ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

အောင်သူငြိမ်း ● ဝီကီနော်မစ်၊ ဝီကီအစိုးရ


အောင်သူငြိမ်း ● ဝီကီနော်မစ်၊ ဝီကီအစိုးရ
(မိုးမခ) ဒီဇင်ဘာ ၁၄၊ ၂၀၁၆

၁။
မနေ့က ဘားအံမှာ တောင်ပိုင်းဂျာနယ်လစ်ကွန်ရက်က ကျင်းပတဲ့ ဖိုရမ်ဆွေးနွေးပွဲမှာ ကျနော့်ကို စကားပြောပေးဖို့ ဖိတ်တယ်။ သူတို့က ပြောစေချင်တာ ကွန်ရက်ချိတ်ဆက်မှုအကြောင်း၊ ကွန်ရက်ဖွဲ့ခြင်းရဲ့ အားသာချက်၊ အားနည်းချက် တွေကို ပြောစေချင်တာ။ ကျနော်လည်း ဘာပြောရမလဲ စဉ်းစားကြည့်မိတယ်။ နောက်တော့ ထူးထူးခြားခြားလည်း ဖြစ် အောင်ဆိုပြီး ကျနော်ဖတ်ဖူးတဲ့ စာအုပ် ၂-အုပ်အကြောင်း ပြောပြတော့မယ်ဆိုပြီး စဉ်းစားလိုက်တယ်။ ခေါင်းစဉ်ကိုတော့ "ခေတ်သစ်ကွန်ရက်၊ ခေတ်သစ် ပူးပေါင်းဆောင်ရွက်မှု၊ နည်းပညာနှင့် ဝီကီအမြင်" လို့ ပေးလိုက်တယ်။

အရင်ကလည်း ဝီကီနောမစ် (wikinomics) စာအုပ်အကြောင်း ကျနော်သဘောကျလို့ "ဝီကီလွှတ်တော်၊ ဝီကီအစိုးရ" ဆိုပြီး ဆောင်းပါး တပုဒ် ရေးခဲ့ဖူးသေးတယ်။

အခု ဟောပြောမှုမှာ ကျနော်အခြေခံတာက ဝီကီနောမစ်- Wikinomics: How Mass Collaboration Changes Everything ဆိုတဲ့ စာအုပ်ပါ။ Don Tapscott နဲ့ Anthony D. Williams တို့က ရေးသားကြပြီး Penguin Group က ၂၀၀၆၊ ၂၀၀၈ ခုနှစ်တွေမှာ ထုတ်ဝေထားတဲ့ စာအုပ်နဲ့ Beth Simone Noveck ရေးတဲ့ Brookings Publication ထုတ် Wiki government: How technology can make government better, democracy stronger and citizens more powerful (ဝီကီ အစိုးရ - နည်းပညာဖြင့် အစိုးရကို ပို၍ ကောင်းမွန်အောင်၊ ဒီမိုကရေစီကို ပို၍ ရှင်သန် အားကောင်း စေရန်၊ နိုင်ငံသားများကို ပို၍ ခွန်အား အာဏာရှိအောင် မည်သို့ ဆောင်ရွက်နိုင်မည်နည်း) ဆိုတဲ့ ၂၀၀၉ ခုနှစ်ထုတ် စာအုပ်ပါ။

ဘာဖြစ်လို့ နည်းပညာအလေးကဲတဲ့ ပူးပေါင်းဆောင်ရွက်မှုကိစ္စကို ကျနော်က ပြောရတာပါလဲ။ ပြောရရင် ကျနော်တို့ မြန်မာနိုင်ငံ အုပ်ချုပ်ရေးစနစ်မှာ နည်းပညာအသုံးချမှုက နိမ့်နေပါသေးတယ်။ E-government Index အီး-အစိုးရ ညွှန်းကိန်း အဆင့်မှာ အောက်ကျနောက်ကျ ရှိနေဆဲပါ။ အရှေ့တောင်အာရှ နိုင်ငံတွေထဲက ဖွံ့ဖြိုးမှုအနည်းဆုံး CLMV နိုင်ငံတွေထဲမှာတောင် ဗီယက်နမ် (၈၉)၊ လာအို (၁၄၈)၊ ကမ္ဘောဒီးယား (၁၅၈)၊ မြန်မာ (၁၆၉) ဖြစ်နေပါတယ်။

