္ချာဆောင်မှာရုံးခန်းပေးတယ်။ တယ်လီဖုန်းတပ်ပေးတယ်။ ပထမနေ့  အောင်ကျော်မိုးက သတင်းနဲ့ပြန်ကြားရေးက ပေးတဲ့သတင်းတွေ ယူလာတယ်။ သတင်းစာခေါင်းကြီးယူလာတယ်။ သူယူ လာတာ ဆောင်းပါးမပါ။ ဒီတော့ဆောင်းပါးရေးဖို့တာဝန် ကျနော့်ခေါင်းပေါ်ကျလာပါတယ်။ ကျနော်က ကဗျာဝတ္ထုသာရေး တတ်တာ ဆောင်းပါး ဟန်ကျပန်ကျမရေးတတ်ပါ။ ဒီတော့ ကိုကိုဦးကဘာအကြောင်းရေး ဘယ်လိုရေးနဲ့ သင်ပေးပါတယ်။ အောင်က်ေမိုးယူလာတဲ့သတင်းတွေနဲ့စာဖောင်မပြည့်ပါ။ ကျနော်ကပဲရန်ကုန်သတင်း နယ်သတင်းတွေ ပေးရပါတယ်။ ကို စိန်ဝင်းက လက်ရေးတာဝန်ခံ။ ကိုကိုဦး ထွန်းအေးနဲ့အောင်ကျော်မိုးက နေရာ ချထား စာစီပါတယ်။ ကျနော်ကသူတို့လုပ်နေတုန်းဆောင်းပါးရေးရပါတယ်။ နောက်ရက်တွေမှာ ဆောင်းပါးရော ခေါင်းကြီးရော ကျနော်တယောက်တည်း ရေးပါတယ်။ ဆောင်းပါးမှာကလောင်နာမည်က အယ်ဒီတာတဦးလို့ပဲ တပ်ပါတယ်။ အောင်ကျော်မိုးလည်း အယ်ဒီတာတဦးနာမည်နဲ့ပဲ ဆောင်းပါးရေးသေးတယ်။

သတင်းစာကိုလှအောင်စီစဉ်ဖို့ ပန်းချီဒီဇိုင်းလိုပါတယ်။ အဲဒီအတွက် သူငယ်ချင်း ပန်းချီဌေးဝင်းလေး မောင်နွေစမ်း ငါန်းဇွန် စိုးဝင်းငြိမ်းတို့ကို အကူအညီတောင်းရတယ်။ လူထုဒေါ်အမာတွေ့ဆုခန်းမှာ ဌေးဝင်းလေးရေးတဲ့ ဒေါ်ဒေါ်ပုံ တော်တော်များများ ကသဘောကျကြပါတယ်။ အမ်အေဒေါ်အုန်းပုံက စိုးဝင်းငြိမ်းဆွဲတယ်ထင်ပါတယ်။ တွေ့ဆုံမေးမြန်းခန်းတွေကိုတော့ ပြန်ကြားရေး ဌာနကလုပ်ပေးတယ်ထင်ပါတယ်။ ကျနော်တို့မလုပ်ရပါ။ အောင်ကျော်မိုး အသင့်ယူလာတာပါ။ ကျနော်က တက္ကသိုလ်ခေါင်းစီးကိုမကြိုက်ပါ။ မဂ္ဂဇင်းထဲက တက္ကသိုလ်ဓာတ်ပုံတိုက် စာလုံးယူထားလို့ပါ။ နောက်ကျ စိုးဝင်းငြိမ်းကို ခေါင်းစီးရေးခိုင်းပြီး ပြင်ပါတယ်။



ကျနော်တို့အဖွဲ့ သင်္ချာဆောင်က ရုံးခန်းနဲ့ ကီးမကိုက်ပါ။ ခဏတဖြုတ် နားချင် အိပ်ချင် စာသင်ခုံပေါ် လှဲရတယ်။ တညလုံး ဆိုတော့ ဆာလောင်လာရင် စားစရာဆိုင်က ဝေးတယ်။ နှစ်ညလောက်လုပ်ပြီးတော့ အဆင်ပြေတဲ့ ကိုစိန်ဝင်းရဲ့ သင်္ချိုင်း ကုန်းဘေးက အိမ်ကိုပြောင်းကြတယ်။ တယ်လီဖုန်းကလဲအဲဒီခေတ်က သိပ်အသုံးမတည့်လို့ မယူတော့ပါ။

ကျနော်တို့က တညလုံးစီစာရေးပြီး မနက်မလင်းခင် သတင်းစာထွက်နိုင်အောင် ကြိုးစားရတယ်။ ကျနော်က ညနေဆို ကို စိန်ဝင်းအိမ်ရောက်အောင်လာ ရေးရမဲ့ခေါင်းကြီးနဲ့ ဆောင်းပါးစဉ်းစား။ ချရေး။ တခါတလေ ဘာရေးရမှန်းမသိတဲ့အခါ အဖွဲ့ကို အကြံဉာဏ်တောင်း။ ကိုစိန်ဝင်းက အောင်ကျော်မိုးတို့စီပေးသမျှစာရွက်ပေါ် ဒိုင်ခံရေး။ သူက ဆယ့်နှစ် တချက်ပြီးအောင် ရေးရပါတယ်။ သူရေးပြီးသားကို ညတွင်းချင်း အီးဝက်စ်ဖောက်ရပါတယ်။ အီးဝက်စ်က ၈၃ လမ်း သစ်ဆန်း စာရိုက်စာကူးမှာပါ။ သစ်ဆန်းက ကျနော်တို့တက္ကသိုလ်ရဲ့ မဟာကျမ်းများရိုက်ရာ ဖောက်သည်ပါ။ နောက်ပိုင်းကျ အပေါ်ဖုံးကို ကျူရှင်ဆရာ အောင်ကြီးရဲ့ တရောင်ထွက်အော့ဖ်ဆက်မှာ ရိုက်ပါတယ်။ ကျူရှင်အောင်ကြီးကလည်း လဖုန်းကျောင်းနောက်ကျောမှာ။ သစ်ဆန်းနဲ့ လမ်းသင့်တယ်။ ညသန်းခေါင်ကျော် ကျနော်တို့ စက်ဘီးကိုယ်စီနဲ့ ချီတက်ကြရတယ်။ ရပ်ကွက်တိုင်းတည်လုံး လုံခြုံရေးကင်းစောင့်ကြတယ်။ ဘယ်ကလဲ ဘယ်သွားမှာလဲ စစ်ဆေးခံကြရတယ်။ ကျနော်တို့ကို သတင်းထောက်မှတ်ပုံ တင်လေးတွေ ကျောင်းကလုပ်ပေးထားတယ်။ တက္ကသိုလ်သတင်းစာအဖွဲ့လို့ပြောရင်ရတယ်။ နောက်ပိုင်းတော့ ကင်းတွေနား ရောက်တိုင်း ထွန်းအေးက သူ့အသံစူးစူးနဲ့ တက္ကသိုလ် တက္ကသိုလ်အော်တယ်။ ကျနော်တို့မှန်းသိကြတော့ စစ်ဆေးမနေသွား ခွင့် ရပါတယ်။

သတင်းစာလေး ငါးစောင်ထွက်ပြီးတော့ အောင်ကျော်မိုးနဲ့ ကိုစိန်ဝင်းက အယ်ဒီတာအဖွဲ့နာမည်ခံကြစို့တဲ့။ ဘာဖြစ်လို့လဲ မေးတော့ မိန်းထဲမှာလူတချို့က သတင်းစာ သူတို့လုပ်တာလို့ ပြောနေကြတယ်တဲ့။ တယောက်က ဆောင်းပါးတွေ သူရေး တာပေါ့လို့ပြောသတဲ့။ အခြေအနေက နာမည်ခံဖို့တောင် မရဲတရဲအခြေအနေပါ။ မန္တလေးမှာ ပေါ်ပေါ်ထင်ထင်နာမည်စခံ တာ ကဗျာဆရာမောင်နွေထက်ပါ။ ရေဆင်းကျောင်းသားတွေထုတ်တဲ့ ရိုးမရေစီးဂျာနယ်ထဲမှာပါ။ ကောင်းပြီလေ အယ်ဒီ တာအဖွဲ့ နာမည်ခံကြတာပေါ့ဆိုပြီး အဲဒီနေ့ကထုတ်တဲ့စာစောင်မှာ အယ်ဒီတာအဖွဲ့နာမည်စခံပါတယ်။