ဒါပေမယ့် ကျနော်တို့ နိုင်ငံမှာ နည်းပညာ (IT) ထိုးဖောက်မှုနှုန်းက တဟုန်ထိုး မြင့်မားနေပါတယ်။ အထူးသဖြင့် မိုဘိုင်းဖုန်း အခြေခံ အင်တာနက်၊ ဖေ့ဘုတ် ဆက်သွယ်မှုတွေမှာပါ။ ၂၀၁၆၊ နိုဝင်ဘာလ ၇ ရက် ကြေးမုံသတင်းစာ အယ်ဒီတာအာဘော်အရ မြန်မာနိုင်ငံမှာ ဆင်းမ်ကဒ်ရောင်းချထားတာ ၄၄ သန်း ရှိတယ်လို့ ဆိုပါတယ်။ အသက် ၁၅-၆၅ အကြား မိုဘိုင်းသုံးစွဲသူ လူဦးရေရဲ့ ၄၀% ရှိပါတယ်။ လူတဦး တနေ့ အင်တာနက်ပျမ်းမျှသုံးစွဲမှု ၁ နာရီ၊ လူတဦးတလ ဖုန်းစားရိတ်သုံးငွေ ၅၀၀၀-၁၀၀၀၀ ကျပ် အကြား ရှိပါတယ်။ သမ္မတဦးသိန်းစိန် လက်ထက် ကောင်းကျိုးပြုမှုတခုလို့ ဆိုနိုင်ပါတယ်။

ခုလို ဖုန်းတွေဟာ လူထုအကြား ဆက်သွယ်ရေးကို မြန်ဆန်စေသလို၊ ခုရောက်လာတဲ့ ဒီမိုကရေစီခရီးကို ပြန်ဆုတ်ဖို့ အတော် ခက်ခဲသွားစေပါပြီ။ အကယ်၍ တချိန် နိုင်ငံရေးအရ နောက်ပြန်ဆုတ်ရတဲ့ အခြေအနေတွေ ဖြစ်လာရင်တောင် ခုလို ဆက် သွယ်မှု၊ ခုလို ဖေ့ဘုတ်ပွင့်လင်းမှုတွေကို ပြန်ရုပ်သိမ်းဖို့ဆိုတာ မဖြစ်နိုင်တော့သလောက်ပါပဲ။ ဒီလို နည်းပညာ တဟုန်ထိုး ထိုးဖောက်လာချိန်မှာ ဝီကီအိုင်ဒီယာလို ကိစ္စမျိုး ဆွေးနွေးပြသင့်တယ်ထင်လို့ပါ။

ဝီကီအစိုးရ (wiki government) စာအုပ်အကြောင်း စပြောရအောင်ပါ။ အမေရိကန် သမ္မတ ၂၀၀၈ ခုနှစ် ရွေးကောက်ပွဲလုပ်တော့ လူအများ မထင်မှတ်ထားတဲ့ လူညိုသမ္မတ ဘားရက်အိုဘားမား တက်လာခဲ့ပါတယ်။ သူဟာ လူငယ်ထုထောက်ခံမှု အများအပြား ရသလို ရွေးကောက်ပွဲကာလအတွင်းက စည်းရုံးရေးနည်းနာတွေကလည်း ထူးခြားလှပါတယ်။ သူက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုကာလမှာ နည်းပညာကို ကောင်းကောင်းအသုံးချခဲ့ပါတယ်။ သူက my.barackobama.com ဆိုတဲ့ ဝက်ဘ် စာမျက်နှာကို ထောင်လိုက်ပါတယ်။ အကယ်၍ သူ့ကိမ်ပိန်းမှာ ကူညီချင်တယ်ဆိုရင် sign-up အဖွဲ့ဝင်ရပါတယ်။ အီးမေးလ်၊ ဆက်သွယ်ဖို့ လိပ်စာပေးလိုက်ရပါတယ်။ ကိုယ်နေထိုင်ရာ ဒေသရဲ့ စာတိုက်သေတ္တာအမှတ် (zip code) ကိုလည်း ပေးရပါတယ်။ အဲသလို အဖွဲ့ဝင်လိုက်တာနဲ့ ချက်ချင်းဆိုသလို zip ကုဒ်တူ ဝန်းကျင်က ပါတီလှုပ်ရှားမှု၊ စည်းရုံးမှု၊ တွေ့ဆုံပွဲ သတင်းအချက်အလက်တွေက ချက်ချင်းဆိုသလို အီး-မေးလ်ထဲ ရောက်ရှိလာပါတယ်။ မသွားနိုင်မှ အဆုံးပါ။ အလားတူပဲ ရွေးကောက်ပွဲရန်ပုံငွေ ရှာဖွေမှုတွေမှာလည်း သူဌေး၊ လုပ်ငန်းရှင်ကြီးတွေထက်စာရင် လူငယ်တွေ ရဲ့ ၅-ကျပ်၊ တဆယ် ထည့်ဝင်မှုတွေကို အားပြုသွားတာပါ။ လူငယ်တွေဖက်ကလည်း တက်တက်ကြွကြွ တတ်အားသမျှ ထည့်ဝင်ခဲ့ကြပါတယ်။

အဲသည်တော့ အစိုးရဖြစ်လာတော့ သူက လူအများ ပူးပေါင်းဆောင်ရွက်မှု (mass colloraboration) အတွက် တာဝန်ရှိ လာခဲ့ပါတယ်။ အဲသည်တော့ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်ခင် ပြင်ဆင်ဖို့ အချိန် ၇၇ ရက် ရပါတယ်။ သမ္မတသစ်ရဲ့ ရက် ၁၀၀ ကနဦး လုပ်ငန်းစဉ်တွေကို ပြင်ဆင်ကြဖို့အတွက် မူဝါဒရေးရာ အဖွဲ့ ၇-ခု ဖွဲ့ပါတယ်။ စွမ်းအင်၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လူဝင်မှုကြီးကြပ်ရေး၊ နိုင်ငံခြားရေးမူဝါဒ၊ စီးပွားရေးတို့ ဖြစ်ပါတယ်။ အဲဒါအပြင် နည်းပညာ၊ တီထွင်ဆန်းသစ်မှုနဲ့ အစိုးရပြုပြင်ပြောင်းလဲမှု (Techonology, Innovation and Government Reform) အဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။ သူတို့က အဖွဲ့ကို TIGA လို့ အတိုကောက်ခေါ်ကြပါတယ်။ 'တီဂါ' Winnie the Pooh ကာတွန်းရုပ်ရှင် ထဲက ကျားပေါက်စကလေး နာမည်ပါ။ စာရေးသူက TIGA အဖွဲ့ကို ဦးဆောင်ခဲ့ရသူ တယောက်ပါ။

အဲသည်တော့ သမ္မတသစ် အိုဘားမားရဲ့ ရက်-၁၀၀ အစီအစဉ်ကို လူအများ ပူးပေါင်းဆောင်ရွက်မှု၊ လူအများဆီက သတင်းနဲ့ ဝီကီ အယူအဆမျိုး အားလုံးဖြည့်ဆည်း ရေးဆွဲစေခဲ့တဲ့ လုပ်ငန်းစဉ်ကို သူက ပြန်ပြောပြပါတယ်။ သမ္မတ အိုဘားမား အစိုးရ တက်တက်ချင်းမှာပဲ ဝန်ကြီးဌာန အကြီးအကဲအားလုံး၊ ဌာနအကြီးအကဲ အားလုံးကို ညွှန်ကြားချက်ထုတ်ပါတယ်။ အဲဒါ ကတော့ ပွင့်လင်းမြင်သာမှု၊ ပါဝင်နိုင်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပွင့်လင်းမြင်သာသောအစိုးရ ဖြစ်စေဖို့ ညွှန်ကြား ချက်ပါ။ (Open Government Directive) သမ္မတ အိုဘားမား မြန်မာနိုင်ငံကို ပထမအကြိမ် လာခဲ့တုန်းကလည်း သမ္မတ ဦးသိန်းစိန်ကို ပွင့်လင်းမြင်သာသော အစိုးရများ မဟာမိတ်အဖွဲ့ (Open Government Partnership) ဝင်ဖို့ တိုက်တွန်းခဲ့ပါ သေးတယ်။ သမ္မတ ဦးသိန်းစိန်ကလည်း ၂၀၁၆ ခုနှစ်မှာ အဖွဲ့ဝင်ဖြစ်စေရေး ကတိပြုခဲ့ပါသေးတယ်။ အခုဆိုရင် ၂၀၁၆ ခုနှစ်ကုန်ဖို့ ရက်ပိုင်းပဲ လိုပါတော့တယ်။