တက္ကသိုလ်သတင်းစဉ် အယ်ဒီတာအဖွဲ့
ကိုကိုဦး (ပထဝီ)
စိန်ဝင်းမောင် (မြန်မာစာ)
အောင်ကျော်မိုး (မြန်မာစာ)
ထွန်းအေး (မြန်မာစာ)
တင်မောင်မြင့် (မြန်မာစာ) လို့ ထည့်ရေးပါတယ်။
+++++

ကိုစိန်ဝင်းစာရေးပြီးရင် သူရေးထားတဲ့စာရွက်တွေဖိုင်ထဲမှာညှပ် မနော်ရမန်ရပ်ကွက်ကနေ အေလမ်းအတိုင်း စက်ဘီးကိုယ် စီစီး အနောက်တည့်တည့် ချီတက်ကြပါတယ်။ ၈၁ လမ်းရောက်ရင် နှစ်ယောက်က အောင်ကြီးအော့ဖ်ဆက်နေခဲ့ပြီး အဖုံး ရိုက်ပါတယ်။ ကျန်လူတွေက ၈၃ လမ်း သစ်ဆန်းစာရိုက် စာကူးပြေးရတယ်။ မျက်နှာဖုံးပြီးရင် သစ်ဆန်းကိုလာ။ သစ်ဆန်း ကပြီးတာနဲ့ သတင်းစာခေါက်ကြရပါတယ်။ သတင်းစာဆိုသော်လည်း ဖူးစကက် ပေပါခေါက်ချိုးကလေးပါ။ သတင်းခေါက် ပြီးရင် ကျနော်တို့ အလုပ်ပြီးပါပြီ။ ကျန်တာ ဖြန့်ချိရေး ဂျပန်ကြီးတာဝန်။ သတင်းစာဘယ်နှစောင်ရိုက်တယ် ဘယ်လောက် ကုန်တယ် ကျနော်မသိပါ။ သစ်ဆန်းမှာ တခြားသတင်းစာရိုက်သူတွေလည်း ရှိပါတယ်။

ယူသူဖောက်သည်တွေနဲ့ စည်ကားပါတယ်။ အလုပ်ကမရှိတော့ စားဝတ်နေရေးခက်၊ တော်တော်များများ သတင်းစာလှည့် ရောင်းကြတယ်။ ထွန်းအေးလည်း အချိန်ရရင် သတင်းစာလှည့်ရောင်းပါတယ်။

တရက်မှာသူငယ်ချင်းတယောက်က သတင်းစာလာယူတယ်။ သူကကျနော့်ကိုတွေ့တော့ ကိုမြင့်သစ် တက္ကသိုလ်က သတင်း စာပေးပါအုံးတောင်းတယ်။ ကျနော် သူ့ကို သတင်းစာအစောင် အစိတ်လား သုံးဆယ်လားမသိ။ ယူပေးပါတယ်။ ဂျပန်ကြီးက အယူမခံ။ ခင်ဗျားလိုချင် စောစောကစာရင်းပေးပါလားတဲ့။ ကျနော်က ဇွတ်ယူတယ်။ ဟေ့ကောင် ငါတညလုံးနေနေတာ စာရင်းပေးနေရဦးမှာလားလို့ ဘုတောပါတယ်။ ဂျပန်ကြီး တဖျစ်တောက်တောက် လုပ်တယ်။

သူ့ကိုကျနော်မကြည်ပါ။ လူမိုက်ကြည့် ကြည့်ပါတယ်။ အမှန်က ဂျပန်ကြီး သူ့ဖောက်သည်နဲ့သူ နေ့စဉ်ရောင်းနေရတဲ့အလုပ်။ ကျနော်ဝင်ရှုတ်တော့ သူ့ခမျာဖောက်သည်တွေကြား မျက်နှာပျက်ရှာတယ်။ ကျနော်က ဂျစ်ကတ်ကတ်ကောင်ဆိုတော့ စိတ် မထင်ရင်မထင်သလို လုပ်တတ်တာ သူမသိပါ။ ကျန်တဲ့သူငယ်ချင်းတွေက အကြောင်းသိတွေမို့ ဖာသိဖာသာနေကြတယ်။ သတင်းစာက ကျနော့်လက် ကျနော့်ခြေလိုဖြစ်နေတော့ ဂျပန်ကြီးခမျာ နောက်ထပ် ဘာမှစောဒက မတက်ရှာပါ။ ကျနော်ဟာ သူ့အတွက် စိတ်အနှောင့်အယှက်ဖြစ်စေမှာ အမှန်ပါပဲ။

သတင်းစာအပ်ပြီးတော့ ကျနော်တို့ လူစုခွဲ ဆိုင်ရာဆိုင်ရာပြန်ကြပါတယ်။ ကျနော်က လမ်းရှစ်ဆယ်သွား ရှမ်းခေါက်ဆွဲစား တယ်။ ပြီးတော့ တရုတ်တန်းက အမျိုးသားအထက်တန်း ကျောင်းမှာဖွင့်ထားတဲ့ ဗကသရုံး ထိုင်ရပါတယ်။ ကျနော်တို့ခေါင်း ဆောင်က ကိုတင်အေးကြူပါ။

ကျနော်တို့သပိတ်လှုပ်ရှားမှုကြောင့် စိန်လွင်ပြုတ်ကျတယ်။ ဒေါက်တာမောင်မောင် တက်လာတယ်။ ရပ်ကွက်ကနေမြို့နယ်၊ ခရိုင်၊ တိုင်းအထိ သပိတ်အင်အားစုတွေ စုစည်းမိကြတယ်။ အထက်ဗမာပြည်နဲ့ အောက်ဗမာပြည် ချိတ်ဆက်မိလာတယ်။

ဒါပေမဲ့ သပိတ်အရှိန်က ကျစကပြုလာပါပြီ။ ကိုယ့်သမဂ္ဂနဲ့ကိုယ် သတင်းစာထုတ်အလှည့်ကျ စစ်ကြောင်းချီတက်။ ဒီ လောက်ပဲ လုပ်နေကြပါတယ်။ အစိုးရကိုမကျေနပ်လို့သာ ကျနော်တို့ သပိတ်မှောက်ကြတာ။ ဒီမိုကရေစီလိုချင်တယ် အော် ကြတာ။ ဘာဆက်လုပ်မယ်ဆိုတဲ့တိကျတဲ့ မဟာဗျူဟာမရှိပါ။ ဒီလိုသပိတ်အီနေချိန် ဦးနုက သူသာ တရားဝင်ဝန်ကြီးချုပ်အဖြစ်တည်ရှိကြောင်း စာထုတ်လာပါတယ်။ သူ့ဝန်ကြီးအစိုးရအဖွဲ့ကိုလည်း ထုတ်ပြန်ကြေညာပါတယ်။ မတ်လ ဖုန်းမော် အရေးအပြီးမှာ ဗိုလ်အောင်ကြီး စာထွက်တယ်။ ဒေါ်အောင်းဆန်းစုကြည်ရဲ့ပြည်သူသို့ မေတ္တာရပ်ခံစာလည်း ထွက်တယ်။

မရှေးမနှောင်းဦးနုရဲ့စာတစောင်လည်း ထွက်လာပါတယ်။ ကျောင်းသားလူငယ်များသို့တဲ့။ စာရဲ့အနှစ်ချုပ်ကကျောင်းသားတွေလုပ်တာ ဘဘထောက်ခံပါတယ်။ ဘဘကတော့ အသက်ကြီးပြီ။ နိုင်ငံရေး မလုပ်တော့ပါ။ ဘာသာရေးပဲ လုပ်ပါတော့ မယ်တဲ့။