သူ့ရဲ့ရည်ရွယ်ချက်က အသစ်သောနည်းပညာနဲ့ အစိုးရက သူရဲ့ပြဿနာတွေကို ပြည်သူတွေထံ ဆက်သွယ်ရှင်းပြနိုင်မယ်။ အဖြေကိုလည်း အဖက်ဖက်သောအစိုးရ အဖွဲ့အစည်းများ၊ အကျိုးအမြတ်မယူတဲ့ အဖွဲ့တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ တသီးပုဂ္ဂလ လူပုဂ္ဂိုလ်တွေဆီက ပူးပေါင်းရှာဖွေ ကူညီပေးနိုင်ကြဖို့ ရည်ရွယ်ရင်း ဖြစ်ပါတယ်။ ဒီစာအုပ် ကျန်တဲ့အပိုင်းမှာ တော့ အမေရိကန်နိုင်ငံမှာ မူပိုင်ခွင့် (Patent) ပြုတဲ့ကိစ္စကို ပြင်ပ စေတနာ့ဝန်ထမ်းပညာရှင်တွေကပါ ပူးပေါင်းနိုင်အောင် ဆောင်ရွက်ခဲ့ပုံကို အသေးစိတ် ရေးထားပါတယ်။

ပြဿနာက အမေရိကန်နိုင်ငံမှာ မူပိုင်ခွင့်၊ တီထွင်ဖန်တီးမှု မှတ်ပုံတင်မှု တွေက တောင်လိုပုံနေသော်လည်း၊ အစိုးရရဲ့ စစ်ဆေးတဲ့ယန္တယားစနစ်က အမေရိကန်တည်ထောင်ခါစ လွန်ခဲ့တဲ့ နှစ် ၂၀၀ သောမတ် ဂျက်ဖာဆင်ခေတ်ကလိုသာ ရှိနေပါသေးတယ်။ ဝန်ထမ်းအင်အားနည်း၊ လေ့လာစိစစ်မှုအားနည်း၊ ကြာမြင့်မှုရှိ ဖြစ်နေပါတယ်။ ဒါကို Peer to Patent (မိတ်ဆွေအချင်းချင်း စိစစ်သုံးသပ်မှုမှ မူပိုင်ခွင့် မှတ်ပုံတင်သို့) ဆိုတဲ့ ပုံစံနဲ့ ဖြေရှင်း ခဲ့ကြပုံ အကြောင်းပါ။

နောက်တအုပ်ကတော့ ဝီကီနောမစ်ဆိုပြီး၊ ဝီကီ ခေါ် လူအများက စေတနာ့ဝန်ထမ်း ပူးပေါင်းဆောင်ရွက်မှုနဲ့ တိုးတက် ဖြစ်ထွန်းလာတဲ့ ဝီကီပီးဒီယ လို ကျမ်းစာအုပ်တွေ၊ Linux ခေါ် အခမဲ့ ကွန်ပြူတာ ဆော့ဝဲယားရေးတဲ့ လုပ်ငန်းတွေ… လူအများ ပူးပေါင်းဆောင်ရွက်မှု ကြောင့် ဖြစ်ထွန်းလာတဲ့ လုပ်ငန်းတွေအကြောင်း ဖော်ပြတာပါ။

ဆက်ရေးပါဦးမယ်။

အောင်သူငြိမ်း
ဒီဇင်ဘာ ၁၀၊ ၂၀၁၆