ဘာသာရေးပဲလုပ်မယ်ဆိုတဲ့ဦးနုက သူသာဝန်ကြီးချုပ်ဖြစ်ကြောင်းကြေညာလာတာ မရိုးသားဘူးလို့ ကျနော်ထင်ပါတယ်။ ဒီ တော့ သတင်းစာခေါင်းကြီးရေးပြီး ဦးနုကို ကလော်ပါတယ်။ ကျနော့်ရေးသားချက်က သပိတ်ကော်မီတီမှာ ပြဿနာဖြစ် လာ တယ်။ တက္ကသိုလ်သတင်းစာဆိုတော့ တက္ကသိုလ်သပိတ်ကော်မီတီရဲ့အာဘော်ဖြစ်ပါတယ်။ ဒါကိုကျနော်က ကိုယ့်သဘော နဲ့ကိုယ် ခေါင်းကြီးရေးချလိုက်တော့ ဆရာတွေမှာ ကျနော့်ကိုထောက်ခံသူနဲ့ မထောက်ခံသူ ကွဲကြတယ်။ စည်းဝေးဆုံးဖြတ် ချက်အရ ခေါင်းကြီးရေးရင် သူတို့ကိုတင်ပြပါ ဖြစ်လာပါတယ်။ ညရေးရတဲ့ခေါင်းကြီးတင်ပြဖို့ မဖြစ်နိုင်ပါ။ ကျနော်ကလူငယ်စိတ် ဆိုတော့ ဆရာများအဖွဲ့ အပေါ် နှာတင်းပါတယ်။

ဒီကြားထဲ အောင်ကျော်မိုးကို ပြန်ကြားရေးပေးလိုက်တဲ့သတင်းတခုက သတင်းအမှားဖြစ်နေတယ်။ အောင်ကျော်မိုး ထည့် လိုက်ရာ ပြဿနာတက်ပါတယ်။ နစ်နာသူတွေက သတင်းစာကတောင်းပန်ပေးဖို့ ပြန်ကြားရေးက လာအရေးဆိုပါတယ်။ ကျနော်ကမင်းတို့ပြန်ကြားရေးသတင်းမှ မစိစစ်တတ်ဘူးလား တောင်းပန်မပေးဘူးကွာဆိုပြီး တင်းခံတယ်။ အောင်ကျောမိုးခ မျာ တဖက်ကလည်း ခြိမ်းခြောက်ခံရ။ ကျနော်က ဂျစ်ကတ်ကတ်လုပ်ဆိုတော့ စိတ်ညစ်စရာဖြစ်လာပါတယ်။

ဒီနေရာမှာ အောင်ကျော်မိုးနဲ့ကျနော် ပုဂ္ဂိုလ်ရေးဆက်ဆံမှု ရေးပါရစေ။ ကျနော် ကျောင်းဆရာအလုပ်ကထွက် မဟာဝိဇ္ဇာ တက်တော့ ကျနော့်နေရေးကို ရတနာပုံဟောကျူတာ ကိုကျော်စိုးက တာဝန်ယူတယ်။ စားရေးကို အောင်ကျော်မိုးက တာဝန် ယူပါတယ်။ ၈၇ စက်တင်ဘာ ငွေစက္ကူကြေညာတော့ ရန်ကုန်တက္ကသိုလ်များနည်းတူ မန္တလေးတက္ကသိုလ်ကလည်း အုံကြွပါတယ်။

ကျနော်က ကျောင်းသားသမဂ္ဂပေါ်ပေါက်ရေး တိတ်တိတ်ကြိုးစားနေချိန်။ တက္ကသိုလ်ထဲမှာ ကျောင်းသား သတင်းပေးရှိတယ် အသံထွက်လာပါတယ်။ တက်ကြွလှုပ်ရှားတဲ့ကျောင်းတွေ မသင်္ကာသူ ကျောင်းသားနှစ်ဦး ရှိနေတယ်။ အဲဒီမှာ မောင်အောင် ကျော်မိုးက အရာရှိကြီးတဦးရဲ့ သမီးနဲ့အကြောင်းပါပါလေရော။ စစ်ရဲထောက်လှမ်းရေး နောက်ကြောင်းမလုံတဲ့ကျနော်ဟာ အောင်ကျော်မိုးကို ခပ်ခွာခွာဆက်ဆံပါတော့တယ်။ ကျနော်ဘာကြောင့်သူ့အပေါ်အေးတိအေးစက်ဆက်ဆံခဲ့သလဲ။ အောင် ကျော်မိုး မသိရှာပါ။ ဆရာတွေက ကျနော့်ကိုကြပ်အောင် ကျော်မိုးပြဿနာဖြစ်ဆိုတော့ ကျနော်အောင်ကျော်မိုးကို စိတ် ကောက်ပြပါတော့တယ်။ ဟေ့ကောင် မင်းတို့ ငါ မလုပ်ပေးနိုင်တော့ဘူးဆိုပြီး နှစ်ညတိတိမသွား၊ အိပ်ရေးဝဝ အိပ်ပစ်လိုက် ပါတယ်။

၈၈ ကာလအတွင်း အောင်ကျော်မိုးကို စိတ်ကောက်တဲ့ အဲဒီနှစ်ညသာ ကျနော် အိပ်ရေးဝဝ အိပ်ခဲ့ရတာပါ။ နှစ်ညပြီးတော့ ကျနော် မနေနိုင်။ သူတို့ကိုပစ်မထားရက်တော့ ကိုစိန်ဝင်းသင်္ချိုင်းကုန်းကို ရောက်ရပါတော့တယ်။ ကျနော်မှောင်ရီရီ ရောက် သွားတော့ ဂျပန်ကြီးနဲ့ အောင်ကျော်မိုး ရောက်မလာသေးပါ။ ကျနော်စာမရေးတဲ့ရက်မှာ ကျနော်တို့မြန်မာစာက ဆရာမ ဒေါ်တင်မာနွဲ့က စနေမနာမည်နဲ့ ဆောင်းပါးတွေ ရေးပါတယ်။ သူငယ်ချင်းတွေက တိုင်ပင်ထားကြပုံရတယ်။ ကျနော်ရောက် ရောက်ချင်း ဆီးပြောကြတယ်။


 
 
မင်းမကျေနပ်ရင် အောင်ကျော်မိုးနဲ့ခွဲထွက်မယ်။ ငါတို့ကိုယ်ပိုင် သတင်းစာလုပ်ကြမယ်တဲ့။ သူများတွေကိုယ်ပိုင်သတင်းစာလုပ်နေကြတယ်။ စောထွေက်အောင်သာလုပ် ရောင်းမကုန်မရှိပါ။ အမြတ်အစွန်းလည်း များတယ်။ ကျနော်တို့လုပ်ပေး တဲ့အမြတ်က လေးငါးခြောက်သောင်းတောင် ရှိနေပြီတဲ့။ ဒီရက်တွေအတွင်းမှာ ကျနော် ထမင်းနှစ်နပ် မစားရတာများတယ်။ သူငယ်ချင်းတွေလည်း ကိုယ့်ဒုက္ခနဲ့ကိုယ်ဆိုတော့ ခါတိုင်းလို အပူမကပ်တော့ပါ။ တတ်နိုင်မယ်ထင်တဲ့ မာကြီးနဲ့မိသင်း ဆီသွားပြီး ငါ့စာရွက်စာတမ်းဖိုးလေးပေးအုံးလို့ ထမင်းဖိုးလိမ်တောင်းပါတယ်။ ထမင်းဖိုးဆိုရင် သူတို့စိတ်မကောင်းဖြစ်မှာ စိုးလို့ပါ။ ဆရာတွေကလည်း လစာမထုတ်ရ ကြပ်နေရှာတယ်။ ဒါပေမဲ့ ကျနော်တို့လုပ်နေတာ နိုင်ငံရေးပါ။ ပြီးတော့ အောင် ကျော်မိုးကို ကျနော်သစ္စာမဖောက်ရက်ပါ။ ကျနော်ခွဲထွက်ရင် သူနဲ့ဂျပန်ကြီးပဲ ကျန်မယ်။ သတင်းစာထွက်နိုင်မှာမဟုတ်။ သူငယ်ချင်းပန်းချီဆရာတွေကလည်း ကျနော့်နောက်မှာ။ ကျနော်က သူငယ်ချင်းတွေကို ပြန်ချော့ရပါတယ်။ ခုတိုင်းပဲ ဆက်လုပ်ကြဖို့။

ကျနော်တို့တတွေ ပျော်ပျော်ပါးပါးကြီး ဆင်းဆင်းရဲရဲပြန်လုပ်ကြတာ အာဏာသိမ်းတဲ့အထိပါ။ ကျနော်ရေးတဲ့ခေါင်းကြီးတွေ လည်း ဆရာတွေဆီ မတင်ရပါ။

စက်တင်ဘာဆယ့်ရှစ်ရက် ညနေအာဏာသိမ်းတော့ ကိုစိန်ဝင်းအိမ် သွားမရတော့ပါ။ ကျနော်နဲ့ဗကသကျောင်သားများ ရှမ်းစုဘူတာအရှေ့ဖက် မိုးတားတိုက်ထဲ ပိတ်မိနေကြပါတယ်။ နေရာ အနှံ့သေနတ်သံတွေ ကားရတယ်။ ဘုရားကြီးတိုက်ထဲက အသံချဲ့စက်နဲ့ ငြိမ်းချမ်းရေးဆရာတော်က ပြည်သူကိုသတ်တဲ့စစ်တပ်ဟာ သူပုန်၊ စစ်တပ်ဟာ သူပုန်လို့ အသံဝင်အောင် ဟစ်အော်ပါတယ်။ ဆရာတော့်အသံဟာ သေနတ်သံတွေကြား မြုပ်သွားပါတယ်။

တညလုံးကျောင်းတိုက်ထဲက ရေတွင်းနံဘေးထိုင်နေကြရတယ်။ မနက်လင်းတော့ လူစုခွဲရပါတယ်။ ကျနော်လည်း ကိုစိန် ဝင်းအိမ်သွား စာရွက်စာတမ်းတွေမီးရှို့ဖျက်ဆီးပေးပါတယ်။ ကျနော်တို့အသုံးပြုထားတဲ့စာရွက်စာတမ်းတွေက တပုံတပင်ပါ။ သူ့အိမ်က သင်္ချိုင်းနဲ့မျက်နှာချင်းဆိုင်မို့ မီးရှို့လိုရတာ။ မီးခိုးလဲမလုံးအောင် ဖြည်းဖြည်းချင်း ရှို့ရပါတယ်။ ကျနော်တို့ရှို့လိုက်တဲ့မီးခိုးတွေပြာစတွေဟာ လေအဝှေ့မှာ သင်္ချိုင်းကုန်းထဲ တဖွဲဖွဲကျသွားပါတော့တယ်။ ။

ညီတင့်
(ဂျာနယ်ဓာတ်ပုံများကို ပန်းချီစိုးဝင်းငြိမ်းမှာ ပေးပို့ဝန်းရံပါတယ်။)

နောက်ဆက်တွဲ။ ။ တက္ကသိုလ်သတင်းစဉ် ဆယ့်ရှစ်စောင်ထုတ်ဝေနိုင်ခဲ့ပါတယ်။ မန္တလေးတက္ကသိုလ်ရဲ့လှုပ်ရှားမှုသမိုင်းကိုလေ့လာမယ်ဆိုရင် တက္ကသိုလ်သတင်းစဉ်ကို ချန်လှပ်ထားလို့ မရပါ။ အဲဒီသတင်းစဉ်ကို သိမ်းဆည်းထားသူရှိပါတယ်။ ကျနော်ရေးတာကို သက်ဆိုင်သူများ လိုရင်ဖြည့်ပေးပါ။ မှားရင်ပြင်ပါ။ ကိုစိန်ဝင်းတယောက်ကတော့ ကွယ်လွန်ရှာပါပြီ။ ဂျပန်ကြီးနဲ့အောင်ကျော်မိုးလည်း ကျနော့်ကို ခွင့်လွှတ်ပြီးဖြစ်မယ်လို့ ယူဆပါတယ်။ အာဏာသိမ်းပြီးနောက်ထုတ်တဲ့ သမဂ္ဂ စာစောင်တွေအကြောင်း ရေးပါဦးမယ်။